Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 16 March 2009

ခံစည်းရိုး ဖြဲဝင်သူများ အကြောင်း

Click to enlarge

လူငယ်ဆိုတာ “အိပ်မက်တွေ ဝေစည်ရာ အနာဂါတ်တွေ ပိုင်စိုးရာတဲ့” လူကောင်လေးများ ထွားလို့ ကြီးကောင်ဝင်လာရင် စွန့်စား တတ်ချင်ကြတယ်၊ လောကကို ဒူးနဲ့ ပြေးတိုက်ကြည့်ချင်တယ်၊ နောက်…. သူများနဲ့ မတူ ချင်ဖူး ဖေါက်ထွက်ချင်တယ်။

ဘာညာကွိကွ ပုံလာမပြောနဲ့ ကိုယ်ကြုံမှ ယုံချင်သူတွေ အခုပဲကြည့်လေ အထက်တန်း အောင်တယ် ဆိုတာနဲ့

ကျောင်းတက်မယ် လုပ်တော့ လူစည်တဲ့ အချိန်ဈေးထဲက အိမ်သာတံခါးများလို ပိတ်လိုက် ဖွင့်လိုက် လုပ်နေတဲ့ စစ်အစိုးရရဲ့ တက္ကသိုလ် ကျောင်းတွေကြောင့် မထင်ရင် မထင်သလို ပြောတတ်တဲ့ ဉာဉ်ဆိုးရှိတဲ့ ကျနော့ကို အမေကပြောတယ် “နင်ဒီမှာ ကြာကြာနေရင် နွားတံဆိပ် ဆေးပေါ့လိပ် သောက်ရပြီး ဘဝတက္ကသိုလ်ပဲ တက်ရမှာ” တဲ့ ဘယ်သူတွေ ဘယ်ဝါတွေကြောင့် မပြောချင်ဖူး အလုပ်လေးတခုခု လုပ်ချင်တယ် လုပ်စရာအလုပ်က နတ္ထိ၊ ဒါကြောင့် အကိုဖြစ်သူ ရှိရာ မလေးရှားကို အမေက တရန်အေးတယ် ဆိုပြီး အသေခြာ ပြင်ဆင်ကာ လွှတ်လို့ လာခဲ့ရတော့တယ်၊ ဒီကနေပဲ Work Permit လှမ်းလျှောက်တယ် လူခံရှိတော့ အဆင်ပြေတယ်။

ဟိုရောက်တော့ မျက်စိဖွင့်ထားတယ်၊ နားစွင့်ထားတယ်၊ စကားတတ် စာရေးနိုင်လာပြီး ပါမစ်နဲ့ ၃နှစ်လောက်လုပ်ပြီးတော့ အခွင့်အလန်း သာတာနဲ့ ကြော်ညာ ကုမ္မဏီတခုမှာ အလုပ်ရပါတယ်၊ အီးတီ ( Employment Term of Foreign Worker ) ရွှေရောင်ကဒ် ကိုင်တဲ့ အဆင့်နေရာ ရလာပြီး မလေးရင်းဂစ် ၂၀၀၀ ကျော် ၃၀၀၀ နီးပါးရတဲ့ အလုပ်ကလေးတခု ရပါတယ်။ ၃နှစ်အတွင်း ခွင့်နဲ့ ရွာ၂ခေါက်ပြန်ဖြစ်တယ်၊ အဆင်ပြေတယ်လို့ ဆိုရမယ်၊ ငွေကလဲ အထိုက်အလျှောက်စုမိ လူကလဲငယ်သေး လက်ခမောင်းကလဲ ခတ်ပြချင်သေးတော့ ပြောစရာတော့ ဖြစ်မလားပဲ သူများတွေ အဆင်မပြေကြတဲ့ နေရာမှာ ကိုယ်က အဆင်ပြေတော့ ဒီထက်ပိုပြီး အိပ်မက်တွေ ဆက်မက်ချင်သေးလို့ အမြှင့်ကိုလှမ်းဖို့ ကြိုးစားပါတယ်။ မိတ်ဆွေတယောက်က မင်း အီးတီ ဖြစ်နေတာပဲ ဒီမှာမနေနဲ့ အနောက်သွာလို့ အကြံပြုတာနဲ့ တနှစ်လောက်ငွေစုပြီး အဆက်အသွယ်ရှာတော့ ကေအယ်လ် လို့ခေါ်တဲ့ ကွာလာလမ်ပူက နှံ့စပ်တဲ့ ပွဲစားတဦးနဲ့ ချိတ်မိပါတယ်။

အမေရိကား သွားမယ်ပေါ့၊ ဒီတော့ ခင်ဗျားတို့ သိတဲ့အတိုင်း အမေရိကားဆိုတာ အပေါ်လမ်းက သွားရလာရ ခက်တယ် အမှန်တော့ ငွေကုန်ကြေးကျ များလို့လေ၊ ဒီတော့ ခြုံစည်းရိုးဖြဲဝင်မယ် ဆိုပြီး ပွဲစားလိုက်ချိတ်တော့ ချင်းတွေ ဝင်တတ်တဲ့ ကျူးဘား၊ မက္ကဆီကို၊ အပေါက်ထက် မက္ကဆီကို နဲ့ ဂွာတီးမာလာ နားက ကာရစ်ဘီယံ ပင်လယ်ကို မေးတင်ထားတဲ့ ဘလိဇ် ( Belize ) လမ်းကြောင်းကို ရွေးဖြစ်ပါတယ်၊ ဘလိဇ်မှာ ရှိတဲ့ မြန်မာပွဲစား လင်မယား၂ယောက်နဲ့လဲ အဆက်သွယ်ရ ချိတ်မိပါတယ်၊ ဒီတော့ ခရီးစဉ်ဆွဲဖြစ်ပါတယ်။

မက္ကဆီကို နဲ့ ဘလိဇ် ဗီဇာကိစ္စတွေ အတွက် မကျွမ်းကျင်လို့ များတယ် ထင်ရပေမဲ့ ပွဲစားကို အစိမ်း ၂၀၀၀ ပေးပြီးတော့ ဂျလန်း တွန်ရာဇတ်က သံရုံးမှာ လျှောက်ပါတယ်၊ ဘလိဇ် ဗီဇာကိုတော့ ဘလိဇ်မှာရှိတဲ့ ပွဲစား လင်မယားကနေပဲ ဟိုမှာ တောင်းပေးလို့ ရတော့ ( အမှန်တော့ မလေးမှာ ဘလိဇ် ဗီဇာက မလေး၅၀၀ လောက်ပဲကုန်တာပါ ) မက္ကဆီကို သံရုံးမှာ ဘလိဇ်သွားမဲ့ တိုးရစ်ဗီဇာကို မက္ကဆီကို ဖြတ်ပြီး ဘလိဇ်ကိုကားနဲ့ ဝင်မယ် ဆိုတဲ့ Reason ပြပြီး လျှောက်ပါတယ်၊ မက္ကဆီကို အသွား လက်မှတ်သာပါပြီး ဘလိဇ်ကနေ လာရာလမ်း ဋ္ဌာနေပြန်မဲ့ လက်မှတ်ပြပါတယ်၊ ဒါပေမဲ့ မက္ကဆီကိုကနေ ဘလိဇ်ကို ကားနဲ့ ဖြတ်သွားမဲ့ လက်မှတ် မပါတာနဲ့ သံရုံးက ပြန်ဝယ်ခိုင်းပါတယ်၊ ဒီကတည်းက ပွဲစားစီစဉ်မှု လွဲနေတာ သတိတော့ ထားမိပါတယ်၊ ဒီတော့ ဘလိဇ်ပွဲစားကို ကားလက်မှတ်ဝယ် ခိုင်းပြီး သံရုံးထပ်သွားတော့ Reject ထိသွားပါတယ်၊ ဘာလို့လဲဆိုတော့ လေယာဉ်လက်မှတ်နဲ့ ကားလက်မှတ် ရက်စွဲတွေ ကွာနေလို့ပါပဲ၊ အဲဒီမှာပဲ “ဗေထိ” ဆိုတာနဲ့ ပတ်မကြီး တက်နင်းတဲ့ ကျနော် ပွဲစားဖိုး အစိမ်း၂၀၀၀ မက္ကဆီကို ဗီဇာမရပဲ ပလုံ သွားပါတော့တယ်။

Click to enlarge

ဒီလိုလဲ ဖြစ်သလို နယ်စပ်ကျော်ကြတဲ့ မက္ကဆီကန်တွေ

ဒီလိုနဲ့ တွေဝေ မနေတော့ပဲ နောင်ခါလာ နောင်ခါဈေး ဆိုပြီး ရထားတဲ့ ဗီဇာရှိရာ ဘလိဇ်ကိုပဲ တန်းလာလိုက်ပါတယ်၊ လာတဲ့မြို့က ဘလိဇ်စီးတီးပါ၊ လေယာဉ်လက်မှတ်က အစိမ်း ၂၅၀၀ ကျော်ပါတယ်၊ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် ဆီပန်းကနေ နယ်သာလန် အမ်စတာဒမ်ဆီကို သွားပါတယ်၊ ပြီးမှ တက္ကဆတ် ဟူစတန်ကိုဝင်ပြီး အမေရိကန် အငွေ့အသက်လေးများ ရအောင် လေယာဉ်က တထောက် နားပေးပါတယ်၊ ပြီးတော့ လေယာဉ်စီးချိန် နာရီ၃၀ လောက်ကြာမှ ဘလိဇ်စီးတီးကို ရောက်ပါတယ် ရောက်တာနဲ့ ထုံးစံအတိုင်းပေါ့ စာအုပ်ကြည့်ပြီး နီရဲနေတာဆိုတော့ စားဖို့သောက်ဖို့ ဒေါ်လာ၂၅၀ပေးမှ ဝင်ခွင့်ပြုပါတယ်။ ဗီဇာပါတာတောင် မျက်နှာငယ်ရ ရှာပါတယ်။

ဘလိဇ် ပွဲစား ဆီရောက်ပြီး ၂ပါတ်လောက်ကြာတော့ အမေရိကားပို့ဖို့ ဝါးတားတား လုပ်လာပါတယ်၊ သူတို့လဲ အမေရိကားဝင်ဖို့ လုပ်နေတဲ့ သူတွေဆိုတာ မျက်ဝါးထင်ထင် သိလာရတယ်၊ ဘလိဇ် နိုင်ငံအကြောင်း နည်းနည်းတော့ ပြောချင်တယ် စာအုပ်ပေါ်က အကြောင်းတော့ မဟုတ်ဖူး လက်တွေ့ကြုံခဲ့ရတုန်းက သိခဲ့ရတာတွေပေါ့၊ ကာရီဘီယံ ပင်လယ်ကို မေးတင်ထားတော့ ပင်လယ်ဆိပ်ကမ်း၊ အပန်းဖြေတဲ့ နေရာတွေ အလွန်လှတယ်၊ ရှေးမာယာ ယဉ်ကျေးမှုစွက်ထားတဲ့ ကျောက်တုံးကျောက်စိုင်တွေနဲ့ ထွင်းထုတားတဲ့ ဘုရားကျောင်းတွေ၊ ယစ်ပူဇော်ရာနေရာတွေ၊ မှတ်ကျောက်တိုင်တွေ ရှိနေသေးတော့ တိုးရစ်တွေ အဝင်အထွက် အများအပြား ရှိတယ်၊ စင်္ကာပူလိုပဲ သဘာဝ သယံဇာတ ဘာမှရှိတာ မဟုတ်ဖူး၊ ဗြိတိသျှ ကိုလိုနီ ဖြစ်ဖူးတော့ သူများ အားကိုးရတယ်လို့ ဆိုတယ်။

Click to enlarge

အမေရိကားဖက်ကို မက္ကဆီကိုမှ တရားဝင် ဖြတ်မဲ့ နိုဂါးလစ်(စ်) အကောက်ခွန်နှင့် လ.ဝ.က ဂိတ်

အဲဒီနိုင်ငံမှာ အဓိကနေကြတာ စပိန်စကားပြောတဲ့ မက္ကဆီကန်တွေနည်းပြီး မာယာဆိုတဲ့ ရှေးကျတဲ့ လက်တင် လူမျိုးတွေရယ်၊ အာဖရိက ကနေ ဗြိတိသျှတို့ခေါ်လာတဲ့ အာဖရိကန်ကျွန် လက်ကျန်တွေပဲ ရှိတာပါ၊ လုတာယက်တာတွေလဲ ရှိတယ်၊ ကုန်စုံဆိုင်တွေဆို တချိန်က ရခိုင်ပြည်မှာ ကုလားတွေ စီးပွားရေးလုပ် သလိုပဲ ဆိုင်ရှေ့မှာ လက်ထိုးပေါက်ပဲ ထားပြီးရောင်းတယ်၊ လိုချင်တာပြော ပိုက်ဆံထည့်ပေး ပစ္စည်းရမယ် ဒီလို … လုမှာစိုးလို့ပါ၊ ထူးခြားတာက နိုင်ငံခြားသားတွေကို လုယက်တာ မရှိဖူး။ နိုင်ငံသားတွေ စီးပွားရေးလုပ်ခွင့် မရှိဖူးလို့ သိရတယ်၊ ကိုလိုနီနယ်ချဲ့တွေရဲ့ အခြေခံဥပဒေ သက်ရောက် နေသေးပုံလဲ ရတယ်။

စားသောက်ဆိုင်ကြည့်လိုက် တရုတ်တွေ၊ အလှကုန်နဲ့ ကုန်စုံဆိုင်တွေက အိန္ဒိယကုလားတွေ ကြီးစိုးနေတာ တွေ့ရတယ်၊ သူ့နိုင်ငံမှာ နေထိုင်ခွင့် အတွက်က လုပ်ငန်းရှင်တယောက်က ထောက်ခံရင် Work Permit ရသလို၊ လေးငါး ခြောက်လလောက်နေတာနဲ့ နိုင်ငံသားခံယူခွင့် ရှိတယ်၊ ဓနသဟာယ နိုင်ငံက စာအုပ်နဲ့လာတဲ့ သူဆို အမေရိကန် ဒေါ်လာ ရာဂဏန်းကြီး လောက်နဲ့ နိုင်ငံသား ဖြစ်တယ်၊ ရွှေတွေ ကြတော့ လေးထောင်လောက်မှ ဖြစ်မယ် ဆိုတယ်၊ ဘာလို့ နိုင်ငံသားလျှောက်လဲ ဆိုတာက သူ့နိုင်ငံသား စာအုပ်နဲ့ ဆိုယင် ခိုင်တယ်လေ၊ ဥရောပလား? Without ဗွီဇာနဲ့ ဥဒဟို ဝင်ထွက်လို့ရတယ်၊ အမေရိကန်လဲ ဗွီဇာလဲ လျှောက်ရလွယ်တယ်၊ ဒါကြောင့်ပါ.... ခဏ မှီတဲ့ သဘောပေါ့။

Click to enlarge

မာယာ ယဉ်ကျေးမှု ထွန်းကားတဲ့ ဘလိဇ်က မိုးနတ်မင်း ဘုရားကျောင်း

သူ့နိုင်ငံမှာက ဘာမှမထွက်၊ စီးပွားကောင်းတဲ့ အမေရိကားထဲ လက်တင်အမေရိကားက ဆေးပို့တဲ့ လမ်းကြောင်းပေါ် နေရတာဆိုတော့ ရဲတောင် မက္ကဆီကိုက ကာတယ်လ် ဂိုဏ်းကို ကြောက်နေရတယ်၊ ကိုလံဘီယာက မယ်ဒလင်းဂိုဏ်းတို့ပြို ကွဲပြီးနောက် ကာတယ်လ်က တန်ခိုးထွားလာတာကိုး၊ တနေ့ကတောင် မက္ကဆီကိုမှာ ဂိုဏ်းစစ်ပွဲတွေ ဖြစ်နေတာ ရဲက လက်မှိုင်ချနေရတယ်၊ သူတို့က ရဲတွေထက် လက်နက်တွေ ကောင်းလို့ ဆိုပဲ၊ နောက် … ဘလိဇ် အစိုးရက ထိုင်ဝမ်အစိုးရဆီက ငွေချေးထားပြီး အသက်ရှင်နေရတာလို့ အရပ် လက်ထိုးဇါတ်အရ ပြောကြတာပဲ။

Click to enlarge

ဒါနဲ့ ကံကောင်းချင်တော့ တရက် .... ဘလိဇ်စီးတီးမှာ မြန်မာပြည် မေမြို့ဖက်က ဇာတိဖြစ်တဲ့ အဲဒီ နိုင်ငံသား ဖြစ်နေတဲ့ ကုလားကြီးတယောက် သွားတွေ့ပြီး မိတ်ဆွေဖြစ်ရပါတယ်၊ အဲဒီတော့ ပွဲစားလင်မယား အကြောင်း ကောင်းကောင်း သိရပါတော့တယ်၊ နောက်တော့ … တနေ့ထက် တနေ့ ငြိုငြင်မှုတွေ ပြလာပြီး ဒီမှာနေလို့ မရတော့ဖူး! ကိုယ့်ဟာကို သွားတော့ လို့ ပြောတာနဲ့ မလေးမှာကျန်ခဲ့တဲ့ သူငယ်ချင်းတချို့ကို ဒီပွဲစားနဲ့ မလုပ်တော့ဖို့ လှမ်းတားလိုက်ပြီး၊ ကုလားကြီး အကူအညီနဲ့ အဆက်အသွယ် ရှာရပါတော့တယ်၊ ဘလိဇ်ကနေ အမေရိကား အထိသွားတာ ၂မျိုးရှိပါတယ်၊ အမေရိကန်ဒေါ်လာ ၁သောင်း လောက်ပေးယင် ဘလိဇ်၊ မက္ကဆီကန် အင်မီဂရေးရှင်းတို့ လူပွဲစားနဲ့ ပေါင်းပြီး လေယာဉ်နဲ့ မက္ကဆီကိုနယ်စပ် မွန်တာရေး၊ မွန်တာရေးက တဆင့် အမေရိကား တက္ကဆတ်၊ ဟူစတန်အထိ ပို့ပေးတဲ့ ပွဲစားရှိပါတယ်၊ ငွေသိပ် မတတ်နိုင်တဲ့ သူတွေဆိုတော့ ဘလိဇ်ကနေ မက္ကဆီကို ကူး မက္ကဆီကို နယ်စပ်အထိ ရောက်အောင်ထပ်သွားပြီး၊ အမေရိကားကို ခြံစည်းရိုး ဖြဲဝင်ကြရတာပါ။ တာထွက်ပြီဆိုတာနဲ့ ဘလိဇ်စီးတီးကနေ မြောက်ဖက်ကို အဝေးပြေးလမ်းမ အတိုင်း ထောင်တက်ပြီး မက္ကဆီကို အဝေးပြေးလမ်းမကြီး ၁၈၆ နဲ့ ၃၀၇ တို့ဆုံတဲ့ ဘလိဇ် - မက္ကဆီကိုနယ်စပ်မြို့ ချာတူးမာ ( Chetumal ) ဆီကို ပွဲစားက ပို့ပေးပါတယ်၊ ဒီအချိန်ကျနော့မှာ မက္ကဆီကို ဗီဇာမပါဖူးနော်၊ ပေါချောင်ကောင်း လိုက်တတ်တဲ့ ဗမာတွေ အကျင့်အတိုင်းမို့ ဈေးပေါပေါနဲ့ လမ်းပြ ဋ္ဌားလာပြီး မက္ကဆီကိုထဲရောက် အမေရိကန်နယ်စပ်ရောက်မဲ့ ကားလက်မှတ်ဝယ် ကားဂိတ်မှာမှ ငွေချေမယ်လို့ ပြောထားပေမဲ့ လမ်းပြပွဲစားက နယ်ခြားကျော်ပြီးခါစမှာ ဟိုဖက်ရောက်ရင် ငွေလဲရခက်တယ် ဘာတယ်နဲ့ ရစ်နေတော့ အားနာပြီး ငွေပေးလိုက်တယ်၊ ဒီတင် အဲဒီနယ်ခြားမြို့ အဝင် အဝေးပြေး လမ်းမကြီးပေါ် ပစ်ထား ခဲ့ပါလေရော၊ အဝေးပြေးလမ်းမပေါ် ဟိုငေးဒီငေး လုပ်နေတဲ့ ကျနော့မှာ အဆင်ပြေချင်တော့ ညနေလောက်မှာ တက္ကဆီ ကားတစင်းတွေ့ပြီး ကားသမားက ဘယ်သွားမလဲပေါ့၊ ဒီအချိန်ကြီး ညနက်တော့မယ် လူကြည့်တော့ နိုင်ငံခြားသားမှန်း သိတော့ အဘိုးကြီးက မက္ကဆီကိုဗီဇာ ပါလားမေးပါတယ်၊ မပါဖူးဆိုတော့ ဟာ … မင်း ချာတူးမာမြို့ ထဲကိုဝင်မရဖူး၊ ရှေ့မှာ ရဲဂိတ်ရှိတယ် မင်းဂိတ်ကိုကျော်ဖို့ ၁၀မိုင်လောက် ပတ်လျှောက်ရမှာ အဲတာမှ ကားဂိတ်ရောက်မှာလို့ ဆိုတော့ ကျနော်လဲ မှောင်နေပြီမို့ တက္ကစီသမား အဘိုးကြီးကို ငါ့ကို ဟော်တယ်တခုဆီ ပို့ပေးပါလား? ဆိုတော့ လာလာ … ဟော်တယ်တော့ မရှိဖူး၊ ၂၄နာရီဆိုင် တခုကို ဟိုင်းဝေးလမ်း နောက်ပြန် ဆုတ်ပြီး ခေါ်သွားပါတော့တယ်။

ဟိုရောက်တော့ သဘောကောင်းတဲ့ တက္ကစီသမားအဘိုးကြီးက အဝေးပြေးလမ်းမကြီးတွေ ဘေးက ထရပ်ကားတွေ ညအိပ်တတ်တဲ့ နေရာက သူ့သူငယ်ချင်ဆိုင်မှာ အပ်ထားပေးတော့ ဆိုင်မှာ ညအိပ်ဈေးရောင်း ပေးတဲ့ မက္ကဆီကန် ကောင်လေးက ပစ္စည်းတွေလှောင်တဲ့ ဂိုဒေါင်ထဲ ခေါ်သွားပြီး သူလဲ အဲဒီမှာပဲ ပုခက်နဲ့ အိပ်ကြောင်း ခင်ဗျားလဲ ဒီမှာပဲအိပ်ဆို နေရာ ပေးရှာပါတယ်၊ အမှန်တော့ ဒီမက္ကဆီကို ဖြတ်မဲ့ခရီးကိုလဲ မလေးကနေ ဘလိဇ်အထိ ရောက်အောင်လုပ်ပေးတဲ့ ပွဲစားလင်မယားပဲ စီစဉ်ပေးခဲ့တာ မိုက်တွင်းကြီးပုံများ ပြောပါတယ်၊ အဲဒီဆိုင်မှာ နေချိန်အတွင်း ဖုန်းပြန်ဆက်တော့ ပွဲစားလင်မယား ဖုန်းလုံးဝ မကိုင်တော့ ပါဖူး။

Click to enlarge

ဘလိဇ်က လုမှာ ကြောက်လို့ သံဗန်းတွေ ကာရံကာ ဈေးရောင်းတဲ့ ကုန်စုံဆိုင်

ဒါနဲ့ နိုင်ငံသားဖြစ်နေတဲ့ ကုလားကြီးကို သတိရလို့ ဆက်သွယ်တော့ သူက မက္ကဆီကိုနဲ့ ဘလိဇ်ကြားက ဖရီးဇုန်မှာ စီးကရက်တွေ ဝယ်ပြီး၊ ဘလိဇ်စီးတီးမှာ ဈေးလာရောင်းရင် ဝယ်အားပေးနေကြ ကုလားကြီး မိတ်ဆွေ မက္ကဆီကန်ဆီ လှမ်းအကြောင်းကြားတော့ ၂ရက် ၃ရက်အကြာမှာ လာကြိုပြီး သူ့အိမ်ခေါ်သွားပါတယ်၊ သူ့အိမ်မှာ အမေရိကားကိုဝင်ဖို့ ချိတ်တော့ ၂ပါတ်လောက်ကြာမှာ ကျနော်ရောက်နေတဲ့ မက္ကဆီကို မြေပုံ အောက်ဆုံးပိုင်းက ချာတူးမာမြို့က ခရိယာန်မိသားစု အသင်းတဖွဲ့ကနေ မက္ကဆီကို တနိုင်ငံလုံးကို အလည်အပါတ်ခရီးသွားမဲ့ အဖွဲ့တဖွဲ့မှာ လိုက်ပါပေးဖို့ ကုလားကြီးသူငယ်ချင်း မက္ကဆီကန် အဘိုးကြီးကနေ စီစဉ်ပေးပါတယ်၊ အမေရိကန် နယ်စပ်အထိ ဒေါ်လာ ၄၀၀၀ တောင်းပါတယ်၊ ၂၀၀၀ က အခုပေးပြီး ၂၀၀၀ က နယ်စပ်ရောက်မှ ပေးရမှာပါ၊ ဘာလို့ ဒီလိုလုပ်ရလဲ ဆိုတာကတော့ ရှင်းပါတယ် မက္ကဆီကိုနိုင်ငံထဲက မြို့အဝင် အထွက်ဂိတ်တွေမှာ စပန်ညော် (စပိန်) လို မပြောတတ်တဲ့ ကျနော့အဖို့ အမေရိကန် နယ်စပ်မပြောနဲ့ နောက်တမြို့တောင် ကူးခွင့် မသာပါဖူး။ ဖြစ်ချင်တော့ ဒီဘုရားဖူးယာဉ်ဟာ မြို့တွေ ရွာတွေဖြတ် ဘုရားကျောင်းတွေ ဝင်ဖူး ဂိတ်တွေမှာတော့ အစစ်အဆေးက ဘုရားဖူးကား ဖြစ်တာရယ်၊ ကျနော်ထိုင်တဲ့ ဂျောင်ကျကျ နေရာရယ် ဒီအချိန် မက္ကဆီကိုမြို့တော် မက္ကဆီကိုစီးတီးမှာ သူတို့ ဘာသာရေး ပွဲတော်ကြီး တခု အကြီးအကျယ် ရှိနေတာ ပေါင်းပြီး မြို့တိုင်းရွာတိုင်းက အစစ်အဆေး တွေကနေ လွတ်လာခဲ့ပါတယ်၊ အမေရိကန် နယ်ခြားနဲ့ တရက်ကျော်ကျော် လောက်ခရီးရှိမဲ့ ဇကါတက်ကပ်(စ်)မြို့ ( Zacatecas ) ရောက်တော့ ခရီးသွား ရက်ကြာလာတာရယ်၊ ကားမှာ ဝယ်ကြခြမ်းကြနဲ့ ပစ္စည်းပိုများလာတာကို အကြောင်းပြုပြီး ကားဒရိုင်ဘာက ကျနော် မက္ကဆီကန် မဟုတ်ပဲ ကားပေါ်ပါလာတာ သတိထားမိတော့ စီစဉ်ပေးလိုက်တဲ့ မက္ကဆီကန် အဘိုးကြီး သူငယ်ချင်း အခု ခရီးစဉ်ကို စီစဉ်သူ နဲ့ ကားစပါယ်ယာကို ဒရိုင်ဘာလဲဖြစ် ပိုင်ရှင်လဲ ဖြစ်တဲ့သူက ဆူပြီး အဲဒီမြို့မှာပဲ …ကျနော်ဟာ၊ ဟော့ဒီ …. မောင်ဘုန်း .. Alone ဖြစ်ကျန်ခဲ့ပါတယ်။

ဟော်တယ်တခုမှာ တရက် ဒေါ်လာ ၅၀ ပေးပြီးနေကာ ပွဲစားတွေ ချိတ်ယူတော့၊ ပွဲစားတွေက အဲဒီ နေရာတွေကနေ ကျော်ရင် အမေရိကားထဲ မူးယစ်ဆေးဖြန့်ပို့တဲ့ လမ်းကြောင်းတွေ ဖြစ်လို့ အမေရိကန် DEA က အထောက်အပံ့ပြုထားတဲ့ စစ်ဆေးရေး ဂိတ်တွေများလို့ စပိန်လို မပြောတတ်သူကို ခေါ်ဖို့အတွက် ငြင်းကြပါတယ် နယ်စပ်အထိသာ လာကြဖို့ ပွဲစားတွေက ပြောပါတယ်၊ ဒီတော့ အမေရိကားထဲက အသိတွေ လှမ်းချိတ် အကူညီတောင်းတော့ တလကျော်လောက်မှ အမေရိကားက မိတ်ဆွေတယောက် လှမ်းချိတ်ပေးလို့၊ မိတ်ဆွေအိမ်မှာ ဋ္ဌားနေတဲ့ မက္ကဆီကန် သွားဆရာဝန်တယောက် ဇကါတက္ကပ်မြို့ ကနေ လာခေါ်ကာ ဘယ်သူမှ မခေါ်ရဲတဲ့လမ်းကို ဘတ်(စ်)ကားလမ်းကြောင်းနဲ့ ကျနော့ကို ခေါ်ခဲ့ပါတော့တယ်၊ အမေရိကား - အရီဇိုးနား နယ်စပ်က နိုဂါးလိ(စ်)မြို့အထိ ပို့ပေးမယ်ဆိုပါတယ်၊ အဲဒီ ဆရာဝန်က တခုပဲ တောင်းဆိုပါတယ်၊ လမ်းမှာ စစ်ဆေးခဲ့ရင် သူခေါ်တယ်လို့ မပြောဖို့ ဒီအလုပ်ဟာ အလွန် အန္တရာယ်များတယ်လို့ တောင်းဆိုတာပါပဲ။

Click to enlarge

ဖယ်ဒရယ် အေးဂျင့်က ခဏ ခဏ ဖေါက်ခံရတဲ့ သံဗန်းခြံစည်းရိုးတွေကို ပြနေပုံ

လမ်းမှာလား? စစ်တာပေါ့ … ဘတ်(စ်)ပေါ်က အသက်ကြီးပိုင်းနဲ့ အမျိုးသမီး တွေကလွဲလို့ ကျန်တာတွေက ပိုက်စိပ်တိုက်ပဲ၊ အမေရိကားနားနီးလေ one by one ဖြစ်လေဘဲပေါ့၊ တချို့ အစောပိုင်းဂိတ်တွေမှာ ကျနော့ကို ကျော်ပြီး မမေးတာတွေရှိခဲ့ပြီး ကြုံခဲ့ပါတယ်၊ အမေရိကား ခြံစည်းရိုးနား နီးလာတော့ ကားတွေပေါ်က ဆင်းပြီး အစစ်ခံရတာတွေ ရှိလာပါတယ်၊ ရင်တုန်ပန်းတုန် အဖြစ်ဆုံးကတော့ မက္ကဆီကို ဟိုင်းဝေးအမှတ် ၁၅ D နဲ့ အမှတ်၂ လမ်းမကြီး ခဏပေါင်းသွားတဲ့ ဆန်တာ အန်နာ (Santa Ana)ဂိတ်မှာပါပဲ၊ ဂိတ်ထဲခေါ်စစ်တော့ ကျနော့ အလှည့်ရောက်မှာ စကားပြောတာနဲ့ သိနေပြီ မင်း … ခြံစည်းရိုးကျော်မလို့ မဟုတ်လား? မေးတော့ ဟုတ်တယ်လို့ ဖြေလိုက်ရတော့တယ်၊ အထောက်အထားဆိုတာနဲ့ ဒီတော့ Passport စာအုပ်ထုတ်ပြတော့ ဗီဇာမပါတာနဲ့ သူတို့ ဗိုလ်ကြီးဆီ ခေါ်သွားတယ် သူ့ဗိုလ်ကြီးက စာအုပ်တောင် မကိုင်ကြည့်ဖူး၊ ဆရာကြီး အထာနဲ့ မင်း… ချီးနား(China)လားလို့ မေးတော့ ရောသော ပေါသော လုပ်ပြီး ဟုတ်တယ် ဖြေလိုက်တယ်၊ မင်း ဗီဇာမပါတာနဲ့တင် ဖမ်းလို့ ရပြီ ပြောတော့ မလုပ်ပါနဲ့ ဗိုလ်ကြီးရယ် ဆိုပြီး ပိုက်ဆံအိတ်ထဲက အစိမ်း၃၀၀ ထုတ်ပေးတော့၊ အဲဒီ ဗိုလ်ကြီးက ပိုက်ဆံတောင် မကိုင်ကြည့်ဖူး အမေရိကားမှာ အမျိုးရှိလား ? လို့ထပ်မေးတယ်၊ မိဘတွေရှိတယ်လို့ ပါးစပ်ထဲ အဆင်ပြေသလို ဖြေတော့ … အေး…အေး ၁၅၀ ပြန်ယူသွား ဟိုဖက်ရောက်ရင် ကုန်ဦးမှာ ဟော်တယ် စရိတ်ရှိသေးတယ် ဆိုပြီး ပြန်လွှတ်ပေးခဲ့တယ်။ ဂိတ်ကထွက်တော့ စိတ်ထဲမှာ ကျလိကျလိ ဖြစ်ပြီး ကြိမ်းဝါးလိုက်တယ် …. ငါလာပြီ … ဟေ့ …အမေရိကားလို့။

Click to enlarge

အမေရိကန် မက္ကဆီကို နယ်စပ်နှင့် ခြံစည်းရိုး

အမှတ်၂ နဲ့ အမှတ် ၁၅ D လမ်းမကြီး ပူးရာကနေ ခွာပြီး နိုဂါလစ်ဆီ တိုက်ရိုက် ဦးခိုက်နေတဲ့ အမှတ် ၁၅D လမ်းမ သတ်သတ်ခွာထွက်သွားတဲ့ လမ်းဆုံ အင်မာရစ် ( Imuris ) မြို့ စစ်တပ်ဂိတ်မှာလဲ ကားရပ်လို့ စစ်မလို့ လုပ်နေတုန်း ရှိသေးတယ် ဘတ်(စ်)ကား နောက်က ကားက ကြောက်အားလန့်အားနဲ့ ပြန်ကွေ့မောင်းပြေးလို့ အဲဒီကားလိုက်ဖမ်းဖို့ အာရုံများနေကြတာနဲ့ ထပ်ပြီး လွတ်လာခဲ့ကာ သံတံတိုင်းတွေ ကွန်ကရစ်နံရံ အမြင့်ကြီးတွေ ကာရံပြီး မြို့လေးကို ၂ခြမ်းခွဲထားသလို မြင်ရတဲ့ နိုဂါးလစ် ( Nogales ) မြို့ဆီကို ဆိုက်ရောက်လာ ခဲ့တော့တယ်။ အမေရိကားကို ကူးမဲ့ညမှာ လိုက်ပို့ပေးတဲ့ ဆရာဝန်က ခြံစည်းရိုးကျော်ပြီး အမေရိကား အရီဇိုးနားပြည်နယ်ထဲက တပ်ဂ်ဆန်မြို့ အထိလိုက်ပို့ ပေးမဲ့ ပွဲစားကို ရှာပေးပြီး သူပြန်သွားပါတယ်၊ ညကြတော့ အဲဒီ နိုဂါလစ်မြို့ အနီးက ခြံစည်းရိုး အမြင့်ကြီးတွေကနေ မကျော်ပဲ မြို့ပြင်ထွက်ပြီး လူအတော်ပြတ်တဲ့ တောစပ်စပ်နေရာမှာ ခြံစည်းရိုးဖြဲ ဝင်မလို့လုပ်နေတုန်း မက္ကဆီကို နယ်ခြားစောင့်တပ် မြင်လို့ ပြေးကြတာ သူတို့က ကားနဲ့လိုက်တော့ ခဏလေးနဲ့မိပြီး ဖမ်းခံထိပြန်ပါတယ်၊ ကျနော်ရယ် မက္ကဆီကို ကောင်လေးတယောက်ရယ်၊ လမ်လျှောက်ပွဲစားရယ်ပါ။ ဖမ်းမိပြန်တော့ စစ်သားတွေက ပိုက်ဆံအိတ်ထဲ ကျန်နေတဲ့ ဒေါ်လာ ၂၀ နဲ့ ဘလိဇ်ကယူလာတဲ့ လက်ကိုင်ဖုန်းလေး ယူပြီး လွှတ်ပေးလိုက်တယ်၊ နောက်သူတို့က ကျနော်ပါလာတဲ့ ကျောပိုးအိတ်ကို မယူသွားနဲ့လို့ ပြောတယ် ဒီစေတနာ နောက်မှသိရတာပါ၊ ဒီဖက်လမ်းက သွားလို့ ပွဲစားကို ထပ်ညွှန်ပြနေတာတောင် တွေ့လိုက်ရသေး၊ သွပ်ဆူးကြိုးတွေ ဖြဲဝင်ရင်း လမ်းလျှောက်ပွဲစားကို မေးလိုက်တယ် ငါတို့ ဆုံရပ် ဘယ်နှစ်နာရီလျှောက်ရမလဲ ဆိုတော့ နာရီဝက်၊ ၁နာရီလောက်ပဲ ပြောတယ်၊ နားကြားပဲ လွဲသလားမသိ တညလုံးတတောင်တက် တတောင်ဆင်းနဲ့ ဖြတ်ရင်း၊ ခွေးဟောင်သံတွေကြားရင် ခဏခဏ မှောင်မှောင်မဲမဲထဲ ဝပ်လို့ အခြေအနေစောင့်ကြည့် ရတာလဲ အကြိမ်ကြိမ် ဒီလိုနဲ့ မနက်သာ မိုးစင်စင် လင်းသွားတယ် တညလုံး ရေသောက်စရာမရှိပဲ ဖြတ်လာခဲ့ကြတာ၊ အမေရိကန်ထဲ ရောက်နေပြီး ချိန်းထားတဲ့ တက္ကစီလာကြိုမဲ့ ဟိုင်းဝေးဆီ ဇောတွေနဲ့ ချဉ်းကပ်လာ နေခဲ့တော့တယ်။

Click to enlarge

ရင်၂ခြမ်းခွဲထား သလို တံတိုင်းတွေ ကာထားတဲ့ နိုဂါးလိ(စ်)မြို့လေး

မနက် လင်းခါစမှာ ဟတ်စကီးတွေ ခေါက်တို့ ခေါက်ပြန် ကပ်ဝဲပြီး ပျံနေတာတွေ့တော့ လူ ခါးတဝက်လောက် မြင့်တဲ့ ကန္တာရ ဆူးချုံပုတ်တွေထဲ အသံကြားတာနဲ့ ၂ခါလောက် ပြေေးပြးဝင်ပုန်း ခဲ့ရသေးတယ်၊ ဆူးတွေ ခြစ်ပြုတာတော့ ရှိတာပေါ့၊ မနက် ၁၀နာရီလောက်တော့ ဆုံရပ်ဟိုင်းဝေးနား ကပ်လာပြီ၊ ရေသိပ်ငတ်လွန်းလို့ အနီးဝန်းကျင်မှာ ရေလိုက်ရှာတယ်၊ တောင်ထိပ်မှာ အိမ်တအိမ်သွားတွေ့တယ်၊ အဲတာနဲ့ အဲဒီကိုသွားပြီး အိမ်အစပ်က ရေဘုံဘိုင်မှာ ၃ယောက်သား ရေသွားသောက် အပြီးမှာပဲ အိမ်ထဲက ခွေးသမင်ကြီးလိုက်လို့ ပြေးရသေးတယ်၊ တောင်ခြေက တော ခပ်စပ်စပ်ထဲ ရောက်လို့ လှည့်ကြည့်တော့ အိမ်ရှင်က မဂ္ဂနမ်သေနတ်ကြီး တကားကားကိုင်လို့ ထွက်လာတာ တွေ့လိုက်ရသေးတယ်၊ နောက်တော့ ဟိုင်းဝေးအနားက ခြုံပုတ် အပုလေးတွေနား သွားဝင်ပုန်း စောင့်နေရသေးတယ်၊ လမ်းလျှောက်ပွဲစား ကတော့ သူ့ဟမ်းဖုန်းနဲ့ အဆက်အသွယ်တော့ လုပ်နေတာပဲလေ၊ ဆီညော် … တို့ … ဟိုးလာ …တို့ ပြောတာတော့ မှတ်မိလိုက်တယ်၊ တနာရီလောက်ကြာတော့ တက္ကစီသမားလာကြိုလို့ တပ်ဂ်ဆန်မြို့ ဆုံရပ်အိမ်ကို ရောက်လာမှ ကိုယ့်လိုပဲ ဘယ်လမ်း … ဘယ်လမ်းတွေက တိုးဝင်လာကြတဲ့ သူတွေလဲမသိ၊ အဲဒီအိမ်ကို တသုတ်ပြီး တသုတ် ဝင်လာမစဲ တသဲသဲပဲလေ။

Click to enlarge

အမေရိကားထဲကို မက္ကဆီကန် နယ်စပ်မှ ခြံစည်းရိုးကျော် ပြေးဝင် ထွက်ပြေးကြသူများ

ညနေကြတော့ အမေရိကားထဲက မိတ်ဆွေတွေ အစီစဉ်နဲ့ပဲ အမေရိကန်- အာဖရိကန် အမဲကောင် ကိုယ်တိုင်လာကြိုတဲ့ ကိုယ်ပိုင်ကားနဲ့ ၂ယောက်သား တပ်ဂ်ဆန်မြို့ ကနေ ညနေစောင်းမှာ ထွက်လာခဲ့ပြီး အရီဇိုးနားပြည်နယ်မြို့တော် ဖီးနစ်မြို့ ရောက်တော့ ညအိပ်မယ် လုပ်ကြသေးတယ်၊ ဘာဖြစ်တယ် မသိပါဖူး …. အမဲကောင်က စိတ်ပြောင်းပြီး ဆက်သွားမယ်ဆိုကာ တညလုံးမောင်းလို့ အကုသိုလ်မြို့တော်လို့ တင်စားခေါ်တဲ့ လတ်(စ်)ဗီးဂတ်(စ်) ဆီ ဦးတည်ပြီး လာနေတဲ့ ခရီးမှာစီးမျှောရင်း စိတ်ကူးနဲ့ရူးခဲ့ရတဲ့ အိပ်မက်တိုင်းပြည်ကိုတော့ ရောက်ပြီ၊ ရှေ့မှာဘဝရဲ့လိုအပ်ချက် ကွက်လပ်တွေကို တကယ်ဖန်တီးနိုင် …. မနိုင် … တွေးရင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တာ …

အဲဒီညက အရီဇိုးနားပြည်နယ် ကနေ နီဗါးဒါး သဲကန္တာရထဲ အထိ ခြံစည်းရိုးတွေ အဆင့်ဆင့်ကျော်ကာ တိတ်ဆိတ်တဲ့ အပူလှိုင်းတခု လှို့ဝှက်စွာ ဖြတ်သန်းစီးဆင်းလို့ သွားတော့တယ်။

ဒူအဘာ (လူထုအသံ)

သူလိုလူ ဇဗ္ဗူမှာ(ကနေ့ ခေတ် တပ်မတော်ထဲမှာ) ရှိသေးရဲ့ လား? “ဗိုလ်ကြီးအုန်းကျော်မြင့်”


ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ နောက်ဆုံးနေ့ များထဲက ပုံရိပ်တစ်ခုပါ။

ရုရှရောက် ဂျူနီယာများအတွက်...ငါတို့ တပ်မတော်မှာ သူလိုလူမျိုးရှိခဲ့တယ်ဆိုတာ တပ်လှန့် နှိုးဆော်ခြင်း........

ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ခဲ့ပြီး မဆလခေတ် ဗိုလ်လောင်းသင်တန်း OTS (၂၉)သင်တန်းဆင်းမှာ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိခဲ့သူပါ။ စစ်ရုံးချုပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့် ခွန်းကအစ ဗိုလ်ကြီးအုံးကျော်မြင့်ရေးတယ်ဆိုရင် လူကြီးတွေကစိတ်ချလက်ချရှိတဲ့အထိ ထူးချွန်ထက်မြက်ခဲ့သူတစ်ဦးပါ။ အာဏာရူးဦးနေ၀င်း အုပ်စုရဲ့ ကျောင်းသားလှုပ်ရှာမှုတွေအပေါ်အကြမ်းဖက်ကိုင်တွယ်ပုံကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရတဲ့သူဟာ ထိုင်းနိုင်ငံသွားတဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ဖြစ်ထွန်းတိုးတက်နေမှုကို ကိုယ်တွေ့ မြင်ခဲ့ရပြီး ဆင်းရဲနုံခြာနေတဲ့ မြန်မာနိုင်ငံရဲ့ မှားယွင်းနေတဲ့ စနစ်အပေါ်သံသယ၀င်လာခဲ့ပါတယ်။ တရားမျှတမှုကို မွေးရာပါမြတ်နိုးခဲ့တဲ့ သူဟာ နောက်ဆုံးမှာ တိုင်းပြည်ချစ်စိတ်ကို အရင်းခံလို အာဏာရူး ဦးနေ၀င်းကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြံစည်မှုမှာ သူဟာသေဒဏ်ပေးခံခဲ့ရပါတယ်။
ကနေ့ ခေတ်တပ်မတော်ဗိုလ်လောင်းတွေမှာ သူလိုလူမျိုးတွေ မရှိမဟုတ်...သေချာပေါက်ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့  ကျွန်တော်တို့ ဗိုလ်လောင်းတွေကို ဗိုလ်ကြီးအုံးကျော်မြင့်လို မဖြစ်ရအောင် ရုရှလွှတ်ကတည်းကိုက စက်ာပူ၊ ထိုင်း လေဆိပ်တွေကလေယာဉ်မပြောင်းရတဲ့ စင်းလုံးငှားလေယာဉ်ငှားပြီး တိုက်ရိုက်ပို့ ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ...ကျွန်တော်တို့ မြန်မာပြည်ဟာ ဟိုးအတိတ်မှာ မှောင်မှောင်မဲမဲနဲ့ ကျန်ခဲ့ပြီဆိုတာ သိရခဲ့ပါပြီ။ အပြင်ထွက်ဖို့ အခွင့်မသာတဲ့ ဗိုလ်လောင်းတွေဟာ အားလပ်ချိန်တွေမှာ အင်တာနက်ကခရီးထွက်ရင်း ကမ္ဘာကြီးအကြောင်း သိသင့်သလောက်သိခဲ့ကြပါပြီ။ တချို့ ကြွက်ချီးတွေကလွဲလို့ ပေါ့။
ဗိုလ်ကြီးအုန်းကျော်မြင့်လို သို့ မဟုတ် အင်ဒိုနီးရှား သမ္မတ ဆူစီလိုဗန်ဗန်း လို လူမျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရင်း.....

To Read

Arzarni ဘလော့ခ်

ချစ်ခြင်းငယ်ပြိုင်


-မင်းဒင် ရေးသည်-

မြေကမ္ဘာတွင် သူသူငါငါမကင်းနိုင်လေသော ၊ လူ့ကမ္ဘာလူ့ရွာကို တည်ဆောက်ထားလေ သော “ အချစ်“ ဟူသောဝေါဟာရနှင့် စကားချီး လိုက်သဖြင့် ထိတ်ကနဲရင်ဖို ကြပေလိမ့်မည်။ ဆန္ဒမစောကြပါလေနှင့်။ ခေတ္တငံ့စေလိုပါသည်။ ကျွန်ုပ်ဆို လတ္တံသော အချစ်အကြောင်းကား အပြာစာမျက်နှာ ကဲ့သို့ ညစ်ညမ်းသော တဏှာပေမအချစ်နှင့် လားလားမျှ မဆိုင်ချေ။ ထို့အတူအအဖိုးနှင့်အဖွား အဖေနှင့် အမေ၊ကျွန်ုပ်တို့ နှင့်မော်ဒယ်များ အကြား တောင်တောင်အီအီ အချစ်တို့ကိုလည်း ဆိုလိုမည် မဟုတ်ချေ။ ကျွန်ုပ် ယခုညွှန်းဆိုမည့် အချစ်သည်ကား သကျ သာကီနွယ်ဟု ဆိုအပ်သော မြန်မာ ပြည်သားတို့၏ တိုင်းချစ်ပြည်ချစ်၊ နိုင်ငံကိုချစ် သော အချစ်ကိုဆိုသတည်း။

ဤတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဦးဥတ္တမ၊ ဦးဝိစာရ၊ ရှင်ဂမ္ဘီရ ၊ဦးဝင်း တင် တို့ ကဲ့သို့သော သမိုင်းအမူ မော်ကွန်း ထူအပ်သော တိုင်းပြည်ချစ်သူများ၏ အချစ်ကိုကား အဦးအစ မူလကပင် ဝိဝါဒကွဲပြားရန် မရှိ၍ အထူးတလည် စောကြောရန်လို မည်မထင် ချေ။ မှန်ပေ၏။ သူတို့ကား “ ဂန္တဝင်ချစ်သူ“ များပေတည်း။
ထို့ပြင်တဝ ၊ မင်းကိုနိုင်၊ကိုကိုကြီး၊ နီလာသိန်း၊ စုစုနွေးတို့၊ကိုထင်ကျော်(ကုန်ဈေးနှုန်း)၊ ….. ၊ …..၊ …….၊ တို့ကဲ့သို့သော ဘဝကိုရင်းလျက်၊ ထောင်နံရံကို ရင်မြေကတုတ်လုပ်၊နောက်မ ဆုတ် တမ်းတိုက်ပွဲဝင် နေသူများ၏ အချစ်ကိုလည်း အများလက်ခံသိရှိပြီး ဖြစ်သည့် အလျောက် ထပ်မံ ခွဲခြမ်း စိတ်ဖြာရန် လိုမည် မဟုတ်ချေ။ ထိုသူတို့၏ ရေမရောသည့် နိုင်ငံ ချစ်သူတို့၏ အချစ်များကိုမူ “အချစ်စစ်စစ်များ“ဟု အထင်ကရ သညာပြုလိုသည်။
…………………….
ထိုတမူလည်း ဆိုဖာဆုံလည်၊ ပလ္လင်ငယ်ထက်၌ စံတော်မူလျက် ၊လူတကာသေပေ့စေ၊ ငတေမာလျှင်ပြီးစတမ်း ၊ သဗ္ဗညုတဥာဏ်ရှင် ဘုရားပင် သော်မှ မဆန်နိုင်လေသော သံဃာ အားကို လက်ရုံးလူမိုက် ကြံ့ဖွံ့တသိုက်၏ မဟာစွမ်းပကားဖြင့် အောင်တော်မူပေထသော မြန်မာစစ်မင်းများ ၏ တိုင်းပြည်ချစ်နည်းနိဿရည်း သည်လည်း နောက်လာနောက်သားတို့ အတုခိုး မမှားစေခြင်းငှာ ဖော်ပြရေးသားရန် မသင့်ပြန်ချေ။ သံခိပ်အား ဖြင့် မှတ်ရန်မှာ“ ဗာလနံ အချစ်“ ဟူလို။
………………………..
ယခု ကျွန်ုပ် အထူးဝိဂြိဟ်ပြုညွှန်းဆိုချင်သည်ကား အထက်ဖော်ပြပါ အာဇာနည်တို့၏ အချစ်မျိုးကို အားကျအတုယူနည်း မှီလေသ လော၊ ကိုယ်တိုင်ပင် ဖန်တီးလေသလော၊ ၊ဝေခွဲခြင်းငှာ မစွမ်းသာသည့် အမေနှင့်ရွာကိုခွဲကာ တရပ်တကျေး နယ်အဝေးသို့ ရောက်နေ သည့် ကျွန်ုပ် အနေဖြင့် ၊ မျက်မြင်ဒိဌ ကြုံနေရသည့် အဝေးရောက် ပုန်စားသူတို့၏ အချစ်များ အကြောင်း ပင်တည်း ။ ချစ်ခြင်းပြိုင်ကြ လေဟန်တကား။
……………….
ချစ်သူများသည့်နည်းတူ၊ ချစ်ပုံချစ်နည်း ချစ်နိဿရည်းတို့သည်လည်း များလှပါဘိတောင်း။ ၊အချို့ကား ပရိုပိုဆယ် အလို့ငှာ ချစ်ရ၏ ။ အချို့ကား ကိုယ့်ကိုယ်ကို မျိုးစိတ်ပုဂ္ဂိုလ်စာရင်း သွင်း လျက် ၊ စိတ်အဆာပြေအောင် ချစ်ရ၏။ အချို့ကား ဒိုနာ စိတ်မညိုငြင် စေရန် ချစ်ရ၏။ ချစ်မျိုးစုံလင်လှပေစွ ။
…………………

အဦးအစ ဖော်ပြလိုသည်ကား မဲဆောက်စစ်ဌာနချုပ်မှ အတိုက်အခံတဦး၏ ချစ်ခြင်းတည်း။ အနှီပုဂ္ဂိုလ်သည် ပြည်တွင်းမှာ ဖြစ်ပွားသည့် ဗျောက်အိုး၊ ရေထမ်းပုံး ၊ကားတာယာ ၊စက်ဘီး တာယာ ၊ ဆပ်ပြာဗူဗောင်း ၊အားလုံးသော ပေါက်ကွဲမှုမှန်သမျှ တယောက်တည်း ဒိုင်ခံ ကန်ထ ရိုက်ဆွဲကာ “ ငါလုပ်တာ “ ချည်းဆိုတတ်လေသောကြောင့် ကျွန်ုပ်က ဗိုလ်ချုပ် ဟုချစ်စနိုး အမည်ပေးထား၏။
ကျွန်ုပ်နှင့် ဗိုလ်ချုပ်အွန်လိုင်းတွင် ဆုံလေတိုင်း ၊ “ကျုပ်က အာဇာနည်ဗျ၊ ဒါဟာ အမှန်တရား ပဲ “ ဟု အတည်ပေါက်ကြီး ဆိုတတ်လေ ရာ ကျွန်ုပ်မှာ ငိုရခက်၊ ရီရခက် ဖြစ်လျက် နောင်သော် ဒီမိုကရေစီ ခေတ်လွန်ကာလ၌၊ အများပြည်သူ အလေးပြုနိုင်ရေးအတွက်၊၊ ရုပ်တု ထုရန် အလို့ငှာ လေးဘက်လေးတန်မှ ရိုက်ကူးအပ်သော ဓာတ်ပုံများကို ပို့ပေးထားပါရန် မေတ္တာ ရပ်ခံ လိုက်ရလေသည်။ယင်းအတိုက်အခံဗိုလ်ချုပ်၏ အချစ်ကို “ရမ်ဘို အချစ်“ ဟု အမည် ပေးရသော် သင့်နိုးထင်မိ၏။
…………………………
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊အကျဉ်းသမားများအား “ညာလက်ရောဘယ်လက်ဖြင့်ပါ စောင်မကြည့်ရှုပါအံ့ “ ဟူ၍ အဖွဲ့အမည်တပ်ကြွေးကြော် လေသော အဖွဲ့ကား မည်သည့် လုပ်ငန်းဆောင်တာများ ကို လုပ်လေ သည် မသိ။ မည်သို့ကူညီစောင့်ရှောက်သည် မသိရချေ။ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် အထင်ကရ ဖြစ်ခဲ့လေသော ကိုထင်ကျော် ဘယ်ထောင် ရောက်နေသည်ဟူသည့် အမေးပုစ္ဆာ ကိုပင် အတိအကျ အကြောင်း မပြန်နိုင်ချေ။ “အဲဒီအသင်း က ဘယ်အကျဉ်းသား တွေကို၊ ဘယ်လိုကူညီနေတာလဲ ဗျ“ ဟူသော ပြည်တွင်းမှ လူငယ် တဦး ၏ ခပ်ငေါ့ငေါ့ အမေး ကို မည်သို့မျှ ပြန်လည်မဖြေဆိုနိုင် သည်နှင့် ကျွန်ုပ်မှာ ပဲလှော်ကြား ဆားညပ်တော့မည်ဖြစ် ရကား ဟိုလိုဒီလိုလို အရူးကွက် နင်း လိုက်ရဘူးလေ သည်။ထိုအဖွဲ့ကို ဦးစီးကြိုးကိုင်သူတို့ နိုင်ငံအပေါ်ထားရှိသော အချစ်ကား “နံရံအချစ်“ ဟု ဆိုထိုက်ပေမည်။
………………………..
အပတ်စဉ် အလှည့်ကျ အမေရိကတိုက်ကြီးမှ လွှင့်ထုတ်အပ်သော အသံလွှင့်ဌာန ရေဒီယိုမှ နေ၍ ၊ မောင်နှင့်အောင်များ တင်ဆက်သော“ အများ “ အမည်ရှိ အစီအစဉ်တခုတွင် .. “လွယ်တာကို လွယ်လွယ်နဲ့ ခက် သွားအောင် ခပ်ခက်ခက်လုပ်သင့်သည်“ ၊ “ယုံကြည်တာကို မယုံကြည် ခြင်းဟာ ၊ မယုံတဝက်ယုံတဝက် ဖြစ်၍ ချင့်ယုံရန်လိုသည်“ စသောလွန်စွာဆန်းပြား လှသည့် ဘာသာဗေဒ တမျိုးကို ကြားရလေ ရာ၊ ကျွန်ုပ်မှာ “ငါသည် မြန်မာစာ၊ မြန်မာစကားကို ပင် နားလည်တတ်ကျွမ်းခြင်း မရှိတော့ ယောင်တကား“ ဟုအားငယ်ခြင်းကြီးစွာ ဖြစ်မိပြန် လေ သည်။ အကြောင်းကား နားထောင်လေ ပိုရှုပ်လေ ဖြစ်၍ ငါသည် အများမဟုတ်လေတကား ဟုတွေး တောမိခြင်း ကြောင့်တည်း ။ ထိုသူတို့၏ချစ်ခြင်းကို အမည်နာမ ညွှန်းဆိုရလျှင် “ ဗဟုအချစ် “ မည်ထိုက်ပေသည်။
……………………..
ဆက်၍ဆိုဦးအံ့။ လေလှိုင်းကြားတွင် အရေးမှန်သမျှ ကျွမ်းကျင်လှပေသော ကျမ်းတတ်တချို့ ကလည်း “ ဒါကတော့ နှစ်ပိုင်းရှိတာပေါ့နော်၊ တပိုင်းက ပထမပေါ့နော်၊ နောက်တပိုင်းက ဒုတိယပေါ့နော် ၊ အစရှိသဖြင့် ပေါ့နော်ခြင်းထပ်နေသည့် “ ပေါ့နော် အချစ်“ကိုလည်း နားကြား ပြင်းကပ်စွာ ကြား ရပြန်ချေသည်တမုံ့။
……………………..
အခြားတနည်းကား စစ်မင်းဗိုလ်ချုပ် ဖုတ်ထဲတွင်လဲ၍ ဒူးပြဲခြင်း၊ ကောက်ညှင်းစား၍ ဝမ်းချုပ် ခြင်း၊ ဦးချိန်တီကြောင့် တပ်ချုပ်လေလည်ခြင်းမှ အစ ၊ ကြပ်ပြေးအိမ်တော်တွင် မသာရထား ဆိုက်နေပြီ၊ တပ်ချုပ်ကြီး၏ ရက်လည် အသုဘ အလွန်တရာစည်ကား အစရှိသဖြင့် မဟုတ် တမ်းတရား ၊ လေဖမ်းဝါးတမ်းချည်၊သတင်းမျိုးစုံကို တင်လေသည့် ဝီရိုက်၊ ဝီမိုက် ရဲဘော်ဟောင်း ကြီးသည်လည်း ရှိလေသေးချေ၏။သူ့အချစ် ကား “ ရမ်းတုတ် အချစ်“ ဆိုနိုင်လေမည်။
…………………………
နောက်တမူလည်း သတိ၊ ညာညှိ၊ သက်သာ၊အေးစေ၊ နေမြဲ ဟူသော အခြေခံစစ်ပညာမျှကိုပင် သင်ယူခဲ့ခြင်း ရှိဟန်မတူသော စစ်ရေး ဧတဒဂ် တဦးကလည်း .. “ဒါကဒီလို ရှိပါတယ် ။ တပ်ချုပ် ကြီးဆိုတော့ သူက အကြီးဆုံးပေါ့။ တိုက်ပွဲဖြစ်တဲ့အခါ တဒိုင်းဒိုင်းပစ်ကြတာပေါ့“ ဟူ၍ တည်တည်ကြီးလှိမ့်တတ်သော“ ဒိုင်းညှောင့်အချစ်“သည်လည်း ရှိလေသေး၏။
……………………….
ထို့အတူ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သော ကိုးမီးဖဲဝိုင်းတွင် ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်အိမ် ကိုးကျ၊ ကိုယ့်မဲ ကိုယ်ထွင် ၊ ကလိန်စေ့ငြမ်းဆင်လေ သော ကမ္ဘာတည်သရွေ့ ဝန်ကြီးချုပ် အဖြစ်မှ တပြားသားမှ မလျော့သည့် “ ကော်ဇောအချစ်“ဖြင့်ချစ်သူတို့သည်လည်း တမှောင့် ။
……………………..
သို့တပြီးကား တိုက်ပွဲဝင်ရဲဘော်ဟောင်း မောင်ငြိမ်း၏ အဆိုအရ အေဘီစီဒီ အက္ခရာမျိုးစုံ အမည်တပ်လျက် ကွန်မြူနစ်အလံကိုအမြင့်ဆုံးလွှင့်ထူ ကာဘိလပ်သူဂါဝန် အောက်ခေါင်းလျှို ၀င် လျက် .. Arr.. yea... ohh.. I love my country ဆိုတတ်သော “ဘိလပ်အချစ်“ ဟူသည် ရှိသေးပေရာ ချန်လှပ်ထား၍ မရစကောင်းဟု မှတ်သားရ ပြန်၏။
………………………
ဤအချစ်အနှီအချစ်တို့အကြောင်းကား ထူးထွေသည့်အံ့ရာသော်၊ သမုဒ္ဒမှင်ဖျော် ၊ရေးသော်မှ တည့် ဆုံးအံ့မထင်ချေ။
ဘလော့တကာ စီဘောက်တကာတွင် မောင်နှင့်နှမ သားနှင့်အမိ ဖတ်ရှု၍ပင် မသင့်လျော် သော ကြမ်းတမ်းရိုင်းစိုင်းလှစွာ ရေးတတ်ကြသော “ဖရုဿဝါစာအချစ်“ ၊၂၀၁၀တွင် ရရာ နေရာဝင်ထိုင်မည့် “ဖျာအချစ် “၊ ရေဒီယိုအစီအစဉ်တွင် ပဓာန၊နာယက၊ ကမကထပြုရင်း၊ အငိုက် အလစ်ဂိုး ဝင်ဝင်သွင်း တတ်သည့် “ချွန်တွန်းအချစ်“၊ ကွန်မြူနစ်ကြီးကို စတင်မွေးဖွား ရာနိုင်ငံကြီးတွင် ၊ ဘုမသိဘမသိ ရောက်နေကြလျက် ၊ အမိန့်ဟူသမျှ နာခံနေကြရသည့်၊ ကိုယ်စီးသည့်မြင်း အထီးမှန်းအမမှန်း မသိရှာကြလေသော ၊ အာဂရဲမက်တော်တို့၏ ကျား ကျားမီးယပ် “ကိုဗော့စကီး အချစ်“ ၊တကြိမ်တလေမျှ နားထောင်ခဲ့ခြင်းမရှိသော်လည်း ထပ်ခါ ထပ်ခါ တောင်းဆိုမေတ္တရပ်ခံနေသည့် ယူအန်၏ “နွဲ့ဆိုးအ ချစ်“၊အိုဗားမားနှင့် ရိုဟင်ဂျာစာလုံး ပါလျှင် ပြီးစတမ်း ပွဲမဆူဆူအောင် ဇွတ်သတင်းဖန်တီး နေကြသည့် သတင်းဌာနများ၏ “အော်လန်အချစ်“… အစရှိသည်ဖြင့် များမြှောင်လှပေရာ စာလေး မည်ဖြစ်လေ၍ ဆက်လက် မဖော်ပြ လိုတော့ပြီ။
…………………………..
မည်သို့ဆိုစေ ချစ်ခြင်းအတွက်ကား မည်သူကိုမျှ အပြစ်ဆိုရန် အကြောင်းမရှိချေ။ မည်သို့ပင် ချစ်ကြသည်ဖြစ်စေ ချစ်နည်းမှန်ဘို့တော့ လိုပေ မည်။အဝေးရောက်တို့အချစ်သည် အချစ်စစ် အချစ်မှန်ပေလော။ ပုံတိုပတ်စတို့ဖြင့် ငယ်ဘဝကို ဖြတ်သန်းခဲ့လေသောကျွန်ုပ်မှာ ဖတ်ခဲ့ဘူး သော ပူရမ်ကျမ်း တခုကို သတိရမိလေပြန်၏။ အဆိုပါ ပူရမ်၏သုတ္တံတခုတွင် ဆာဒူးတပါး၏ ကျောင်း သင်္ခန်းသည် ပြည့်တန် ဆာအိမ်အနီး ရှိခဲ့သည် ဆိုလေ၏။ ဆာဒူးကား သူ၏ မူလ ကမ္မဌာန်း ကိုမပြုမူပဲ ပြည့်တန်ဆာအိမ် လူဝင်လူထွက်စာရင်းကို ကျောက်ခဲတို့ဖြင့် တာလီမှတ် သည် ဟူ၏။သေလွန်သော် ပြည့်တန်ဆာမှာ နတ်ပြည်ရောက်၍ ဆာဒူးမှာ ငရဲသို့ ဒိုင်ဗင် ထိုးသလို ကျသွားကြောင်း ဖတ်ဘူးလေရာ ၊မြန်မာ ပြည်ချစ်သူများ ချစ်ခြင်း ပြိုင်နေသူများအား လုံး၏ အချစ်သည် အဆိုပါ သုတ္တံမှ ဆာဒူး၏ “တာလီအချစ်“ ကဲ့သို့ ဖြစ်နေသည်ကို အလန့် တကြား တွေ့ရှိရလေသည်။
…………………….
ဆိုရေးရှိ၍ ဆိုရပါလျှင် မြေကြီးလက်အပ်၊မုချဆတ်ဆတ်မှတ်ထိုက်သောအချက်မှာ “ဂန္တဝင်အချစ်“၊ “အချစ်စစ်စစ်“ တို့မှ လွဲ၍ အခြားအခြား သော ချစ်ခြင်းတို့ကား သံသယ ပွားဖွယ်ရာ အတိပေ တည်း။ဤပုံဤနည်း ချစ်ခရီးဆက်ကြလျှင်ကား၊ အချစ်ခံ မြန်မာပြည် ကြီးသည် အထက် ဘဝဂ် နှင့် ဝေးသည်ထက်ဝေးလျက် ၊ဒုံရင်း ဒုံရင်း၊ အောက်ဖက် အဝီစိ တွင်သာ သံသရာရှည်သမျှ ကာလပတ် လုံး အဖန်ဖန်တလဲလဲ ကျင်လည်ပေရော့ မည်ကို အပူပင်ကြီးပူမိလေသော ကြောင့် လက်ဆော့ ခြေဆော့ ၊ကီးဘုတ်နှင့်ဆော့ကာ၊ ဤကလော်စာ စာစုကိုရေးမိပြန် လေတော့သည်။
……………………..
နိဂုံးအားဖြင့်မူ အထက်စာပိုဒ်တို့ကို ဖတ်ရှုမိသည့် စာရှုသူများအနက် ၊အနာရှိသူ အချို့ အချို့အနေဖြင့် အနူဆားပက်၊ အနာပေါ်ဒုတ်ကျဖြစ်ကြ မည်ကိုလည်း ကြိုတင်သိပြီး ဖြစ်သည့်အလျောက် “မင်းဒင် သည် သစ္စာဖောက်ဒလျှိုဒလန်စစ်စစ်ဖြစ်ပေသည်“ဟူ၍ မီဒီယာကို မီဒီယာနှင့်ပြန် ရှင်း ၊ စာရင်း အသွင်း ခံရမည်ကို သိသိကြီးနှင့် ဇွတ်တိုးမိုက်မဲစွာ ဤစာကို ရေးလေသော ကျွန်ုပ်သည်၊ တန်ပြန်လှည့်လာမည့် မြှားဦးတို့ကို တန့်စေခြင်းငှာ၊ ကာကွယ်ခြင်းသည် ကုသ ခြင်းထက်ကောင်းမွန်သည် ဟူသော ဆိုရိုးနှင့်အညီ “အာဖျံကွီင်္း ချစ်သူ “ စာရင်းတွင် မိမိကိုယ်မိမိ ကြိုတင်ထည့်သွင်းထားပါကြောင်းလည်း ၊တပြည်တည်း သား၊ ၊ဝေးရပ်နီး နေ များဆွေ သဟာ ၊သိသာရန်အလို့ငှာ မောင်းခတ်၊ အသိပေး လက်တို့ အပ်ပေသတည်း ။

အမေကွိုင့်ဘုရား ဗိုလ်ချုပ်ကြီးများကောင်းမှု

ရန်ကုန်သားတာတေ - ဧရာဝတီ
ရုတ်တရက် မျက်စိများ အလွန်ကျိန်းစပ်သွား၍ ချင်းမိုင်တုန်းက လေထု ညစ်ညမ်းသဖြင့် မချွတ်တမ်း တပ်ထားရသည့် နှာခေါင်းစည်းကို ဖြုတ်ကာ နေကာမျက်မှန် ကမန်းကတန်း ထုတ်တပ် လိုက်ရသည်။ ဦးရုက္ခစိုး တယောက် ညဘက်ကြီး နေပြည်တော် ရောက်နေခြင်း ဖြစ်၏။ သူအရင်ဆုံး တွေ့လိုက်သည်က ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကွိုင်ကွိုင် (အမေကွိုင်) ဖြစ်သည် ... ။

အမေကွိုင်။ ။ ဟော ဦးရုက္ခစိုးပါလား။ ညဘက်ကြီး ဘာလို့ မိုးအုံ့မျက်မှန်ကြီး တပ်ထားရတာလဲဟင်။

ဦးရုက္ခစိုး။ ။ မြန်မာပြည်ကို ဖြတ်လာတော့ တလမ်းလုံး မှောင်မည်းနေတာ နေပြည်တော်လည်း ရောက်ရော ရုတ်တရက် ထိန်လင်းသွားလို့ မျက်စိအသား မကျတာနဲ့ နေကာမျက်မှန် တပ်လိုက်ရတာပါ။

ပြောပြောဆိုဆို ဦးရုက္ခစိုးက နေကာမျက်မှန်ကို ချွတ်၍ ဘေးကတိုင်တွင် လှမ်းချိတ်လိုက်ရာ တိုင်မဟုတ်ဘဲ အသင့်အနေအထား ကိုင်ထားသည့် စစ်သားတယောက်၏ သေနတ် ဖြစ်နေသောကြောင့် လန့်ပြီး ထခုန် လိုက်သည်။

ရုက္ခစိုး။ ။ ကလူ .. ကလူ .. လန့်လိုက်တာဗျာ။ ခင်ဗျားတို့ နေပြည်တော်ကလည်း စိမ်းစိမ်း စိမ်းစိမ်း တွေချည်းပါပဲလား အမေမော်တော် .. အဲအဲ မှားလို့ အမေကွိုင်ကွိုင်ရဲ့။

ဦးရုက္ခစိုးကမေးစဉ် ဒေါ်ကွိုင်ကွိုင်မှာ နတ်တပါးပါး ဝင်ပူးသွားပုံရ၏။ ခေါင်းကိုခါ လက်ကို ဆန့်၍ မျက်လုံးကို မှိတ်ရင်း ဖြေလေတော့သည်။

အမေကွိုင်။ ။ ဟေ့ အမေတို့ကကြောက်လို့ဟေ့ .. အဲလေ၊ ထီးတင်ပွဲမှာ အဖျက်သမားတွေ နှောင့်ယှက်မှာ စိုးလို့ကွဲ့နော် .. ဘာမှတ်နေလည်း။ အမေတို့ မိသားစုကို ပြည်သူလူထုက အရမ်းချစ်တာကွဲ့ .. ကိုယ့်ဘက်က လုံအောင် တတောလုံးစိမ်းလုပ်ထားတာ ဟေ့နော်။ (ထို့နောက် တချက်သမ်းကာ နတ်ပြန်ထွက်သွားသည်)

ပွဲဈေးတန်းဖြစ်သောကြောင့် ဈေးခေါ်သံ၊ လူသံများ ဆူညံနေသည်။ ပူဖောင်းသည်ထံမှ “ကွီ .. ဂေါ်” ဟူသည့် အသံက ဆက်တိုက်ထွက်နေသည်။ ထိုစဉ် “ပြောင်းဘူး (ဖူး) .. ပြောင်းဘူး ………….. ပြုတ်” ဆိုသော အသံ ထွက်လာသဖြင့် ဒေါ်ကွိုင်ကွိုင့်ခေါင်းမှ ဆံပင်များ ထောင်သွားသည် (မှတ်ချက်။ ။ ဦးရုက္ခစိုး တဦးသာ နတ် ဖြစ်သောကြောင့် မြင်လိုက်ခြင်းဖြစ်၏)

အမေကွိုင်။ ။ ဟေ့ လုံခြုံရေးတယောက် ဟိုပြောင်းဖူးပြုတ်သည်ကို နားရင်း သွားအုပ်စမ်း။ ရှေ့က “ပြောင်းဘူး” ဆိုတာပဲအော် .. နောက်က “ပြုတ်” ဆိုတဲ့အသံမကြားချင်ဘူးလို့ ပြောလိုက်။

ဒေါ်ကွိုင်ကွိုင်က အမိန့်ပေးလိုက်ရာ လုံခြုံရေးတပ်သားတယောက် အပြေးထွက်သွားပြီး ပြောင်းဖူးသည်ကို နားရင်း သွားအုပ်သည်။ ဦးရုက္ခစိုးလည်း နည်းနည်းလန့်သွားသဖြင့် စကားလွှဲလိုက်သည်။

ရုက္ခစိုး။ ။ ဟား နေကာမျက်မှန် ပြန်တပ်ထားမှ ဖြစ်မယ်ထင်တယ်ဗျို့။ နေပြည်တော်ကလည်း လင်းလိုက်တာဗျာ။ လူဖြင့် မရှိဘဲနဲ့။ ကျန်တဲ့မြို့ရွာတွေကျ မှောင်မည်းနေတာပဲ။ ဘာမှ မလုပ်ပေးဘူးလား။

အမေကွိုင်။ ။ နေပြည်တော်ကလား .. လပေါ်ကကြည့်ရင်တောင် မီးတထိန်ထိန်နဲ့ တွေ့ရအောင် လုပ်ထား တာလေ။ လူတွေကလည်း ခက်ပါတယ်။ မှောင်တယ်၊ မှောင်တယ် ထိုင်ညည်းနေကြတယ်။ မှောင်ရင် မီးစက်နဲ့ မီးထွန်းပေါ့။ ဒါလေးတောင် အတွေးအခေါ် မရှိဘူး။ နေရာတကာ လိုက်လုပ်ပေးနေရမှာလား။ ရွှေရွှေက အားတာမဟုတ်ဘူးရှင့် သိရဲ့လား။

ထိုစဉ် ကလေးတသိုက် ပြေးလာပြီး ဦးရုက္ခစိုးကို ဝင်တိုးသွားကြသဖြင့် ဦးရုက္ခစိုးယိုင်သွားသည်။

ရုက္ခစိုး။ ။ ဆိုးလိုက်တဲ့ ကလေးတွေဗျာ .. ။ ဘယ်မိမဆုံးမ၊ ဖမဆုံးမလေးတွေလည်း မသိဘူး နော်။ လူကြီးကို လူကြီးမှန်းမသိဘူး ဝင်တိုက်သွားတယ် တောက်။

အမေကွိုင်။ ။ ဒီမယ် ဦးရုက္ခစိုး (နှုတ်ခမ်းကိုထော်၍) စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ။ အဲဒါ ကျမမြေးတော်လေးတွေရှင့်။ ဘုရား ထီးတင်ရင် ကြိုးဝိုင်းဆွဲပေးဖို့ မနည်းချော့ခေါ်ထားရတာ။ သူတို့က လိုက်ချင်တာ မဟုတ်ဘူး။ တထောင်တန်တွေ ကျဲရင် နင်တို့ဘက်ကိုပဲ သေချာကျဲပါ့မယ်လို့ ပြောမှ လိုက်လာတာ။ သိရဲ့လား။

ဒေါ်ကွိုင်ကွိုင် စိတ်ဆိုးသွားသောကြောင့် ဦးရုက္ခစိုး မျက်နှာချိုပြန်သွေးလိုက်သည်။

ရုက္ခစိုး။ ။ ဒါနဲ့ ရွှေရွှေ .. အဲလေ ယောင်လို့ ချိုကုပ်ဒူးကြီး .. ဟာ .. မှားကုန်ပါပြီ။ ဗိုလ်ချုပ်မှူးကြီး ဘယ်သွားလဲဗျ။ မတွေ့ပါလား။

အမေကွိုင်။ ။ မြေမြိုခံရမှာ ကြောက်လို့ ပုန်းနေ … အဲ … ဟိုဒင်းလုပ်နေတယ်။ မနက် ထီးတင်မှာ ဆိုတော့လေ .. အအား မနေနဲ့ဆိုပြီး တရားထိုင်ခိုင်းထားတယ်။

ရုက္ခစိုး။ ။ ကြည့်ရတာ အမေကွိုင်ရဲ့ အစီအမံတွေချည်းပဲ ထင်ပါရဲ့နော်။

အမေကွိုင်။ ။ ဒါပေါ့ရှင့် မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတာ မကြားဖူးဘူးလား။

ရုက္ခစိုး။ ။ ဟင် တမျိုးပါလား .. အမေကွိုင်က ပျက်အောင် ဖျက်နေတာလား။

အမေကွိုင်။ ။ ဒါကတော့ တင်စားပြီး ပြောတာပေါ့ရှင့်။ ခုတောင် ကျမရဲ့ အစီအမံတွေ၊ ယတြာတွေကြောင့် ဒီ ဘုရားကြီး တည်ဖြစ်တာ။ နည်းတဲ့ကုသိုလ်တွေ ရမှာ မဟုတ်ဘူး။

ပြောရင်း အားရလာသဖြင့် ဒေါ်ကွိုင်ကွိုင်က လက်နှစ်ဘက်ကို ဘေးသို့ဆန့်ကားလိုက်ရာ လုံခြုံရေး ယူထားသော စစ်သားနှစ်ယောက်မှာ အမြန် ငုံ့ရှောင်လိုက်ရသည်။

ရုက္ခစိုး။ ။ ဘုရားမတည်လည်း ကုသိုလ်က တခြားနည်းနဲ့ ယူလို့ရတယ် မဟုတ်ဘူးလား။ ဥပမာဗျာ ပြည်သူ တွေ စိတ်ချမ်းသာဖို့ လျှပ်စစ်မီးမှန်မှန်ပေးတာမျိုး၊ ရေရအောင် လုပ်ပေးတာမျိုး .. မျိုး .. မျိုး ..

အမေကွိုင်။ ။ ကွိုင့် ကို စာလာချနေပြန်ပြီ .. ။ ဒါတွေ လုပ်ပေးရင် ကုသိုလ်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဗေဒင်ကိန်းခန်း အလိုအရ ရွှေရွှေက ဘုရင် ဇာတာ ပါလာတယ်ဆိုလို့ ကုသိုလ်ရရုံ တင်မဟုတ်ဘူး ကျန်တာ တွေပါ ရအောင် လုပ်ရဦးမှာ။

ရုက္ခစိုး။ ။ ဘာတွေများပါလိမ့်။

အမေကွိုင်။ ။ ရှေးဘုရင်တွေလို ဖုန်း (ဘုန်း)၊ နှလုံး၊ လက်ရုံး ပြည့်စုံအောင် လုပ်ရမှာ။ သူ့မှာက အဲဒီ ၃ ခုလုံး မရှိရှာဘူးလေ။ သနားစရာကောင်းတဲ့ ရွှေရွှေလေးပါရှင် .. ။

ဒေါ်ကွိုင်ကွိုင်မှာ စကားပြောရင်းက မျက်ရည်များစီးကျလာရာ ဘေးမှာရှိသည့် စစ်သားတယောက်က အလျှင်အမြန် ခွက်ဖြင့်ခံပေးလိုက်ရသည်။ မပြီးသေး .. ဒေါ်ကွိုင်ကွိုင်က နှပ်ပါညှစ်ပြီး စစ်သားတယောက်၏ ယူနီဖောင်းဖြင့် သုတ်လိုက်သေးသည်။

အမေကွိုင်။ ။ ပြောရရင် .. သူ ဘုရင်ဖြစ်မှ ကွိုင်က မိဘုရားခေါင်ကြီးဖြစ်မှာဆိုတော့ တတ်စွမ်းသမျှ လုပ်ရတာ ပေါ့လေ။ ခုဏက ပြောတဲ့ ၃ ခုလုံး မရှိတော့ ဘိုးတော်ကပြောတယ်၊ ဖုန်းတခုရှိရင် ကျန်တဲ့ ၂ ခု အလိုလို ရှိလာမယ်တဲ့ .. ။ အဲဒါ ဖုန်းရှိအောင် ဘုရားတည်ရမယ်ဆိုလို့ တည်လိုက်တာပါပဲ။

ထိုစဉ် ဒေါ်ကွိုင်ကွိုင်၏ အကြီးဆုံးမြေး ဖိုးလောက်လန်းဘေးသို့ ရောက်လာပြီး ဆောင့်ကြီးအောင့်ကြီး ဝင်ပြောသည်။

ဖိုးလောက်လန်း။ ။ အဲဒါပြောတာပေါ့။ အဘွားတို့ကခက်တာပဲ။ ဖုန်းရှိအောင် ဒီဘုရားကြီးများ တည်နေရသေး တယ်။ ဘယ်နှလုံးလိုချင်လဲ သားဝယ်ပေးပါမယ်ဆို။ အိုင်ဖုန်းယူမလား၊ ဘလူးဘယ်ရီ ယူမလား။ ဖုန်းနှစ်လုံး ရဖို့ တာဝန်ယူတယ်။ အဘွား ခုဏပြောတဲ့ လရုန်းဆိုတာကြီးတော့ မသိဘူး။

အမေကွိုင်။ ။ သားပြောတာတွေက သားအဘိုးက မသုံးတတ်ဘူးလေသားရဲ့။ သူက ကိုရီးယားကားနဲ့ တရုတ်ကားတွေပဲကြည့်ကြည့်ပြီး ဒို့တာဝန် အရေးသုံးပါးကို ထမ်းဆောင်နေရတာ။ ဒီတော့ သူလုပ်တတ်တာပဲ လုပ်ပါစေ .. ။ ဟုတ်လား။ ညစ်တီးညစ်ပတ်တွေ မပြောနဲ့။ ကဲကဲ လိမ်မာတယ်၊ လူကြီးတွေစကားဝိုင်းထဲ ဝင်မပါနဲ့နော်။ ဒီကပြန်ရင် သားလိုချင်တဲ့ နိုက်ကလပ် တခု သားအဘိုးကို ထောင်ပေးခိုင်းမယ်။

ဖိုးလောက်လန့်း။ ။ ဟို မော်ဒယ်မလေးပါ ဝယ်ပေး .. ။

အမေကွိုင်။ ။ စိတ်ချ၊ စိတ်ချ ဝယ်ပေးမယ်။

ဒေါ်ကွိုင်ကွိုင်က အချိုသပ်လိုက်သဖြင့် ဖိုးလောက်လန်း ကျေနပ်ကာ “ရို့ .. ရို့” ဟုအော်၍ ကောက်ကွေးကာ ကရင်း ထွက်သွားသည်။

ဦးရုက္ခစိုး။ ။ ပွဲခင်းကြီးက ဟီးနေပေမယ့် .. လူတွေလည်း သိပ်မတွေ့ရဘူးနော်။

အမေကွိုင်။ ။ မပူနဲ့၊ မပူနဲ့ .. ဝန်ထမ်းတွေအားလုံးကို မလာမနေရ ဆိုပြီး သေနတ်နဲ့ချိန်၊ အမိန့်ထုတ် ထားပြီးသား။ လာကြလိမ့်မယ်။ ထီးတင်ပွဲမှာ ကြဲဖို့ တထောင်တန်တွေတောင် အသစ်ထပ်ရိုက်ထားတာလေ။ ကုသိုလ်က များလေကောင်းလေပဲ ဦးရုက္ခစိုးရဲ့။ ရွှေရွှေ့ အကုသိုလ်တွေက နည်းတာမှ မဟုတ်တာ။ အဲဒါတွေကို ပြန်ချေရမှာ။

ထိုစဉ် “ဝေါ .. ဝေါ … ဝုန်း” ဆိုသည့် အသံကြီးတသံ ပွဲခင်းထဲမှ ထွက်ပေါ်လာသည်။

အမေကွိုင်။ ။ ဟာ တော်လဲသံ .. တော်လဲသံ .. အထက်ဗြဟ္မာကနေ .. အောက်အဝီစိအထိ ဘုရားတည် တာကို ကောင်းချီးပေးတာ ကြားလား ဦးရုက္ခစိုးရေ .. တော်လဲတယ်ဆိုတော့ ကျုပ်မလဲတော့ဘူးပေါ့။

ဒေါ်ကွိုင်ကွိုင်၏ စကားကြောင့် ဦးရုက္ခစိုးကျွဲမြီးတိုသွားသည်။

ရုက္ခစိုး။ ။ ဘာဗျ .. ခင်ဗျားသာ ခြေမခိုင်ဘဲ လဲမှာ ကျုပ်က အလန်းကြီးရှိသေးတယ်။ လန်ထွက်နေတာနော်။

လုံခြုံရေးတဦး။ ။ အမေကွိုင် .. အမေကွိုင် .. ပွဲခင်းထဲမှာ ရဟတ်ကြီးပြိုကျတာ .. လူတွေအများကြီး သေကုန် ပြီတဲ့။

အမေကွိုင်။ ။ ဟယ်ဟုတ်လား ဝမ်းသာလိုက်တာ .. ကျိန်းကျေပြီတော့ ဦးရုက္ခစိုးရေ ..။ ရဟတ်ပြိုကျတော့ ရွှေရွှေမပြိုတော့ဘူး .. လူတွေသေတယ် ဆိုတော့ ရွှေရွှေမသေတော့ဘူး။

ပြောရင်းဆိုရင်း ဒေါ်ကွိုင်ကွိုင်က ကွေးနေအောင် ထကသည်။ ဦးရုက္ခစိုးကလည်း သူ့ထုံးစံအတိုင်း ပြောချင်ရာ ပြော၍ မေးချင်ရာ ဆက်မေးသည်။ သူက သတင်းထောက်တာဝန်လည်း ယူခဲ့ရသည်ကိုး၊ စပ်စုရသည်ပေါ့။

ဦးရုက္ခစိုး။ ။ ဒေါ်ကွိုင်ကွိုင်ကိုပဲ မေးရဦးမယ်။ ၂၀၁၀ ရွေးကောက်ပွဲက လုပ်ဦးမှာလားဗျ။

အမေကွိုင်။ ။ (ကနေရင်းမှ) သြော် လုပ်မှာပေါ့ ဦးရုက္ခစိုးရယ်။ ဘိုးတော်က ဘယ်အချိန် ဘာလုပ်ရမယ် အတိအကျ အခါပေးပြီးသား။ ဆယ့်တမီးငြိမ်းအောင်၊ ကိုး နဝင်းကျေအောင်၊ နှစ်ဆယ့်တပေါက်၊ ဘူကြီး၊ ပိုကာ၊ ရှမ်းကိုးမီး .. သြော် ယောင်ကုန်ပါပြီ .. ယတြာတွေ အသေအချာဆင်ထားတာ ပြောပါတယ်။ ကဲကဲ ရှင်နဲ့ လေပန်း ရတာ သိပ် အချိန်ကုန်တာပဲ။ ဟော ဘိုးတော်ပြောထားတဲ့အချိန် ရောက်တော့မယ် လုပ်ကြဟေ့ လုပ်ကြ။

ပြောပြောဆိုဆို ဒေါ်ကွိုင်ကွိုင်က ဝရုန်းသုံးကား ထလုပ်သောကြောင့် အနားက လုံခြုံရေးတပ်သားများလည်း နေရာယူ၊ အသင့်ပြင်၊ မောင်းတင်တွေ လုပ်ကုန်သည်။ ဦးရုက္ခစိုးက ကြောက်ကြောက်ဖြင့် မြေကြီးတွင် ပြားပြားဝပ်လိုက် သည်။

အမေကွိုင်။ ။ ကဲကဲ သမီးတွေ၊ သားမက်တွေ၊ မြေးတွေ လာကြ။ ဖိုးလောက်လန်းတို့၊ စပ်စလူးမ၊ မဲမဲစိန်တို့ အမြန်လာ။ ရွှေရွှေကော ရွှေရွှေ မြန်မြန်လာ ဒီဂျိုးကို အဲလေ .. ယောင်လို့ ဒီကြိုးကိုကိုင်ကြ။ ပြီးရင် ရွှေရွှေက ဘိုးတော် အော်ခိုင်းတဲ့အတိုင်း အော်တော့။ ယတြာချေမယ်။

စိန်ဖူးတော်တင်သည့် ပန်းရထားအထက်တက်ရန် ကြိုးဝိုင်းဆွဲကြသည်။ ပြီးနောက် ဗိုလ်ချုပ်မှူးကြီးက ကုန်း၍ အော်လိုက်သည်။

မှူးကြီး။ ။ ဆွဲဆရာရေ့ …. ။ ရောက်ချင်ရာရောက် .. ။ အဝီစိပဲ ရောက်ရောက် … ငရဲကြီး ရှစ်ထပ်ပဲ ရောက်ရောက် ဆွဲ .. ဆွဲ .. ဆွဲ ..။

စပယ်ယာသံအပြည့်ဖြင့် အော်လိုက်သည့် ဗိုလ်ချုပ်မှူးကြီးအသံအဆုံးတွင် မိသားတစုလုံး ကြိုးကို ဝိုင်းဆွဲလိုက်ရာ တဦးပေါ်တဦးဆင့်၍ ဖင်ထိုင်လျှက်လဲကျသွားလေတော့သည်။

ဆိုင်းသံ။ ။ တုတ်တုတ်တုတ် ဗြင်း .. တုတ်တုတ်တုတ် … တုတ်တုတ်တုတ် ဗြင်း .. ဗြင်း …

မှတ်ချက်။ ။ ဦးရုက္ခစိုး၏ ဓာတ်ပုံ အတတ်ပညာ ညံ့ဖျင်းမှုကြောင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့ လဲကျသည့်ပုံများ မရလိုက်ပါသဖြင့် ထိုပုံများ မဖော်ပြနိုင်ခြင်းကို သည်းခံကြပါကုန်။