Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 16 September 2009

tun-tun-what-he-did
နအဖ ၏ ၂၀၁၀ အကြို ရှင်းလင်းသုတ်သင်မှုများ
နအဖ စစ်အုပ်စု က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ ပြည်တွင်းက နိုင်ငံရေးတက်ကြွသူ လူငယ်တွေ၊ အစဉ်အလာ နဲ့ နိုးကြားလှုပ်ရှား ခဲ့ကြတဲ့ ၈၈၊ ၉၆ မျိုးဆက်ကျောင်းသားတွေ နဲ့ နောင်တော်သံဃာ့အာဇာနည်တွေ အပါအ၀င် ရွှေဝါရောင် မျိုးဆက် ဗကသ၊ သံဃာ့ အာဇာနည် မျိုးဆက်သစ်တွေအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

၂၀၁၀ ပွဲကို ၀င်နွှဲဖို့ တစ်ချို့ တွေပြင်ကြဆင်ကြ ရှိနေချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် နဲ့ စစ်အာဏာရှင် စနစ် အလုံးစုံ ချုပ်ငြိမ်းရေး ကိုင်စွဲထားသူတွေကို စစ်အုပ်စုက စတင်ရှင်းလင်းရေး လုပ်နေပါပြီ။ အခုဆိုရင် ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး ရဲ့ အမြစ်တွယ်ရာ ဗမာပြည်အလယ်ပိုင်းဒေသကို စတင် တိုက်ခိုက်ခြင်းခံနေရပြီဖြစ်ပါတယ်။ ဒီကနေ့ ၁၆ ရက် မနက်ခင်း လင်းအားကြီး ဝေလီဝေလင်းအ ချိန်မှာပဲ မြေလတ်မြို့ တစ်မြို့ ဖြစ်တဲ့ မြင်းခြံမြို့ က နိုင်ငံရေးနှိုးကြားလှုပ်ရှားသူ (၅) ဦးကို နအဖ ကျွန်ယုံ သတင်းတပ်ဖွဲ့ က ၀င်ရောက်စီး နင်းဖမ်းဆီးသွားပါတယ်။ အဖမ်းခံရသူတွေကတော့ ဒေါက်တာဝင့်သူ၊ ၈၈ နဲ့ ၉၆ မျိုးဆက်ကျောင်းသားတွေ ဖြစ်တဲ့ ကိုမျိုးဟန်၊ ကိုအောင် မျိုးလတ်၊ ကိုလှမျိုးကျော် နဲ့ ကိုစိုးရာဇာ တို့ ဖြစ်ပါတယ်။

ယခု အဖမ်းခံရသူတွေဟာ မြင်းခြံမြို့ ပေါ်မှာအဖြူရောင်လှုပ်ရှားမှုတွေ၊ ၀တ်ပြူဆုတောင်းပွဲတွေ စတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အစဉ်အလာ နဲ့ လှုပ်ရှားခဲ့ကြတဲ့ တက်ကြွလူငယ်တွေ ဖြစ်တဲ့အတွက် နအဖ က ကြိုပြီးလက်ဦးမှုရယူတဲ့ သဘော လည်းဖြစ် ပါတယ်။ အခုလို နအဖ ရဲ့ လက်ဦးမှုရယူတဲ့ လုပ်ရပ်တွေဟာ ရွှေဝါရောင် နှစ်ပတ်လည်ကာလတွေမှာ ပိုမိုပြင်းထန်လာပါတယ်။

နအဖ စစ်အုပ်စု က သူတို့ ရဲ့ ၂၀၁၀ အကြို အခုလို အတိုက်အခံအင်အားစုတွေကို သုတ်သင်ရှင်းလင်းမှုဟာ နေပြည်တော် ပြသာဒ်မီး လောင်မယ့် မီးပွားတွေကို ဖန်တီးပေးသလိုဖြစ်နေတယ်ဆိုတာကို ရိပ်မိသိရှိပုံမရပါဘူး။ ဆယ်စုနှစ် နှစ်ခုကျော်ကြာဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူ တွေ ရော လွတ်လပ်မှုဆိတ်သုန်းနေတဲ့ ငရဲခန်းမှာ ကြီးပြင်းလာကြတဲ့ လူငယ်တွေ ပါ ဖိပါများလို့ ပြန်ကန်မယ့် အချိန်ကို စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ ဆောင်းဦးရာသီဟာ တော်လှန်ရေးရာသီဖြစ်ခဲ့ပြီး ရေနံမြေသပိတ်က စလို့ ခေတ်အဆက်ဆက် တော်လှန်ရေးသမား အမြောက်အများ ပေါ်ထွန်းခဲ့တဲ့ မြေလတ်ဒေသ ဟာ အာဏာရှင်အဆက်ဆက် ကြောက်ဒူးတုန်ခဲ့ရတဲ့ နေရာဖြစ်ပါတယ်။ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူ စတဲ့ မြို့ တွေဟာ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အများအပြားကို မွေးထုတ်ပေးခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဟာ ပခုက္ကူ မြို့ ကသံဃာတွေ ကို စစ်တပ်က ရိုင်ရိုင်းစိုင်းစိုင်း ရိုက်နှက်ရာက အစပျိုးခဲ့ပါတယ်။ ၈၈ အရေးတော်ပုံဟာ အာဏာရှင်ရဲ့ လက်ကိုင်ဒုတ်တွေ ရက်စက်ရိုင်းစိုင်း ရာက အခြေခံခဲ့သလို အခုတဖန် မြင်းခြံမြို့ က တက်ကြွလှုပ်ရှားသူ တွေကို တပြိုင်နက် တည်း အချိန်မတော် ၀င်ရောက်စီးနင်း ဖမ်းဆီးမှုဟာ အာဏာရှင်ရဲ့ နောက်ဆုံးထွက် သက်ကို ဖန်တီးပေးသွားနိုင်ကြောင်း။

ဇော်နေအောင်
၁၆ ရက်၊ စက်တင်ဘာလ၊ ၂၀၀၉ ခုနှစ်။

Copy from http://arzarni.blogspot.com/
Immediate Release Sept 15-2009
15 September News