Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 6 December 2010

ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

ဘစောတင် Saturday, 04 December 2010 18:00


ထပ်မံရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက “ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။

“ညတုန်းကတော့ ဝေါလေ ဘက်မှာရှိတဲ့ သံမဏိကုန်း ဘက်မှာ ဗျူဟာအရံ တပ်စွဲထားတဲ့ နေရာကို DKBA က ည ၁၁ နာရီလောက်မှာ ၀င်ရောက် တိုက်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြ၀တီဆေးရုံတွင် နအဖ အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဆေးကုသမှု ခံယူလျှက် ရှိကြောင်း မြ၀တီမြို့ခံ ရဲဝန်ထမ်း တဦးက ပြောသည်။ ဘုရားသုံးဆူ ဘက်တွင်လည်း ဒဏ်ရာရရှိသော တပ်သား ၄ ဦးကို ထိုင်းနိုင်ငံထဲမှ ဖြတ်ကာ ကားဖြင့် ထားဝယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ မြန်မာ စစ်ပြေးဒုက္ခသည် ၁ ထောင်ခန့် ရှိနေကြောင်း၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များထားရှိရာသို့ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များကို အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည် ပြောကြောင်းလည်း သိရှိရသည်။

http://www.irrawaddy.org/

No comments: