Thursday, 15 January 2009
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ ဖျက်လို့မပျက်နိုင်
လာမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို နအဖက ကျင်းပလို့ပြီးသွားရင်၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို အောင်မြင်သွားရင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပျက်ပြားသွားမှာလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခန်း ဘယ်လိုဖြစ်သွားမှာလဲ။ တလောက တယောက်ကမေးလာပါတယ်။ သူက လေးလေးနက်နက်နဲ့ တကယ်ကိုသိချင်လို့မေးတာပါ။ ဒီအတွက် သူပူပင်နေတယ်ဆိုတာ သေချာပါတယ်။ နောက်တော့ ဒီလိုတွေးတောပူပင်မှုဟာ သူတယောက်တည်းမှာသာ ရှိတာမဟုတ်ဘူး။ တချို့လူတွေမှာလည်း ရှိတယ်ဆိုတာ သတိထားမိလာပါတယ်။
ပြဿနာက အခြေခံစဉ်းစားနည်းဖြစ်တယ်လို့ ထင်ပါတယ်။ တခုက ဒီနေ့ နအဖလက်ထက်မှာ ဖြစ်ပျက်တည်ရှိတာတွေဟာ တရားဝင်တယ် မဝင်ဘူး၊ တရားဥပဒေနဲ့ညီတယ်၊ မညီဘူး စသ ဖြင့် ငြင်းခုန်နေကြတာတွေကို ကြားဖူးကြမှာပါ။ တကယ်ကတော့ နအဖလက်ထက် ဗမာ ပြည်မှာ ဒီဟာတွေအားလုံးဟာ နှိုင်းယှဉ်ချက်ချည်းဖြစ်ပါတယ်။ ဒီနေ့အခါမှာ လူသတ်တာ မှန်သလား မှားသလား၊ သူများပစ္စည်းခိုးတာ မှန်သလား မှားသလား၊ ဒီလိုအင်မတန် စင်းတဲ့ကိစ္စလေးတွေကိုပဲ ငြင်းစရာ၊ ပြောစရာတွေ ရှိနေတယ်မဟုတ်ပါလား။ သူ့ဘက်က ပြောရင်တမျိုး၊ ပြည်သူတွေဘက်က ပြောရင်တမျိုး ဖြစ်နေတာတွေဟာ များပြားလှပါတယ်။ သူ့ဘက်က ပြောရင် သံဃာတော်တွေကို သတ်တာကတောင်မှ တရားတယ်၊ မှန်ကန်တယ် ဖြစ်နေပါတယ်။
ဒီလိုပဲ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်သွားသလား၊ ပျက်မသွားဘူးလား ဆိုတာဟာလည်း နအဖပြောတာကတမျိုး၊ ပြည်သူတွေ ပြောတာကတမျိုးပဲဖြစ်ပါတယ်။ တကယ်က ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ အဲဒီကရလဒ်တွေ တည်ရှိမှုကို ဘယ်သူမှ ဖျက်လို့မရပါဘူး။ သမိုင်းရဲ့ တကယ့်ဖြစ်ရပ်တိုင်းလိုပဲ ဒီကိစ္စကို နအဖလည်း မဖျက်နိုင်၊ ဒီချုပ်လည်း မဖျက်နိုင်ပါဘူး။ လူ့ဆန္ဒနဲ့ကင်းစွာ တည်ရှိနေတာတွေပါ။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို အသိအမှတ်ပြုတယ်၊ အကောင်အထည်ဖော်တယ်ဆိုတာ ကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ဆန္ဒအရပဲဖြစ်ပါတယ်။ ဒီနှစ်ချက်ရဲ့ မတူခြားနားချက်ကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။ တိုင်းပြည်မှာ အာဏာရထားတဲ့ နအဖ အစိုးရက အသိအမှတ်မပြုဘူး၊ အကောင်အထည်မဖော်ဘူးဆိုတာနဲ့ ကိစ္စတွေအားလုံးပြီးပြတ်၊ ပျောက် ကွယ်သွားတာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဟုတ်တယ်၊ အကောင်အထည်ဖော်လို့ မရတာရှိပါတယ်။ ဒါပေမယ့် ဒါဟာ ထာဝရအကောင်အထည် ဖော်မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အကောင်အထည် ဖော်မယ့်လူတွေရှိနေ သရွေ့ အလားအလာဟာတည်ရှိမြဲ တည်ရှိနေတာဖြစ်ပါတယ်။
အလွယ်ဆုံးပြောရရင် နအဖစစ်အာဏာပိုင်တွေရဲ့ ခေါင်းထဲမှာ ဗကသ၊ တကသ စတဲ့အဖွဲ့အစည်းတွေဟာ ဒီကမ္ဘာပေါ်မှာ မတည်ရှိတော့ပါဘူး။ ဒါပေမယ့် ပြည်သူတွေနဲ့ ကျောင်းသားတွေရဲ့ခေါင်းထဲမှာတော့ ဒီအဖွဲ့အစည်းတွေဟာ ဆက်လက် တည်ရှိနေပါတယ်။ အနည်းဆုံး မြေအောက် သဏ္ဌာန်နဲ့ တည်ရှိနေပါတယ်။ ရှိတာမှခေါင်းထဲမှာ သညာတခုအနေနဲ့ တည်ရှိတာ မဟုတ်ပါဘူး။ တကယ်အသက်ဝင် လှုပ်ရှားနေတဲ့ အစိုင်အခဲတခုအနေနဲ့ကို တည်ရှိနေတာပါ။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲဟာ သာမာန်အဖြစ်အပျက်တခုမဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့်၊ စံကျတဲ့ ကိုယ်စားပြု အမှတ်အသားတခုဖြစ်ပါတယ်။ ဗမာတပြည်လုံးက ပြည်သူတွေရဲ့ သမိုင်းဝင်ဂုဏ်ယူစရာရလဒ်တခုဖြစ်ပါတယ်။ ဒီနေ့ ဗမာပြည်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လိမ်ညာမှုတွေ၊ အားလုံးဟာ ဒီအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲတွေဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဗမာပြည်က စစ်အုပ်စုတွေအတွက် သေရာအထိ ပါမယ့် ကျိန်စာတမျိုးသာ ဖြစ်ပါတယ်။
သမိုင်းလက္ခဏာဆောင်တဲ့ အရေးတော်ပုံတရပ်ဟာ လူတဦး၊ အဖွဲ့တဖွဲ့၊ အစိုးရတရပ်က ပျောက်စေ၊ ဒါမှမဟုတ် ပျောက်သွားပြီလို့ဆိုတာနဲ့ ပျောက်ပျက်သွားတာ မဟုတ်သလို အရေးတော်ပုံရဲ့သမိုင်း၊ အသီးအပွင့်နဲ့ရလဒ်တွေကိုလည်း ဘယ်သူ့အမိန့်၊ ဘယ်သူ့ အာဏာနဲ့မှ ပျောက်ကွယ်အောင် လုပ်လို့မရပါဘူး။ သမိုင်းအရ ဒီအရေးတော်ပုံ ကြီးရဲ့ အခန်းပြီးဆုံးသွားမှသာ အားလုံးပြီး၊ ပျောက်၊ ပြယ်သွားမှာဖြစ်ပါတယ်။
နောက်အရေးကြီးအချက်တချက် ထည့်ပြောရမှာက ဗမာပြည်ပြည်သူလူထုရဲ့အခန်းပါ။ ပြည်သူလူထုဟာ လက်မလျှော့သေးပါဘူး။ လူထုကြီးက လက်မလျှော့သမျှ အရေးတော်ပုံဟာ ရှင်သန်နေဆဲဖြစ်ပါတယ်။ တော်လှန်ရေးတွေ၊ တိုက်ပွဲတွေမှာ ခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားဆိုသူတွေက လက်မြှောက်အရှုံးပေးသွားပေမယ့် လူထုက အရှုံးမပေးဘဲ ဆက်တိုက်တယ်ဆိုတဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ မရေမတွက်နိုင်အောင်ရှိပါတယ်။ တော်လှန်ရေးတရပ်၊ အရေးတော်ပုံတရပ်ကိုအမှီပြုပြီး အမြတ်ထုတ်တယ်ဆိုတာကို လူထုက မလုပ်နိုင်ပါဘူး။ ခေါင်းဆောင်လို့ အမည်ခံတဲ့လူတွေသာ လုပ်ချင်ရင်လုပ်လို့ရပါတယ်။ လူထုကြီး အဖို့ကတော့ အောင်ပွဲအပြီး အပိုင်ရမှသာ အကျိုးခံစားရတာပါ။ ဒီတော့ သူတို့အနေနဲ့ အဖက်ဖက်၊ အရပ်ရပ်ကို စောင့်ကြည့်၊ အကဲခပ်၊ သုံးသပ်ပြီးမှ ဆုံးဖြတ် ပါဝင်ကြတာ ဖြစ်ပါတယ်။
ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးလုပ်ရတဲ့အလုပ်ဟာ လူထုကို နားလည်အောင် လုပ်ရေးဖြစ်ပါတယ်။ လူထုရဲ့စီးပွားရေးဘဝကိုသာမက သမိုင်း၊ အနီးသမိုင်း၊ အဝေးသမိုင်း၊ လူထုရဲ့လက်ရှိစိတ်ဓာတ်နဲ့ စဉ်းစားနည်းတွေကို နားလည်အောင် မုချလုပ်ရပါမယ်။ လူနာအခြေအနေမသိဘဲ ဆေးအမျိုးမျိုးပေးနေလို့ မဖြစ်ပါဘူး။
ပြန်ချုပ်လိုက်ရင် ဒီနေ့အခါမှာ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်ပြယ်လား၊ တည်ရှိနေသေးလားဆိုတဲ့ ပြဿနာမရှိပါဘူး။ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ပြီးသွားလို့လည်း ဒီပြဿနာမရှိပါဘူး။ ပြည်သူလူထုက ထိုးထားတဲ့မော်ကွန်းတခုဟာ ပြည်သူလူထုကိုယ်တိုင်က သူ့အခန်းကုန်ပြီလို့ ဆုံးဖြတ်မှသာ တကယ်တမ်း ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ တဆက်တည်းမှာ ပြောဖြစ်အောင် ပြောရမှာက ၁၉၉ဝ ရွေးကောက်ပွဲပျက်ပြားတာပဲဖြစ်စေ၊ ဒါမှမဟုတ်တည်ရှိနေတဲ့အတွက်ဖြစ်စေ ပြည်သူလူထုရဲ့တိုက်ပွဲဟာ အနှစ်သာရ အရရော၊ သဏ္ဌာန်အရပါ ခြားနားမှု၊ ပြောင်းလဲမှု မရှိပါဘူး။
ဒါကိုပြည်သူလူထုက နည်းနည်းမှ မျက်စိမလည်ပါဘူး။ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်စေ၊ နအဖရွေးကောက်ပွဲက တင်မြှောက်လိုက်သူတွေပဲဖြစ်ပစေ အားလုံးဟာ မဆလအစိုးရနဲ့ မဆလဖွဲ့စည်းပုံ ဇာတ်သိမ်းပုံအတိုင်း ဇာတ်သိမ်းသွားမယ်ဆိုတာ သူတို့ ကောင်းကောင်းနားလည်ပါတယ်။ အခုအခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးသွားရင် ၁၉၉ဝ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားမယ်လို့ ပြောနေတာဟာ နအဖရယ်၊ သူ့လူတွေရယ်၊ နောက်ပြီး တမင်အတွေးအခေါ်ရှုပ်အောင် ဖန်တီးနေသူတွေရယ်တို့သာ ဖြစ်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်
14 January 2009
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။
“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”
ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။
“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။
“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။
မြန်မာအာဏာပိုင်တွေ ကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေ ကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အလားအလာ နည်းပါး လှတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။
ညီအကို နှစ်ဦး အဖမ်းခံရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇန်နဝါရီလ 13 2009 19:18 - မြန်မာစံတော်ချိန်
လူငယ်တာဝန်ခံ ( ၁ ) ထက်စိုးလင်းနှင့် ကိုသက်ပိုင်မင်း တို့ကို မြို့နယ် ရဲများနှင့် အက်စ်ဘီ ရဲ ၂၀ ခန့်က လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။
" အိမ်မှာ ရှာဖွေရေးတွေ ဘာတွေ လုပ်ပြီးတော့ ပါသွားတယ်။ ရှာဖွေတာကတော့ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့လို့ အိမ်ရှေ့ ခြံဝန်းအပြင် သစ်ပင်အောက်မှာ မင်္သကာဖွယ် ပစ္စည်းတွေ တွေ့တယ် ဆိုပြီးတော့ လက်မှတ်ထိုးခိုင်း သွားတယ်" ဟု ပြောသည်။