Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 11 January 2011

၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

လွင်ကို , 06 January 2011
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ချပေးထားသော ကျပ် ၅ သိန်းတန် CDMA ဖုန်းများကို အင်တာနက်ပါ အသုံးပြုနိုင်ရန် လာမည့် ၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပြင်ဦးလွင် ICT ပြပွဲ၌ SIM ကတ်များအား လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Showing-how-McWill-connect-to-Internet-Eleven-Media-Group

၅ သိန်းတန် CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုပုံ သရုပ်ပြနေစဉ် (ဓာတ်ပုံ - Eleven Media)
လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ CDMA 800 MHz၊ 450 MHz စနစ်များ ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်မည့် McWill ဖုန်းမှာ CDMA 400 Mhz ဖြစ်ကြောင်း၊ အဆိုပါ ဖုန်း စတင်ရောင်းချသည့် ဇန်နဝါရီလ ၈ ရက်နေ့တွင်ပင် အင်တာနက် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အင်တာနက်ပါ သုံးချင်တဲ့သူက SIM ကတ် လဲဖို့ လိုမယ်။ ကျပ် ၃ သောင်းလောက် ထပ်သွင်းရမယ်။ ပြင်ဦးလွင် IT ပွဲမှာ စလဲပေးမယ်” ဟု ကျပ် ၅ သိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ရောင်းချနေသည့် ဦးတေဇ၏ E-lite Tech ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

SIM ကတ်အစား အင်တာနက်အသုံးပြုနိုင်ရန် UID ကတ် လဲလှယ်ရမည်ဟု အင်တာနက် ဂျာနယ်တွင် ရေးသားထားသည်။ အဆိုပါ ကတ်များကို ကျပ် ၅ သိန်းတန် ဖုန်း သုံးသူများအတွက် အကန့်အသတ်မရှိ လဲပေးသွားမည်ဟုလည်း သိရသည်။
နဝမ အကြိမ်မြောက် ကျင်းပမည့် မြန်မာ ICT ပြပွဲတွင် အင်တာနက်ပါ အသုံးပြုနိုင်မည့် McWill မိုဘိုင်းဖုန်းများကို ပွဲတော်ရက်အတွင်း ရောင်းချပေးမည့် သတင်းကြောင့် တခြားမြို့ကြီးများမှ သွားရောက်ဝယ်ယူရန် စိတ်ဝင်စားသူ များပြားလျက် ရှိနေသည်။

400 MHz စနစ်ဖြင့် အသုံးပြုနိုင်မည့် 3.5 G အမျိုးအစား McWill မိုဘိုင်းဖုန်းများကို ပြင်ဦးလွင်မြို့ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် ICT ပွဲတော်၌ အလုံးရေ ၆၀၀၀ စတင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ McWill စီမံကိန်း မန်နေဂျာက ပြောသည်။
McWill ဖုန်းအတွက် ဟန်းဆက်မှာ လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသော 800 Mhz, 450 MHz ဖုန်းများ ကဲ့သို့ပင် တရုတ်ပြည်မှ ထုတ်လုပ်သည့် ဟန်းဆက်ဖြစ်ပြီး ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အင်တာနက် သုံးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဟန်းဆက်ကို USB ကဲ့သို့ အသုံးပြု တပ်ဆင် ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

“သူ့ ဟန်းဆက်မှာက Screen မပါပါဘူး။ ဖုန်းမှာ အင်တာနက် သုံးလို့ မရဘူးပေါ့။ ကွန်ပျူတာမှာ USB ပုံစံ တပ်ပြီး သုံးရမှာပါ” ဟု သူက ရှင်းပြသည်။အင်တာနက်မြန်နှုန်း အနေဖြင့် 128KB, 256KB, 512KB နှင့် 1M ဟူ၍ ၄ မျိုး ခွဲခြားပေးထားကာ ဈေးနှုန်းကွာခြားမည် ဖြစ်သည်။McWill ဖုန်းများကို မိုဘိုင်းဖုန်းအဖြစ်သာ သီးသန့်အသုံးပြုမည်ဆိုပါက ကျပ် ၄၅၀၀၀၀ သာ ပေးသွင်းရမည်ဖြစ်ပြီး အင်တာနက်ပါ အသုံးပြုမည်ဆိုပါက ကျပ် ၅ သိန်း ပေးသွင်းရမည်ဟု Eleven media တွင် ရေးသားထားသည်။အင်တာနက် အသုံးပြုခ အနေဖြင့် 128KB အတွက် တနာရီ ကျပ် ၁၂၀၊ 256KB အတွက် တနာရီ ကျပ် ၁၈၀၊ 512KB အတွက် တနာရီ ကျပ် ၃၆၀၊ 1M အတွက် တနာရီ ကျပ် ၄၈၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။“ရောင်းမှာကတော့ အလုံး ၆၀၀၀ ပဲ။ ဒါပေမယ့် ဖုန်းဆိုင်တွေ၊ ပွဲစားတွေ၊ အဆက်အသွယ် ရှိတဲ့သူတွေ ဒီပွဲ သွားမှာဆိုတော့ တကယ် သုံးမယ့်လူ လက်ထဲ အမှန်တကယ် မရောက်နိုင်ဘူး” ဟု McWill စီမံကိန်းမန်နေဂျာက ဆိုသည်။

McWill ဖုန်းအတွက် Prepaid ကတ်များကို ကျပ် ၁ သောင်း၊ ကျပ် ၂ သောင်း၊ ကျပ် ၃ သောင်း၊ FEC 20၊ FEC 50 ဟူ၍ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ခေါ်ဆိုမှုအတွက် FEC ၂၀ တန်၊ ၅၀ တန် Prepaid ကတ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ယခုလက်ရှိတွင် ကျပ် ၅ သိန်းဖုန်းများထဲ၌ CDMA 800MHz, CDMA 450MHz ဟူ၍ ကွဲပြားနေပြီး ယခုအခါ 400 MHz တမျိုး ထပ်မံ ရောင်းချလျှင် အမျိုးအစား ၃ မျိုး ရှိလာမည်ဖြစ်သည်။ ဟန်းဆက် တခုတည်းကို CDMA 800MHz နှင့် CDMA 450MHz အမျိုးအစား SIM ကတ်များ လဲလှယ်သုံးစွဲပါက SIM ကတ် ကြောင်သည့် ပြဿနာများ ဖြစ်တတ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

“ဖုန်းလိုင်းတွေက အမျိုးမျိုးပေါ်နေတာ။ အခု ကျမကိုင်ထားတဲ့ GSM က အရင်လတွေတုန်းက အင်တာနက်သုံးလို့ ရတော့မယ်လိုလို ဘာလိုလိုနဲ့၊ အခု မရတော့ပြန်ဘူး။ ၅ သိန်းဖုန်းတွေက အင်တာနက် သုံးလို့ ရမယ်ဆိုတော့ G ဈေးတွေ ကျပ် ၈ သိန်းအောက် ကျဖို့ရှိနေတယ်” ဟု GSM အသုံးပြုနေသော ရန်ကုန်မြိုခံ တဦးကဆိုသည်။
ကျပ် ၅ သိန်းတန် ဖုန်းများကဲ့သို့ပင် GSM ဖုန်းများကိုလည်း အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း၊ မကြာခင် ရလာမည်ဟု မျှော်လင့်ရကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ တာဝန်ရှိသူကပြောသည်။ပြင်ဦးလွင် ရတနာပုံ ဆိုက်ဘာစီးတီးတွင် ကျင်းပမည့် ICT ပြပွဲ၌ အင်တာနက် သုံးနိုင်ရန် ယခင် ရောင်းချပေးထားသော ကျပ် ၅ သိန်းတန် ဖုန်းများကို SIM Card များလဲလှယ်ပေးမည်ဆိုခြင်း၊ McWill ဖုန်းများစတင်ရောင်ချမည့် ဆိုခြင်းတို့ကြောင့် လူအများ စိတ်ဝင်တစား လာရောက်ကြည့်ရှုနိုင်ကြောင်း IT ပညာရှင် တဦးက ဆိုသည်။

“၂၀၀၈ က ဒီမှာ ICT ပွဲ စလုပ်တယ်။ ၂၀၀၉ ကျတော့ လူအ၀င်နည်းတယ်။ ဒီနှစ်တော့ လူစည်ကားအောင် ထူးထူး ခြားခြားလေးတွေ လုပ်တာပါ” ဟု ၎င်းကပြောသည်။
McWill ဖုန်းနံပါတ်များမှာ ရန်ကုန်တိုင်းအတွက် ၀၁၀၂၊ ၀၁၀၃ စသဖြင့် အစပြုမည်ဖြစ်ပြီး မန္တလေးတိုင်းအတွက် ၀၁၀၄၊ ၀၁၀၅ စသော နံပါတ်များဖြင့် အစပြုချထား ပေးမည် ဖြစ်ကြောင်း သိရသည်။ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာပြည်တွင် မိုဘိုင်းဖုန်းစနစ် အနေဖြင့် GSM နှင့် CDMA ဟူ၍ နှစ်မျိုးကွဲပြားနေပြီး လတ်တလော CDMA ဖုန်းများမှာ ဈေးနှုန်း ပိုမိုသက်သာသောကြောင့် လူကြိုက်များလျက်ရှိသည်။ သို့ရာတွင် CDMA ဖုန်းမှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟန်းဆက် တမျိုးတည်းဖြင့်သာ အသုံးပြုနိုင်သောကြောင့် ငွေကြေးတတ်နိုင်သူများက ကမ္ဘာ အရပ်ရပ်တွင် အသုံးပြုနေသည့် GSM စနစ်ကိုသာ သုံးကြသည်။

No comments: