Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 October 2010

မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့ရှိ ပြည်သူ့စစ်စခန်းတခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။

မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။


၎င်းက “မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်” ဟု ပြောသည်။

အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌ ဒေသခံလူထုကို ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံး ဟောပြောပွဲတခု ပြုလုပ်ရန်ရှိနေရာ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူထုစည်းဝေးပွဲလည်း ပျက်သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

No comments: