Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 18 January 2009

အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

သံဃာ့သူရဲကောင်း အရှင်ဂမ္ဘီရ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေ

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ထောင်အတွင်း အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။

မန္တလေး၊ အိုးဘိုထောင်တွင်း၌ ယခုလ (၁၃) ရက်နေ့မှစတင်ကာ မည်သည့်အစားအသောက်ကိုမျှ လက်ခံခြင်းမရှိဘဲ အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် အိပ်ယာထဲမှ မထနိုင်ဖြစ်နေကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကျမတို့သိရတာ ဒီနေ့ပဲ၊ မန္တလေးက မိတ်ဆွေဆီက ဖုန်းဝင်လာလို့သိတာ၊ ဘာကျွေးကျွေး မစားဘူးလို့ပြောတယ်၊ (၁၃) ရက်နေ့က စတာ၊ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်၊ အိပ်ယာထဲမှာ ပက်လက်ဖြစ်နေတယ်၊ ရေလဲမချိုး၊ ရေတောင်မသောက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ထောင်ဝင်စာ တကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ယခုလ (၁၄ )ရက်နေ့က ဦးဇင်း၏မယ်တော်ဖြစ်သူက ထောင်ဝင်စာသွားတွေ့ရာတွင် တွေ့ခွင့်မရခဲ့သည့်အပြင် ပါဆယ်ပို့ခွင့်ကိုပါ ပိတ်ထားလိုက်ကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဘာကြောင့်လဲဆိုတာတော့ မသိသေးဘူး၊ မိသားစုနဲ့ တွေ့ခွင့်မရတာဘဲလား၊ ဒါမှမဟုတ် ဒီထက်ပိုကြီးတဲ့ ကိစ္စတွေကြောင့်လားတော့မသိဘူး၊ (၁၄) ရက်နေ့မတိုင်ခင်တုန်းကတော့ နေပြည်တော်က လူကြီးတွေလာတယ်လို့ ပြောတယ်၊ အဲဒါတွေနဲ့များ ပတ်သက်နေသလားတော့ မသိဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ အရှင်ဂမ္ဘီရ၏ အခြေအနေသေးစိတ်ကို သိရှိရန်အတွက် မယ်တော်ဖြစ်သူက လာမည့်တနင်္လာနေ့တွင် ထောင်ဝင်စာတွေ့ရန် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာတပါးဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊ နိုင်ဝင်ဘာလအတွင်းက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရ

အပြစ်မဲ့ရှေ့နေကို စစ်ခွေးအဆွဲခံရ

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူကို နယ်မြေခံအာဏာပိုင်များက ရုံးချိန်းအပြန်တွင် ဖမ်းဆီးလိုက်သည်။

ယခုလ (၁၅) ရက်နေ့ ရုံးချိန်းအပြီး ရန်ကုန်သို့ပြန်ရန် အောင်လံမြို့မှအထွက် ကားပေါ်တွင် နယ်မြေခံ (မယက)အာဏာပိုင်များနှင့် (SB)အဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့အမှုကို သက်သေထွက်ပြီး ရန်ကုန်ကိုအပြန်မှာ မကွေးကနေ ကားစီးရမှာ မလုံခြုံလို့ အောင်လံကနေ ကားကိုသွားစောင့်ပြီး စီးတာ၊ အဲဒီမှာ ကားပေါ်မှာပဲ ဖမ်းလိုက်တာ၊ မနေ့က နေ့လည် (၁၂) နာရီခွဲလောက်မှာ ကားနဲ့ မကွေးကိုခေါ်သွားတာ တွေ့လိုက်တယ်” ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ရှေ့နေကိုဖိုးဖြူသည် စစ်တပ်လယ်မြေသိမ်းယူသည့် ကိစ္စကို (ILO) သို့ တိုင်ကြားခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးနှင့် နက်မောက်မြို့မှ ဦးလှစိုးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့က စစ်တပ်လယ်မြေသိမ်းတဲ့ ကိစ္စကို (ILO) ကို တိုင်တာကို အာဏာပိုင်တွေက စစ်လက်နက်ပစ္စည်း သိုလှောင်တာကို ဓါတ်ပုံရိုက်တယ်ဆိုပြီး မတရားအမှုဆင်ဖမ်းတာကို သက်သေထွက်ဆိုပေးတာ၊ အဲဒါက မတရားသက်သက် အမှုဆင်တာကို ဖော်ထုတ်တော့ အာဏာပိုင်တွေက အခုလိုလုပ်တာ” ဟု ဆက်ပြောသည်။

ကိုဇော်ဌေးနှင့် ကိုခင်စိုးတို့ကို အာဏာပိုင်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး မကွေး အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်လုံခြုံရေးထိခိုက်အောင် လုပ်ဆောင်မှု ပုဒ်မ ၃၁(က)၊ ၃၁(ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားသည်ဟု ပြောသည်။

နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ကိုဖိုးဖြူအား ယခုကဲ့သို့ ဖမ်းဆီးလိုက်သည့်အပေါ် “ကိုဖိုးဖြူကို ဒီလိုလုပ်တဲ့အတွက် လူတွေကတော့ အရမ်းကို မကျေမနပ်ဖြစ်နေကြတယ်၊ တကယ်တော်တဲ့သူတယောက်ကို သက်သက်မဲ့လုပ်လိုက်တာလို့ လူတွေက ပြောနေကြတယ်” ဟု အဆိုပါ အမည်မဖော်လိုသူက ဆက်လက်ပြောဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်


မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။

VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့ HBO ကုမ္မဏီက စီစဉ်နေပါတယ်။(rfa)