Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 21 October 2010

စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမဲ့ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို အင်္ဂလန်ရှိမြန်မာအများစုမှ လုံးဝလက်မခံ ကန့်ကွက်ဆန္ဒပြ










၂၁ အောက်တိုဘာ ၂၀၁၀
ကဲကဲလေး (BDC ဝိုင်းတော်သား)

အင်္ဂလန်နိုင်ငံ အနှံ့အပြားမှာ နေထိုင်ကြတဲ့ မြန်မာအများစုက လက်ရှိမြန်မာပြည်မှ မည်သူမှရွှေးချယ်တင်မြှောက်ထားခြင်းမရှိပဲ လက်နက်အားကိုးနဲ့ တိုင်းပြည်ကိုမျက်နှာပြောင်တိုက်၍ ၂၂နှစ်ကြာ အဓမ္မအုပ်စိုးနေတဲ့ စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမဲ့ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို လုံးဝလက်မခံ ကန့်ကွက်ဆန္ဒပြမူ့ကို ၈ အောက်တိုဘာ ၂၀၁၀ နေ့က လန်ဒန်မြို့က စစ်အာဏာရှင်ကို ကိုယ်စားပြုထားတဲ့ မြန်မာသံရုံးရှေ့မှာ ခြိုမ့်ခြိုမ့်သဲ ကျင်းပခဲ့ပါတယ်။

မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမူ့များစွာ အနက် ထိုနေ့မှာတော့ အင်္ဂလန်နိုင်ငံ အနှံ့အပြားမှာ နေထိုင်ကြတဲ့ မြန်မာအများစုဟာ မိမိတို့ရင်ထဲမှဆန္ဒှကို မဲပေးခြင်းဖြင့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ မဲပေးတယ်ဆိုရာမှာလဲ စစ်အစိုးရက မျော်လင့်သလိုမျိုး သူတို့အရပ်သားအသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ (သို့) လူအများစုအခေါ် ကြံ့ဖွတ်ပါတီကိုမဲပေးတာတို့၊ တစ်ခြားရွှေးကောက်ပွဲဝင်ပါတီတွေကို မဲပေးတာတို့ မဟုတ်ဘဲနဲ့ မိမိတို့တစ်ဦးစီရဲ့ မဲများကို မြန်မာသံရုံးရှေ့ အမိုက်ပုံးထဲသို့ထဲ့၍ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို လုံးဝလက်မခံ ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ထိုနေ့ဆန္ဒပြပွဲမှာ အင်္ဂလန်ရှိမြန်မာအများစုမှ ပြောကြားချက်အရ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို လုံးဝလက်မခံ မည်သူ၊ မည်သည့်ပါတီကိုမှမဲပေးမှာမဟုတ်သော်လည်း မိမိတို့နေအိမ်တွင် အေးအေးဆေးဆေးမနေနိုင်ပဲ၊ မိခင်မြန်မာနိုင်ငံ၏ အရေးကြီးနေသောအချိန်တွင် မိမိတို့ရင်တွင်းမှဆန္ဒများကို လာရောက်ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကြားသိရပါတယ်။

အဲဒီ့နေ့က ကန့်ကွက်ဆန္ဒပြပွဲမှာ Burma Democratic Concern (BDC) မှ ကိုထိန်လင်းနဲ့ တွေ့ဆုံပြောကြားချက်အရ ဒီနေ့လို စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမဲ့ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို ဆန့်ကျင်ရှုပ်ချပွဲတွေကို အပတ်စဉ် သောကြာနေ့တိုင်းမှာ စစ်အာဏာရှင်ကို ကိုယ်စားပြုထားတဲ့ မြန်မာသံရုံးရှေ့မှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အားတက်ဖွယ်ြ ကြားသိရပါတယ်။

ပြောခွင့်မရတဲ့ စကားသံ

ပြောခွင့်မရတဲ့ စကားသံ
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး အောက်တိုဘာ ၁၉၊ ၂၀၁၀ မိုးမခ

“---မဲမပေးဘဲ နေလို့ ဘာဥပဒေနဲ့မှ ဖမ်းလို့မရဘူး---”

ပြီးခဲ့တဲ့ ရက်ပိုင်းက ရထားလမ်းသစ် ဖွင့်ပွဲတခုမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌကြီးလည်းဖြစ်၊ လက်ရှိ နအဖအဖွဲ့ကြီးရဲ့ ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဦးသိန်းစိန်က ၂ဝ၁ဝ နိုဝင်ဘာ (၇) ရက်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အလွန် အရေးကြီးတယ်၊ ရွေးကောက်ပွဲကို နှောက်ယှက် ဖျက်ဆီးတာမှန်သမျှ ထိရောက်စွာ အရေးယူမယ် ဆိုပြီး ပြောသွားပါတယ်။ တကယ်တမ်းက ၂ဝ၁ဝ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ပိုပြီးတိတိကျကျပြောရရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ဘာမှ အရေးပါတဲ့ ပြောင်းလဲမှု မဟုတ်ပါဘူး။

နအဖအတွက်ကတော့ အရေးကြီးတယ် ဆိုတာ ဟုတ်ပါလိမ့်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နအဖအတွက် အလွန် အဖိုးတန်တဲ့ အကျိုးအမြတ် နှစ်ခု ရပါလိမ့်မယ်၊ တခုကတော့ မတရား တဖက်သတ် ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အာဏာသက်ဝင်စေဖို့နဲ့ နောက်တခုကတော့ သူတို့ကိုယ်သူတို့ တရားမဝင် အာဏာသိမ်းအစိုးရ အဖြစ်ကနေ တရားဝင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲဖို့ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့ကတော့ ၂ဝဝ၈ ဆန္ဒခံယူပွဲကို လက်မခံနိုင်ခဲ့သလို ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်ရေးတွေကို အာမခံပေးနိုင်လိမ့်မည်လို့လည်း မယုံကြည်နိုင်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး၊ ဖြစ်စဉ်တွေအားလုံးက တဖက်သတ် အတင်းအကြပ် ပုံစံချထားတာမျိုး ဖြစ်နေတာကြောင့်ပါ၊ အတင်းအကြပ် မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ဆိုတာကို ထောက်ခံပါတယ်၊ လူတိုင်းမှာ လွပ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသလို လွပ်လပ်စွာ မဲပေးပိုင်ခွင့်၊ မဲမပေးဘဲ နေပိုင်ခွင့်လည်း ရှိရမယ်၊ ၂ဝ၁ဝရွေးကောက်ပွဲဟာ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမယ်လို့ လုံး ဝမမျှော်လင့်ပါဘူး။
ရွေးကောက်ပွဲ ဥပဒေကစပြီး ထောက်ပြစရာတွေ အများကြီးပါ။ ရွေးကောက်ပွဲကော်မရှင် ဆိုတာလည်း နအဖ စိတ်ကြိုက် ဖွဲ့ထားတာ၊ ဦးသိန်းစိန်နဲ့အတူ ကြံ့ဖွတ်ကနေ ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေကလည်း အစိုးရထိပ်တန်း အရာရှိကြီးတွေ ဖြစ်နေတော့ ကော်မရှင် ကိုယ်တိုင်က ကြံ့ဖွံ သြဇာခံလို ဖြစ်နေတာ၊ အရေးကြီးတာက လူတွေအနေနဲ့ကလည်း ရွေးကောက်ပွဲကို လုံးဝ စိတ်မဝင်စားကြဘူး။
နအဖကလည်း လူတွေကို အသေအချာ အသိပေးရှင်းပြရမှာ ကြောက်နေတယ်၊ ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းကလည်း အများစုက ဖွဲစည်းပုံ အခြေခံဥပဒေဆိုတာ ဘာမှန်းကို မသိလိုက်ကြဘဲ အတင်းအကြပ်အတည်ပြုခဲ့တာ၊ သူတို့ဖွဲ့ထားတဲ့ ကော်မရှင်အဖွဲ့ခွဲတွေ ဆိုတာတောင် ရွေးကောက်ပွဲ ဥပဒေကို သေသေချာချာ သိပုံမရကြဘူး။ ခိုင်းတာလုပ်ရင် ပြီးတာပဲလို့ ထင်နေကြတာ။
၂ဝ၁ဝ ဟာ ပြည်သူ အများ မဲမပေးတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင် ၂ဝ၁ဝ ကို ကြံ့ဖွံ့က အခွင့်အရေးတွေပေး စည်းရုံးထားသူတွေက လွဲလို့ ကျန်တဲ့ ပြည်သူလူထုက သပိတ်မှောက်နိုင်ခဲ့ရင် နိုင်ငံတကာက ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ခက်သွားမယ်။ အဲဒီလိုလုပ်နိုင်ခဲ့ရင် ထိရောက်တဲ့ ထိုးနှက်မှုဖြစ်တယ်၊ ပြည်သူလူထုကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ အတင်းအကျပ် ဖိအားပေးပြီး မဲထည့်ခိုင်းတာမျိုးကို လက်မခံဘဲ ရဲရဲရင့်ရင့် တွန်းလှန်ကြစေချင်တယ်။ မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတာ ပြည်သူအားလုံး နားလည် လက်ခံထားစေချင်ပါတယ်၊ ဘယ်သူကိုမှ မကြိုက်လို့ ဘယ်သူ့ကိုယ်မှ မဲမပေးတာ ဘာဖြစ်လဲ၊ မဲမပေးဘဲ နေလို့ ဘာဥပဒေနဲ့မှ ဖမ်းလို့မရဘူး၊ အတင်းအကြပ် မဲထည့်ခိုင်းတဲ့သူတွေသာ ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်တယ်။ ဘာကိုမှ ကြောက်စရာမလိုဘူးလို့ ပြည်သူလူထုကို အားပေးချင်ပါတယ်။

တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

သတင်း RSS Feeds RSS Feed

By ဦးသိန်းထိုက်ဦး အင်္ဂါ, 19 အောက်တိုဘာ 2010
မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ ကျန်းမာရေး ပြဿနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အမျိုးသမီးနဲ့ ကလေးတွေအကြား ကူးစက်ရောဂါ ဖြစ်ပွားနှုန်း ကမ္ဘာမှာ အမြင့်မားဆုံး ရောက်နေတဲ့အကြောင်း နယ်စပ်အခြေပြု လူထုကျန်းမာရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ကာကွယ် ကုသနိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးနေပြီး အဲဒီလို ကျန်းမာရေး စောင့်ရှောက်ဖို့ ပျက်ကွက်တာဟာ လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာရှိတဲ့ လူထုကျန်းမာရေး အဖွဲ့အစည်းတွေက လူဦးရေ ၂၇,၀၀၀ ကျော်အပေါ် စစ်တမ်းကောက်ယူပြီး အရှေ့ဘက်ခြမ်းဒေသ တိုင်းရင်းသား နယ်မြေတွေဖြစ်တဲ့ ကရင်၊ ကယား၊ မွန် စတဲ့ ဒေသတွေမှာ လူတွေက ကျန်းမာရေး ပြဿနာတွေ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အကြောင်း စစ်တမ်း ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်တွေရဲ့ ၄၀% က အာဟာရ ချို့တဲ့နေပြီး ကလေးတွေ သေဆုံးရခြင်း အကြောင်းရင်းရဲ့ ၆၀% က ကာကွယ် ကုသလို့ရတဲ့ ရောဂါတွေကြောင့် သေဆုံးနေတာလို့ ဖော်ပြပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းမှာ ကျင်းပတဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ထိုင်း၊ မြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဆရာမ ဒေါက်တာ စင်သီယာမောင်က အခုလို ပြောပါတယ်။

“ဒီအစီရင်ခံစာဟာ စစ်နဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းက ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေကို ထုတ်ဖော် ပြသလိုက်တာ ဖြစ်တဲ့အကြောင်း၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက ကျန်းမာရေး အခြေအနေ ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့အကြောင်း။” ဒေါက်တာ စင်သီယာမောင် ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ အရှေ့ဘက်ခြမ်း ဒေသမှာ စစ်အစိုးရဘက်က ကျန်းမာရေး အသုံးစရိတ် လျော့နည်းလာတာ၊ ပဋိပက္ခတွေ ကာလ ကြာနေတာနဲ့ လူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ကျန်းမာရေး အဆင့်အတန်းတွေ နိမ့်ကျနေရတာ ဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အမျိုးသမီး ၁၄ ယောက်အနက် တယောက်နှုန်း ငှက်ဖျားရောဂါ ကူးစက်ခံရပြီး ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ ဖြစ်ပွားမှု အမြင့်မားဆုံး အခြေအနေမှာ ရှိတဲ့အကြောင်း အစီရင်ခံစာက ထုတ်ဖော်ပါတယ်။

ကာကွယ် ကုသလို့ ရနိုင်တဲ့ ရောဂါတွေနဲ့ လူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာက လူသားဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်တယ် ဆိုပြီး မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းဖို့ လိုအပ်တဲ့ အကြောင်းလည်း အစီရင်ခံစာက တောင်းဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အရပ်သား အစိုးရတရပ် ပြောင်းလဲသွားခဲ့မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေ ပိုပြီးတော့ တိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါသလားဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့က နန်းချမ်တောင်းက ဒီကိစ္စကို အခုလို ဖြေပါတယ်။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ လျော့နည်းသွားမယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရဘဲ စစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားတွေ ပေးနေပြီး အဲဒီဒေသတွေမှာ ထိုးစစ်တွေဆင်ဖို့ ပြင်ဆင်နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး တိုင်းရင်းသားတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကလည်း တိုးတက်လာဦးမှာ မဟုတ်တဲ့အကြောင်း။” နန်းချမ်တောင်းက ဖြေကြားသွားပါတယ်။

မကြာသေးခင်တုန်းက ဗွီအိုအေ မြန်မာပိုင်းက တွေ့ဆုံ မေးမြန်းရာမှာ ဒေါက်တာ စင်သီယာမောင်က တကယ်လို့ ရွေးကောက်ပွဲအပြီး အစိုးရတရပ် ပြောင်းလဲလာမယ် ဆိုရင်လည်း လူတွေရဲ့ လူမှုဘ၀ ဖူလုံရေးကို ဦးစားပေးမယ့် အစိုးရတရပ်ဖြစ်ဖို့ လိုတဲ့အကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျန်းမာရေး ကောင်းမွန်လာမယ်၊ ပညာရေး ကောင်းမွန်လာမယ် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေးကဏ္ဍ တခုတည်း မဟုတ်တော့ဘဲ အထူးသဖြင့် ကျမတို့ လူထုတွေရဲ့ လူမှုဘ၀ လုံခြုံရေးပေါ့၊ စားနပ်ရိက္ခာ၊ ရေ၊ အိမ်သာ၊ ပြီးတော့ လိုအပ်တဲ့ တခြားသော နည်းပညာပိုင်း ဆိုင်ရာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပူးပေါင်း လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ်နဲ့ ပါဝင် ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိမယ်၊ သူ့ဒေသအလိုက်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေက ဖြစ်စေ၊ လူမှု အဖွဲ့အစည်းတွေက ဖြစ်စေ၊ ကိုယ့်ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး စနစ်ကို ပါဝင်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိမှသာလျှင် တိုးတက် ပြောင်းလဲမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မိသားစု ကလေးတွေမှာ အာဟာရချို့တဲ့မှု ၃ ဆဖြစ်ဖို့ အလားအလာ ရှိတဲ့အပြင် ၀မ်းရောဂါ ဖြစ်နိုင်တဲ့ အလားအလာလည်း ၆၀% ကျော် ပိုပြီးရှိတဲ့ အကြောင်းနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ မိသားစုတွေမှာ တနှစ်အောက် ကလေးတွေရဲ့ သေဆုံးမှုနှုန်းကလည်း ၂ ဆခွဲ ပိုပြီး မြင့်မားနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်

ကံ့ဖွံ့မဲဆွယ် ဆိုင်းဘုတ်များကြောင့် လူအများ စိတ်ပျက်

မင်းနိုင်သူ October 19 ဧရာဝတီ

စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပါတီ အသွင်ပြောင်းလာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မဲဆွယ်ဆိုင်းဘုတ်များအပေါ် ပြိုင်ဘက်ပါတီများနှင့် ဒေသခံများက ဝေဖန်နေကြသည်။

ကြံ့ဖွံ့အမှတ်တံဆိပ် ခြင်္သေ့နှစ်ကောင် ခြံရံမှု အလယ်တွင် “ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST” ဆိုသည့် စာသားသည် ရယ်စရာ ကောင်းလှသည်ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

“၈၈ အရေးအခင်းနောက်ပိုင်းကစပြီး သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဘ ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ လူထုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဖိနှိပ်ခဲ့ပြီးမှ အရပ်ဝတ်လေး ပြောင်းဝတ် ၊ စစ်တပ်ကို အာဏာသက် ဆက်ပေးမယ့် ပါတီကနေ ပြည်သူ့ အတွက်ဆိုပြီး ထအော်တာ ရယ်စရာပေါ့"ဟု ၄င်းက ပြောသည်။

မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအဖြစ် ကြံ့ဖွံ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးအောင်ကြည် သည် လက်ရှိ အလုပ်သမားဝန်ကြီးတဦးဖြစ်ကာ ဗိုလ်ချုပ်ရာထူးမှ အနားယူထားသူဖြစ်သည်။

ဦးအောင်ကြည်သည် ၄င်း၏ မဲဆန္ဒနယ်အတွင်း လွန်ခဲ့သော ရက်ပိုင်းများက မဲဆွယ်ဆိုင်းဘုတ် အများအပြားကို စိုက်ထူထားခဲ့ရာ ဆိုင်းဘုတ်ပါ စာသားများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှု မရှိဟုလည်း ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဦးသုဝေက ပြောသည်။

“ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST”ဆိုသည့် စာသားနှင့်စပ်လျဉ်း၍မူ ဦးသုဝေက“အဲဒီအဓိပ္ပာယ် ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး အခု လောလောဆယ်အထိတော့ မတွေ့ရသေးပါဘူး။ သူတို့မှာ အလေ့အကျင့်ကလည်း နှစ်ပေါင်းများစွာရှိလာပြီ ဆိုတော့ အဲဒီလို ပြောင်းဖို့တော့ တယ်မလွယ်ဘူးထင်ပါတယ်"ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများက မဲဆွယ်ဆိုင်းဘုတ်များ ထောင်ကာ မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ပြိုင်ဘက် ပါတီ များ အနေဖြင့် မဲဆွယ်ဆိုင်းဘုတ် ထောင်ရန် အပါအ၀င် အခက်အခဲများစွာရှိနေကြသည်။

မဲဆွယ်ဆိုင်းဘုတ် ထောင်ရေး အခက်အခဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်က“အဓိက အခက်အခဲက ငွေရေးကြေးရေး အခက်အခဲပဲ။ ပြည်ခိုင်ဖြိုးမှာက မဲဆွယ် စရိတ်အဖြစ် အမတ်လောင်း တဦးကို ကျပ် သိန်းတရာ သုံးစွဲခွင့်ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ကတော့ ဆယ်သိန်း ၊ ဆယ့် ငါးသိန်း သုံးဖို့ကို ချိန်ဆနေရတာ။ မဲဆွယ်ဆိုင်းဘုတ် ထောင်ဖို့က ပထမ ဆိုင်းဘုတ်မှာ ဖော်ပြမယ့် စာသားတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ အရင် တင်ပြရတယ်။ ခွင့်ပြုပြီဆိုရင်မှ စည်ပင်မှာ အခွန်ဆောင်ပြီး ထောင်ရမှာပါ"ဟု ပြောသည်။

မဲဆွယ်ဆိုင်းဘုတ် ထူထောင်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တပေပတ်လည်လျှင် ကျပ် ၁၀၀ အခွန်ဆောင်ရမည် ဖြစ်သည်။

အဆိုပါနှုန်းထားသည် ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်မည့် ကျန်ပါတီများ၏ တင်ပြချက်ကြောင့် စည်ပင်က လျှော့ချပေးလိုက်သော အခွန် နှုန်းထားဖြစ်ကာ မူလက တနှစ်စာ ဆိုင်းဘုတ်ထူထောင်ခွန်အဖြစ် တပေပတ်လည်လျှင် ကျပ် ၁၀၀၀ ပေးဆောင်ရ ကြောင်းသိရ သည်။

“ပါတီတွေက ကျနော်တို့က မဲဆွယ်ကာလလေးပဲ ဆိုင်းဘုတ်ထောင်မှာပါဆိုပြီး တင်ပြမှ တပေပတ်လည် ကျပ် ၁၀၀ ဆိုပြီး ပြောင်း သတ်မှတ်ပေးတာ။ အဲဒီ ကျပ် ၁၀၀ ဆိုတာကလည်း ကျနော်တို့လို အရပ်သားပါတီတွေ အတွက် များတဲ့ ပမာဏာပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ်ရေးအကျဉ်းစာရွက်တွေကိုပဲ အဓိကထား ဖြန့်ရပါတယ်။ ကျနော်ဆိုရင် တာမွေမြို့နယ်မှာ တဘုတ်ပဲ ထောင်နိုင် ပါမယ်"ဟု ဦးသိန်းတင်အောင်က ပြောသည်။

ဦးအောင်ကြည်၏ ပြိုင်ဘက်တဦးဖြစ်သော ဒီမိုကတစ်ပါတီ ဥက္ကဌ ဦးသုဝေ သည်လည်း မဲဆွယ်ဆိုင်းဘုတ်ထောင်ရန် ငွေကြေး မတတ်နိုင်သဖြင့် ၄င်း၏ ကိုယ်ရေးအကျဉ်းနှင့် ပါတီမူဝါဒ သဘောထားတချို့ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေရ သည်။

“ကျနော် အခုလည်း တောင်ဥက္ကလာမှာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားတွေ ၊ ကျနော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျနော်တို့ ပါတီဆိုင်းဘုတ် တင်ထားတဲ့ကားနဲ့ လိုက်ဝေတယ်။ ပါတီစာစောင်တွေကို ရောင်းတယ်။ ဒါတွေပဲ ကျနော်တို့ လုပ်နိုင်ပါ သေးတယ်"ဟု ဦးသုဝေက ပြောသည်။

ကြံ့ဖွံ့ပါတီနှင့် တခြားပါတီများအကြား ငွေကြေးသုံးစွဲနိုင်မှု ကွာဟချက် ကြီးမားစွာရှိနေရာ ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် ရသုံး ငွေကြေးနှင့်စပ်လျဉ်း၍ ပြည်သူလူထုကို ထုတ်ဖော်အသိပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ခဲ့သည်။

RNDP ဥက္ကဌ ဒေါက်တာအေးမောင်က အကြီးဆုံးပါတီဖြစ်သော ကြံ့ဖွံ့ပါတီသည် အစိုးရဖွဲ့ခဲ့သော အသင်းမှ ပါတီအဖြစ် ပြောင်းလဲ ခဲ့သဖြင့် ပိုအရေးကြီးကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများအား ပါတီရုံးခန်းအဖြစ် အသုံးပြုနေမှုများကို ထောက်ပြကာ မီဒီယာများသို့ ကြေညာချက်ထုတ်သည့်နေ့တွင်ပင် ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံဖွဲ့စည်းခဲ့သော ကြံ့ဖွံ့ အသင်းမှ အသွင်ပြောင်းလာသော ပါတီဖြစ်သည်။

ကြံ့ဖွံ့အသင်းအဖြစ် ရပ်တည်စဉ်က ၂၀၀၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ဒီပဲယင်းတွင် အကြမ်း ဖက် နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လောင်စာဆီဈေး ကျဆင်းရေး ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းရာတွင်လည်း ကြံ့ဖွံ့အသင်းဝင်များ ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပရန် ၁၈ ရက်သာ လိုတော့ချိန်တွင် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဆိုင်ခွင့် မညီမမျှမှုများကြောင့် ပြိုင်ဘက်ပါတီများ၏ ဝေဖန်သံများ ပေါ်ထွက်သော်လည်း မဲပေးမည့် လူထုကမူ စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ပါတီတွေ ဆိုင်းဘုတ်တွေ ထောင်တာ ၊ လက်ကမ်းစာစောင် ဝေတာတွေ တွေ့နေရတာပဲ။ ဒါပေမယ့် လူထုကတော့ သိပ် စိတ်ဝင် စား တာ မတွေ့ရပါဘူး။ ပါတီလှုပ်ရှားမှုတွေ သတင်းတင်ရတာလည်း အီလာပြီ။ ဒီတပတ်ဂျာနယ် မျက်နှာဖုံးအတွက် လူထု စိတ် ၀င်စားမယ့် သတင်း ဘာတင်ရမှန်းကို မသိသေးဘူး ဖြစ်နေတယ်"ဟု ၄င်းက ဆိုသည်။