Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 28 February 2009

မြန်မာ့အရေး ဟွေဟင်တွင် စက်ဘီးစီး ဆန္ဒပြ

မြန်မာပြည်အရေးကို ပိုမိုသိရှိရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အစည်းအဝေးနှင့် အချိန်ကိုက်ကာ မြန်မာ တက်ကြွလှုပ်ရှားသူ ၁၅ ဦးက ထိုင်းနိုင်ငံတောင်ပိုင်း ဟွေဟင်မြို့အတွင်း စက်ဘီးစီး ဆန္ဒပြပွဲကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

မြန်မာပြည်ကိစ္စကို ထိုင်းလူထုနှင့် နိုင်ငံခြားသားများအကြား ပိုမို သိမြင်လာစေရန်၊ မြန်မာနိုင်ငံရှိ ပြဿနာများအား အာဆီယံ ခေါင်းဆောင်များ သတိပြုမိပြီး နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ရေးအတွက် မြန်မာအစိုးရအပေါ် တိုက်တွန်းမှုများ ပြုလုပ်စေရန် ရည်ရွယ်ပြီး သူတို့က ဆန္ဒပြကြခြင်း ဖြစ်သည်။

“မနက် ၁၀ နာရီလောက်က ကျနော်တို့ ထွက်လာတယ်။ မြို့လည်က နာရီစင်ကနေ စက်ဘီးတွေနဲ့ ထွက်လာတယ်။ မြို့ကို ပတ်တယ်ပေါ့လေ။ လမ်းမှာ တောက်လျောက်တွေ့တဲ့ ထိုင်း၊ နိုင်ငံခြားသားတွေကို စာရွက်စာတမ်းတွေ ဝေသွားတယ်။ ရှင်းပြတယ်။ ကျနော်တို့က အားလုံးပေါင်း ၁၅ ယောက်ရှိတယ်။ ဘန်ကောက်က လာတာအပြင် ဟွေဟင်မှာရှိတဲ့ လူတချို့လည်း ပါတယ်ပေါ့” ဟု Burma Democratic Concern အဖွဲ့ ဒါရိုက်တာ ဦးကျော်လင်းဦးက မဇ္ဈိမကို ပြောသည်။

၁၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးနှင့် အချိန်ကိုက်ကာ Peace for Burma ညွန့်ပေါင်းအဖွဲ့ဝင်များနှင့် ဟွေဟင်မြို့ခံတချို့ အပါအဝင် ဆန္ဒပြသူများက ပရာချွတ်ခီရီခန်ပြည်နယ်ရှိ ဟွေဟင်မြို့တပတ် စက်ဘီးစီး၍ ဆန္ဒပြခဲ့ခြင်းဖြစ်သော်လည်း အစည်းအဝေး ကျင်းပသည့်ဘက်ကိုမူ သွားရောက် ဆန္ဒပြခြင်း မရှိပေ။

Peace for Burma တွင် မြန်မာ့အရေး လုပ်ဆောင်နေသည့် ထိုင်းနှင့် မြန်မာလူထု အခြေပြုအဖွဲ့များ၊ အန်ဂျီအိုများ၊ ကျောင်းသားအဖွဲ့များ၊ ဘာသာရေးအသင်းများ စသည့် အဖွဲ့ပေါင်း ၃၀ ကျော်ပါဝင်ပြီး ထိုအထဲမှ ယနေ့ ဆန္ဒပြပွဲကို Burma Democratic Concern/ Amnesty International (Thailand)/ Thai Action Committee for Democracy in Burma (TACDB) / Thai Free Burma စသည့်အဖွဲ့ ၄ ဖွဲ့ က အဓိက ဦးဆောင်ခြင်းဖြစ်သည်။

သူတို့က ထိုင်း၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော “Peace for Burma” ဆိုင်းဘုတ်များ ယူဆောင်ခဲ့ကြပြီး လမ်းတလျှောက်၌ “Peace for Burma” ဟု အော်ဟစ် ကြွေးကြော်ကြောင်းနှင့် ဖြန့်ဝေသည့် စာရွက်စာတမ်းများထဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်များကို ရှင်းလင်းရေးသားထားကြောင်း ဦးကျော်လင်းဦးက ပြောသည်။

ဆန္ဒပြပွဲတွင်ပါဝင်သော TACDB မှ လှုပ်ရှားမှု တာဝန်ခံတဦးဖြစ်သူ ထိုင်းအမျိုးသမီး Ms. Panithida ကလည်း မြန်မာနိုင်ငံ၏ ပြဿနာများသည် ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ ဒေသဆိုင်ရာအဆင့် ရောက်ရှိနေပြီဖြစ်သောကြောင့် ယခုဆန္ဒပြပွဲသို့ ပူးပေါင်းရခြင်းဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

သူက “မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အခု ဒေသဆိုင်ရာ ပြဿနာ ဖြစ်နေပါပြီ၊ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်ဖြစ်တာ ၁၀ နှစ်ကျော်ပါပြီ။ ဖွံ့ဖြိုးလာတာမရှိဘဲ ဆင်းရဲမှု တိုးပွား လာနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေလည်း ပိုများလာတယ်။ ဒီကိစ္စတွေဟာ အခုဆို ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် သက်ရောက်နေပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေပါပြီ” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များသည် ထိုင်းနိုင်ငံအတွင်း၌ တာရှည် နေထိုင်လိုစိတ် မရှိကြောင်းနှင့် အကယ်၍ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး တည်ဆောက်နိုင်လျှင် ပြန်ကြမည့်သူများသာ ဖြစ်သောကြောင့် ၎င်းသည်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ယခုကဲ့သို့ ဆန္ဒပြပွဲသို့ ပါဝင်ခြင်းလည်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိစေရန် အာဆီယံ ၁၀ နိုင်ငံအတွင်း ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ အရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများ အားလုံး သဘောတူမှ ဆုံးဖြတ်ချက် ချမှတ်သည့် မူများကို ဖျက်သိမ်း၍ မြန်မာ့ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးကြရန် လိုကြောင်းလည်း Ms.Panithida က ဆိုသည်။

ထို့အပြင် အာဆီယံအဖွဲတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အနေဖြင့်လည်း လူ့အခွင့်အရေးဆိုင်ရာ မြှင့်တင်ပညာပေးရေး လုပ်ငန်းများသာ ဦးစားပေးမနေသင့်ဘဲ မြန်မာနိုင်ငံတွင်းမှ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးပြီး အကာအကွယ် ပေးသင့်ကြောင်းလည်း သူက ဆက်ပြောသည်။

အဆိုပါ အဖွဲ့ ၄ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တက္ကသိုလ် ကျောင်းသားများအကြား အာဆီယံနှင့် မြန်မာနိုင်ငံ၏ အဆက်အစပ်၊ မြန်မာနိုင်ငံ၏ ပြဿနာသည် ပြည်တွင်းရေး ပြဿနာသာမက ဒေသတွင်း ပြဿနာလည်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည့် ဆွေးနွေးပွဲ တရပ်ကိုလည်း ဟွာဟင်မြို့ Webster တက္ကသိုလ်၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

ကိုဝိုင်း
ချင်းမိုင် (မဇ္ဈိမ)

မုန်တိုင်းကယ်ဆယ်ရေး ပိတ်ဆို့မှုဖြင့် စစ်အစိုးရကို ခုံရုံးတင်ဖို့ တိုက်တွန်း

News - VOA, 28 February 2009
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မနှစ်တုန်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့်ဒေသက ပြည်သူတွေအတွက်ဆိုပြီးပေးပို့တဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေအပေါ်မှာ တားဆီးပိတ်ဆို့ခဲ့တဲ့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်ပေါ်လာခဲ့ပါတယ်။ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန်အခြေစိုက် ဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ်က ဘလွန်းဘာ့ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးနဲ့ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့က မနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ အခုလို စွပ်စွဲဖော်ပြထားတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရကို နိုင်ငံတကာ ပြစ်မှုခုံရုံး (JCC) မှာ တရားစွဲဆို ခုံရုံးတင် စစ်ဆေးပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အဲဒီအဖွဲ့က အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။ မုန်တိုင်းသင့်ဒေသက အသက်မသေဘဲ လွတ်မြောက်လာသူတွေ၊ ကယ်ဆယ်ကူညီရေးစေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြတဲ့သူတွေ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်း စုံစမ်းပြီး အဲဒီအစီရင်ခံစာကို အထောက်အထား စာရွက်စာတမ်းတွေနဲ့တကွ ပြုစုခဲ့တဲ့ ဒီအဖွဲ့ကနေပြီး မြန်မာစစ်အစိုးရကိုလည်း အပြင်းအထန် ပြစ်တင် ဝေဖန်ရှုတ်ချလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အလွဲသုံးစားလုပ်တယ်၊ ရောင်းစားပစ်တာတွေ၊ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းပစ်တာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပူဆွေးသောကရောက်နေကြတဲ့ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကလေးတွေပါမကျန် အဓမ္မလုပ်အားပေးခိုင်းစေတာတွေကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောတဲ့အကြောင်း အဲဒီအစီရင်ခံစာသစ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေသူတွေကိုလည်း မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့တဲ့ အကြောင်းကိုလည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။