Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 3 November 2010

သျှမ်း/မြောက် ရပ်မိရပ်ဖ အများစု ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် အလားအလာ အလွန်နည်း

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နမ္မတူ၊ သီပေါမြို့နယ်များရှိ ရပ်မိရပ်ဖ တချို့နှင့် လူလတ်သက်ကြီးပိုင်း အများစုမှာ ကြံ့ဖွံ့ပါတီကို လုံးဝမဲပေးမည် မဟုတ်ဟု စုံစမ်းသိရှိရပါသည်။

“အကျွတ်ကာလမှာ သျှမ်းထုံးစံအရ သျှမ်းလူမျိုးတွေက ဘုန်းတော်ကြီးကျောင်းတွေကို လိုက်လံကန်တော့ကြတယ်၊ အဲဒီခရီးစဉ်က တဆင့် စစ်တမ်း လိုက်ကောက်ကြည့်တာလေ။ လားရှိုး၊ နမ့်တူ၊ သီပေါ ၃ မြို့နယ်အတွင်း ကျားဖြူပါတီကိုဘဲ မဲပေးဘို့ ဆုံးဖြတ် ထားကြသူတွေ ရာနှုန်း ပြည့်နီးပါးဘဲ။ ခြင်္သေ့ဆိုရင်တော့ ခေါင်းခါတယ်” ဟု လားရှိုးမှ တက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

လားရှိုးမြို့နယ်၊ နမ့်တူမြို့နယ်၊ သီပေါမြို့နယ်များ အတွင်းရှိ အီနိုင်း၊ မန့်စံ၊ မိန်းမု၊ ပန်လုံ၊ တာ့တေ့၊ ပန်နေ၊ နမ့်ဟူးနွဲ့၊ ကန့်မော်၊ စဥ့်အင်၊ နားနန်း၊ ဟန်နား၊ ဟိန်းလောန့်၊ နောင်ဟိုင်း၊ နောင်မောန်၊ ခေးနင်းမ်၊ နမ့်ခိုက်၊ နားမခေါ် အုပ်စုနှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်း များသို့ ၀ါကျွတ်ကန်တော့ပွဲ လှည့်လည်ခဲ့ကြစဉ် ဒေသခံများအား မေးမြန်းစစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ရပ်မိရပ်ဖများ ထောက်ခံသည်ဟု ဆိုသော ကျားဖြူပါတီ၏ စည်းရုံးရေး လက်ကမ်းစာစောင်ကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ လားရှိုး မြို့နယ် ပြည်နယ်လွှတ်တော်အမတ်လောင်း ဒေါက်တာ စိုင်းမောက်ခမ်းကလည်း သျှမ်းဘာသာ ကဗျာလင်္ကာ ရေးစပ်၍ စည်းရုံးရေး စာစောင် ထုတ်ဝေ စည်းရုံးရေးဆင်းခဲ့သည်ဟု သိရှိရသည်။

“ဒေါက်တာ စိုင်းမောက်ခမ်းက လားရှိုးမှာ ပြိုင်တော့၊ ကြံ့ဖွံ့အတွက် အလားအလာ မကောင်းဘူး။ တခြားနေရာ သွားပြိုင်ရင် တောင်သူအတွက် ထောက်ခံမှု ရချင်ရဦးမှာ။ ဘာလို့လဲဆိုတော့ လားရှိုးမှာက ဒေသခံသျှမ်းတွေက ကျားဖြူကိုဘဲ ထောက်ခံတယ်။ လူဦးရေ အများဆုံး ရှိတဲ့ ကိုးကန့်တရုတ်တွေကလဲ ကိုးကန့်ပါတီကိုဘဲ ထောက်ခံတယ်” ဟု လားရှိုးမြို့ခံ ရပ်မိရပ်ဖ တဦးက ပြောပါသည်။

မည်သို့ပင်ဆိုစေ လားရှိုးညမြို့တွင် ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးရေးမဲဆွယ်ပေးသော ကိုးကန့်ပါတီ KDUP မှာ ကိုးကန့် တရုတ် လူဦးရေအရ ထောက်ခံမှု အများဆုံး ရသည့် ပါတီဟု ၎င်းက ဆက်၍ ပြောပြပါသည်။

http://burmese.bnionline.net/news/khonumthung/5578-2010-11-01-12-15-10.html

No comments: