Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 22 February 2009

ကာတွန်းဟန်လေးရဲ့ လက်ရာ

နိုင်ငံတကာနဲ့ ကခုံခြင်း

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

သတင်း - မဇ္ဈိမ
အကျဉ်းသား ၆၃၁၃ ဦးအား စနေနေ့ (ယနေ့) တွင် လွှတ်ပေးမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှတဆင့် ယမန်နေ့က မြန်မာစစ်အစိုးရမှ ကြေညာခဲ့ပြီးနောက် ယနေ့တွင် အကျဉ်းထောင်အချို့မှ နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် လွတ်မြောက်လာသူများ ရှိခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများထဲတွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေနှင့်အတူ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ငြှိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။