Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 7 February 2009

ANGELINA JOLIE - VISITS MYANMAR REFUGEES IN THAILAND

ရိုဟင်ဂျာများသည် တိုင်းရင်းသားလော။ နိုင်ငံသားလော။ လူလော။ ခွေးလော။

  • ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက်အခံခေါင်းဆောင်တစ်ဦးက ကိုးကန့်ဟာ ရာခိုင်နှုံးပြည့် တရုပ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဘူးပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတလျောက်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများအကြောင်းနဲ့ အစချီချင်ပါတယ်။

မြန်မာပြည်ရဲ့ နယ်စပ်တနံတလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေရှိနေပါတယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီဆူး၊ ပဒေါင်၊ ကရင်၊ မွန်၊ စသဖြင့် တိုင်းရင်းသားအသီးသီးသည် မြန်မာနိုင်ငံဖက်မှာ နေထိုင်ကြသူများရှိသလို တစ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဘ၈င်္လားဒက်ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုပ်၊ လာအို၊ ယိုးဒယားနိုင်ငံတို့မှာ နေထိုင်ကြသူများလည်း ရှိပါတယ်။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို မိမိအခြေချနေထိုင်သောနိုင်ငံတွေမှာ အပြည့်အ၀ ရရှိနေပါတယ်။ ရလဲရသင့်ပါတယ်။ ရပိုင်ခွင့်လဲ ရှိပါတယ်။

အဲဒီတိုင်းရင်းသားတွေလိုဘဲ မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများရှိနေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော်လည်း၊ မြန်မာနိုင်ငံဖက်မှာ နေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်းသား(၁၄၃)မျိုးမှာ တရားဝင် အသိအမှတ်ပြုထားခဲ့ပေမဲ့ မဆလခေတ်ကစပြီး ယနေ့တိုင် စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။ ဘာကြောင့်ပါလဲ။

ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့ တိုင်းရင်းသားစစ်စစ်တွေပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ အခြားဘယ်နိုင်ငံမှာမှ နေထိုင်သူများလည်း မဟုတ်ကြပါဘူး။ မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထားရပေမဲ့ အခု န၀တ၊ နအဖလက်ထက်ကျမှ ဒီလောက်သမိုင်းစဉ်လာအရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတော့ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်။ သေမလို့ဖြစ်နေရင်တောင် ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန်ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။

ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက်အခံခေါင်းဆောင်တစ်ဦးက ကိုးကန့်ဟာ ရာခိုင်နှုံးပြည့် တရုပ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဘူးပါတယ်။ န၀တ၊ နအဖတို့က ကိုးကန့်ကို တိုင်းရင်းသားအဖြစ် ထပ်တိုးသတ်မှတ်လိုက်တော့၊ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မယ်ဆိုတတ်သော၊ အမျိုးပျောက်မှာ စိုးကြောက်တတ်သူများက ကန့်ကွက်ဖို့ နေနေသာ အီးတောင် ကျယ်ကျယ်ပေါက်လိုက်သံ မကြားလိုက်ရပါဘူး။ ဘာကြောင့်ပါလဲ။

ကမန်နဲ့ ပသျှူးလူမျိုးတွေမှာ တူညီမှုတစ်ခု ရှိနေတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သူတို့တွေဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါတယ်။ ကိုးကန့်တို့သည် အစ္စလာမ်ဘာသာဝင်များ မဟုတ်ပါ။

နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်ကို လက်မခံနိုင်သေးသူများ ရှိနေပါသလား။ ဒါမှမဟုတ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစ္စလာမ်ဘာသာမှလွဲ၍ အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်လို့ ပြဌာန်းဖို့လိုအပ်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ကျနော်တို့သည် အမေရိကန်သမတ အိုဘားမားပြောသလို ၂၁ရာစုအတွက် အဆင်သင့် မဖြစ်သေးသူများလား။

ဒီနေရာမှာ စကားညှပ်အနေနဲ့ ထည့်သွင်းပြောကြားလိုတာက ကျနော်သည် ကိုးကန့်ဆန့်ကျင်ရေး၊ တရုပ်မုန်းတီးရေးသမား မဟုတ်သလို တိုင်းချစ် ပြည်ချစ် မြန်မာတရုပ်များကို ချစ်ခင်လေးစားသူလည်းဖြစ်ပါတယ်။ မြန်မာမွတ်စလင်များသည် မြန်မာတရုပ်များကဲ့သို့ တိုင်းရင်းသားသွေးပါသူများဖြစ်ပြီး တိုင်းချစ်ပြည်ချစ်များ၊ တိုင်းပြည်အတွက် အသက်စွန့် ကာကွယ်တတ်သူများ ဖြစ်ကြပါတယ်။ မြန်မာပြည်ကို မြန်မာတိုင်းရင်းသားတွေကလွဲလို့ တရုပ်ဘဲဖြစ်ဖြစ်၊ ဘင်္ဂါလီဘဲဖြစ်ဖြစ် လွှမ်းမိုးလာမှာကို မြန်မာမွတ်စလင်ကော၊ မြန်မာတရုပ်ကော လက်မခံနိုင်ပါဘူး။

ရိုဟင်ဂျာ ဘာလဲ။

ရိုဟင်ဂျာကိစ္စကို စမပြောခင် စာဖတ်သူများကို မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကို ဘယ်လိုမြင်ပါသလဲဆိုတာကို ကိုယ့်ဖာသာမေးပြီး ကိုယ့်ဖာသာ အရင်စမ်းပြီးဖြေကြည့်ပေးစေချင်ပါတယ်။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် မြင်ပါသလား။ နိုင်ငံသားအဖြစ် လက်ခံပါသလား။ လူအဖြစ်ကော အသိအမှတ်ပြုနိုင်ပါသလား။ ဒါမှမဟုတ် အနိမ့်ဆုံးအဆင့် ခွေးလောက်၊ ကြောင်လောက်ဖြစ်ဖြစ် တန်ဖိုးထားပေးနိုင်ပါသလား။

မေးခွန်းက သိပ်ရင့်သီးတယ်၊ လက်တွေ့မကျဘူး၊ ဘယ်သူက လူကို ခွေးလို့ထင်ကြမှလဲဆိုပြီး အပစ်တင်လိုသူများရှိလျင် ရှင်းပြပါရစေ။ ယနေ့ ရိုဟင်ဂျာတွေကို ခွေးလောက်မှ တန်ဖိုးမထားနိုင်တာကြောင့် ထိုင်းနိုင်ငံမှာ ဘယ်ခွေးကိုမှ မလုပ်တဲ့ လှေပျက်ထဲထဲ့ပြီး ပင်လယ်ထဲမျှောချနေတာကို တွေ့နိုင်ပါတယ်။

အဲဒါက ထိုင်းဘဲ။ ကျုပ်တို့မြန်မာပြည်မှာ ဒါလောက်တော့ မဆိုးသေးပါဘူးဆိုလာရင် ဆက်ဖတ်ကြည့်စေချင်ပါတယ်။

ဟစ်တလာက ဂျူးလူမျိုး ၆သန်းကျော်ကို ကလေးကော၊ အမေအိုပါမကျန် သတ်တုံးက သူတို့အာရိယန်မျိုးဆက်တွေနဲ့ သွေးမရောရအောင်၊ အစဉ်သန့်ရှင်းနေအောင် လူသားမျိုးညံ့ဂျူးတွေအဖြစ် ကိစ္စတုံးရှင်းပစ်ခဲ့တာပါ။ ခွေးဆိုး၊ ခွေးရူးတွေအဖြစ်သဘောထားပြီး သတ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွေးဆိုး၊ ခွေးရူးတွေထက်ပိုဆိုးတဲ့ ဗိုင်းရပ်ရောဂါပိုးလိုသဘောထားတဲ့ ပညာရှင်များ၊ ခေါင်းဆောင်များ ရှိနေပါသေးတယ်။ သူတို့ရေးပြီး လူသိရှင်ကြားကြေညာထုတ်ဝေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး Influx Virus ဆိုတဲ့စာအုပ်အမည်ဟာ ရိုဟင်ဂျာတွေကို ရွံရှာမုန်းတီးစရာကောင်းတဲ့၊ အင်မတန်အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်ပိုးတွေအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးတွေကို မပြန့်ပွါးခင် အချိန်မီ အလျင်အမြန် ဖျက်ဆီးပစ်ရသလို ရိုဟင်ဂျာတွေကို မျိုးတုန်း ဖျက်ဆီးပစ်ရမယ်လို့ ပွင့်ပွင့်လင်းလင်း လှုံ့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ အတွေးအမြင်ပါ။ ဟစ်တလာထက် ကြောက်စရာကောင်းပါတယ်။

လူမျိုးတွေရဲ့ အမည်ပေးပုံကို ဆက်လက်ဆွေးနွေးလိုပါတယ်။

ရခိုင်လူမျိုးတွေကို မာဂဓဆိုတဲ့စကားက ဆင်းသက်လာတဲ့ မောက်လူမျိုးလို့ခေါ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ အာရကန်လူမျိုးလို့လဲ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ သို့သော် အမျိုးကို ချစ်ခြင်း၊ အမျိုးဂုဏ်ကို စောင့်ရှောက်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ ရခိုင်(ရက္ခိုင်)လူမျိုးလို့ခေါ်မှ နှစ်သက်ကြတာမို့ မောက်၊ အာရကန်လို့မခေါ်တော့ဘဲ အားလုံးက ရခိုင်လူမျိုးလို့ခေါ်ကြပါတယ်။ ပြသနာမရှိပါဘူး။

တောင်သူက ပအို့၊ တလိုင်းက မွန်၊ ဂျိန်းဖေါက ကချင်၊ ဆီရမ်(Siam)က ထိုင်း(Thai)၊ ဆီလုံ(Ceylon)က သီရိလင်္ကာ(Srilanka)၊ အက်စကီမိုး(Eskimo)က အိနွတ်(Inuit)လူမျိုး စသဖြင့် မိမိအမျိုးအမည်၊ မိမိနိုင်ငံအမည်ကို မိမိစိတ်ကြိုက် ပြောင်းကြတဲ့အခါ အခြားဘယ်လူမျိုး၊ အခြားဘယ်နိုင်ငံကမှ ငါသဘောမတူရင် ပြောင်းခွင့်မရှိဘူးလို့ မကန့်ကွက်နိုင်ပါဘူး။ ကန့်ကွက်ခွင့် မရှိပါဘူး။ သဘောထားကြီးစွာ၊ နားလည်မှုထားကာ ကာယကံရှင် ကြိုက်နှစ်သက်တဲ့အတိုင်း သတ်မှတ်ခေါ်ဝေါ်ပေးရတာပါဘဲ။

ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားလား၊ နိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခဏဘေးဖယ်ထားပြီး သူတို့က သူတို့ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာကို မခေါ်နိုင်ပါဘူးလို့ ငြင်းသင့်ပါသလား။ ငြင်းခွင့်ကော ရှိပါသလား။ သူတို့ကို သမိုင်းမှာ စစ်တကောင်းသားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဘင်္ဂါလီကုလားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ခေါ်တောလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဒီနာမည်တွေကို မကြိုက်လို့၊ ဒီနာမည်တွေဟာ နှိမ့်ချခေါ်ဝေါ်တာမို့ မခေါ်ပါနဲ့လို့ တောင်းဆိုတာကို မရဘူး၊ မင်းတို့ နာတာ၊ မကြိုက်တာ ငါဂရုမစိုက်ဘူး။ ငါခေါ်ချင်တာ ငါခေါ်မယ်လို့ တစ်ဖက်သားကို နှိမ့်ချပြီး ဆိုသင့် ဆိုထိုက်ပါသလား။

အာဖရိကန်အမေရိကန်တွေကို သမိုင်းတလျှောက်လုံးမှာ အမဲကောင်(Nigger) လို့ဘဲခေါ်ခဲ့ကြပါတယ်။ အမဲကောင်(Nigger)လို့ဘဲ သမိုင်းမှတ်တမ်းတွေမှာ အထင်အရှား မှတ်တမ်းတင်ထားရှိခဲ့တာမို့ အမဲကောင်(Nigger)လို့ဘဲ ခေါ်နိုင်မယ်လို့ ခုနေခါမှာ ပြောရဲသူများရှိပါသလား။ သူများတွေရဲ့ နှလုံးသားကို နာကြင်စေတဲ့ စကားလုံးမျိုး၊ အပြုအမူမျိုးကို ရှောင်ရှားခြင်းသည် စာနာတတ်ခြင်း၊ လူသားဆန်ခြင်း ဖြစ်ပါတယ်။ ဘာသာတရားတွေရဲ့ အဆုံးအမများမှာ ပါရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီပါတယ်။

ရိုဟင်ဂျာသည် တိုင်းရင်းသားလော။

ရိုဟင်ဂျာတွေက သူတို့ဟာ တစ်ဖက်ဘင်္ဂလားဒက်ရှ်နိုင်ငံက ဘင်္ဂါလီတွေနဲ့ ဆင်တူကြသော်လည်း၊ ဘင်္ဂါလီများ မဟုတ်ကြဘဲ မြန်မာပြည်မှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသားတွေဖြစ်တယ်။ မူလက သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုး ၁၄၃ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးက တရားဝင်ပါရှိထားပြီးဖြစ်တယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာလည်း၊ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးဆိုပြီး ရေးသားပြဌာန်းထားတာတွေ ရှိခဲ့တယ်။ ရိုဟင်ဂျာတွေက လွတ်လပ်စွာ မဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ရိုဟင်ဂျာလွှတ်တော်အမတ်တွေ လွတ်လပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ လွှတ်တော်ထဲမှာ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ဗဟိုအစိုးရထဲမှာ ကျန်းမာရေးဌာန ပါလီမန်အတွင်းဝန်အဆင့်အထိ တာဝန်ယူခဲ့တာရှိခဲ့တယ်။ မြန်မာ့အသံက တိုင်းရင်းသားအသံတွေကို လွှင့်တဲ့အခါ ရိုဟင်ဂျာအစီအစဉ်ဆိုပြီး ၁၉၆၁ခုနှစ်ကနေ ၁၉၆၅ခုနှစ်အထိ ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့တယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းလက်ထက်မှာမှ အသံလွှင့်အစီအစဉ်သာမက တိုင်းရင်းသားအဖြစ်ကပါ ပယ်ဖျက်ခံခဲ့ရတယ်လို့ အထောက်အထားများနှင့်ပြဆိုပါတယ်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ ပထမဆုံးသမတကြီး စပ်ရွှေသိုက်က ရခိုင်ပြည်က မွတ်စလင်တွေဟာ တိုင်းရင်းသား အစစ်အမှန်တွေဖြစ်တယ်။ မြန်မာပြည်မှာ ရာခိုင်နှုံးပြည့် သွေးမစပ်တဲ့ လူမျိုးဆိုတာ မရှိဘူး။ သူတို့ဟာ တိုင်းရင်းသားမဟုတ်ဘူးဆိုရင် ငါတို့ (ရှမ်း)တွေလဲ တိုင်းရင်းသား မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ (The first President of Burma Sao Shwe Theik stated: "Muslims of Arakan certainly belong to one of the indigenous races of Burma. In fact, there is no pure indigenous race in Burma, if they do not belong to indigenous races of Burma, we also cannot be taken as indigenous races of Burma".)

မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်က အပြန်အလှန် တင်ပြတာက ပြည်ထောင်စုအစိုးရက ဖဆပလတွေ မဲရအောင် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လဒ်ထိုးတဲ့အနေနှင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ တစ်ဖက်နိုင်ငံက မကြာသေးခင်ကာလကမှ အလုံးအရင်းနဲ့ စီးပွါးရေးအရ ပြောင်းရွှေ့လာတဲ့ ဘင်္ဂါလီများသာဖြစ်တယ်။ သူတို့ကိုလက်ခံလိုက်ရင် သူတို့နောက်က ဘင်္ဂါလီတွေဆက်ဝင်လာပြီး ရခိုင်တစ်ပြည်နယ်လုံးတင်သာမက မြန်မာတစ်ပြည်လုံးမှာ ဘင်္ဂါလီတွေ လွှမ်းမိုးသွားနိုင်တယ် ဆိုတာဖြစ်ပါတယ်။

မြန်မာပြည်ကို လူဦးရေပေါက်ကွဲမတတ်ဖြစ်နေတဲ့ အိမ်နီးချင်း လူမျိုးကြီးနှစ်မျိုးက ၀ါးမြို ဖုံးလွှမ်းသွားမှာကို မဖြစ်မနေ တားဆီးကာကွယ်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိတာမို့ အင်မတန်သဘာဝကျပြီး စိုးရိမ်စရာကောင်းတဲ့ ထောက်ပြမှုဖြစ်ပါတယ်။ ဒီတာဝန်ကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး အထူးသဖြင့် ရိုဟင်ဂျာနဲ့ ကိုးကန့်တို့ထံမှ ပြည့်ဝပြတ်သားသော စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု (Uncompromised Commitment to cooperate)ကို မဖြစ်မနေလိုအပ်ပါတယ်။ အုပ်ချုပ်သူအစိုးရများဖက်ကလည်း နယ်စပ်ဒေသအားလုံးမှာ တိကျသော သန်းကောင်စာရင်း(Census)များကို ကောက်ယူ ထိမ်းချုပ်နိုင်သော အနေအထားတရပ်ကို ဖေါ်ဆောင်နိုင်ဖို့လိုပါတယ်။

နောက်အရေးကြီးတဲ့ အချက်တစ်ခုက ရိုဟင်ဂျာတွေမှာ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက် အဖွဲ့အစည်းတွေရှိခဲ့တယ်။ တိုင်းပြည်ကို ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့၊ မွတ်စလင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည်မပြိုကွဲရေးတွေနဲ့ ပတ်သက်နေတာမို့ အင်မတန်အရေးတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။ ဒီတရားမျှတတဲ့ စိုးရိမ်ချက်(Legitimate Concern)ကို ရိုဟင်ဂျာတွေဖက်က အဖြေပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးတွေ၊ ဒီလိုအစွန်းရောက် အယူအဆတွေ ရှင်သန်လှုပ်ယှားနေတုန်းဘဲလား။ ရှိနေလျင် ဘယ်လို ပူးပေါင်းတိုက်ဖျက်မလဲ။ မရှိတော့ပါဘူးဆိုရင်တောင် နောင်တစ်ချိန်ချိန်မှာ ပေါ်ပေါက်လာနိုင်သလား။ မပေါ်ပေါက်လာအောင် ဘယ်လို ပူးပေါင်းကာကွယ်သွားမလဲဆိုတာတွေ ဖြစ်ပါတယ်။

သို့သော် ရိုဟင်ဂျာဆိုတာ မိမိတစ်သက်မှာ လုံးဝမကြားဖူးပါဘူး၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ စကားကုန်ဆိုလာသူများကတော့ မိမိညံ့တာ၊ ဗဟုသုတနည်းတာ၊ မြန်မာ့နိုင်ငံရေးကို နားမလည်တာကို လူမသိ သိအောင် လူလည်ခေါင်မှာ မရှက်မကြောက်နဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြနေသလို ဖြစ်နေပါတယ်။ မဟာပညာကျော်အချို့ကလည်း ရိုဟင်ဂျာတွေဟာ မြန်မာစကားမပြောတတ်တာကြောင့် မြန်မာတိုင်းရင်းသား၊ မြန်မာနိုင်ငံသားဖြစ်ဖို့နေနေသာ မြန်မာပြည်မှာတောင် နေထိုင်ကြသူများ မဟုတ်ဘူးလို့ မျက်စေ့စုံမှိတ် ငြင်းတတ်ပြန်ပါတယ်။ မြန်မာပြည်မှာ မြန်မာစကားကို လူတိုင်းမပြောတတ်တဲ့ တိုင်းရင်းသား ကရင်၊ ချင်း၊ ရှမ်း၊ နာဂ၊ မွန်၊ ကချင်၊ ကယား၊ ပလောင်၊ လီဆူး၊ ၀၊ လူချိုင်း စတဲ့တိုင်းရင်းသားတွေအများအပြား စေ့စေ့ပေါက်ပေါက်ဆိုရင် အမျိုးတစ်ရာကျော်လောက်တောင် ရှိနေနိုင်တာကို သိဟန်မတူကြပါဘူး။

ရိုဟင်ဂျာတွေ ဘယ်တုန်းက ဘယ်လို မြန်မာနိုင်ငံထဲ ၀င်ရောက်လာတယ်ဆိုတာကို ဆွေးနွေးနိုင်တဲ့ စွမ်းရည် ကျနော့မှာ မရှိပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့်ဆိုတာကိုလည်း မဆွေးနွေးလိုပါဘူး။ ဆွေးနွေးသင့်သော အချိန်ကာလ ရောက်ပြီလို့လည်း မထင်သေးပါဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို နောင်ဒီမိုကရေစီနိုင်ငံတော်ခေတ်ရောက်သောအခါ၊ ဒေါက်တာ ဦးအေးချမ်း၊ ဒေါက်တာ ဦးအေးကျော်တို့လို ရခိုင်ပညာရှင်တွေ၊ ရခိုင်ခေါင်းဆောင်တွေ၊ ရိုဟင်ဂျာ ပညာရှင်တွေ၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ အခြားလိုအပ်သော နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးဆုံးဖြတ်ခြင်းကသာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။

ရိုဟင်ဂျာသည် နိုင်ငံသားလော။

ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းဆိုရာမှာသာ အငြင်းပွါးမှုရှိနေသော်လည်း ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အ၀ခံစားပိုင်ခွင့်ကိုတော့ မဆလ၊ န၀တ၊ နအဖများကလွဲရင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရကစပြီး၊ ရခိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ပညာရှင်များအလယ်၊ ဒီမိုကရေစီအတိုက်အခံ အဖွဲ့အစည်းတွေအားလုံးတင်သာမက ရခိုင်ခေါင်းဆောင်ကြီး ဦးအေးသာအောင် အတွင်းရေးမှူးလုပ်တဲ့ ပြည်သူ့လွှတ်တော်အဖွဲ့(CRPP)ကတောင် လက်ခံထားပါတယ်။ (CRPP)ကလက်ခံတယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လက်ခံတယ်လို့ ပြောနိုင်ပါတယ်။ သို့သော် လူမျိုးရေးအစွန်းရောက်၊ ဘာသာရေးအစွန်းရောက်ဆိုတာ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိတတ်တာမို့ အခုလိုဆိုလိုက်တာကို လက်မခံနိုင်သူများရှိလျင် ၄င်းတို့ကို မေတ္တာရပ်ခံလိုတာက ကျနော့ကို ကန့်ကွက်စကားမဆိုခင် မိမိသက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းခေါင်းဆောင်များ၊ ဒီမိုကရေစီ ခေါင်းဆောင်များ၊ ပညာရှင်များကို အလျင်မေးမြန်းအတည်ပြုပြီးပါမှ ခိုင်ခိုင်မာမာ ကန့်ကွက်စကားဆိုစေချင်ပါတယ်။ ၀ါးလုံး ချေးသုတ်ရမ်းတာမျိုးကိုတော့ ကျနော်တုန့်ပြန်နိုင်မယ် မထင်ပါဘူး။

ဒီနေရာမှာ လူတွေမျက်စေ့သျှမ်းနေတတ်တဲ့ အရေးကြီးတဲ့ အခြေအနေတစ်ရပ်ကို ထပ်ထောက်ပြဖို့လိုနေသေးတယ်လို့ထင်ပါတယ်။ ရိုဟင်ဂျာတွေကို တစ်ဖက်နိုင်ငံက တရားမ၀င်ခိုးဝင်လာသူတွေဆိုပြီး စစ်ဆင်ရေးအမျိုးမျိုးလုပ်လာတဲ့အပေါ်မှာ ဒီရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေက တစ်ဖက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင်ဘဲ တစ်ဖက်က သူတို့နိုင်ငံထဲကို ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့အကြိမ်ကြိမ် ပြန်လက်ခံနေရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆိုရင် ပြန်လက်ခံစရာမလိုပါဘူး။ ပြန်လက်ခံရတယ်ဆိုကတည်းက ထွက်ပြေးသွားတဲ့ တစ်ဖက်နိုင်ငံသားဆိုသူတွေဟာ တစ်ကယ်တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ဘဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော် ဒီနေရာမှာ တဖက်နိုင်ငံသားတွေက တရားမ၀င် ခိုးဝင်နေထိုင်နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင် တရားဥပဒေနှင့်အညီ စိစစ်နိုင်ဖို့လိုပါတယ်။

ဒီအခါမှာ နောက်မေးခွန်းတစ်ခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေလျက်နဲ့ ဘာလို့ မောင်းထုတ်တာတွေကို အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ်ချက်ကို စဉ်းစားမိပါတယ်။

တစ်ခုကတော့ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တတိုင်းပြည်လုံး ရန်ကုန်ကအစ နယ်စပ်တွေအဆုံး မတည်မငြိမ်မှုတွေကို ဖန်တီးထားနိုင်မှ စစ်အာဏာရှင်ဆိုတာမျိုးက သက်ဆိုးရှည်တတ်တာမျိုးဖြစ်လို့ ဖြစ်ပါတယ်။

နောက်တစ်ချက်စဉ်းစားမိတာက၊ တိုင်းရင်းသားလူမျိုးတွေထဲက လွတ်လပ်ရေးစိတ်ဓါတ်အပြင်းထန်ဆုံး လူမျိုးစုတွေထဲမှာ ရခိုင်အမျိုးသားက ထိပ်ဆုံးက အုပ်စုထဲမှာ ပါတယ်လို့ ကျနော်လေ့လာမိသလောက်အရ ထင်မိပါတယ်။ (လူမျိုးစုတွေ လွတ်လပ်ရေးလိုချင်တာ၊ ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်ချင်တာ အပစ်မဟုတ်ပါဘူး။ သဘာဝပါ။ ဒါကြောင့် စစ်မှန်သော ပြည်ထောင်စုကို ဖွဲ့လိုလျင်၊ တစ်ကယ်ဘဲ တိုင်းပြည်အေးချမ်းဖွံ့ဖြိုးလိုလျင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို မဖြစ်မနေ အခြေခံရမှာဖြစ်ပါတယ်)။ ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်နောက်တစ်ခုက ပြည်မကနေပြီး ဆက်သွယ်ရ အခက်ခဲဆုံးပြည်နယ်ဖြစ်ခြင်းအပြင် မိမိဖါသာရပ်တည်မယ်ဆိုရင် ရပ်တည်နိုင်တဲ့ ပထ၀ီအနေအထားရှိနေခြင်းတို့ကလည်း အထောက်အကူပြုသလိုဖြစ်နေပါတယ်။ ဒီတော့ မဆလအပါအ၀င် စစ်အစိုးရအဆက်ဆက်က ဒီရခိုင်အမျိုးသားတွေကို ထိမ်းချုပ်နိုင်ဖို့ နည်းလမ်းစုံကို အသုံးပြုတဲ့အခါမှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်ဖို့၊ ရခိုင်လူမျိုးတွေ အားနဲစေဖို့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခ(Constant in-fighting)ကို အစဉ်မပြတ်ဖြစ်ထွန်းနေအောင် ဖန်တီးခြင်းကလည်း နည်းလမ်းတစ်ခုအဖြစ် သုံစွဲခဲ့တယ်လို့ ထင်ပါတယ်။

ဒေါက်တာ ဦးအေးချမ်းက သူငယ်ငယ်က ဘူးသီးတောင်က ရိုဟင်ဂျာတွေထဲမှာ ကြီးပြင်းလာကြောင်း၊ အင်မတန် ချစ်ကြည်အေးချမ်းစွာနေခဲ့ကြရကြောင်းကို ပြောပြဖူးပါတယ်။ အေးချမ်းတယ်ဆိုလို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ ပြသနာလုံးဝ မရှိဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာသာတူ၊ လူမျိုးတူ၊ စကားတူတဲ့ တစ်ရွာတည်းသားတွေတောင် ရွာတောင်ပိုင်းနဲ့ ရွာမြောက်ပိုင်း ဓါးခုတ်ပွဲဖြစ်တတ်သေးတာပါဘဲ။

ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် အကူးအပြောင်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ အမြင်မကျယ်မှုတွေကြောင့် ဖြေရှင်းနိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ် လူမှုပဋိပက္ခတွေကို ထိမ်းမနိုင် သိမ်းမရဖြစ်သွားအောင် တွန်းပို့လေခဲ့သလားလို့ ဆင်ခြင်မိပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အမြင်ပေါ်မှာ ဆက်လက်ဆွေးနွေးသွားလိုပါတယ်။

နောင်ဖြစ်ပေါ်လာမဲ့ ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ အခြေခံအချက်ကြီး (၃)ရပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးချင်ပါတယ်။ ဒီအခြေခံအချက်ကြီး (၃)ရပ်ကို လက်မခံနိုင်သူများကတော့ ကျနော့ဆွေးနွေးချက်တွေကို လက်ခံနိုင်မယ်မထင်ပါဘူး။

ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်မခံသေးသရွေ့ လူမျိုးစုလွှတ်တော်လို လွှတ်တော်မျိုးမှာ ရိုဟင်ဂျာတွေက လူမျိုးစုကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရှိနိုင်ပါဘူး။ သို့သော် လူဦးရေကို အခြေခံတတ်တဲ့ ပြည်သူ့လွှတ်တော်တွင်းမှာတော့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာတွေက လွှတ်တော်အမတ်တွေအဖြစ် ပါဝင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

လူမျိုးစုလွှတ်တော်ဆိုတာ လူဦးရေပေါ်မှာ မူမတည်ဘဲ တိုင်းရင်းသား လူမျိုးစုဖြစ်ခြင်းပေါ်မှာ အခြေခံပါတယ်။ သန်းသုံးဆယ်ကျော်နိုင်တဲ့ မြန်မာလူမျိုးက လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်တက်ခွင့်ရှိလျင် သိန်းဂဏန်းလောက်ရှိတဲ့ လူမျိုးငယ်တစ်ခုကလည်း နှစ်ယောက်တက်ခွင့်ရတတ်တဲ့ လွှတ်တော်မျိုးပါ။ လူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်တွေကို တာဝန်ခံထိမ်းသိမ်းကာကွယ်မဲ့ အထက်လွှတ်တော်ပုံစံမျိုးဖြစ်ပါတယ်။ အမေရိကန်က ဆိနိတ်(Senate)လိုအဖွဲ့မျိုးနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေအချိုးအလိုက် တက်ခွင့်ရတတ်တဲ့၊ တစ်ကယ့်ကို လူထုအခြေခံတဲ့၊ တစ်နိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုတဲ့၊ လုပ်ပိုင်ခွင့်အာဏာပိုများတတ်တဲ့ လွှတ်တော်ဖြစ်ပါတယ်။

အနာဂတ်တိုင်းပြည်ခေါင်းဆောင်များ၊ အထူးသဖြင့် ရခိုင်အမျိုးသားခေါင်းဆောင်များအနေနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းသာယာရေး၊ အထူးသဖြင့် တရားမ၀င် နိုင်ငံခြားသားများ ၀င်ရောက်လာမှု တားဆီးရေး၊ လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်က ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံမှုမရဘဲ အကောင်အထည်ဖေါ်နိုင်မယ် ထင်ပါသလား။ ဖေါ်သင့်တယ်လို့ကော ထင်ပါသလား။

နောင်တိုင်းပြည်တည်ထောင်ရေးကို အရှည်မျှော်ပြီး ကိုယ်ကနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့၊ ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်ကိုးစားမှုကို ရနိုင်သမျှရလာအောင် အခုကတည်းက ကြိုးစားစည်းရုံးဖို့ မသင့်ပေဘူးလား။

ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေနှင့် ကင်းကွာသွားအောင် အကူအညီပေးသင့်သလား။ ဒါမှမဟုတ် သာမန်ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေဆီ တွန်းပို့သင့်ပါသလား။ ရိုဟင်ဂျာပြည်သူတွေထဲက အလယ်အလတ်ကျတဲ့(Liberal and Moderate)ခေါင်းဆောင်တွေ ပေါ်ထွန်းလာအောင် စနစ်တကျ အကူအညီပေးသင့်ပါသလား။ ဒါမှမဟုတ် အဲဒီအလယ်အလတ်ခေါင်းဆောင်တွေကို စိတ်ပျက်အားလျော့အောင် စိတ်ရှုပ်ထွေးအောင် စနစ်တကျ ပိတ်ဆို့ထားသင့်ပါသလား။

အစွန်းရောက် ခေါင်းဆောင်တွေ၊ အယူအဆတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းက သာမန်ရိုဟင်ဂျာပြည်သူတွေကို ပညာပေး စည်းရုံးလက်တွဲရမယ်၊ အလယ်အလတ် သဘောထားရှိတဲ့ခေါင်းဆောင်တွေကို ဖေါ်ထုတ်ပေးရမယ်ဆိုတာ နိုင်ငံရေး အခြေခံသင်ပုန်းကြီး ကကြီး၊ ခခွေး ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် မကြားချင်တတ်တဲ့ အစွန်းရောက်ပုဂ္ဂိုလ်များကို တစ်ချက်လောက် ထပ်ထောက်ပြလိုပါသေးတယ်။ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်က တစ်ယောက်မကျန် မောင်းထုတ်တာမျိုးကို လုပ်နိုင်မယ် ထင်ပါသလား။ မလုပ်နိုင်ဖူးဆိုရင်တော့ ငြိမ်းချမ်းစွာ အတူနေနိုင်ဖို့ ဦးဆောင်မှုပေးချင်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတာကို အချင်းချင်းကြားမှာရှိနေတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေကို အပြန်အလှန်လေးစားမှုနဲ့ ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက်နိုင်ပါတယ်။ အမိန့်ပေးခြင်းဖြင့် မတည်ဆောက်နိုင်ပါဘူး။ မိမိပြည်နယ်ထဲမှာရှိတဲ့ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ လက်မတွဲဘဲနဲ့တော့ ရခိုင်ပြည်နယ် အေးချမ်းတိုးတက်ရေး၊ လုံခြုံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် မတိုးတက်ရင် ရခိုင်ပြည်သူတွေလည်း တိုးတက်လာမှာ မဟုတ်ပါ။ စစ်အစိုးရကိုလည်းတိုက်၊ ရိုဟင်ဂျာကိုလည်းတိုက်ဆိုတဲ့ ဗျူဟာသည် အင်မတန်မှားယွင်းနေကြောင်း အချိန်က သက်သေပြနေပြီး ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနှင့် ရိုဟင်ဂျာလှေစီးဒုက္ခသည်တစ်ဦးရဲ့ ရေဒီယိုအင်တာဗျူးကို တင်ပြလိုပါတယ်။ သူက “ဗမာပြည်မှာ ဘယ်လိုမှလဲနေလို့ မရတော့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစိုးရက ဒုက္ခပေးနေတာဘဲ။ ပင်လယ်ထဲမှာ တခါထဲ သေရင်လဲ သေပစေတော့ဆိုပြီး ထွက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ သာမန်ရိုဟင်ဂျာပြည်သူတွေရဲ့ နေ့တဓူဝဒုက္ခကို မည်သူမဆို စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။

အောင်တင်
ဖေဖေါ်ဝါရီလ(၆) ၂၀၀၉
uaungtin@yahoo.com
This is my personal opinion piece. All logical responds are welcomed.

Generation Wave ရဲ့ CNG