Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 11 January 2011

ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ) ။ ။ စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။

ဤသည်မှာ ယမန်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌Buddha-f ဗုဒ္ဓသာသနာပြု ဆရာတော် သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်သည့် အမိန့်ကြေညာစာ အမှတ် ၁/၂ဝ၁၁ အပေါ် ဦးပညာဇောတက တုံ့ပြန်ဝေဖန်ခြင်းလည်း ဖြစ်သည်။ ကြေညာစာတွင် ဘာသာရေးအရ အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို မန္တလေး သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်တိုက် ဆရာတော် ဒေါက်တာကုမာရာဘိဝံသနှင့် မဟာဝိဇိတာရုံဆရာတော် ဥုးဝိစာရိန္ဒာဘိဝံသ (ရွှေကျင်) တို့ကို ဆပ်ကပ်ချီးမြှင့်ကြောင်း ပါရှိသည်။

“ဆရာတော်ကြီးတွေကို သံဃာထုက လေးစားမှုရှိပါတယ်။ ဥုးဝိစာရိန္ဒာဘိဝံသက ရွှေကျင်သာသနာမှာ အလေးအမြတ်ပြုရတဲ့ ဆရာတော်ကြီး၊ ဦးကုမာရာဘိဝံသက ဂိုဏ်းပေါင်းစုံဘက်မှာ အလေးထားရတဲ့ ဆရာတော်ကြီးလေ။ ဆိုတော့ ဒီအချိန်မှာ ဆွဲသုံးတာ သူတို့ ၂ဝဝ၇ က ကျသွားတဲ့ သြဇာကို ပြန်ကောက်တင်တဲ့ သဘောပေါ့” ဟု ဦးပညာဇောတက မိန့်သည်။ ဆရာတော်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် အိန္ဒိယသို့ တိမ်းရှောင်လာကာ သီတင်းသုံးနေသူ ဖြစ်သည်။

သံဃာတော်များတွင် အမြင့်ဆုံးဖြစ်သည့် အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့မှာ ဖဆပလခေတ် ဆဋ္ဌသင်္ဂါယနာ မတင်မီအချိန်မှစ၍ တီထွင်ဆက်ကပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ကိုလိုနီခေတ် ၁၉၁ဝ ကျော်ကစကာ ဆရာတော်များနှင့် လူပြန်တော် ပညာရှိများကို မန္တလေးသုဓမ္မာဇရပ်တွင် ဒုတိယဘုရင်ခံက ဆက်ကပ်ခဲ့သည်။ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ပိဋကတ်ဘာသာပြန် ဆရာမြို့၊ ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ဒေါက်တာဆရာလင်း စသည့် ထင်ရှားသော ဆရာတော်များ၊ လူပုဂ္ဂိုလ်များ ရရှိခဲ့ဖူးသည်။လွတ်လပ်ရေးရပြီးနောက် အမရပူရ မဟာဂန္ဓာရုံဆရာတော် ဥုးဇနကာဘိဝံသမှစပြီး ဆက်လက်ချီးမြှင့်ခဲ့ရာ ၁၉၆၂ ခုနှစ် အာဏာရှင်ဟောင်း ဦးနေဝင်း နိုင်ငံတော်အာဏာ သိမ်းသည်အထိဖြစ်သည်။

စစ်အာဏာသိမ်း အစိုးရခေတ်တွင် ဦးနု၏ ဘာသာရေးရှေ့တန်းတင်မှုကို ဆန့်ကျင်သည့်အနေဖြင့် နှစ်အတော်ကြာ ဘွဲ့တံဆိပ်မပေးခဲ့ဘဲ ၁၉၈ဝ ရောက်မှ ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးဆိုကာ သံဃာ့မဟာနာယကအဖွဲ့ ဖွဲ့စည်း၍ သံဃာထုကို ထိန်းချုပ်ပြီးနောက်မှ ပြန်လည်ချီးမြှင့်ခဲ့သည်။ ၁၉၉ဝ ခုနှစ်ကျော် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်တွင် ဘွဲ့တံဆိပ်များ တိုးချဲ့ကာ သာသနာပြုများ၊ တရားပြ ဆရာများ၊ ကုသိုလ်ရှင်များကိုပါ ချီးမြှင့်ခဲ့သည်။ ရှေးမြန်မာမင်းများ၏ ဘုရင်နှင့် သာသနာအကြား အပြန်အလှန်ချီးမြှင့် အသိအမှတ်ပြုသည့်သဘော၊ ရာဇဂုရုဘွဲ့များ ဆက်ကပ်ခဲ့သည့် အစဉ်အလာကို ဆက်ခံကျင့်သုံးသည့် အသွင်ယူခဲ့သည်။ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စများမကင်းဟု ပြောဆိုခံရသည်မှာ ကိုလိုနီခေတ် ကတည်းက ဖြစ်သလို ဘာသာပေါင်းစုံ ကိုးကွယ်သည့် တိုင်းပြည်တွင် ဗုဒ္ဓဘာသာတခုတည်းကို အစိုးရက ဘွဲ့နှင်းချီးမြှင့်နေသည်မှာ မမျှတဟု ဝေဖန်မှုများလည်း ရှိသည်။

“သူတို့ ဒီဆရာတော်ကြီးတွေကို အခုလို ပေးခြင်းအားဖြင့် ဦးဇင်းတို့ သာသနာအတွက် အားကိုးရမလားရယ်လို့တော့ အလားအလာ မရှိဘူးလို့ ထင်တယ်။ ဒါ သာသနာတော်ရဲ့ လုံခြုံမှုပိုင်း၊ သံဃာငယ်တွေရဲ့ လုံခြုံမှုပိုင်းကို အာမခံပေးနိုင်မယ်လို့ မထင်ပါဘူး” ဟု ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက ဆိုသည်။
ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များနှင့် အခြားဘွဲ့များ ပေးအပ်သည့် ကြေညာစာကို ယမန်နေ့ထုတ် သတင်းစာတွင် ထုတ်ပြန်ခဲ့သော်လည်း အစိုးရဝက်ဆိုက်များ၌ မတွေ့ရသေးပေ။အမိန့်ကြေညာချက်ထဲတွင် အခြားဘွဲ့များအဖြစ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ကို မေမြို့စာပန်းအိမ် ဘော်ဒါမှ ဒေါက်တာကျော်စောနှင့် ကံ့ကော်ရွှေပြည်မှ ဒေါက်တာသန်းထွန်း၊ သုဓမ္မသိင်္ဂီဘွဲ့ကို မန္တလေးမှ မျက်စိအထူးကု ဒေါက်တာကိုလေး၏ သမီး ဒေါ်စံပယ်ကိုလေးကို ပေးကြောင်း ပါရှိသည်။
ပြီးခဲ့သည့်နှစ်တွင် ဖဆပလခေတ် ဘွဲ့ဟောင်းများကို ပြန်လည်ချီးမြှင့်စဉ်က ဦးတေဇ၊ ဦးဇော်ဇော် စသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တိုင်းမှူးများကို သီရိပျံချီဘွဲ့များ ပေးခဲ့သည်ကို စစ်အစိုးရဝဘ်ဆိုဒ်က ခြွင်းချန်ထားခဲ့သည်။ (မျိုးသိဏ်း တည်းဖြတ်သည်။)

No comments: