Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 January 2010



ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာတွင် လွတ်မည်ဟုဆို
Monday, 25 January 2010 14:18 ရန်ပိုင် /ဧရာဝတီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က အမေရိကန်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် ကြာသာပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်လွင်က ပြောသည်။
“အခု လာနားထောင် နေတဲ့ သူတွေထဲမှာ NLD ပါဝင်ကောင်း ပါဝင်လိမ့်မယ်၊ နားထောင် သွားကြလို့ ပြောတယ်။ NLDက ရွေး ကောက်ပွဲ ၀င်ချင်လည်း ၀င်နိုင်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသည့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း လာမည့်ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဟု ပြောဆိုကြောင်း သိရသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး အပြီး အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။
“မန္တလေးက ပြန်လာကတည်းကကြားတယ်၊ အပြစ်မရှိဘဲ ဖမ်းဆီးထားတဲ့သူကို လွှတ်ပေးတာဝမ်းသာတယ်” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မတိုင်မီ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးရန်လိုအပ်ကြောင်း၊သို့သော် နိုဝင်ဘာလ ဆိုသည်မှာလည်း ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားချိန်ဖြစ်မည်ဟု ထင်မြင်ကြောင်း ဦးဝင်းတင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လက နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောအား လက်ခံထားသည့်အမှုဖြင့် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ထားခြင်းဖြစ်သည်။ အဆိုပါ နေအိမ် အကျယ်ချုပ်သက်တမ်းကို မေလမှ စတင်သတ်မှတ်ရာ နိုဝင်ဘာလတွင် သက်တမ်းပြည့်မည်ဖြစ်သည်။
မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပလိမ့် မည်ဟု ရေးသားထားသည် ။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သုံးခွင့်မပေးတော့

NEJ/ ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ




ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကို ဂျာနယ်တိုက်များတွင် အသုံးပြုရန် သတင်းနှင့်ပြန်ကြားရေးဌာနက ပေးလေ့ရှိ သော်လည်း ယခုနောက်ဆုံး ဦးအောင်ကြည်နှင့် တွေ့ဆုံသည့်ပုံမှစ၍ မပေးတော့ကြောင်း ဂျာနယ်တိုက်များထံမှ စုံစမ်းသိရသည်။
ဂျာနယ် အယ်ဒီတာတဦးက “ခါတိုင်းဆို အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ဓာတ်ပုံဖြစ်စေ၊ အစိုးရက တာဝန်ယူပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေးပွဲဓာတ်ပုံမျိုးတွေကို ဖြစ်စေ၊ သတင်းနဲ့ ပြန်ကြားရေးဌာနကနေ ကျနော်တို့ ဂျာနယ်တိုက်တွေက တောင်းယူ အသုံးပြုလေ့ရှိတယ်။ ငွေတော့ နည်းနည်းပါးပါး ပေးရတာပေါ့။ ကျနော်တို့က အဲဒီပုံတွေကို သုံးရတယ်။ အခု နောက်ဆုံး ဦးအောင်ကြည်နဲ့ ဆွေးနွေးပွဲ ဓာတ်ပုံကိုကျတော့ ဘယ်တိုက်ကိုမှ မပေးတော့ဘူး။ ဘာအကြောင်းပြချက်မှတော့ မပေးဘူး။ ခါတိုင်းဆို ဒီလို သတင်းဓာတ်ပုံမျိုးကို ကျနော်တို့ ရောင်စုံပုံနဲ့ ကောင်းကောင်းမွန်မွန် ဖော်ပြခွင့်ရတယ်။ ခုတော့ ပုံနှိပ်အရည်အသွေး အရမ်းနိမ့်တဲ့ သတင်းစာထဲက ဓာတ်ပုံကို စကင်လုပ်ပြီး ဖော်ပြရတော့ ပုံတွေက မဲနေတယ်။ မကောင်းဘူး။ ဂျာနယ်တိုင်း ဒီလိုပဲ သုံးကြရတယ်။ တချို့ ဂျာနယ်တွေကတော့ ဓာတ်ပုံတောင် မထည့်တော့ဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီနှင့် အစိုးရထိပ်တန်းခေါင်းဆောင်တို့၏ သတင်းဓာတ်ပုံများနှင့်ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက်များ သတင်းတက်ယူခွင့် မရှိသကဲ့သို့ သတင်းဓာတ်ပုံလည်း မရကြဘဲ စစ်အစိုးရ သတင်းနှင့် ပြန်ကြားရေးဌာနကသာ ရိုက်ကူးပြီး ဂျာနယ်များက ၎င်းတို့ထံမှ ဓာတ်ပုံအသုံးပြုခွင့် တောင်းခံကြရသည်။

သတင်းစာသားကိုမူ ဝေဖန်ချက်၊ ဖြည့်စွက်ချက် မပါစေရဘဲ သတင်းစာတို့တွင် ဖော်ပြသည့်အတိုင်းသာ ရေးသားခွင့်ရကြသည်။

ထိုမျှသာ ဖော်ပြခွင့်ရသော်လည်း ပုဂ္ဂလိက ဂျာနယ်များက ပြည်သူတို့ တွေ့မြင်ချင်သည့် အဆိုပါ သတင်းဓာတ်ပုံမျိုးကို ဂျာနယ် မျက်နှာဖုံးတို့တွင် ပုံကြီးနှင့်ဖော်ပြခဲ့ကြသည်။

နောက်ပိုင်း စစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပုံများကို မျက်နှာဖုံးတွင် ဖော်ပြခွင့်မရဘဲ အတွင်းစာမျက်နှာများ၌သာ ဖော်ပြခွင့်ရသည်။

ယခုတဖန် အတွင်းစာမျက်နှာတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရောင်စုံဓာတ်ပုံများ ဖော်ပြနေခြင်းကို စာပေစိစစ်ရေးက မနှစ်မြို့သည့်အတွက် ယခုကဲ့သို ဓာတ်ပုံသုံးခွင့် မပေးတော့ခြင်း ဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဂျာနယ်အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုနေကြသည်။

အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များ၏ပုံကို မျက်နှာဖုံး၌ ဖော်ပြခဲ့၍ ပြည်တွင်းထုတ် ဂျာနယ်တစောင် ပြင်းထန်စွာ သတိပေးခံခဲ့ရဖူးသည်။


နိုင်ငံတော်က ဦးဆောင်သော ဈေးကွက်စီးပွားရေး
ဧရာဝတီ / Monday, 25 January 2010 14:24 ရှောင်တာနဲ (Sean Turnell)
၂၀၀၈ အခြေခံ ဥပဒေက မြန်မာ့ လူ့ဘောင်လောက အပေါ် မည်သို့ သက်ရောက်ကြောင်း စီးပွားရေး အမြင်ဖြင့် လေ့လာ သုံးသပ်မှုများ ရေးသား ထုတ်ဝေထားခြင်း မရှိသေးကြောင်း တွေ့ရသည်။အခြေခံဥပဒေသည် စီးပွားရေးဆိုင်ရာ စာတမ်း မဟုတ်ပေ။ သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေတွင် စီးပွားရေးနှင့်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသောကြောင့် အသေအချာ လေ့လာ ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။
သို့သော် သတိထားသင့်သည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ အလေးထားခြင်း မရှိသော အစိုးရတရပ်သည် ဘဏ္ဍာရေးနှင့် အခြားမက်မောစရာများကြောင့် မူလ အနေအထား အတိုင်းသာ ဆက်လက် တည်မြဲနေလိုပြီး ၎င်းတို့၏ အမူအကျင့်များကို အချိန်တိုတိုနှင့် ပြောင်းလဲလိုမည် မဟုတ်ဟူသော အချက် ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရသည် အခြေခံဥပဒေကို လေးစားလိုက်နာခြင်း ရှိမရှိ ဆိုသည့် အချက်ကို အသာထား၍ ဤအခြေခံဥပဒေကို လေ့လာခြင်းဖြင့် ရေးဆွဲသူများ၏ စိတ်နေသဘောထားများကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
မြန်မာပြည် အခြေခံဥပဒေ၏ စီးပွားရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်ထောင်စု၏ အခြေခံမူများ အဖြစ် ဖော်ပြထားသော အခန်း (၁) တွင် တွေ့နိုင်သည်။ မြန်မာပြည်သည် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးမည် ဖြစ်ကြောင်း ပုဒ်မ ၃၅ နှင့် ၃၆ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
၃၅။ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
၃၆။ နိုင်ငံတော်သည် -
(က) အမျိုးသားစီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စသည့် စီးပွားရေး အင်အားစု အားလုံးကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ပြုသည်။
(ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည်။
(ဂ) အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ တိုးတက် ဖွံ့ဖြိုးရေးတို့ကို ရှေးရှု ဆောင်ရွက်မည်။
(ဃ) စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။
(င) တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု။

၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် မြန်မာပြည်၏ စီးပွားရေးသည် ဈေးကွက်အပေါ် အခြေခံနေခြင်းမှာ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေနှင့် မတူညီသည့် အချက် ဖြစ်သည်။ သမဝါယမနှင့် အခြားအခန်းကဏ္ဍများကို ထည့်သွင်း ဖော်ပြထားသော်လည်း အနှစ်သာရအားဖြင့် အရင်းရှင်စနစ် ဖြစ်ကြောင်း သိသာထင်ရှားသည်။ အပိုဒ် (ခ)တွင် ဖော်ပြထားသော လက်ဝါးကြီးအုပ် ဆောင်ရွက်မှု နှင့် ဈေးကစားမှုတို့သည် ၁၉၄၇ အခြေခံဥပဒေတွင် ဖော်ပြထားသော ကိုလိုနီခေတ် စိုးရိမ်မှုများကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်သည်။
အပိုဒ် (ဃ) နှင့် (င) တို့မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ဤသို့ နိုင်ငံတော်က တစုံတရာ ပြုလုပ်မည် မဟုတ်ကြောင်း ကတိကဝတ်များမှာ အခြေခံဥပဒေတွင် ဖော်ပြလေ့မရှိပါ။ နိုင်ငံတော်က ထောက်ပံ့သည့် ဘာသာရေး ထူထောင်ခြင်းအား ကန့်ကွက်သော အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေမှ ပြဌာန်းချက်သည် ထင်ရှားသော သာဓကဖြစ်သည်။ သို့သော် ဤပြဌာန်းချက်များသည် အပြင်းအထန် ထိခိုက်ပျက်စီးခဲ့သော မြန်မာ့စီးပွားရေးနှင့် ဘဏ္ဍာရေးသမိုင်းကို ထင်ဟပ်နေသည်။
အတိတ်ကာလတွင် လျော်ကြေး လုံလုံလောက်လောက် မပေးဘဲ နိုင်ငံပိုင်ပြုခြင်း၊ ငွေကြေးကို တရားမဝင် ပြုလုပ်ခြင်းတို့ကြောင့် တိုင်းပြည် နာမည်ပျက်ခဲ့သည်။ မြန်မာပြည် စီးပွားရေးနှင့် တိုးတက်မှုများကို များစွာ ထိခိုက် ပျက်စီးစေခဲ့သည်။ ဤကိစ္စများကို ဆောင်ရွက်မည် မဟုတ် ဆိုသည်မှာလည်း သံသယရှိဖွယ် အာမခံချက် ဖြစ်နေသည်။
ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေသောကြောင့် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်မှာလည်း အသိအမှတ်ပြုခြင်း မခံရပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှသည် အရာရှိငယ်များ အထိ ဥပဒေ လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာခြင်း မရှိပါ။ ဤအမူအကျင့်များသည် နိုင်ငံရေး ပြုပြင်မှုများ မပြုလုပ်ဘဲ ပြောင်းလဲသွားမည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

အတိုချုပ်ပြောရလျှင် တရုတ်ပြည်နှင့် အခြား “အာရှကျား”များ စီးပွားရေး တိုးတက်လာခြင်း၏ အဓိက မောင်းနှင်အား ဖြစ်သည့် လုံခြုံစိတ်ချရသော ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်ကို မြန်မာပြည်တွင် အခြေခံဥပဒေ၌ အာမခံရုံ သက်သက်ဖြင့် တည်ဆောက်နိုင်မည် မဟုတ်ပါ။
အပိုဒ် (င) တွင် ဖော်ပြထားသော “တရားဝင်ထုတ်ဝေထားသည့် ငွေကြေး” ဟူသော အသုံးအနှုန်းက စဉ်းစားစရာ ဖြစ်နေသည်။ ဤစကားရပ်သည် အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ပါသလော။ ၁၉၆၄၊ ၁၉၈၅ နှင့် ၁၉၈၇ ငွေကြေးကို တရားမဝင် ပြုလုပ်ခြင်းမှာ တရားဝင် ထုတ်ဝေထားသော ငွေစက္ကူတချို့ကို တရားဝင်မှု အနေအထားမှ ရုပ်သိမ်းသော ဥပဒေ ထုတ်ပြန် ကြေညာပြီးနောက် လည်ပတ်နေသော ငွေစက္ကူများ တရားဝင်မှု ရပ်ဆိုင်းသွားသည်။ ထို့ကြောင့် သံသယရှိဖွယ် ဖြစ်နေသည်။
ဤသို့ဆိုလျှင် ဤစာပိုဒ်၏ရည်ရွယ်ချက်မှာ တရားမဝင် ငွေကြေးသတ်မှတ်ခြင်း မပြုရန် ဥပဒေ၏ သက်ညှာမှုကို ပြသလိုခြင်း ဟုတ်ဟန်မတူပေ။
မြန်မာစစ်အစိုးရက စီးပွားရေးသင်ခန်းစာများကို သင်ယူရန် စိတ်ဝင်စားခြင်း မရှိသေးသော်လည်း တရားမဝင်ငွေကြေး သတ်မှတ်ခြင်းနှင့် ပတ်သက်သော အတွေ့အကြုံများကို အမှတ်ရနေပုံရသည်။

“တရားဝင်ထုတ်ဝေထားသော” ဟူသည့် ဝေါဟာရ၏ အခြား အဓိပ္ပာယ် ရှိနိုင်ပါသေးသည်။ ငွေစက္ကူအတုများ သို့မဟုတ် အခြားဥပဒေများအရ ထုတ်ဝေထားသော နိုင်ငံခြားငွေများ သို့မဟုတ် FEC ဟု ခေါ်သော အစားထိုး နိုင်ငံခြားငွေများကို ဆိုလိုသည်လည်း ဖြစ်နိုင်ပါသည်။ နိုင်ငံတော်ကထုတ်ဝေသော ငွေကြေးကို တရားမဝင် သတ်မှတ်ခြင်း မပြုရဟု ရိုးရှင်းစွာ ဖော်ပြခြင်း မပြုသည်မှာလည်း စဉ်းစားဖွယ် ဖြစ်နေသည်။
မြန်မာပြည်တွင် ဈေးကွက်စီးပွားရေးစနစ် မည်မျှ အောင်မြင်မှု ရှိမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး အခြေခံဥပဒေ၏ အခြားသော အခန်းများတွင်လည်း ဖော်ပြထားချက်များ၊ အထူးသဖြင့် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အချက်များကို ပုဒ်မ ၃၇ တွင် အထင်အရှား တွေ့နိုင်သည်။

၃၇။ နိုင်ငံတော်သည်-
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။
(ခ) နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဌာန်းရမည်။
(ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေ ပြဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်။

အပိုဒ် (ခ) သည် ဈေးကွက်စီးပွားရေးစနစ်နှင့် မဆန့်ကျင်ပါ။ နိုင်ငံအများစုတွင် နိုင်ငံတော်၏ ထုတ်ယူသုံးစွဲနိုင်ခွင့် တည်ရှိပြီး ဖြစ်သည်။
အပိုဒ် (ဂ) သည် အမှန်တကယ် လက်တွေ့ ကျင့်သုံးမည် ဆိုလျှင် အဓိကကျသောအချက် ဖြစ်သည်။ သို့သော်လည်း ပစ္စည်းပိုင်ဆိုင်ခွင့်သည် သဘာဝအခွင့်အရေးမဟုတ်ဘဲ နိုင်ငံတော်က ပေးအပ် ထားသော အခွင့်အရေး ဖြစ်သကဲ့သို့ ပြဌာန်းထားခြင်းက အခြေခံဥပဒေ မူကြမ်း ရေးဆွဲသူများ၏ စိတ်နေသဘောထားကို ဖော်ပြနေသည်။
ပြဿနာရှိသည်မှာ အပိုဒ် (က) ဖြစ်သည်။ ထိုအချက်သည် လူဦးရေအားလုံး၏ သုံးပုံနှစ်ပုံကျော်ကို အလုပ်ပေးထားသော၊ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ ထက်ဝက်ကျော်ဖြစ်သော စိုက်ပျိုးရေးအခန်းကဏ္ဍ၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို များစွာ အတားအဆီး ဖြစ်စေသည်။

ပုဒ်မ (၃၇)သည် ၁၉၄၈ ခုနှစ် “မြေယာနိုင်ငံပိုင်ပြုလုပ်ခြင်းဥပဒေ” မှ ဆင်းသက်လာသော မြန်မာပြည်၏ လက်ရှိ မြေယာစီမံခန့်ခွဲရေး စနစ်အား ဆက်လက် အသက်သွင်းခြင်း ဖြစ်သည်။ ဤပြဌာန်းချက်အရ နိုင်ငံသားများသည် မြေယာများကို အနှစ် ၃၀ ငှားရမ်းခွင့်ရသည်။ မြေယာများကို အကျိုးရှိစွာ အသုံးချခြင်းရှိ မရှိ နှစ်စဉ် အကဲဖြတ်သည့် ကျေးရွာနှင့် ဒေသအဆင့် မြေယာကော်မတီများက ဤအခွင့်အရေးများကို ပြန်လည် သုံးသပ်သည်။ ဤအချက်သည် နာဂစ်မုန်တိုင်းကြောင့် မြေယာများ ပျက်စီးသွားကြသော လယ်သမားတို့ အလွန် စိုးရိမ်သည့်အချက် ဖြစ်သည်။
မြေယာများသည် ဥပဒေအရ ဆွေမျိုးမတော်သူများ အချင်းချင်း လွှဲပြောင်း၍ မရပါ။ သို့မဟုတ် အကြွေးဖြင့် ခုနှိမ်ရန် အသုံးပြု၍ မရပါ။ မြန်မာ မြေပိုင်ရှင်များမှာ မြေယာတွင် ရင်းနှီး မြှုပ်နှံလိုစိတ်များ ချိုးနှိမ်ခံနေရပြီး ၎င်းတို့အပိုင် မြေယာများကို ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်လိုစိတ်လည်း မရှိကြတော့ပါ။ စစ်အစိုးရ နှင့် မြန်မာ့တပ်မတော်တို့၏ ဥပဒေမဲ့ မြေယာသိမ်းဆည်းမှုများက မြေယာပိုင်ဆိုင်ခွင့်ကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။ မြေယာပိုင်ဆိုင်ခွင့် ဟူသည်မှာ စာရွက်ပေါ်၌သာ ရှိသော အခွင့်အရေးတရပ်ကဲ့သို့ ဖြစ်နေသည်။

အထက်ပါအချက်များသည် ချဲ့ကားပြောဆိုထားခြင်း မဟုတ်ပါ။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ မြေယာ ဝယ်ယူ ရောင်းချပိုင်ခွင့်သည် အခြေခံကျသော စီးပွားရေးဆိုင်ရာ အခွင့်အရေးတရပ် ဖြစ်သောကြောင့် မြန်မာပြည် စိုက်ပျိုးရေး အတွက် အဓိက အရေးကြီးသောအချက် ဖြစ်သည်။

ပုဒ်မ (၂၉) (၃၀) နှင့် ၂၃ (ခ) တို့မှာ အရေးမကြီးသယောင်နှင့် ဈေးကွက်စီးပွားရေးကို ထိခိုက်နိုင်သော အချက်များ ဖြစ်သည်။
၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏-
(ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုး ရရှိရန် ကူညီဆောင်ရွက်မည်။
၂၉။ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။
၃၀။ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။

ပုဒ်မ (၂၉) နှင့် (၃၀) တို့သည် နိုင်ငံတော်၏ ဝင်ရောက်စွက်ဖက်မှုကို အားပေးထားပြီး နိုင်ငံတော်က ဖြစ်ထွန်းစေလိုသော ဈေးကွက်စီးပွားရေးစနစ်ကို ကန့်သတ်ထားသည်။ ပုဒ်မ (၂၃) အပိုဒ် (ခ) သည် သာမန်အားဖြင့် ကြည့်လျှင် အန္တရာယ်ကင်းသယောင် ရှိသော်လည်း ဤအချက်သည် နိုင်ငံတော်က စိုက်ပျိုးရေး ထွက်ကုန်များကို ဝယ်ယူရန် ခွင့်ပြုထားသဖြင့် စိုက်ပျိုးရေး ကဏ္ဍကို များစွာ ထိခိုက် ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။ ဤအချက်ကို မည်သို့ အကောင်အထည် ဖော်မည် ဟူသော အချက်မှာ လွန်စွာ အရေးကြီးသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ အခြားအစိတ်အပိုင်းများသည်လည်း စီးပွားရေး၏ ပုံသဏ္ဌာန်ကို အဆုံးအဖြတ် ပေးနိုင်သည်။ ဤအချက်သည် ဗဟိုအစိုးရနှင့် လွှတ်တော်များအကြား ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား အများစုကို ကိုယ်စားပြုသော အပစ်အခတ် ရပ်စဲရေး၊ အပစ်မရပ်ရသေးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အကြား အုပ်ချုပ်ရေး နှင့် အခြား အာဏာများခွဲဝေမှုတို့နှင့်လည်း သက်ဆိုင်သည်။
အခွန်ကောက်ခံရေးနှင့် သုံးစွဲနိုင်ခွင့် အာဏာ တို့သည်လည်း အလွန် ဆက်စပ်နေသည်။ ပုဒ်မ ၁၈၈ အရ ဒေသဆိုင်ရာ အာဏာပိုင်များထံ၌ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ် လုပ်ကိုင်နိုင်ခွင့် အာဏာတချို့ သတ်မှတ်ထားသော်လည်း အများစုအာဏာသည် ဗဟိုအစိုးရထံ၌သာ စုပုံနေသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသများ၏ အုပ်ချုပ်ရေး အဖွဲ့များတွင် အခွန်ကောက်ခံရေး၊ သုံးစွဲနိုင်ခွင့်အာဏာတို့နှင့် ပတ်သက်၍ ပြောရေးဆိုခွင့် မရှိပါ။ ဤအချက်သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထိုဒေသများရှိ တိုင်းရင်းသားများ လက်ခံလာရေးကို ထိခိုက်နိုင်သည်။
ဗြိတိသျှစီးပွားရေးပညာရှင် ဂျွန်ကိန်းက “အာဏာရှိသောရူးသွပ်သူများ” သည် အမြဲတစေ သို့တည်းမဟုတ် မသိစိတ်ဖြင့် “ခေတ်မမှီတော့သော စီးပွားရေးပညာရှင်များ၏ ကျွန်များ” ဖြစ်နေတတ်သည် ဟု ပြောခဲ့ဖူးသည်။ မြန်မာပြည်၌ အာဏာရှိသော ရူးသွပ်သူများ ရှိသော်လည်း ဂျွန်ကိန်း၏ အဆိုနှင့်ဆန့်ကျင်၍ စီးပွားရေး ပညာရှင်များ၏ အခန်းကဏ္ဍကို အသိအမှတ် မပြုကြပါ။

၂၀၀၈ အခြေခံဥပဒေမှတဆင့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ချေမှာ နည်းပါးလှသည်။ ၁၉၄၇ အခြေခံဥပဒေ၌ အလားတူ အားနည်းချက် များစွာရှိသော်လည်း နောက်ပိုင်းအခြေခံဥပဒေများနှင့် ကွာခြားသည်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်သည်။
သေချာသည့်အချက်မှာ ၁၉၄၇ အခြေခံဥပဒေသည် ၁၉၄၈-၁၉၆၂ ကာလ မြန်မာပြည်ရှိ ပါလီမန် ဒီမိုကရေစီနှစ်များ အတွင်း အလုံးစုံ အောင်မြင်မှု မရရှိခဲ့သော်လည်း နိုင်ငံတော်၏ ဆောင်ရွက်ချက်များသည် ဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်ခဲ့သည်ဟု ယူဆ၍ရသည်။
ထို့အပြင် ၁၉၄၇ အခြေခံဥပဒေသည် အခြားအခြေခံအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုရရှိခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်လိုသည့် နိုင်ငံရေးသမားများအား ထိန်းချုပ်နိုင်ခဲ့သည်။ ဤကဲ့သို့သော အခြေခံ အဖွဲ့အစည်းများက စစ်အစိုးရ၏ အသုံးချခံ ဖြစ်နေခြင်းမှာ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်သည်။ ဥပဒေကို မလေးစားသူများက ရေးဆွဲသော အခြေခံဥပဒေထက် ဤအခြေခံအဖွဲ့အစည်းများ ပြန်လည် ဖွဲ့စည်းနိုင်ရန် လိုအပ်သော နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုများ ပြုလုပ်ရန် ပိုမို အရေးကြီးပေသည်။ ဆက်လက် ရုန်းကန် လှုပ်ရှားရဦးမည် ဖြစ်သည်။

ပါမောက္ခ ရှောင်တာနဲ (Sean Turnell) သည် သြစတြေးလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ် Burma Economic Watch ၏ အယ်ဒီတာ ဖြစ်သည်။

နအဖ တပ်တွင်းပဋိပက္ခ

အပိုင်း (၁)

တပ်မ (၆၆) ဌာနချုပ်ဟာ အင်းမမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းက ခလရ - ၈၀ (အင်းမ) မှာ စားဝတ်နေရေး ကျပ်တည်းမှုကို အကြောင်းပြုပြီး စစ်သည်အချို့ အစုလိုက် အပြုံလိုက် နှုတ်ထွက်ခွင့်တင်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ တောမီးပမာ ပျံ့နှံ့ခဲ့ပြီး ကပစ (၉)၊ ကပစ (၁၀) မှ စစ်သည်တွေလည်း အလုပ်မလုပ်ကြတော့ဘဲ နှုတ်ထွက်ခွင့်တင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အလားတူပင် ခြေလျင်တပ်ရင်းများဖြစ်ကြတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ - ၄ (သဲကုန်း - အင်းမ)၊ ခမရ - ၅ (သဲကုန်း - အင်းမ)၊ ခလရ- ၇၅ (ပြည်)၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ - ၄၃၉ (ကညွှတ်ကွင်း)၊ ပြည် (ဒကစ) လက်အောက်ခံ ခလရ - ၅၃ (ပေါက်ခေါင်း) တို့မှာလည်း အစုလိုက် အပြုံလိုက် ထွက်စာတင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်မှာ ထွက်ခွင့်တင်တဲ့ကိစ္စကို လုံးဝခွင့်မပြုလို့ ခက်ခဲမှန်းသိနေကြတာကြောင့် တပ်ပြေးမှုတွေဟာလည်း ဆက်တိုက်လို ဖြစ်ပွားနေပါတယ်။



တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်းက တပ်မ (၆၆) မှ အရာရှိ စစ်သည်များအား

ချွေးသိပ်နေပုံ



အပိုင်း (၂)

အဲ့ဒီဂယက်ဟာ အလွန်အန္တရာယ်ကြီးမားမှန်း ကြိုတင်တွက်ဆမိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေဟာ ကက (ကြည်း) အနေနဲ့ အဆိုပါ အရေးအခင်းအပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ညင်သာစွာ ကိုင်တွယ်ဖို့ ကဗျာကယာ အမိန့် ထုတ်လိုက်ရပါတယ်။ အဲ့ဒီနောက် လစာငွေများအား ကျပ် ၂၀၀၀၀ စီ တိုးပေးဖို့ ချက်ချင်း အမိန့်ထုတ်ပြန် ပေးလိုက်ပြန်ပါတယ်။ အမှန်မှာတော့ အဲဒီလို တိုးပေးဖို့ ငွေတွေကို ဗိုလ်သန်းရွှေအနေနဲ့ ရွေးကောက်ပွဲ အတွက် မဲ စည်းရုံးဖို့နဲ့ မြူဆွယ်ဖို့ လျာထားတာ ဖြစ်ပေမဲ့ ယခုလို ကတိုက်ကရိုက် ကျပ်ငွေ ၂၀၀၀၀ အား အရေးပေါ် တိုးပေးလိုက်ရတဲ့ အတွက်ကြောင့် ဘတ်ဂျက် နှစ်ကုန်ခါနီးမှာ ဘဏ္ဍာရေး အကျပ်အတည်းများနဲ့ ကြုံတွေ့ရဖို့ စိန်ခေါ်ခြင်း ခံနေရပါတယ်။ မူလက ကျပ်ငွေ ၅၀၀၀ တန် ငွေစက္ကူသစ်ကို ငွေကြေး ဖောင်းပွမှုဖြစ်မှာစိုးလို့ တဖြည်းဖြည်းချင်း ထိမ်းထုတ်ခိုင်းရာမှ ယခု အခြေအနေဆိုရင် ငွေစက္ကူများအား တက်သုတ်ရိုက် ထုတ်ရမယ့် အနေအထားမျိုး ရောက်ပါတော့မယ်။

အပိုင်း (၃)

ဖြစ်စဉ်ဖြစ်ပွားရာ တပ်မ (၆၆) ဌာနချုပ်နဲ့ ခလရ - ၈၀ (အင်းမ) အပါအ၀င် ပတ်ဝန်းကျင် တပ်ရင်းများ တဝိုက်ကို အရေးပေါ် ကန့်သတ်ဧရိယာအဖြစ် အမိန့်ထုတ်ထားပြီး မူလက အဝင်အထွက်ရှိသော ဈေးရောင်းဈေးဝယ် အရပ်သားများကိုပင် ပေးမဝင်တော့ကြောင်း သိရှိရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမင်းကိုယ်တိုင် ၂၃-၁-၂၀၁၀ ရက်နေ့မှာ အင်းမတပ်နယ်ခန်းမသို့ သွားရောက်ကာ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် စန်းမြင့်အား အရေးယူမှု မပြုလုပ်တော့ကြောင်း ပြောဆိုခဲ့ပြီး အင်းမတပ်နယ်ခန်းမတွင် အရာရှိ၊ စစ်သည်များအား တွေ့ဆုံရင်း စည်းရုံးသိမ်းသွင်း ဖျောင်းဖျနားချ တတွတ်တွတ် မှာကြားခဲ့ကြောင်း စစ်ရုံးရှိ ပြည်သူ့ဘက် ရပ်တည်လိုသော အရာရှိများမှ “စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်” သို့ သတင်း ပေးပို့ခဲ့ပါတယ်။
နာရေးကူညီမှုအသင်း က နိဗ္ဗာန်ယာဉ် ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည်
ကျော်ခ/တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၃ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းက အသင်းပိုင် နိဗ္ဗာန်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးဌာန (Car Service Centre) တခု တည်ဆောက်မည်ဟု ဆိုသည်။
အသင်း စတင်တည်ထောင်စဉ် ၂၀၀၁ ခုနှစ်မှ စတင်၍ နိဗ္ဗာန်ယာဉ်များ၏ ပြုပြင်ရေးအတွက် ပြင်ပ ဆိုင်များတွင်သာ အပ်နှံခဲ့သော်လည်း နိဗ္ဗာန်ယာဉ်များ လာပြင်သည့် ကားပြင်ဆိုင်များကို အခြားကားများ လာရောက်အပ်နှံခြင်း မပြုကြသဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။




“နိဗ္ဗာန်ယာဉ်တွေ လာပြင်တဲ့ ဝပ်ရှော့ကို တချို့ကားပိုင်ရှင်တွေက မကြိုက်ဘူး။ ကျနော်တို့က လမ်းကြောင်းတခု သွားပြီးတိုင်း ဒီအနံ့အသက်တွေကို ပိုးသတ်ဆေးနဲ့သွားပြီး နေ့တိုင်း ဆေးရမှာကိုး။ အဲဒီလို ဖြစ်တော့ ကားရေးဆေးဆိုင်တွေ၊ ပြင်ဆိုင်တွေကို ငဲ့ပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်လိုက်တဲ့ သဘောပါ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၇ စီးအတွက်သာ ရည်ရွယ်သည့် ဌာနအသစ် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိပြီဖြစ်ပြီး မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်း ခြံဝင်းအတွင်း၌ပင် တည်ဆောက်မည်ဖြစ်သည်။
နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက တည်ထောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလလယ်အထိ သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့၏ ရုပ်အလောင်းများအား အခမဲ့ သဂြိင်္ုဟ်ပေးခဲ့သည်မှာ ရုပ်ကလာပ်ပေါင်း ၈၃၁၃၆ ရှိခဲ့ပြီ ဖြစ်သည်။
တိုးချဲ့ဖွင့်လှစ်ခဲ့သည့် သုခကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ၄၀ ဦးဖြင့် တနေ့လျှင် လူနာ ၂၀၀ ဦးခန့် ကုသပေးနေလျက်ရှိသည်။ သုခ သွေးလှူရှင်အသင်းကိုလည်း နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ နိဗ္ဗာန်ယာဉ် ၁၇ စီးအနက် ၁၅ စီးမှာ ပုံစံတူများဖြစ်ပြီး သံဃာတော်များနှင့် ကလေးငယ်များ အတွက်မူ ယာဉ် ၂ စီး သီးသန့်ထားရှိကြောင်း ဦးကျော်သူက ပြောသည်။
ကားပြုပြင်ထိန်းသိမ်းရေး အဆောက်အဦး အပါအဝင် သုခဆေးခန်းမှ လူနာနားနေဆောင်၊ နာရေး ကူညီမှုရုံးခန်းနှင့် ဓာတ်မှန်ရိုက်ခန်းများကိုပါ မြောက်ဒဂုံခြံဝန်းထဲ၌ ဆောက်လုပ်သွားမည်ဖြစ်သည်။
အသစ်ဆောက်မည့် ဓာတ်မှန်ရိုက်ခန်းအတွက် မကြာသေးမီက ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးလွဲမှား ကုသမှုကြောင့် ကွယ်လွန်သွားရသည့် မခိုင်ရွှန်းလဲ့ရည်၏ မိဘများက ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိပြီး ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့သည့် အသင်းပေါင်း ၅၀ ခန့် ရှိသည်ဟု ဦးကျော်သူက ဆိုသည်။ တနေ့လျှင် ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သဂြိင်္ုဟ်ပေးနေသည့် နာရေးကူညီမှုအသင်းနှင့် ကုသိုလ်ဖြစ် သုခဆေးခန်းတွင် ရေနှင့် လျှပ်စစ်မီး လုံလောက်မှု မရှိကြောင်း သိရသည်။
“အစိုးရရေ မရဘူး။ အဝီစိရေပဲ သုံးနေရတယ်။ မီးကလည်း တလိုင်းပဲ ရတယ်။ ပုံမှန်မလာတော့ လူနာတွေ အရေးပေါ် Operation (ခွဲစိတ်ကုသ) ဝင်တဲ့အခါ အခက်အခဲဖြစ်တာပေါ့နော” ဟု ဦးကျော်သူက ပြောသည်။
နာရေးကူညီမှုအသင်းအား ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။

Yours 2010



Copied from http://arzarni.blogspot.com/
24 Jan Yeyintnge's Diary