Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 3 October 2009

Global Action for Burma (GAB)

တိုက်ပွဲဝင်ပြင်ဆင်ရေး အထူးကြေငြာချက်

နေ့စွဲ အောက်တိုဘာ ၂ ရက်၊ ၂ဝဝ၉

ကျွန်ုပ်တို့ ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားများဖြင့် စုစည်းထားသည့် (ဂျီအေဘီ)အင်အားစုကြီးအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အခိုင်အမာတောင်းဆိုထားသည့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး နှင့်စပ်လျှင်း၍ ကော်မတီတရပ်ကို ဖွဲ့စည်းပေးရန်၊ တွေ့ဆုံဆွေးနွေးရေးကိုအကောင်အထည်ဖေါ်ခြင်းဖြင့် အခက်အခဲများကို ကျော်လွှားရန်၊ ၁၉၉ဝ မေလရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် ပြည်သူ့လွှတ်တော်တရပ်ကို ခေါ်ယူ ဖွဲ့စည်းပေးရန် တောင်းဆိုချက်များအား အပြည့်အဝထောက်ခံသည်။ အနာဂါတ်တွင် တိုင်းရင်းသားပြည်သူ အားလုံးတို့အတွက် အာမခံချက်ရှိစေရန် ဖြစ်သည်ဟုယုံကြည်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လဲ နောက်ထပ် တလက်မမျှ နောက်ဆုတ်ပေးစရာမရှိတော့ဟု အလေးအနက် ယူဆထားသည်။



ကျွန်ုပ်တို့အနေဖြင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး၏ လုပ်ငန်းစဉ်များအောင်မြင်ရေးနှင့် အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်နိုင်ရန် တိုင်းရင်းသားငြိမ်းအဖွဲ့များ အနေနှင့်ပါ စတင်ပူးပေါင်းလုပ်ဆောင်နိုင်ရန် ကြိုးပန်းသွားမည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားငြိမ်းအဖွဲ့များအနေဖြင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး လမ်းကြောင်းပေါ်မှ ကျွန်ုပ်တို့နှင့်အတူ ဒုတိယလွတ်လပ်ရေးလှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်လာရန် လေးစားစွာဖိတ်ခေါ်သည်။ ကျွန်ုပ်တို့အားလုံးသည် မှန်ကန်သောသစ္စာဖြင့် အမျိုးသားထုတရပ်လုံး စစ်အုပ်ချုပ်ရေးစနစ်အောက်မှ လုံးဝလွတ်မြောက်ရေးအတွက် နအဖစစ်ခေါင်းဆောင်များ ကြံရွယ်ထားသည့် (၂ဝ၁ဝ) ရွေးကောက်ပွဲမပြုလုပ်နိုင်မှီ ၄င်းတို့၏ စစ်အုပ်ချုပ်ရေး ယန္ဒရားကြီးလုံးဝပြိုကျသွားစေရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်လာနိုင်ရေးမှုကို ကိုင်စွဲ၍ ညီညီညွတ်ညွတ် လုပ်ဆောင်သွားမည်။
ကျွန်ုပ်တို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် စပ်လျှင်း၍ (ဂျီအေဘီ) အင်အားစုကြီး၏ လုပ်ငန်းစဉ်(၇)ရပ်မှ လုပ်ငန်းများဖြစ်သည့့်် သမဂ္ဂများ၊ အစည်းအရုံးများ၊ အဖွဲ့အစည်းများကို တနိုင်ငံလုံး အတိုင်းအတာနှင့် ဖွဲ့စည်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး နှင့် အသစ်ပေါ်ထွက်လာသည့် အဖွဲ့များအားလုံးမှ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားပြည်သူအားလုံး အတူယှဉ်တွဲနေထိုင်ရေး နှင့် တန်းတူညီသည့် အခွင့်အရေးများ ရရှိရေးအတွက် အောင်နိုင်ရေးစိတ်ဓါတ် အခိုင်အမာတည်ဆောက်ရေး၊ တိုင်းပြည်နှင့်အဝှမ်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်နိုင်ရေးအတွက် အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှုကြီး၏ တူညီသည့် လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်။ တချိန်တည်းတွင် တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သား အားလုံးအနေနှင့် တိုင်းပြည်အား အကောင်းဖက်သို့ ဦးတည်ပြောင်းလဲ လာရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးနှင့်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆိုးကြီးအား တွန်းလှန် ဖယ်ရှားကြပါရန် အလေးအနက် အဆက်မပြတ် ဖိတ်ခေါ်သွားမည်။
ကျွန်ုပ်တို့ (ဂျီအေဘီ)အင်အားစုအားလုံးအနေဖြင့် ၂ဝ၁ဝ တွင်ပြုလုပ်မည်ဆိုသည့် နအဖစစ်ကျွန်ဇာတ်သွင်းရန် ကြံစည်ထားသည် ရွေးကောက်ပွဲအားပြတ်သားစွာ ဆန့်ကျင်သည်။ ပြည်သူလူထုအား စစ်ဂိုင်းဂဏအောက် အသွင်ပြောင်းရန် ဝိုင်းဝန်းဆော်အောနေကြသည့် ရွေးကောက်ပွဲဝင်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအား တိုင်းပြည်အားနှောက်ယှက်ဖျက်ဆီးသူများအသွင် ဝါဒဖြန့်နေသည့် ရွေးကောက်ပွဲဝင်ရေးအဖွဲ့များ အမျိုးသားသစ္စာဖေါက်လုပ်ရပ်များအား ရှောင်ရှားကြပါရန် ကျွန်ုပ်တို့မှ အလေးအနက် သတိပေးတိုက်တွန်းသည်။
နအဖစစ်ခေါင်းဆောင်များသည် အဖွဲ့ချုပ်၏ အပြုသဘောဆောင် ကမ်းလှမ်းချက်များအား မျက်ကွယ်ပြုပြီး ထင်ရာစိုင်းနိုင်ငံရေး လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင် လာမည်ဆိုပါက နောက်ဆုံးတွင် နအဖအဖွဲ့ နှင့် စစ်ခေါင်းဆောင်များသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်လာမည့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး၏ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲတွင် ကျဆုံးရမည်ဟု ကျွန်ုပ်တို့မှ အခိုင်အမာ ယုံကြည်သည်။
အဖွဲ့ချုပ် အနေဖြင့်လည်း ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုအားလုံး၏ နိုးကြားတက်ကြွသည့်၊ ညီညွတ်သည့်၊ ခိုင်မာသည့် ဘုံသဘောတူညီချက်များအား အမိအရဆုတ်ကိုင်ပါရန် လေးနက်စွာဆန္ဒပြုအပ်ပါသည်။
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အောင်ရမည်။