Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 3 November 2010

အမတ်လောင်းများ လေဘေးကူရန် တိုက်တွန်း

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် မဇ္ဈိမသတင်းဌာန သတင်း - မဇ္ဈိမသတင်းဌာန
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့်များကို ကူညီရန် ရန်ကုန်တိုင်းရှိ တသီးပုဂ္ဂလ အမတ်လောင်း ၈ ဦးက မြို့နယ် ၃ မြို့နယ်၌ လက်ကိုင် ပိုစတာများ ကိုင်ဆောင်လှည့်လည်ကာ ယမန်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အင်းစိန်၊ လှိုင်နှင့် ကမာရွတ် မြို့နယ်တို့တွင် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာဖုန်းဝင်း (ကမာရွတ်)၊ ဒေါ်ယူဇာမော်ထွန်း (လှိုင်)၊ ဦးသိန်းနိုင် (သင်္ကန်းကျွန်း)၊ ဦးဝင်းထိန်ဦး (ဗိုလ်တထောင်)၊ ဦးတင်ဆန်း (တာမွေ)၊ ခရမ်းမြို့နယ် အမျိုးသားလွှတ်တော် အမတ်လောင်း မဲဆန္ဒနယ် (၁) ကိုကျော်ကျော်မင်း၊ မဲဆန္ဒနယ် (၆) ဦးစန်းမြင့်နှင့် လွှတ်တော်အမတ်လောင်း ဦးသိန်းတန်တို့ ဖြစ်သည်။

“ဂီရိလေဘေးသင့်တဲ့ ပြည်သူတွေအတွက် ရန်ကုန်က ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီကြဖို့ တိုက်တွန်းတာပါ။ ကျမလည်း လှိုင်မြို့နယ်မှာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး မိတ်ဆက်တာလည်း လုပ်ပါတယ်’’ ဟု ဒေါ်ယူဇာမော်ထွန်းက ပြောသည်။

လှူဒါန်းရေး လှုံ့ဆော်ဆန္ဒပြုမှုကို အင်းစိန်မြို့နယ်၌ အင်းစိန်ဈေးရှေ့မှစ၍ ထောင်ဘူးဝရှေ့အထိနှင့် မီးပွိုင့်များ၌ လှည့်လှည် လမ်းလျှောက်ကာ ပြသခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် အင်းစိန်မြို့နယ်မှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမိုးထွန်း (ခ) ဦးမိုးမြင့်အောင်လည်း ပါဝင်ခဲ့သည်။

“ အဲဒီလူ (ဦးမိုးထွန်း) ကို ကျမတို့ သိတယ်။ သူက ကိုယ်စားလှယ်ဆိုတာထက် ကျူရှင်ဆရာလို့ပဲ သိတယ်။ အခု သူက ပါတီကဆိုတော့ တကယ်ဆိုရင် မဲဆွယ်ရမှာလေ။ အခု သူက လေဘေးသင့်သူတွေအတွက် အလှူခံနေတာ တွေ့တယ်။ အံ့သြစရာပဲ’’ ဟု အင်းစိန်ဈေးမှ ဈေးသည်တဦးက ပြောသည်။

ဒေါက်တာဖုန်းဝင်းနှင့် ဒေါ်ယူဇာမော်ထွန်းသည် မင်္ဂလာမြန်မာ နာဂစ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ၂ဝဝ၈ ခု မေလနောက်ပိုင်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၌ အခြေစိုက်ကာ လှုပ်ရှားခဲ့သည့် ဇနီးမောင်နှံ ဖြစ်သည်။

“ရခိုင်မှာ အဖွဲ့လေးဖွဲ့ခွဲပြီးတော့ ကယ်ဆယ်ရေးတွေကို ဆောင်ရွက်ဖို့ လွှတ်ထားပါတယ်။ ရန်ကုန်မှာ လုပ်တဲ့ လေဘေးအတွက် လှူနိုင်တယ် ဆိုတဲ့ လှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး လေဘေး ကယ်ဆယ်ရေး လှူချင်သူတွေကို ကျမတို့နဲ့ ဆက်သွယ်ပြီးတော့ လှူနိုင်တယ်လို့ အသိပေးလိုက်ပါတယ်’’ ဟု ဒေါ်ယူဇာမော်ထွန်းက ပြောသည်။

တသီးပုဂ္ဂလိက အမတ်လောင်း ၈ ဦးသည် ဦးသုဝေ ခေါင်းဆောင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် ပူးပေါင်းလက်တွဲရန် ရန်ကုန်တိုင်း ဗဟန်းမြို့ ရွှေဂုံတိုင်တာဝါ၌ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့တွင် နားလည်မှု လက်မှတ် ရေးထိုးခဲ့သူများ ဖြစ်သည်။

http://burmese.bnionline.net/news/nmg/5581---nld--.html

No comments: