Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 23 October 2009

Poem for Myo Yan Naung Thein




ငါ့မြေးလဲရင် အဖွား ထူမယ်..သား မပူနဲ့ 
သားမှာ အချစ်..မြေးအနှစ်တဲ့
ပုလုကွေး ကထဲက
လက်ပေါ်ကြီးတဲ့ ငါ့မြေး
အဖွားပေါင်ပေါ် ထိုင် တီတီတာတာပြော
"သားကြီးလာ...အဖွားကို ရှာကြွေးမတဲ့"
သူတော်ကောင်း ကလေးလေးပါတော်..
ကျုပ်ဘဲချီမ..ရပ်နိုင်ပါပေ့..ရပ်နိုင်ပေ့
လမ်းလျှောက်သင်ပေးခဲ့တာ..
အဖွားအသည်းကျော် မြေးကလေးတယောက်ပါ။

ကကြီး ခခွေး..ကျောင်းစာဆို ထူးချွန်တဲ့မြေး..
အဖွား ဂုဏ်ယူရတဲ့ မြေး..
ဂုဏ်ထူးများစွာနဲ့  (၁၀)တန်းအောင်..
အင်ဂျင်နီယာကြီး လုပ်ချင်တဲ့မောင်
ဖြစ်လာခဲ့တာ သူ ပိသုကာအင်ဂျင်နီယာ
ပြင်သစ် စကားပြောသင် ဆရာ..
ဧည့်လမ်းညွှန် တစ်ဦး..
အညွန့် အဖူးဝေတဲ့ ကလေးငယ်.
နောင်တစ်ခေတ် အတွက် တက်လူငယ်။

ကံမကောင်းစွာ လူဖြစ်တာ နအဖခေတ်
စစ်ကျွန်စံနစ်ဆိုး ရေတိမ်မှာနစ်..
၁၉၉၆ ကျောင်းသားခေါင်းဆောင် ဆိုပြီး
ထောင်သွင်းအကျဉ်းချ..(၇) နှစ်
၂၀၀ရ ရွှေဝါရောင်မှာ..သံဃာကို ကူလို့ 
စွမ်းအားရှင်တွေ ရိုက်နှက်ကြတာ..
ဒေါင်ဒေါင်မည်တဲ့ ကျုပ်မြေး
ခုတော့ ဦးခေါင်းရိုက်တဲ့ ဒဏ်ရာ
ဦးနှောက်ထိ..အာရုံကြော ထိလို့ 
ဘယ်ဘက်တခြမ်းသေ..
မစွမ်းမသန်…လမ်းမလျှောက်နိုင်တော့ဖူး။

ရုံးချိန်းဆို ထမ်းစင်နဲ့ မ..
လူတွဲ မ ကာချ..
ဘယ်သူ မကယ်နိုင်..ပုံရက်ကျနေခဲ့
သွေးပျက်ရတဲ့မြင်ကွင်း..
မိခင်အရင်းက အိပ်ယာထဲ..ဗုန်းဗုန်းလဲပါရော့
သူ့ ဇနီးသည် အေးမြနန္ဒီလည်း..
ဖမ်းဆီးသွားကြ..ရိုက်နှက်ကြ.
လူမဆန်တာ…ဒီ..နအဖပေါ့။
အဖွားတော့ တစ်သက်မကြေဘူး။

မိသားစု ရဲ့အဝေးဆုံး တနေရာ..
သံတွဲထောင်မှာ ဆရာဝန်မရှိ
ရခိုင်ရဲ့ဆောင်း..နှိပ်စက်ထောင်းတာ..
လူမမာ သက်သက်..
အသက်ရှိရက် ဒုက္ခိတကလေးငယ်.
အပြစ်မဲ့သူကို
နအဖ..တင်တဲ့ စွဲချက်…
တိုင်းပြည်ကို ချစ်မြတ်နိုးမှု တဲ့..
ထွီ...ပြောမပြောချင်ဘူး..

မြေးလေးရေ လူလေး မျိုးရန်နောင်သိမ်း..
အာဇာနည် မည်သည်…
ကျူပင်လို လေယူရာမတိမ်းဘူး..
ယုံကြည်ရာသာ ရဲရင့်..
ခြေလက် မသန်ပေကာလင့်…
စိတ်လက် ခိုင်မာ..
ခေါင်းမော့ဝင့်ပါ..လူကလေးရယ်..
အဖွား ဂုဏ်ယူစွာ
လမ်းလျှောက်ထပ်သင်ပေးမယ်
အဖွား လက်ကို ဆွဲကိုင်မ..
ကဲ မတ်တတ် ကြိုးစားပြန်ထ။

မသဒ္ဓါ ( ၉။၂၃။၂၀၀၉)

မြေးအပေါ်ချစ်သော အဖွားနဲ့ မြေးငယ် ကိုမျိုးရန်နောင်သိမ်းတို့ အတွက်..
အဖွားရေ..လမ်းလျှောက် ပြန်သင်ပေးပေါ့။..
စိတ်ဓါတ်သာ ပြည့်စေ…ရပ်နိုင်ပါပေ့..ဆိုပါလေ.။
သူ..ပြန်လမ်းလျှောက်နိုင်ပါစေ ဆုတောင်းလိုက်ပါတယ်။

Special Thanks to Ma Thadar