Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 9 January 2009

အားပေးကြဖို့အချိန်တန်ပြီ

၁၉၈၈ဇွန်လကုန်ပိုင်း၊ လမ်းဆုံလမ်းခွတွေမှာအော်ပြေး၊ ဝေပြေးလုပ်ရင်းအဖမ်းခံရ.. ၈မိုင်အက်စ်ဘီဝင်းထဲက ကောင်းကင်မမြင်ရတဲ့ ပြူတင်းပေါက်လေး တခုပါသော အခန်းလေးထဲမှာ ထိန်းသိမ်းခံရချိန်၊ မှတ်မှတ်ရရ Happy birthday to me .... Happy birthday to me all ! ဆိုရင်း ၁၈နှစ်ပြည့်မွေးနေ့ကို တယောက်ထဲ ကျင်းပခဲ့ရသည်။ အခန်းတံခါးလာဖွင့်တိုင်း အဖေလာခေါ်တာလား၊ အမေလာခေါ်တာလားဆိုပြီးမဖြစ်နိုင်မှန်း သိပေမဲ့မျှော်လင့်တကြီးဖြစ်မိသည်။ တယောက်တည်းဖြစ်နေစဉ် လူတွေခံစားရသည့် အရာအားလုံး ပြီးပြည့်စုံ သွားသည်။ ကိုမင်းကိုနိုင်တို့လို.. လနှင့်ချီ၍တိုက်ပိတ်ခံရလျှင်ရူးသွားမလားမသိ။ အမေကအိမ်ထဲမှာလည်းငို အိမ်ရှေ့မှာလည်းငို၊ တချို့လမ်းသွားလမ်းလာတွေကအသုဘအိမ်လို့ထင်သွားသူတွေပင်ရှိသည်။

အဲဒီတုန်းက တောတွင်းဥပဒေသ တွေအခုလောက်မြို့ပေါ်ရောက်မလာသေး။ ဆင်ဆာမဲ့ တိတ်ခွေ ဒါဏ်ငွေလောက်နှင့်ပြီးသည်။ လာဖမ်းလျှင်ဖမ်းဝရမ်း။ ကောင်စီလူကြီးပါရသည်။ ဥပဒေ၀န်ထမ်းမဟုတ်သည့် ကြံဖွတ်အားရှင်တွေရဲ့ပရမ်းပတာဆက်ဆံမှုများ၊ ဆိုက်ကားသမားကိုလက်ထိပ် နှင့်နံပါတ်ဒုတ်ပေးထားပြီး ရဲတယောက်လိုမျိုး ဆက်ဆံခွင့်ပေးထားတာမျိုး၊ အပေါ်စီးကရတာတောင်ကျွဲပေါက်စ တကောင်ကို ခြင်္သေ့လေးကောင်က မသေမခြင်းဝိုင်းခဲထားတာမျိုး။ ဘောင်အတွင်းပြဌာန်းထားသောဥပဒေသ များကိုင်စွဲ၍ ခုခံချေပခွင့်ရှိသောရှေ့နေတွေကိုအပြစ်ပေးအရေးယူခြင်း၊ ကျီးဖြူမျက်နှာကျီးမဲမကြည့်ရဲဆို သလိုပြီးပြီးရော နှစ်၆၀ ချပစ်တာမျိုးတွေသည်၊ ဥပဒေမဲ့သည့် တောနက်ကြီးထဲအနောက်ကနေတစုံတခုကခုန အုပ်တော့မည့် အလားအမြဲတမ်းခံစားနေရသည်။

ပါကစ္စတန်တွင်၂၀၀၈၌တရားသူကြီးချူပ်ကိုဖယ်ရှားမှုကြောင့် ရှေ့နေများ၏လှုပ်ရှားမှုသည်စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သည်။ သာမန်လူတယောက်၏ တောင်းဆိုမှုထက် ရှေ့နေတဖွဲ့လုံး၏ အချက်ကျကျ တောင်းဆိုမှုများသည် နအဖ၏ ဖင်ကိုတုန်ခါသွားစေနိုင်၍ ရှေ့နေနှင့်တရားသူကြီးများ ရှေ့တမ်းထွက်သင့်သည့် အချိန်အခါတစ်ရပ်ဖြစ်သည်။




မတရားဖမ်းဆီးခံရသူများနှင့် ကျန်ရစ်သောမိသားစု၏ သောကဗျာပါဒသည် ထပ်တူနီးပါးခံစားကြရသည်။ မိမိထောင်ကျလင့်ကစား တစုံတဦးကကျန်ရစ်သော မိန်းမနှင့်ကလေးကို အားပေးစကားလေး လာပြောသွားသည်ဟု ထောင်ထဲမှကြားသိရပင်လျှင် ၆လစာလောက် အထဲမှာနေသာထိုင်သာ ရှိသလိုခံစားရပေသည်။ ဒါကို...ကိုမင်းကိုနိုင်တို့သိသည်။ မိသားစုတွေကိုနိုင်ငံရေးမပါ လိုက်လံအားပေးသည်။ ရွှေဝါရောင်တော်လှန်ရေးသည် ရဟန်း၊ ပြည်သူနှင့် စစ်အာဏာရှင်ကြား တိုက်ရိုက်ပတ်သက်သော ဆန့်ကျင်တွန်းလှန်မှု သာဖြစ်သည်။

လက်ရှိပြည်တွင်းတွင် ပါတီဝင်မဟုတ်သော အထင်ကရနိုင်ငံရေးသမားများ၊ လွှတ်တော်ထဲမှာ အမတ်အဖြစ် နေရာတခုအတွက် ရွေးချယ်ခံရပြီးသူများ၊ ကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့လက်ချင်းချိတ်ပြီး လိုက်လံအားပေး ခဲ့ကြသလိုမျိုး ဦးဝင်းတင်နှင့်အတူ ရှေ့တန်းထွက်လာဖို့၊ ပြည်သူကို အာဏာမရလင့်ကစား ချစ်ခင်မြတ်နိုးမှု တွေပေးရန် လိုအပ်သည့်အချိန်ဖြစ်သည်။ လိုက်လံအားပေးသင့်သည်။ အစဉ်အလာရှိပြီးသူနှင့် အခုမှထလုပ်သူကို နအဖ၏ ဆက်ဆံရေးကမတူ။ လက်လွတ်စံပယ် အကြောင်းပြဖမ်းဆီးတာမျိုး လွယ်လင့်တကူ ဖြစ်မလာနိုင်။

အကယ်၍လူထူအုံကြွမှုဖြစ်ပေါ်ခဲ့လျှင် ရွှေသမင်ဘယ်ကထွက်.... မင်းကြီးမသာ(အဲ)မဟာရွှေတာကထွက် ခြင်းသာဖြစ်ပါကြောင်း။ ။

ရဲရင့် (ကနေဒါ)

အများဆိုင်နာမ်

ကိုဇင်
ကျနော့်အကြောင်း ကျနော်ရေးဖို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ … ရေးလည်းမရေးချင် … ရေးဖို့လည်းလိုမယ်မထင်ခဲ့ …
ကိုယ့်အကြောင်း ကိုယ်ရေးရလောက်အောင်လည်း ကိုယ့်သမိုင်းက မခမ်းနား … ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဖို့ မတည်ခဲ့ဖူး …
အခုတော့ … ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်လောက် ဆိုချင်နေမိတယ် …
အဖေပေါ့ … ဒီကောင် တော်တော်ဟုတ်သွားပြီတဲ့ …
မထင်မရှား လူကြုံစကားနဲ့ အဝေးကြီးက အဖေ့အသံကို သဲ့သဲ့ကြားရတော့ ဘဝတလျှောက်လုံး အဖေကောင်းချီးပေးခဲ့သမျှထဲက …
ဒါက … ကျနော့်ရင်ထဲ ပိုပြီးလှပစေခဲ့တယ် …
အမေ … ကျုပ်သားမို့လို့ပါတဲ့ …
ကျနော်မျက်ရည်ဝဲရပြန်တယ် …
ပြောမယ့်သာပြောရတယ် … ကျနော့် အဖေရော အမေပါ လူတော်လူတတ်အစားထဲကမဟုတ် …
သို့သော် … လူညံ့တွေလည်းမဟုတ် … လူတော်မဖြစ်ချင်နေ လူညံ့တော့မဖြစ်စေနဲ့ … ဒါ သူတို့လက်သုံးစကား …
အမေ့ရဲ့ သီးခြားအသုံးအနှုန်းက … ရိုးရိုးကျင့် မြင့်မြင့်ကြံ …
အဖေက … ခပ်ရှင်းရှင်း ခပ်ပြတ်ပြတ်လုပ် … မလုပ်ချင်ရင် မလုပ်နဲ့တဲ့ …
ဒါ … အိမ်မှာရှိနေခဲ့တဲ့ တလျောက်လုံး ကျနော်ကြားနေကျစကား …
ဘယ်တုန်းကမှ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ကို မလေးနက်ခဲ့ဖူး …
လက်တွေ့အသုံးချရမယ်လို့လည်း မစဉ်းစားမိခဲ့ …

အများဆိုင်နာမ်နှုတ်မဆက်ခဲ့ဘူး …
အဖေပြောသလို … ကျနော်ယုံကြည်ရာလမ်းကို ရွက်ဆက်လွှင့်ခဲ့တယ် …
မုန်တိုင်းထန်ထန် … လှိုင်းကြမ်းကြမ်း … ရွက်ကျိုးကျိုး … အရိုးကြေကြေ … သေချင် သေပါစေစမ်း …
ရိုးရိုးသားသား ဝန်ခံရရင် … သံတိုင်နောက်မှာ ကျနော့်မျက်နှာမရှိစေချင်တာ သက်သက်ပဲ …
အထင်မလွဲနဲ့ … မတရားတာကို ခေါင်းငုံ့မခံချင်တဲ့ စိတ်ကြောင့် … မတရားမှုကို ပူးပေါင်းဖို့ ငြင်းဆန်ရုံကလေးကြောင့် …
ပြေးပြေး မင်းလွတ်အောင်ပြေး … အဲဒီညက ထူးအိမ်သင်ရဲ့ အဲဒီစာသားသက်သက်ကိုပဲ နာနာကျင်ကျင် အော်ငြီးခဲ့သေးတာ မှတ်မိနေဆဲ …

ကျနော်ကပဲ သွားလေရာ ကံကောင်းတတ်သလား …
လမ်းမတွေပေါ်မှာ ဆိုးကြ မိုက်ကြ ရိုက်ကြတုန်းကလည်း ဘယ်တုန်းကမှ မခံခဲ့ရဖူး …
စိတ်ထင်တိုင်း ထောင်တံတိုင်းနောက်ထည့်ပစ်တဲ့အချိန်မှာ … မည်းမည်းမြင်ရာ သေနတ်ဒင်နဲ့မိတ်ဆက်နေတဲ့အချိန်မှာ …
တက္ကသိုလ်နံရံမှာ မကျေနပ်ချက်တွေကို ပေါ်တင်ကပ်တယ် … မတရားတာမှန်သမျှကို ငြင်းဆန်တယ် …
တော်လှန်တဲ့ အတွေးအခေါ်မှန်သမျှကို ကိုးကွယ်တယ် …
ကျနော်ကပဲ ကံကောင်းလွန်းသလား … သင်းတို့ကပဲ မမှုလောက်ဘူးထင်လို့ ပစ်ထားသလား … ထားတော့ …
ဘဝက ထင်ထားသလောက် မကြမ်းတမ်း …
ကျနော်ကပဲ ရောက်လေရာ ကံကောင်းတတ်သလား …
အနိုင်ကျင့်ချုပ်ချယ်မှု ဆန့်ကျင်ရေးစိတ် သဲ့သဲ့ကလေးသာပါတဲ့ ကျနော် … ရေကန်အသင့် ကြာအသင့် … ရွှေပင်မှာနားခွင့်ရခဲ့တယ် …
ရွှေပင်မှာနားရရုံနဲ့ အရှင်မွေးနေ့ချင်းကြီး ရွှေကျေးဖြစ်ရိုးမရှိ … ဖြစ်ကောင်းဖြစ်မယ် … ရွှေရည်စိမ် …

အမေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …
အမေ့စကားလုံးနည်းနည်းကလေးက ကမ္ဘာကြီးထက်ကျယ်တယ် … ဝန်ပိပေမယ့် ပီတိတွေက အမြိုင်အဆိုင် …
အဖေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …
အဖေ ကျနော့်ကိုလွမ်းကောင်းလွမ်းမယ် … ကျနော် ဘယ်သူ့ကိုမှ မလွမ်းတော့ဘူး …
ကျနော်က ရွှေကျေးဖြစ်ချင်တဲ့ကောင်လေ …

ဒီကောင်တော်တော်ဟုတ်သွားပြီတဲ့ … ကျုပ်သားမို့လို့ပါတဲ့ …
တကယ်တမ်းကျတော့ ကျနော်က ဒီအချိန်အထိ ဘာကျေးဇူးမှ မဆပ်နိုင်သေး …
ကျနော့်လုပ်ရပ် … ကျနော့်ရပ်တည်ချက်ကသာ အဖေနဲ့ အမေ့အတွက် ပီတိသောမနဿ ဖြစ်စရာ …
အခုမှပဲ ကျနော်သိတယ် … မတရားမှုကို မုန်းတီးတဲ့စိတ်က အဖေနဲ့ အမေ့ဆီမှာ နဂိုကတည်းက ကိန်းအောင်းနေပြီးသားဆိုတာ …

အသေချာဆုံးတစ်ခုကတော့ ကျနော်လည်း ကမ္မဝါစာဖတ်ရုံနဲ့ မကြောက်တတ်တဲ့ တော်လှန်ရေးထဲက တစ္ဆေတစ်ကောင်ဖြစ်တယ် …….။

သွေးသစ် လောင်းရမည့် အလှည့်အပြောင်း

alt

ဆောင်းပါး သရုပ်ဖေါ်

အလှည့် အပြောင်း ကာလ က အပြောင်းအလဲ ကို ဖန်တီး ပေးတတ် သည်။ သို့သော် အခြေအနေ က ပေးအပ် လာသည့် အပြောင်းအလဲ ကို လှမ်းဆွတ် ယူဖို့ အဆင်သင့် ဖြစ်မနေ ခဲ့ဘူး ဆိုရင်တော့ ရခဲ လှသည့် မဟာ အခွင့်အလမ်း များ ကိုလက်လွှတ် ဆုံးရှုံး သွားရမည် မှာ သေချာ နေပေ သည်။

ထိုကဲ့သို့ အပြောင်းအလဲများ နှင့် လမ်းလွဲ ခဲ့ရသည့် အဖြစ်အပျက်များ ကို ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းစာ မျက်နှာများ ပေါ်တွင် အထင်အရှား တွေ့ မြင် နေရသည်။ ကျောင်းသားများ၏ ဦးဆောင်မှု နှင့် လူထု တရပ်လုံး ပူးပေါင်း ပါဝင် လက်တွဲဆင်နွဲ ခဲ့ကြခြင်း ကြောင့် ရှစ်ဆယ့်ရှစ် လူထု အရေးတော်ပုံကြီး က မ.ဆ.လပါတီ ၏ အုပ်ချူပ်ရေး ယန္တရားကြီး တခုလုံးကို ရပ်တန့် ပစ်နိုင် ခဲ့သည်။ သို့သော် ထိုကာလ ၌ ဒီမိုကရေစီစနစ် ကို အသက်သွင်း လိုသည့် အတိုက်အခံ နိုင်ငံရေးသမား သည် ကြားဖြတ် အစိုးရဖွဲ့ စည်းပြီး တိုင်းပြည်အား ထိန်းချူပ် ထားနိုင်ရန် အဆင်သင့် ဖြစ်မနေ ခဲ့ကြပါ။ ထိုမှတဖန် ၉၀-ခု ရွေးကောက်ပွဲ က ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုများကို တိုင်းပြည်အား ဒီမိုကရေစီ စနစ်ဆီသို့ ချီတက် သွားနိုင်သည့် မဟာ အခွင့်အရေး လမ်းကြောင်းကြီး တခု ခင်းချ ပေးခဲ့သည်။ သို့သော် ဤ တကြိမ်၌ လည်း အတိုက်အခံ နိုင်ငံရေး သမားများ သည် ဒီမိုကရက်တစ် အစိုးရဖွဲ့ စည်းရန် အဆင်သင့်ဖြစ် မနေ ခဲ့ကြပါ။ ဤသို့ဖြင့် အားလုံးသိရှိထားကြသည့် အတိုင်း မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးကြီး သည် အောင်မြင်မှု ကင်းမဲ့စွာ နှစ် ၂၀ သက်တမ်းကာလကို ကျော်လွန် ဖြတ်သန်း ခဲ့ရပြီး တဘက်တွင် အကြွင်းမဲ့ စစ် အာဏာရှင်စနစ် သည် သက်ဆိုး ရှည်သထက် ရှည်လာ နေ ပေသည်။

ဤကဲ့သို့နှစ် ၂၀ ပြည့်လွန်ကာလတွင် နိုင်ငံရေး သုံးသပ်သူများက အတိုက်အခံ အဖွဲ့အစည်း များကြားတွင် ညီညွတ်ရေး ကင်းမဲ့သောကြောင့် ယခုလို မြန်မာနိုင်ငံ၌ လက်တဆုပ်စာ စစ်ဝါဒီများ သက်ဆိုးရှည်နေရသည်ဟု ဝေဖန်ရေးသား လာကြသည်။ အကယ်၍ ဒီမိုကရေစီအင်အားစုများ ညီညွတ်နေလျှင် န.အ.ဖ စစ်အုပ်စုကို အောင်မြင်စွာဖြုတ်ချနိုင်ပြီး လူထုတရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ်သို့ အမြန်ဆုံး အသွင်ကူးပြောင်း နိုင်မည်ဟု မှတ်ယူထား ကြသောကြောင့် ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် ဤကဲ့သို့ ထင်မြင် ယူဆချက်သည် လူတိုင်း လက်ခံနိုင်ဖွယ်ရှိသော်လည်း အနှစ်သာရ အားဖြင့်တော့ ယေဘုယျ ဆန်လွန်းသည်ဟု ပြောရပေမည်။တကယ်တမ်း နိုင်ငံရေးဖြစ်စဉ်အား ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် ညီညွတ်ရေးသည် မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အဓိက လိုအင်မဟုတ်ပဲ ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၏ အနာဂတ်ကို အမြင်ကျယ်ကျယ် လှမ်းကြည့်နိုင်မှု ကင်းမဲ့နေခြင်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ အရရော နည်းဗျူဟာ ပိုင်းဆိုင်ရာအရပါ အဆင်သင့် ဖြစ်မနေခြင်းကသာ ချို့ယွင်းချက် ဖြစ်နေသည်ဟု ယူဆရပေမည်။

လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာ့လူထုသည် နိုင်ငံရေးနိုးကြားမှု မြင့်မားပြီး ညီညွတ်မှုကို အမြဲတမ်း ထုတ်ဖော်ပြသနေခဲ့ ကြသည်။ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး၊ ၉၀-ခု ရွေးကောက်ပွဲရလဒ် နှင့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးများသည် လူထု၏ စည်းလုံးညီညွတ်ခြင်းများမှ မွေးထုတ်ပေးခဲ့သည့် တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံရေး အသီးအပွင့်များဖြစ်သည်။ လူထု၏ အရေးကြုံလျှင် သက်လုံကောင်းသည့် နိုင်ငံရေးစိတ်ဓါတ်နှင့် ဒီမိုကရေစီလိုလားသည့် ဆန္ဒများကို အမြဲတမ်း ထင်ရှားစွာတွေ့ မြင်နေရသည်မှာ ခိုင်မာသည့် သွေးစည်းခြင်းနှင့် လူမှုရင်းမြစ်များ (Strong Solidarity and Social capital) ရှိနေခြင်း ကြောင့်သာ ဖြစ်သည်ဟု သုံးသပ်လျှင် ငြင်းဖွယ်ရာ မရှိဟု ထင်သည်။ အတိုက်အခံပါတီအဖွဲ့ အစည်းများကို လေ့လာကြည့်လျှင်လည်း အားလုံး တညီတညွတ်တည်း လက်ခံကျင့်သုံးသည့် ဒီမိုကရေစီရရှိရေး မူဝါဒကို တွေ့ရပေမည်။ ထို့ကြောင့် ညီညွတ်ရေး နိုးဆော်သံသည် အပေါ်ယံ နားထောင်၍ ကောင်းသော စကားလုံးမျှသာဖြစ် နေပြီး နိုင်ငံရေးပြဿနာအား လက်တွေ့  ကျကျ လမ်းပြဖြေရှင်းပေးနိုင်မည့် အဖြေကောင်းတခုဖြစ် မလာနိုင်ဟု ထင်သည်။ တကယ်တမ်းတွင် မြန်မာ့ဒီမိုကရေစီ တပ်ဦးကို ဦးဆောင်နေကြသူများ၌ ကြည်လင်ပြတ်သားသည့် လားရာအမြင် (Clear and determined vision) မရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည့် စုပေါင်းဦးဆောင်မှု ကင်းမဲ့နေခြင်းသည်သာ အဓိက အားနည်းချက်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီတော်လှန်ရေး အထမြောက်အောင်မြင်နိုင်မည့် လူထု၏ စိတ်ဓါတ်ခွန်အားနှင့် အသက်စွန့် ကြိုးပမ်း လှုပ်ရှားမှုများကို အလဟဿ ဖြုန်းတီးပစ်နေခဲ့သည်ဟု ပြောရပေမည်။

၁၉ရာစု ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဤအတွေးအခေါ်နှင့် ဆင်တူသော ထာဝရ အကျိုးစီးပွါးကို လက်ကိုင်ထားပြီး ဦးတည်သွားလိုသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်ကို ဆယ်စုနှစ် (၂) စု နီးပါးခန့် ဖုံးလွှမ်းထားနေခဲ့သည်။ သို့သော် နိုင်ငံရေးခရီးအား အတူလက်တွဲသွား လိုသည့်အမြင်သည် အသုံးဝင်နိုင်ပေမယ့် မြန်မာ ပြည်အတွက်အသုံးမတည့်သည့် ဖလောဆိုဖီ် တခုဖြစ်နေကြောင်းကို အချိန်ကာလများက သက်သေပြ ခဲ့သည်။ နိုင်ငံရေးအမြင် မရှိသော န.အ.ဖ စစ်အုပ်စုက ထာဝရအကျိုး စီးပွါးဆီ အရောက်လှမ်းနိုင်ဖွယ် ရှိသည့် အမျိုးသား ရင်ကြားစေ့ရေးကို သူတို့၏ အကျိုးစီးပွါးအား ခွဲဝေပေးရမည့် ခြိမ်းခြောက်မှု တခုအဖြစ် ရှုမြင်နေမည်မှာ သေချာသည်။ နားလည်မှု လွဲခဲ့ဟန်ရှိသည့် နောက်အချက်တခု ကတော့ နိုင်ငံရေးနှင့် နိုင်ငံရေးစနစ်ကို ရောထွေးပြီး ချဉ်းကပ်ခဲ့ခြင်းပင် ဖြစ်သည်ဟု ပြောချင်သည်။ ကမ္ဘာ့ သမိုင်းစာမျက်နှာ များပေါ်၌ နိုင်ငံရေးစနစ်တွင် အမြဲတမ်း ရန်သူရှိကြောင်းကို ခိုင်ခိုင်မာမာ မှတ်တမ်း တင်ထားသည်။ ပဒေသရာဇ်၊ ဖက်ဆစ်နှင့် ကွန်မြူနစ်စနစ်တို့သည် လစ်ဘရယ် ဒီမိုကရေစီစနစ် အတွက် အမြဲတမ်း ရန်သူဖြစ်နေခဲ့ကြပြီး ထိုစနစ်များ ပြိုလဲကျရှုံး ချူပ်ငြိမ်းသွားခဲ့ခြင်းကြောင့်သာ ကမ္ဘာပေါ်၌ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျယ်ပြန့်စွာ ထွန်းကားလာ ခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူ့သမိုင်းတွင် ပေါ်ထွန်းခဲ့သော ဘယ်စစ်အာဏာရှင်မှ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အာဏာအား အလွယ်တကူလက်လျှော့အရှုံးပေးသွားခဲ့ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိုရ သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ဆက်စပ်ပြီး ရင်ကြားစေ့ဆွေးနွေး လိုခြင်းသည် မှားယွင်းသည့်လားရာအမြင် (wrong vision) တခုဖြစ်နေရုံသာမက မအောင်မြင် သည့်မဟာဗျူဟာ (failed strategy) တခုလည်းဖြစ်သည်ဟု ကောက်ချက်ချ သုံးသပ်နိုင်မည် ထင်သည်။

တဘက်တွင် အားလုံး သိရှိထားကြသည့် အတိုင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ် ခံရခြင်းကြောင့် သိန်းချီသေဆုံးပြီး သန်းချီသော ပြည်သူလူထုများ အတိဒုက္ခရောက်ကာ ကယ်သူမဲ့ နေသည့်ကြားမှ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပ၍ န.အ.ဖစစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအား မေလ ၂၉ ရက် ၂၀၀၈ ခုနှစ်တွင် အတည်ပြု ခဲ့ကြသည်။ စစ်အာဏာရှင် စနစ်ဆိုးအား ဆွဲဆန့် သွားနိုင်ရေးကို အဓိကရည်မှန်းသည့် ဤဖွဲ့စည်းပုံအား အတည်ပြု လိုက်ခြင်းသည် ရာစုတ၀က်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပြဿနာများကြောင့် အမှောင်အတိ ဖုံးလွှမ်းခံနေရသည့် တိုင်းပြည်အား ထပ်မံ၍အနက်ရောင်ချယ်သလိုက်ခြင်းသာ ဖြစ်သည်။ တနည်းပြောရသော် အမှောင်ထဲ၌ အမှောင်ကို ထွန်းညှိခြင်းသာ ဖြစ်ပြီး အလင်းကို ရှာဖွေခြင်း မဟုတ်ပါ။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် လူထုဆန္ဒမဲတပြားမှ မပါပဲ အခွင့်ထူးခံ အမတ်များအဖြစ် နေရာယူထားကြမည့် စစ်ဗိုလ်များကသာ ကြီးစိုးချယ်လှယ်ခွင့်ကို အပြည့်အ၀ ပေးထားသည့် ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အခြေခံအနှစ်သာရနှင့် လုံးဝဆန့်ကျင် နေသည်မှာ အထူးပြောစရာ မလိုတော့ပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံအား အသက်သွင်းကျင့် သုံးလာမည့် အစိုးရကိုလည်း အရပ်သားအစိုးရဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ စင်စစ်အားဖြင့် လက်ရှိစစ်စနစ်အား ပုံစံတမျိုးဖြင့် မွမ်းမံချယ်သထားသည့် ပုံစံသစ်တခုသာ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ လွှတ်တော်များတွင် လူထုသဘောထားနှင့် ထပ်တူကျသော ဥပဒေပြုနိုင်မှုများ ကင်းမဲ့လာနိုင်သလို ဖွဲ့စည်းပုံပါ ပုဒ်မများအား ပြင်ဆင်ရေးဆွဲ ပြဌါန်းပိုင်ခွင့်ကိုလည်း တင်းကျပ်စွာ ထိန်းချူပ်ထားသည်ကို တွေ့ရသည်။

ပွင့်လင်းစွာ ပြောရလျှင် လက်ရှိမြန်မာပြည်၏ အခြေအနေသည် ဓားပြဂိုဏ်းကြီးတခုက ရွာတရွာ အား ၀င်စီးထားသည့် အနေအထားမျိုး ဖြစ်နေသည်။ မုဒိမ်းကျင့်၊ လူသတ်တတ်ပြီး နိုင်ငံရေး စီးပွါးရေးအမြင် လုံးဝမရှိသည့် န.အ.ဖစစ်အုပ်စုက ချူပ်ကိုင်ထားသော တပ်မတော်ဟု ခေါ်တွင်နေ သည့် ဒီနေ့ကာလ ဗမာစစ်တပ်သည် အပြင်ပန်းအားဖြင့်သာ နိုင်ငံတနိုင်ငံ၏ စစ်တပ်အဖြစ်သတ် မှတ်၍ ရနိုင်သော်လည်း အနှစ်သာရ အားဖြင့်တော့ ခိုးဆိုးလုယက် လူသတ်ခြင်းများကို လက်ရဲ ဇက်ရဲကျူးလွန်တတ်သော ဓားပြဂိုဏ်း အဆင့်သာသာ ရှိတော့သည်ဟု ပြောရပေမည်။ ထိုသို့ ဓားပြများ၏ ၀င်စီးခြင်းကို ခံထားရသည့် တိုင်းပြည်တွင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းဖြင့် နိုင်ငံရေးအသွင် ကူးပြောင်းရေးသည် မှားယွင်းသော အဖြေရှာမှုတခု ဖြစ်နေမည်ဟု ထင်သည်။

ရှေ့မတိုး နောက်မဆုတ်သာသည့် အခြေအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြီး နှစ်ပေါင်း (၂၀) လွန်လာခဲ့သည့် ဒီနေ့ ကာလသည် အလှည့်အပြောင်း အချိုးအကွေ့ တနေရာသို့ ရောက်ရှိလာနေသည် ဟု ပြောရပေမည်။ အခုလို အလှည့်အပြောင်းကို လက်ဦးမှု ရယူသည့်အနေဖြင့် န.အ.ဖ စစ်အုပ်စုက ၄င်းတို့၏ စစ်စနစ်ကို ပုံစံတမျိုး ဖန်တီးပြီး အသွင်ပြောင်းဖို့ ကြိုးစားလာနေသည်။ တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ အတိုက်အခံ အင်အားစုများ အတွက်လည်း မဟာဗျူဟာ နည်းဗျူဟာနှင့် နိုင်ငံရေးမျိုးဆက်ပါ လူစားလဲ သွေးသစ်လောင်းပြီး သမိုင်းဆိုင်ရာ အဆုံးအဖြတ် ပေးရမည့် အချိန်ကာလတခုသို့ ဆိုက်ရောက်လာနေသည်ဟု ထင်သည်။ ယေဘုယျဝါဒီများ၏ ခံစားမှု အဓိကပဓါန၀ါဒကို ကိုင်စွဲပြီး ဒီမိုကရေစီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစား နေခြင်းထက် လူထုအခြေပြု ဗဟုဝါဒဖြင့် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးဖို့ ရေရှည်စီမံကိန်း ချနိုင်သူများကိုသာ မြန်မာ့လူ့ဘောင်က လိုလားနေသည်ဟု ယူဆမိသည်။

သေချာနေသည်မှာ လာမည့် နှစ်ကာလများတွင် လူမှုစီးပွါး အကျပ်အတည်းများ (Socio-economic Crises) ကြောင့် လူထုပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပြီး စစ်အုပ်စု၏ အုပ်ချူပ်ရေး ယန္တရားအား ရပ်တန့် ပစ်နိုင်လောက်သည့် လူထုသပိတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။ သို့ကြောင့် နောက်ပြန်လှည့်ပြီး အတိတ်၏အောင်ပွဲကို တသသဖြင့် လွတ်သော ငါးကြီးနေခြင်းထက် ဂိမ်းအသစ်ကစားရမည့် ယခုလို အနာဂါတ် စိန်ခေါ်ပွဲတွင် လူဟောင်းများဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရ သော ယှဉ်ပြိုင်မှုကိုစွန့် လွှတ်၍ သွေးသစ်လောင်း လူသစ်လဲခြင်းဖြင့်သာ အလှည့်အပြောင်းက ပေးသော အပြောင်းအလဲ ရလဒ်ကောင်းကို ရယူနိုင်မည်ဟု ယုံကြည်မိပါတော့သည်။ ။ ။

ညီညီထွေး (နယ်သာလန်)

ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ကိုင်မည်

NEJ/ ၈ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်ဝန်ကြီးအချို့ နိုင်ငံရေးဘက်ကို ပြောင်းတော့မည် ဖြစ်သည့်အတွက် လစ်လပ်သည့် ၀န်ကြီးနေရာများကို အစာထိုးမခန့်တော့ဘဲ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ပူးတွဲကိုင်တွယ်ရန် စစ်အစိုးရက စီစဉ်နေသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးနှင့် အခြားဝန်ကြီးအချို့ကို နိုင်ငံရေးဘက်ပြောင်းခိုင်းမှာ ဖြစ်သည့်အတွက် စက်မှု (၁) ၀န်ကြီးဌာန၊ စက်မှု (၂) ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတခု စုစုပေါင်း ၀န်ကြီးဌာန (၃) ခုကို စက်မှု (၂) ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး(ရေ) စိုးသိန်း တဦးတည်းကို တာဝန်ပေးမည်ဟု ၀န်ကြီးချုပ်ရုံးသတင်းရပ်ကွက်က ပြောသည်။

အသက်ကြီးသည့် ၀န်ကြီးများကို နိုင်ငံရေးဘက်ပြောင်းရန် စစ်အစိုးရက စီစဉ်နေရာသစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်ဆိုလျှင် နိုင်ငံရေးဘက်ပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏ အရာရှိများအား မကြာခင်က တရားဝင်ပြောခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းဆိုလျှင် အသက် (၇၃) နှစ်ရှိပြီဖြစ်သည်။ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ဆိုလျှင်လည်း (၆၈) နှစ်ရှိ ပြီဖြစ်သည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက (၇၂) နှစ်ရှိပြီဖြစ်သည်။

စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်

09 January 2009

မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပြီး နိုင်ငံရေးပါတီတွေလည်း တည်ထောင်ဖို့ ပြင်ဆင် နေကြပါတယ်။ ဒါပေမယ့် ပါတီတည်ထောင်ခွင့်တို့၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတို့၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာတွေ အခုအချိန်အထိ မြန်မာစစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း က အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင် တွေကို ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပါတီဝင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကို လက်မခံဘူးဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့မှာ တခြားလည်းဘာမှ သိပ်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှစဉ်းစားစရာ မလိုသေးဘူးလို့ကျနော် ယူဆတယ်။ ဒီအခြေခံဥပဒေဆိုတာက အတည်မဖြစ်သေးဘူး။ လွှတ်တော်ပေါ်ပေါက်လာတဲ့ အခါကြမှ အခြေခံဥပဒေက အတည်ဖြစ်မှာ။ အဲဒီအတည်မဖြစ်ခင်အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြရအောင်ဆိုပြီး ကျနော်တို့က ကမ်းလှမ်းတယ်။ ဒီအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးဆိုတဲ့ကိစ္စကို ဘာမှ တစုံတရာ အဖြေမပေးဘဲနဲ့၊လက်ခံခြင်းမပြုဘဲနဲ့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ကတော့ ဘာမှ စကားထဲကိုထည့်မပြောဘူး၊ အသိအမှတ်လည်း မပြုဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ ဒါ ကျနော်တို့ရဲ့လက်ရှိအခြေအနေပဲ။”

နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတအောင်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ နိုင်ငံရေးအဖွဲ့အစည်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးပေးပါဆိုပြီး တောင်းနေပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်မယ့်ပုံစံကိုပဲစိုက်လိုက်မတ်တပ်သွားမယ့်ပုံစံ မြင်နေရပါတယ်။ အကယ်၍ အဲဒီလိုပဲ သွားမယ်ဆိုရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ဆိုရင် ပါတီရပ်တည်ရေးအတွက် နောက်ပိုင်းမှာ တစုံတရာ ပြဿနာ ရှိမလာနိုင်ဘူးလား။

“ရှိနိုင်တာပေါ့ခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးလုပ်တဲ့အခါကြတော့ တယူသန်ဖို့၊ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒတွေ၊ အခြေခံသဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီးသူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ
ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာကြောက်တာ တခုတည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ခြေသလုံးဖက်လို့တော့ မရတော့ဘူး။

ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်းကျနော်တို့ မလိုက်နိုင်တော့ဘူး။ ဒါ ဦးကြည်မောင်စကားနဲ့ ပြောရရင်တော့ မောင်ခေါ်ရာ မယ်မလိုက်နိုင်ဘူးလို့ပဲ ပြောပြောပေါ့ဗျာ။ ဒါမှမဟုတ် ကျနော် စကားအသစ်နဲ့ ပြောရရင်တော့ ကျနော်တို့ နဖားကြိုးဆွဲခေါ်တိုင်း မလိုက်နိုင်ဘူးလို့ပဲပြောရမှာပဲခင်ဗျ။”