Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 14 December 2010

Farmers lose out in Karen conflict

By HTET AUNG KYAW 13 December 2010

Farmers in eastern Karen state’s Myawaddy township are complaining that heavy fighting over the past month has forced them to abandon crops and amass debts.

One village close to the border town, Hpalu, has seen regular fighting in recent weeks. While that appears to have eased over the weekend, the area remains volatile. One farmer told DVB that he had been unable to harvest acres of beans, corn and paddy around Hpalu.

As a result, many had been borrowing money from local business people, but remained reliant on a good harvest to repay the loans.

Thousands of refugees have moved back and forth across the border with Thailand since 8 November after fighting erupted between the Burmese army and a breakaway faction of Democratic Karen Buddhist Army (DKBA).

Many of the refugees returned days after fleeing, despite warnings that the area was not safe. Numbers of those who returned had said they were keen to tend to their crops, given that it is harvesting season in eastern Burma.

Meanwhile, lawyer Aye Myint, who heads the Guiding Star legal advocacy group in Burma, said that there had been an increase in extortion of farmers by local officials since the 7 November elections.

Burma already has high rates of illegal land confiscation by authorities, an issue which is monitored by the UN’s International Labour Organisation. One of the main catalysts of the recent increase, Aye Myint believes, is fear among low-level officials that they will lose their positions in a post-election reshuffle and thus are looking to secure land for financial stability.

Aye Myint said he had received 15 complaints from farmers over the past weekend, seven of which were over land disputes.

One Karen woman in Wakhema township complained to him that her land had been seized by village authorities, but when she refused to leave and continued to work the land was placed in detention.

Two monks that had assisted the lady were also put in jail, he added, while the village-level officials moved in on the land and harvested some of the crops.

http://english.dvb.no/

မြန်မာလူထု နိုင်ငံရေး နိုးကြားမှု တိုးလာ၊ ဒေါ်စု ရှုမြင်

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 13 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လတ်တလော အပြောင်းအလဲတွေ ပေါ်မလာနိုင်ဘူး ဆိုရင်တောင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်း လူထုရဲ့ နိုင်ငံရေး နိုးကြားမှုဟာ မြင့်မားလာခဲ့ပြီး ဒီနိုးကြားမှုဟာ အပြောင်းအလဲတွေ ပေါ်လာဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေနဲ့ နိုင်ငံရေး အလားအလာကို ဗွီအိုအေ သတင်းထောက်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်းထားတာတွေကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Cross Road Asia လို့ခေါ်တဲ့ ဗွီအိုအေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေရော၊ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးသပ်ချက်တွေ တော်တော်များများကို မေးမြန်းခဲ့ပါတယ်။

မေးမြန်းခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ခဲ့တဲ့ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရတာကို သူ့အနေနဲ့ မအံ့သြဘူး၊ ဒါပေမဲ့ စိုးရိမ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီးမှာ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအရ မြန်မာနိုင်ငံက လောလောဆယ်မှာ အပြောင်းအလဲတွေ ပေါ်မလာသေးဘူး ဆိုပေမဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေတော့ ရှိခဲ့တယ် ဆိုတဲ့အကြောင်း သူက အခုလို ပြောပါတယ်။

“ချက်ချင်းဆိုသလိုတော့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ အပြောင်းအလဲ တခုက လူတွေတော်တော်များများရဲ့ စိတ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်လာစေခဲ့တာပါ။ ဒါက သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် အရေးကြီးတဲ့ ပြောင်းလဲမှုလို့ ကျမထင်ပါတယ်။

“အရင်က လူတော်တော်များများက နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှု သိပ်မရှိခဲ့ပါဘူးလို့ ကျမထင်ပါတယ်။ ဒါပေမဲ့ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရတာကို ကြည့်ပြီး တော်တော်လေး အံ့အားသင့် တုန်လှုပ်ခဲ့ကြတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတာ မြင်လာကြပါတယ်။”

နောက်ထပ် မေးခွန်းတခုကတော့ ဒီနေ့ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပတ်သက်လို့ပါ။ လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်သွားတဲ့ အချိန်မှာ နိုင်ငံရေးမျိုးဆက် ခါးဆက်ပြတ်သွားတဲ့ အနေအထားမျိုးတွေ ကြုံရနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း ဗွီအိုအေ သတင်းထောက်က မေးခဲ့ပါတယ်။ လူငယ်တွေ တော်တော်များများ၊ ပညာတတ် တော်တော်များများက တိုင်းပြည်ပြင်ပကို ရောက်နေတဲ့ အချိန်မှာ လက်ရှိ မြန်မာနိုင်ငံထဲက လူငယ်တွေက ဆက်ပြီးတော့ နိုင်ငံရေးအရ နိုးကြားမှု ရှိပါ့မလား၊ တာဝန်ယူနိုင်တဲ့ အနေအထား ရှိပါ့မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်ခွာသွားတဲ့အတွက် ကျန်နေတဲ့ လူငယ်တွေက တာဝန်တွေ မယူနိုင်ဘူး၊ ယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အခုဆိုရင် ပြည်တွင်းမှာ လေ့လာချင်တဲ့၊ သတိထား စောင့်ကြည့်နေသူတွေ ရှိပါတယ်။

“ပြည်တွင်းက လူငယ်တွေဟာ အပြင်မှာ ရောက်နေတဲ့ သူတွေလောက် အခွင့်အလမ်းတွေ မရတဲ့အတွက် ပြည်ပက လူငယ်တွေလောက် မသိတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ လေ့လာသင်ယူချင်တဲ့ စိတ်တွေ ပြင်းပြနေကြပါတယ်။

“ပညာအတတ်ဆုံးသူတွေ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်သွားကြပေမဲ့ ကျန်နေတဲ့ အဲဒီ လူငယ်တွေနဲ့ လက်တွဲပြီး ကျမတို့ ဆက်အလုပ်လုပ်ရပါလိမ့်မယ်။ တော်တော်များများက နိုင်ငံခြားမှာ အခွင့်အလမ်းတွေ ပိုရတယ်ဆိုပြီး ထွက်သွားကြတာပါ။ ဒါပေမဲ့လည်း ဒီလို အခွင့်အလမ်းတွေ အပြင်မှာ ပိုရမယ်ဆိုတာ သိရက်နဲ့ ပြည်တွင်းမှာပဲ နေပြီး တခုခု ကောင်းအောင် လုပ်နေတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သတင်းထောက် တွေ့ဆုံ မေးမြန်းခဲ့တဲ့ တွေ့ဆုံမေးမြန်းချက် တစိတ်တဒေသ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုး

By ဦးဇော်ဝင်းလှိုင် တနင်္လာ, 13 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု တိုးလာပြီး ပြည်တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း ဟာလည်း မြင့်တက်လာတာကို တွေ့ရတယ်လို့ နှစ်စဉ်ထုတ်ဝေတဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အသစ်က ပြောပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာပြည်တွင်း ဘိန်းစိုက်ပျိုးမှု လျော့ကျနေခဲ့ရာက ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်းမှာ ပြန်များလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ထုတ်ပြန်ခဲ့ ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ဒေသတွင်း ဖြန့်ချိမှု လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဒေသလုံးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ထုတ်လုပ်မှုနှုန်း များတဲ့ တိုင်းပြည် တခုချင်းစီအတွက် သီးခြား အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ နိုင်ငံတွေကတော့ လာအိုနဲ့ မြန်မာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုရော သုံးစွဲမှုနှုန်းပါ သိသိသာသာ နည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံ အကြောင်းကိုပဲ အစီရင်ခံစာမှာ အဓိကထား ဖော်ပြထားတာကို တွေ့ရပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုနှုန်း ပိုများလာတာကို တွေ့ရပြီး အထူးသဖြင့်တော့ ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ရာခိုင်နှုန်းအားဖြင့် သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံးရဲ့ အရှေ့အာရှဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က အခုလို ပြောသွားပါတယ်။

“လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ၂ ဆနီးပါးလောက် မြင့်တက်လာတယ် ဆိုတာကို စစ်တမ်းတွေအရ တွက်ချက်ကြည့်လို့ ရပါတယ်။ ဒါဟာ သိသာလွန်းတဲ့ ပြောင်းလဲမှုဖြစ်ပြီး တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေဟာလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာပြီး အထွက်နှုန်းကလည်း အားကောင်းလာတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ နှုန်းယှဉ်လိုက်ရင် မြန်မာနိုင်ငံက ထုတ်လုပ်မှုနှုန်းဟာ ၁၆% လောက် မြင့်တက်လာတာကို တွေ့ရပါတယ်။”

တဘက်မှာ ဘိန်းစိုက်ပျိုးမှုနှုန်း အခုတနှစ်အတွင်း မြင့်တက်လာသလို တခြား မက်သမ်ဖက်တမင်း (Methamphetamine) လို မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေလည်း ၁၄% လောက်အထိ တိုးမြင့် ထုတ်လုပ်လာတာကို တွေ့ရတယ်လို့ UNODC အရှေ့အာရှဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး တာဝန်ခံ မစ်စ် ဒီပီကာ နာရူကာ (Ms. Deepika Naruka) က ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းကနေ အခုနှစ်ဆန်းပိုင်းအထိ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ၅% လောက်သာ ရှိခဲ့ပေမဲ့ အဲဒီကိန်းဂဏန်းတွေဟာ မကြာခင်မှာ ပြောင်းလဲတော့မှာပါ။ အခုနှစ်အတွင်းမှာတင် ထုတ်လုပ်မှုနှုန်းဟာ ၁၄% အထိ မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ မက်သမ်ဖက်တမင်း မူးယစ်ဆေးပြားတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်လာတယ် ဆိုတာကို စိတ်ဝင်စားစရာ တွေ့လာရပါတယ်။”

အဲဒီ မက်သမ်ဖက်တမင်း ဆေးပြားတွေကို မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၆ ခုနှစ်လောက်က စတင် ဖမ်းဆီးမိခဲ့ပြီး ၂၀၀၉ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ ဆေးပြား အရေအတွက်ဟာ ၂၄,၀၀၀,၀၀၀ လောက် ရှိပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်က ဖမ်းမိခဲ့တဲ့ ဆေးပြားအရေအတွက် ၁,၇၀၀,၀၀၀၊ ၂၀၀၈ ခုနှစ်မှာ ဖမ်းမိတဲ့ ၁,၀၀၀,၀၀၀ သာသာ အရေအတွက်တို့နဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ ခုန်တက်လာတာကြောင့် ကုလသမဂ္ဂအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ အစောပိုင်း ရရှိထားတဲ့ စာရင်းတွေ အရတော့ အခုနှစ် ၂၀၁၀ ခုနှစ်မှာ ၁,၇၀၀,၀၀၀ လောက် ဖမ်းမိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရှင်တွေကတော့ အခုလို ဖမ်းမိတဲ့ မူးယစ်ဆေးပြား အရေအတွက် များလာတာဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြည်ပကို တင်ပို့မှုနှုန်း လျော့ကျသွားတာ မဟုတ်ဘဲ ပြည်တွင်းမှာတင် သုံးစွဲမှုနှုန်း များလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ မူးယစ်ဆေးဝါး ပေါင်းစုံဟာ အိမ်နီးချင်း နိုင်ငံတွေတင်သာ မကဘဲ တခြား ဝေးလံခေါင်ဖျားတဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်သူ အများစုထံမှာ ကုလသမဂ္ဂက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရကတော့ အများစုဟာ မိသားစု စားဝတ်နေရေးအတွက် တခြား ရွေးချယ်စရာနည်းလမ်း မရှိကြလို့သာ အခုလို စိုက်ပျိုးနေကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂ အနေနဲ့ ဒေသခံအစိုးရ အပါအ၀င် ကျေးရွာလူကြီးတွေနဲ့ ပူးပေါင်းပြီး ဘိန်းအဓိက စိုက်ပျိုးတဲ့ ရှမ်းပြည်အတွင်းမှာ ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွေကို စတင် လုပ်ဆောင်နေပြီလို့ UNODC ရန်ကုန်ဌာနေကိုယ်စားလှယ် ဂျေစင် အီလိုင်ယာ (Jason Eliagh) က အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စတွေကို စလုပ်နေပါပြီ။ ရှမ်းပြည်အတွင်းမှာ အစီအစဉ် ၃ ခုကို စလုပ်နေပါတယ်။ ဒေသခံ အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်သလို ရပ်ရွာလူကြီးတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်ပါတယ်။ နောက် ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ အဓိက လုပ်ဆောင်သင့်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် စတင် ကြိုးပမ်းနေကြပါပြီ။ အဲဒီအစီအစဉ်တွေကို ပြီးခဲ့တဲ့ နွေရာသီကမှ စတင် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွင်းက ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နှစ်အတော်ကြာ ကြိုးစားလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် နောက်ပိုင်းက ငွေကြေး ထောက်ပံ့မှုတွေလည်း အများအပြား လိုအပ်တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားကြပါတယ်။

http://www.voanews.com/burmese/news/

မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာလူငယ်များ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

2010-12-13

တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမ္ဘာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။


(Photo: AFP)

ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လူမှုအသွင်ကူးပြောင်းမှု စတာတွေ အားလုံးဟာ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲစေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျမတို့လည်း မြန်မာပြည်ဆိုတဲ့ ကျမတို့ကမ္ဘာကို ပြောင်းလဲချင်သလို လူငယ်တွေကလည်း သူတို့ရဲ့ကမ္ဘာကို သူတို့ပြောင်းလဲချင်တာပါ။ ဒါပေမဲ့ အခုချိန်ထိ ဘယ်နေရာမှ အပြောင်းအလဲ မဖြစ်သေးပါဘူး။ ဒါကြောင့်မို့လို့ အခြေခံတန်ဖိုးဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေနဲ့ ကျမတို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ မျိုးဆက်ကွာခြားမှုဆိုတဲ့ အားနည်းချက် မရှိသင့်ပါဘူး လူငယ်တွေအနေနဲ့လည်းကျမတို့ကို သူတို့ရဲ့သူငယ်ချင်း မိတ်ဆွေတွေလို သဘောထားမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အတွက် ကမ္ဘာတဝန်းက လူငယ်တွေရဲ့ အကူအညီတွေကို ကျမတို့ အများကြီး လိုအပ်ပါတယ်။ ဒီအတွက် ကျမတို့ဆီကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နိုင်ငံတကာ လူငယ်ကျောင်းသားများ ပွဲတော်အခမ်းအနားကို မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပွဲတော်ကို လေးနှစ်တကြိမ် World Federation of Democratic Youth ကဦးစီးကျင်းပတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၅ နိုင်ငံက ကိုယ်စားလှယ် သုံးသောင်းလောက် တက်ရောက်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ရဲဘော်ကျော်သန်း တက်ရောက်နေပါတယ်။


http://www.rfa.org/burmese/news/

Wikileaks ဖော်ပြချက် NLD အတွက် အရေးမကြီးကြောင်း ဦးတင်ဦး ပြောဆို

2010-12-13

၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်သူတွေရဲ့အခန်းကဏ္ဍ အပေါ် အမေရိကန်သံအရာရှိတွေကြား ဝေဖန်မှုတွေ ရှိခဲ့တာကို Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ဒီလို ဖော်ပြတာဟာ NLD အဖွဲ့ချုပ်အတွက် အရေးတကြီး ကိစ္စမဟုတ်ကြောင်းနဲ့ အဲလို အခြေအနေတွေ ဖြစ်ရတာဟာလည်း စစ်အစိုးရဖက်က ဖန်တီးထားလို့သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။


Photo Courtesy of demowaiyan.co.cc

“ဒါတွေ ပြန်ပြီး ဖော်ထုတ်တယ်ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့က ဒါ သိပ်ပြီးတော့ ရေးကြီးခွင့်ကျယ် ဖြစ်လှတယ်လို့ ကျွန်တော် မထင်ပါဘူးခင်ဗျ။ အဲဒီအချိန်အခါကဗျာ၊ ကျွန်တော်တို့ရော၊ ဒေါ်အောင်ဆန်းစုကြည်တို့ရော၊ ဦးဝင်းတင်တို့ကလည်း အချုပ်ထောင်ထဲမှာ ရှိကြတယ်။ ပြီးတော့ အလယ်အလတ်ပိုင်း လုပ်နိုင်မဲ့လူတွေအားလုံးကလည်း အကျဉ်းထောင်ထဲမှာဗျာ။”

“အဲဒီတော့ ကျန်တာ အသက်အရွယ်ကြီးကြီးနဲ့ ပုဂ္ဂိုလ်တွေ ကျန်တယ်။ နောက်ပြီးတော့ လူငယ်ထဲက လုပ်နိုင်တဲ့အတိုင်းအတာတွေကလည်း အကျဉ်းထောင်ထဲမှာဗျာ။ ကျန်တဲ့လူတွေနဲ့ပဲ နေရတယ်။ ဆိုတော့ သူတို့ခမျာ၊ အားလုံးကလည်း ဆက်လက်ပြီးတော့ ဒီ NLD ကြီးကို ရပ်တည်သွားနိုင်အောင် သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ဆောင်ရွက်သွားတဲ့ အပိုင်းတွေမှာ လျော့တာဖြစ်ရင် ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ အခြေအနေအရ၊ အတိုင်းအတာအရ၊ ဒီလို ဖြစ်ကြရတာ ဖြစ်ရစမြဲပဲဆိုတဲ့ ကျွန်တော် မြင်ပါတယ်။ နောက်တခုက ဒီလို လုပ်ငန်းကိစ္စ အဝဝ ဖြစ်အောင်လုပ်တဲ့ တရားခံက ဘယ်သူလဲဆိုတာ သိတာပေါ့ဗျ။ ဟိုဖက်က အကြောင်းရှိလို့ အကျိုးဖြစ်တာပါ။”

အဲဒီ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေထဲမှာ လူထုကြားထဲ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ အမေရိကန် သံအရာရှိတွေကြားမှာ လျှို့ဝှက်ပေးပို့တဲ့ ကြေးနန်းအဖြစ် Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားသလို၊ အန်ကယ်ကြီးတွေရဲ့ ဦးဆောင်မှုအောက်က NLD ပါတီဟာ အထက်အောက် ခွဲခြားမှု ကြီးမားပြီး တက်ကြွလွန်းသူလို့ ယူဆသူတွေကို အဖွဲ့ဝင်အဖြစ်က ထုတ်ပစ်လေ့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း အဲဒီတုန်းက နုတ်ထွက်ခဲ့တဲ့ အောက်မြန်မာနိုင်ငံ NLD လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ နို်င်ငံရေးအကျဉ်းသားဟောင်း ကိုခင်ထွန်းက အခုလို ပြောပါတယ်။

“အဲဒီတုန်းက အဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ရွှေရဲ့ သဘောထားဟာ သူဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်သလို ထက်ထက်မြက်မြက်တော့ သူမလုပ်နိုင်ဘူး။ အဲဒီတော့ သူက ပါတီ မပျက်ရေးကိုပဲ သွားမယ်လို့ ဆိုတဲ့အခါကျတော့ အစိုးရနဲ့ အဲလို အတိုက်အခံ ဖြစ်ပြီးတော့ ပါတီရဲ့ ရပ်တည်မှု ထိခိုက်နိုင်တဲ့ ကိစ္စမျိုးတွေကို သူရှောင်တဲ့အခါကျတော့ အခြား အင်အားစုတွေနဲ့ တက်ကြွတဲ့ အင်အားစုတွေ ကြားမှာ အားမလို အားမရ ဖြစ်စရာတွေ ရှိခဲ့တာပေါ့ဗျာ။”

“တချို့ကတော့ လူငယ်တွေက တက်ကြွတဲ့ စိတ်နဲ့ လှုပ်ရှားတဲ့အခါမှာ တပ်ဦးကျွံသွားနိုင်တယ်လို့ သူတို့က ဒီလို သံသယ ရှိတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်းပဲ ထိန်းချုပ်ထားတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့ချုပ် လူငယ်တွေက ထက်ထက်မြက်မြက်နဲ့ မဆောင်ရွက်နိုင်ခဲ့ဘူး။”

အဲဒီကာလက NLD ပါတီမှာ အသက်ကြီးရင့်နေသူတွေ ဦးဆောင်နေရတဲ့အတွက် တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို ၊့ ပြည်နယ်နဲ့တိုင်းကိစ္စတွေ ဖော်ဆောင်ဖို့တွေမှာလည်း ပျက်ကွက်ခဲ့တယ်လို့ ကိုခင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ပါတီမပျက်ပြယ်ရေးမူ တခုတည်းပေါ်မှာ ရပ်တည်ထားတဲ့ ခေါင်းဆောင်တွေရဲ့ အောက်မှာ တက်ကြွ ထက်မြက်တဲ့ လူငယ်တွေ အနေနဲ့ လုပ်ပိုင်ခွင့်တွေ ထိန်းချုပ် ခံထားရတဲ့အတွက် အခြား ၈၈ မျိုးဆက်ကျောင်းသားတွေလို သွက်သွက်လက်လက် မလှုပ်ရှားနိုင်ခဲ့ဘူးလို့လည်း ကိုခင်ထွန်းက သုံးသပ် ပြောဆိုပါတယ်။

http://www.rfa.org/burmese/news/

၂၀၁၀ ပြည့်နှစ်အတွင်း ILO တိုင်ကြားမှုပေါင်း ၃၀၀ ကျော်ရှိ

2010-12-13

ရန်ကုန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရုံးခွဲကို တိုင်ကြားခဲ့တဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းခိုင်းမှု စတဲ့ တိုင်ကြားမှုပေါင်းဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ၃၀၈ မှု ရှိတယ်လို့ သိရပါတယ်။


(Photo: AFP)

ဒါဟာ မြန်မာနိုင်ငံအတွင်း ILO တိုင်ကြားမှု အများဆုံး စံချိန်တင်တဲ့ စာရင်းပါလို့ ရန်ကုန် အခြေစိုက် ILO ဆက်ဆံရေးအရာရှိ Steve Marshall က ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ RFA ကို ပြောကြားပါတယ်။ စတင်ခဲ့တဲ့ နှစ်က စရေရင် ဒီကနေ့ အထိ တိုင်ကြားမှု စုစုပေါင်း ၅၆၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ILO တိုင်တန်းမှုတွေဟာ တစတစ တိုးပွားလာနေတာ တွေ့ရပါတယ်လို့ Mr. Marshall က ပြောသွားပါတယ်။ ဒီအရေအတွက်ထဲက ၃၀၀ ကျော်ဟာ ၂၀၁၀ ဇန်နဝါရီလကစပြီး အခု ဒီဇင်ဘာ ပထမပတ်အတွင်း တိုင်ကြားမှု အရေအတွက် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ILO ရုံးခွဲ စတင်ဖွင့်ခဲ့တဲ့ ၂၀၀၂ ခုကပြီး ၈ နှစ်အတွင်း အများဆုံး အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုင်ကြားမှု များလာတာဟာ မေလက စတင်ခဲ့တဲ့ အသိပညာပေးစာစောင် ဖြန့်ဝေတဲ့ ရလဒ် ဖြစ်ပြီး ပြည်သူတွေဟာ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ကလေးသူငယ် စစ်မှုထမ်းခိုင်းစေမှုတွေမှာ စိုးရိမ်မှုမရှိပဲ တိုင်ကြားလာကြတယ်လို့လည်း ဆိုပါတယ်။

ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်က ILO ကို တိုင်ကြားမှု တနှစ်တာ အတွင်း အမှု ၆၀ သာ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ တိုင်ကြားမှု စုစုပေါင်း ၂၀၀ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားမှုပမာဏ တိုးလာပေမဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု၊ ပေါ်တာ အဖြစ် အတင်းအကျပ် ခိုင်းစေမှုစတဲ့ ပြဿနာတွေကတော့ ရှိနေဆဲလို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/

NLD ပါတီရပ်တည်ခွင့် အယူခံလွှာတင်မည်

2010-12-13

NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို နေပြည်တော် တရားရုံးချုပ်က နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး လာမဲ့ရက်ပိုင်းအတွင်း အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေတွေ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ တွေ့ဆုံ ဆွေနွေးခဲ့ကြောင်း သိရပါတယ် ။



NLD ပါတီရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက်ရင်ဆိုင်မလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ် ။

“NLD ရပ်တည်ရေးအတွက် လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ တိုင်ပင်တာက နေပြည်တော်ရုံးကနေပြီးတော့ ကျွန်တော်တို့ရဲ့ ပါတီရပ်တည်ခွင့် လျှောက်ထားမှုကို ပလပ်ခဲ့တယ်။ အဲဒီ ပလပ်တဲ့ အမိန့်ကို အယူခံ ဝင်ဖို့ အသေးစိတ် ဆွေးနွေးကြတယ်။ မကြာမီ တင်နိုင်အောင် ကြိုးစားမယ်။”

“အခု စပြီးတော့ ကျွန်တော်တို့ အချက်အလက်တွေ၊ ဥပဒေ အချက်အလက်တွေ ညှိနှိုင်း ဆွေးနွေးကြတယ်။ NLD ဟာ ၈၈ ခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဲဒီ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ တခုမှ ညိစွန်းတာ မရှိခဲ့ဘူး။”

“အဲဒါကြောင့် NLD ပေါ်မှာ ၂၀၁၀ ပါတီ ဥပဒေနဲ့ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာကို ကျွန်တော်တို့ စွဲဆိုခဲ့ပါတာပါ။”

NLDပါတီရပ်တည်ခွင့်နဲ့ပတ်သက်လို့ နိုဝင်ဘာ၁၈ ရက်နေ့က နေပြည်တော်မှာ ကြားနာခဲ့ပြီး၊ NLD ပါတီတရားဝင်အဖြစ် ဆက်ရှိနေဆဲပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်ထားချက်ကို စစ်အစိုးရက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။

NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်တုန်းက ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့သလို၊ ၁၉၈၈ခုနှစ်မှာ NLD ပါတီကို မှတ်ပုံတင်ခဲ့တာဟာ အခုအချိန်ထိ ပျက်ပြယ်ခြင်း မရှိသေးဘူးလို့ မှတ်ယူပြီး စစ်အစိုးရကို အခုလို ဥပဒေကြောင်းအရ ပြန်လည် တရားရင်ဆိုင်နေတာ ဖြစ်ပါတယ် ။

http://www.rfa.org/burmese/news/

ကချင်ပြည်နယ်နေ့ စစ်အာဏာပိုင်များ ဦးဆောင်မည်

သန်းထိုက်ဦး Monday, 13 December 2010 19:04

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် ကချင်ပြည် နယ်နေ့ မနောပွဲအခမ်းအနားကို စစ်အစိုးရ အာဏာပိုင်များက ဦးဆောင်၍ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပရေး ကော်မတီအဖွဲ့တွင် ဥက္ကဌ အဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) မှ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းကို ခန့်အပ်ထားကြောင်း ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက ဧရာဝတီသို့ပြောသည်။ ယခင် ဥက္ကဌ ဦးလခီလအောင် ၏ နေရာတွင် အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။


ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကျင်းပခဲ့သော မနောပွဲတခု။ (ဓာတ်ပုံ - Reuters)

ဒီဇင်ဘာလဆန်းပိုင်းက ကချင် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် မနောပွဲ ဖြစ်မြောက်ရေး ကော်မတီ ၀င်များကို မပခ တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ခန့်အပ် ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနောပွဲ ကျင်းပရေး ကော်မတီနဲ့ ကချင် စာပေယဉ်ကျေးမှု ဌာနချုပ်ကနေ ဒီဟာကို သဘောမတွေ့ဘူး၊ ကချင်ပြည်နယ်နေ့ မနောပွဲကို ကချင် ရိုးရာ အနေနဲ့ ကျင်းပခြင်း ဖြစ်တယ်၊ ဒီဟာကို ဘာမှ မသိတဲ့ ပုဂ္ဂိုလ် တယောက်အနေနဲ့ ဦးစီး မယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကချင်လူထု အနေနဲ့လည်း ပါဝင်လာဖို့ နည်းသွားမယ်”ဟု ကိုအောင်ဝါက ဆက်ပြောသည်။

ဗိုလ်မှူးချုပ် ဇေယျာအောင်က ခန့်အပ်လိုက်သည့် အတွက် မနောပွဲ ကျင်းပရေး ကော်မတီနှင့် ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင် များက လက်ခံ၊ မလက်ခံကိုမူ ပြန်မပြောခဲ့ကြောင်း သိရသည်။ ကချင် တိုင်းရင်းသား တချို့က စစ်အစိုးရ ၏ ယခုအစီအစဉ် ကို လက်မခံကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ကြံ့ဖွံ့ပါတီ)မှ မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဖြစ်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်ကလည်း မနောပွဲဖြစ်မြောက်ရေး အတွက် ကျပ်ငွေ သိန်း ၅၀၀ ကို ရန်ပုံငွေ အဖြစ် ထည့်ဝင် လှူဒါန်းကြောင်း ကချင် ဒေသခံများက ပြောသည်။

ဦးသိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား ဇာတိဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ၏ ကချင်ပြည်နယ် တာဝန်ခံလည်း ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ စစ်အာဏာပိုင်များက မနောပွဲတွင် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ခေါင်းဆောင် များကို တက်ရောက်ခွင့်မပြုကြောင်း ကြားသိရသည်။

စစ်အစိုးရက ကချင် လက်နက်ကိုင် တပ်ဖွဲ့များကို ယခုနှစ်အတွင်း ကျင်းပခဲ့သော မနောပွဲတော်သို့ တက်ရောက် ရာတွင်လည်း စစ်ဝတ်စုံ ၀တ်ဆင်ခြင်း မပြုရန် ညွန်ကြားခဲ့သည်။ ထိုညွန်ကြားချက်ကြောင့် မနောပွဲသို့ တက်ရောက်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် အရေအတွက် နည်းပါးသွားသည်ဟု သိရသည်။

ကချင်ပြည် နယ်နေ့ကို ၁၉၄၈ ခုနှစ်မှ စတင် သတ်မှတ်ခဲ့ကြပြီး စုပေါင်း ကခုန်ကြသည့် မနောပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း နှစ်စဉ် ကျင်းပကြသည်။

စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံ တဝန်းရှိ KIO ဆက်ဆံ ရေးရုံးများကိုလည်း ပိတ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က လိုင်ဇာဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ် ယာဉ် တစင်းကို KIA တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများတွင်လည်း ယခင် တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုလဆန်းပိုင်းမှ စတင်၍ စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း သိရသည်။

တခြားသော KIO ဒေသများကိုလည်း စစ်အစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် အခြေစိုက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများကို တိုးချဲ့ထားသည်။ KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

http://www.irrawaddy.org/bur/index.php/news/

ဂျာနယ်များကို ပေါ်လစီဆောင်းပါး ပြန်ထည့်ခိုင်း

ဟိန်းသူ Monday, 13 December 2010 17:02

ပြည်တွင်းထုတ် ဂျာနယ်များအားလုံး၌ ၃ လ ကျော် ရပ်နားထားသည့် အစိုးရ ပေါ်လစီ ဆောင်းပါးများကို ယခုတပတ်မှ စတင်ကာ ပြန်လည် ထည့်သွင်းဖော်ပြရမည်ဟု စာပေစိစစ်ရေးက ညွှန်ကြားထားကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။


ပြည်တွင်းထုတ် ဂျာနယ်များကို ဖတ်ရှုနေကြသည့် ရန်ကုန်မြို့ခံများ (ဓာတ်ပုံ - ဧရာဝတီ)

“ကျနော်တို့တိုက်က ဂျာနယ်တွေအကုန်လုံး ပေါ်လစီဆောင်းပါးပြန်ထည့်ရမယ်လို့ စာပေစိစစ်ရေးက ညွှန်ကြားလိုက်တယ်။ ဒီတပတ်က စပြီး ပြန်ထည့်ခိုင်းတာပါ”ဟု Eleven Media Group မှ ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

Eleven Media Group တွင် First Eleven ၊ Premier Eleven ၊ Biweekly Eleven ၊ Weekly Eleven စသည့် ဂျာနယ်များကို အပတ်စဉ် ထုတ်ဝေလျက်ရှိသည်။

ယခုတပတ် ဂျာနယ်များတွင် ပထမဆုံး ပြန်လည် ဖော်ပြခိုင်းသည့် ဆောင်းပါးမှာ ဒီဇင်ဘာ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ ပါ “နိုင်ငံ့အရေး အလွယ်မတွေးစေချင်ပါ” ဆိုသည့် ဆောင်းပါးဖြစ်ပြီး ဂျာနယ်တွင် ပုံနှိပ်ပါက စာမျက်နှာ ၂ မျက်နှာ နေရာပေးရကြောင်း သိရသည်။

အဆိုပါဆောင်းပါးမှာ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကောင်အထည်ဖော်ရန် စီစဉ်နေသော ဒုတိယ ပင်လုံညီလာခံ နှင့်ပတ်သက်ပြီး ဝေဖန်ရေးသားထားသည့် ဆောင်းပါး ဖြစ်သည်။

ထိုကဲ့သို့ ဂျာနယ်များတွင် ပေါ်လစီဆောင်းပါး ပြန်လည်ဖော်ပြရသည့်အတွက် ပရိသတ်သို့ တင်ပြလိုသည့် အခန်းကဏ္ဍများ လျော့နည်းသွားရကြောင်း၊ ပုံမှန်တင်ပြနေသည့် ကဏ္ဍများ ဝေေ၀ဆာဆာ တင်ပြနိုင်မှု မရှိတော့ဘဲ အကျဉ်းသာ တင်ပြရတော့ ကြောင်း အားကစားဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။

“ကျနော်တို့ဂျာနယ်မှာ မဖြစ်မနေဖော်ပြပေးနေရတာက ပွဲကြိုတွေ၊ ပွဲပြီးသုံးသပ်ချက်တွေ၊ ဆောင်းပါးတွေလေ။ ပေါ်လစီမထည့်ရ တော့လို့ တိုးလိုက်တဲ့ ကဏ္ဍတွေ အခုတော့ ပြန်လျှော့ရတော့မယ်”ဟု ၎င်းက ပြောသည်။

ဂျာနယ်များ၌ ပေါ်လစီဆောင်းပါးများ ထည့်သွင်းဖော်ပြနေသော်လည်း စာဖတ်ပရိသတ်များအနေနှင့် ဖတ်သူမရှိသလောက် နည်းပြီး ဂျာနယ်အတွက် အသုံးမ၀င်သည့် စာမျက်နှာပင်ဖြစ်ကြောင်း စာနယ်ဇင်းအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။

“ဂျာနယ်မှာ ပေါ်လစီဆောင်းပါးဆို မဖတ်ဖြစ်တာများတယ်။ နိုင်ငံရေးဂျာနယ်တွေမှာဆိုတော်သေးတယ်။ အခုက အားကစားရော၊ စီးပွားရေးရော အကုန်ပေါ်လစီဆောင်းပါးပါနေတော့ ပရိသတ်တွေအတွက် မလိုအပ်ဘူးထင်တာပဲ”ဟု စာဖတ်ပရိသတ် တဦးက လည်း ပြောသည်။

ဒီဇင်ဘာလဆန်းက ငါးမင်းဆွေ ဆိုသူ ရေးသားထားသော ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ထားသည့် ဆောင်းပါးကို 7 days ၊ News Week နှင့် ပြည်မြန်မာ ဂျာနယ်များတွင် ဖော်ပြခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဂျာနယ်များ အားလုံး ပေါ်လစီ ဆောင်းပါး ပြန်လည် ထည့်သွင်းရမည်ဟု ညွှန်ကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စဉ်ကလည်း ဓာတ်ပုံ နှင့် သတင်းအချက်အလက်များ သတ်မှတ်ချက်အတိုင်း မဖော်ပြသည့် အတွက် ပြည်တွင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက ခေတ္တပိတ်ပင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့် သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံ တွင် ပါဝင်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း သိရသည်။

http://www.irrawaddy.org/bur/index.php/news/

ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍ မကျန်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

ခက်ထန် Monday, 13 December 2010 18:12

စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်တော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်။


ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၅၃ သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (ဓာတ်ပုံ - မြန်မာ့အလင်း)

ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့တွင် မိုးရွာသွန်းမှုကြောင့် မိုးလုံလေလုံခန်းမအတွင်း ပြုလုပ်ခဲ့သော ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ တက္ကသိုလ်များတည်ဆောက်ခြင်း စသည်တို့ကို ကဏ္ဍတခုချင်းစီ အရေအတွက်များဖြင့် ပြောထားသည်။

“စစ်အစိုးရ သတင်းစာပဲ ဖြစ်ဖြစ်၊ သူတို့ ဗိုလ်ချုပ်တွေ မိန့်ခွန်းပဲဖြစ်ဖြစ် အရေအတွက်တွေကိုပဲ ပြောတယ်၊ အရည်အချင်းကို ဘယ်တော့မှ မပြောဘူး။ တက္ကသိုလ်တွေ ဘယ်လောက်ဆောက်ဆောက် ပညာရေးက နိမ့်ကျနေတုန်းပဲ။ တခြားကဏ္ဍတွေမှာလည်း အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် အမြဲ နောက်ကချည်း နေနေရတုန်းပဲ” ဟု ပြည်တွင်းမှ အယ်ဒီတာတဦးက ဝေဖန်ချက်ပေးသည်။

နာဂစ်နှင့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်းများကြောင့် ဆန်စပါးထုတ်လုပ်မှု အထိနာနေသော်လည်း မြန်မာနိုင်ငံသည် “ဆန်စပါး ထုတ်လုပ်မှု မြင့်မားတဲ့ နိုင်ငံအဆင့်” ကို ရောက်ရှိနေပြီး “ပဲမျိုးစုံနှင့် ပတ်သက်လာလျှင်လည်း အရှေ့တောင်အာရှ ဒေသတွင်းတွင် ဦးဆောင်နိုင်ငံ” ဖြစ်လာနေသည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသွားသည်။

၂၀၀၉ ပထမနှစ်ဝက်တွင် ပြည်ပတင်ပို့သော ဆန် မက်ထရစ်တန်ချိန် ၇ သိန်း ၅ သောင်း ကျော်ရှိခဲ့သော်လည်း ယခုနှစ် ပထမ နှစ်ဝက် တင်ပို့နိုင်မှုမှာ ၂ သိန်း ၇ သောင်းကျော်သာရှိကြောင်း၊ ယမန်နှစ်ကထက် ထက်ဝက် ကျဆင်းနေကြောင်း စစ်အစိုးရ၏ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဆွစ်ဇာလန်ပိုင် ဒေသရုံးခွဲဖြစ်သော ကုန်စည်စီးဆင်းမှု တိုင်းတာရေးအဖွဲ့ SGS တို့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်တွင်း ဆန်လက်ကျန် နည်းခြင်း၊ နယ်စပ်တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု မရှိခြင်းတို့ကြောင့် ဆန်နှင့် စားသုံးဆီများ ဈေးမြင့်တက်ခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၀ အစီရင်ခံစာတွင်မူ “မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်မှာ ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ၅.၀ ရာခိုင်နှုန်းသာ တိုးတက်မှုရှိပြီး ၂၀၁၁ တွင် ၅.၃ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းရသည်။ အာရှဖွံ့ဖြိုးမှု သုံးသပ်ချက်အရ နိမ့်ကျလျက်ရှိနေသည်” ဟု ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးက ကိုးခရိုင်စိမ်းလန်းစိုပြေရေးကို ၁၃ ခရိုင်အထိ ချဲ့ပြီးဖြစ်၍ ရာသီဥတု ကောင်းမွန်သည်ဟု ဆိုသော်လည်း မြန်မာ ပညာရှင်များကမူ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာရှိကြောင်း ယခု နှစ်လယ်ပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက သစ်တော ထိန်းသိမ်းမှု မပြုလုပ်ခြင်းနှင့် ပတ်သက်၍ “အခုက သစ်ပင် ၁၀ ပင်ခုတ်ရင် ၁ ပင်ပဲ ပြန်စိုက်နိုင်တယ်” ဟု ထောက်ပြထားသည်။

လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းများဖောက်လုပ်ရာတွင် နေပြည်တော်ကိုသာ ဗဟိုပြုပြီး ဖောက်လုပ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံ ၃၁ ရုံ၊ တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၂ ရုံရှိသည်ဟု မိန့်ခွန်းတွင် ပြောထားသော်လည်း လျှပ်စစ်စွမ်းအင် ရရှိမှုမှာ အဓိက မြို့ကြီးများတွင်ပင် လုံလောက်စွာ ရသည့်အနေအထားမရှိဘဲ နယ်ဒေသများတွင် ကိုယ့်အားကိုယ်ကိုး၍ မီးစက်များဖြင့် ပေးဝေနေရကြောင်း သတင်းများအရ သိရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ ရေနံလုပ်ကွက်သစ်များလည်း ထပ်မံတွေ့ရှိထားကြောင်းလည်း ပြောသွားသည်။

စစ်အစိုးရ၏ မြန်မာ့ ရေနံနှင့် သဘာဝလုပ်ငန်းမှ ဝန်ထမ်းတဦးက “နိုင်ငံခြားကုမ္ပဏီတွေက လာလုပ်တယ်။ ရလာတဲ့ ငွေတွေက နိုင်ငံတော်အတွက် ဟုတ်ပတ်တိ မရောက်ဘူး။ သက်ဆိုင်ရာ သူတို့ ကုမ္ပဏီတွေနဲ့ ဝန်ကြီးတွေ ညွှန်မှူးတွေ ဝေစားမျှစားနဲ့ ပြီးနေတာပဲ” ဟု ပြောသည်။

တနှစ်လျှင် ဒေါ်လာ သန်းချီ၍ ဝင်ငွေရနေသော သဘာဝဓာတ်ငွေ့ လုပ်ငန်း နှစ်ခုကိုလည်း ရွေးကောက်ပွဲ မတိုင်ခင် လများကတည်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (ကြံ့ဖွံ့ပါတီ) အသုံးစရိတ်အတွက် လွှဲပေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်တွင် နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းစေပြီး “စောင့်ရှောက်” ထားသည်ဟု သုံးနှုန်းပြောဆိုသွားသည်။

စစ်တပ်သည် ဆက်လက်၍ တက်လာမည့် အစိုးရသစ်ကို ကူညီရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။ တရုတ်အခြေစိုက် ဆင်ဟွာသတင်းဌာနက ထိုအချက်ကို မီးမောင်းထိုး၍ သတင်းရေးထားသည်ကို တွေ့ရသည်။

နိုင်ဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီ က လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရထားပြီး ပြိုင်ဘက်ပါတီများက မဲမသမာမှုများ ရှိသည်ဟု ထုတ်ဖော် ပြောဆိုထားကြသည်။

ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များက ရှေ့ဆုံးမှထိုင်ကြပြီး ဗိုလ်ချုပ်များက အနောက်တွင်သာ ထိုင်ရသည့်အပေါ် အကဲခတ်သူများက ဝေဖန်မှုများလည်း ရှိနေသည်။ တရုတ်နိုင်ငံသို့ အလည်အပတ် သွားသည့် နိုင်ငံတော် ခရီးစဉ်တွင်လည်း ထိုသို့ မိသားစုကို ရှေ့တန်းတင်မှုကြောင့် ဝေဖန်ခဲ့ရသည်။

http://www.irrawaddy.org/bur/index.php/news/