Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 20 December 2008

ပေးစာကြောင့် ထောင်ဒဏ်များချမှတ်ခံရ

Friday, 19 December 2008 19:36
စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ် ထားသော နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်ပြီး ပေးစာ အဆက် အသွယ် ပြုသူများကို အရေးယူ၍ ထောင်ဒဏ်များ ချမှတ်ကြောင်း မိသားစုဝင်များနှင့် ထောင်ဝန်ထမ်းအသိုင်း အ၀န်းက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုကျော်ကျော်ထွေးခေါ် ကိုမာကီး၏ ညီတော်စပ်သူ ကိုဇော်နိုင်ထွေး ခေါ် ကိုကက်နက်အား ကိုမာကီးကို စာဆက်သွယ်မှုဖြင့် ပုဒ်မ ၄၂ အရ ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။
“သူ့ကို ၁၇ ရက်နေ့က ၉ နှစ် ချလိုက်ပြီးတော့ ထောင်ဝန်ထမ်းတွေကျတော့ ၃ နှစ်စီချလိုက်တယ်တဲ့၊ အခုအင်းစိန် ထောင်မှာပဲရှိတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ကိုဇော်နိုင်ထွေးသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ၎င်း၏အစ်ကို ကိုမာကီး အင်းစိန်ထောင်အတွင်း အဖမ်းခံ နေရစဉ် စာလူကြုံပေးမှုနှင့် အရေးယူခံရခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ထောင်ဝန်ထမ်း ၃ ဦးပါ အရေးယူခံရခြင်းဖြစ် ကြောင်း သိရသည်။ စာပါအကြောင်းအရာကိုမူ မသိရှိရပေ။

ကိုဇော်နိုင်ထွေး၏ အစ်ကို ကိုမာကီးအား ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုဌေးကြွယ် အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် အတူ စစ်အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာ လ အတွင်း၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ပြီးနောက် မြိတ်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အလားတူ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရသူ လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့မှ ကိုသန့်ဇင်မျိုး၏အကို ကိုသန့်ဇင်ဦးကိုလည်း စာဖတ်ပြသည့်အတွက် ပုဒ်မ ၄၂ နှင့် အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လချမှတ်လိုက်သည်ဟု ကိုသန့်ဇင်ဦး ၏ လုပ်ဖော်ကိုင် ဖက် တဦးကပြောပြသည်။

“နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးလို့ သူ့ညီက ပြောတာနဲ့ပတ်သက်ပြီးတော့ စာတင် တာ၊ ဗိုလ်ချုပ်မှူးကြီးဆီ လိပ်မူပြီးတင်တာ၊ အဲဒီစာကို ထောင်ဝင်စာတွေ့တဲ့ အချိန်မှာ ကိုသန့်ဇင်ဦးက ထောင် ထဲမှာ သူ့ညီ သန့်ဇင်မျိုးကို သွားဖတ်ပြမိတယ်”ဟု ကိုသန့်ဇင်ဦး၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ပြောသည်။

ယင်း ကိုသန့်ဇင်မျိုးကို ဖတ်ပြသည့် စာသည် ၂၀၀၈ ဇန်န၀ါရီ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ တင်သည့်စာဖြစ်ပြီး ယင်းစာသည် သက်ဆိုင်ရာ ထောင်အာဏာပိုင်များသိရှိခွင့်ပြုကြောင်းလည်း ၎င်းက ဆို သည်။

“သန့်ဇင်မျိုးနဲ့ ထောင်ဝင်စာတွေ့အခါမှာ ယူသွားတဲ့ စာကို ဖတ်ပြတယ်၊ အဲဒီလို တွေ့တိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက သူတို့ အနီးမှာရှိတယ်၊ သူတို့က အမြဲတမ်း ထက်ချပ်မကွာလိုက်မှတ်ထားလေ့ရှိတယ်၊ အဲဒီ မှာ တယောက်ကို ထပ်ဖတ်ပြမိတယ်၊ စာက လီဂယ်ဆိုက် စာမျက်နှာ ၄ မျက်နှာပါတယ်၊ ကွန်ပျုတာ စီထားတာ၊ ဖတ်တာ ၁၅ မိနစ်လောက်ကြာနိုင်တယ်၊ အဲဒါကို ရပ်ကြည့်နေတာ၊ ဘာမှမတားမြစ်ဘူးတဲ့၊ နောက်တယောက် ကို သန်းဇော်မြင့်ကို သွားဖတ်ပြတော့မှ ဆွဲလားလွဲလားဖြစ်ပြီး အခုလိုအရေးယူတာ”ဟု သူက ဆက်ပြောသည်။

ယင်းစာနှင့်ပတ်သက်ပြီး ထောင်ဝန်ထမ်း တပ်ကြပ် ကျော်ဦးကလည်း ၎င်းကိုယ်တိုင် စာရွက်စာတမ်းများပါသည့် အိတ်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

ကိုသန့်ဇင်ဦးသည် ကလေးစစ်သားအသုံးပြုနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသူတဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာ လအတွင်းက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)နှင့် သက်ဆိုင်သည့် စာဖြန့်ဝေမှုဖြင့် အာဏာပိုင် များ ၏ ဖမ်းဆီးခံခဲ့ရဖူးကြောင်း၊ ယင်းကိစ္စကို ၁၀ မျက်နှာခန့်ရှိ စာတစောင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ ရေးတင် ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

ထိုကဲ့သို့ စာအဆက်အသွယ်ပြုမှုဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမြင့်သည်လည်း ၁၉၉၇ နှစ်က ထောင် ဒဏ် ၇ နှစ် ချမှတ်ခံရသည်။ ၎င်းက ပဲခူးတိုင်း သာယာဝတီ ထောင်ရှိ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသား တဦးထံ စာသွားရောက် ပေးစဉ် ဖမ်းဆီး အပြစ်ပေးခံရခြင်းဖြစ်သည်။

အဆိုပါ ကိုမျိုးမြင့်သည် ၁၉၉၅ ခုနှစ်နှောင်းပိုင်းကလည်း ယခုနှစ် စက်တင်ဘာလအတွင်းက ပြန်လည် လွတ် မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်စုပေါင်း၍ ကုလ သမဂ္ဂသို့ စာရေးပို့သည့်အတွက် ထောင်ဒဏ် ၁၂ နှစ် ခန့် ချမှတ်ခံခဲ့ရဖူးသည်။ ယင်းအမှုတွင် ထောင်ဝန်ထမ်း တချို့ပါအရေးယူခံခဲ့ရကြောင်း သိရသည်။

ကိုမျိုးမြင့်နှင့် တချိန်တည်းတွင်ပင် ကျောင်းသား လှုပ်ရှားမှု၌ ပါဝင်ခဲ့သူ ကိုဘထူးမောင်သည်လည်း မန္တလေးတိုင်း မြင်းခြံထောင်မှ မိသားစုထံသို့ ထောင်ဝန်ထမ်း၏ အကူအညီဖြင့် စာပေးပို့သည့်အတွက် ရက်ပေါင်း ၅၀၀ ထပ်မံ အပြစ် ပေးခံခဲ့ရဖူးသည်။

ယင်းသို့ စာအဆက်သွယ်ကြောင့် အပြစ်ပေးခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က“အခုလို အကျဉ်းထောင်တွေထဲကနေ စာတွေပို့တယ်ဆိုတာ အကျဉ်းသားတွေက စစ်အစိုးရရဲ့ ထောင်တွင်းက အခက်အခဲတွေကို ဖော်ပြတာပါ၊ ပြီး တော့ ဒီလို စာအဆက်အသွယ် လုပ်တယ် ဆိုတာကလည်း လူ့သဘာဝတခုပါပဲ၊ ဒါကို မြန်မာစစ်အစိုးရက ရာဇ၀တ်မှု တခုလို အရေးယူနေတာကတော့ အင်မတန် ၀န်းနည်းစရာပါ”ဟု ပြောဆိုသည်။

သတင်း- ဧရာဝတီ