Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 5 November 2010

မြန်မာ့အင်တာနက်လိုင်းများ DDOS ဖြင့် တိုက်ခိုက်ခံရ၊ ပညာရှင်များ စုပေါင်း ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းမည်ဆို

ပြည်တွင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်နှေးကွေး ခဲ့ခြင်းသည် ယခုအချိန်အထိ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးကြောင်း အင်တာနက် သုံးစွဲသူများထံမှ စုံစမ်းသိရှိ ရသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ရတနာပုံ တယ်လီပို့ တို့၏ ISP များသို့ ပြည်ပမှ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ကာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ICT Department မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုကို ကာကွယ် ဟန့်တား ပြင်ဆင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းတို့မှ ပညာရှင်များ ပါဝင်သော MMCERT အဖွဲ့၊ Asia Pacific Network မှ ပညာရှင်များမှ ဆောင်ရွက်နေကြပြီး ပြည်ပအဖွဲ့အစည်းများ ဖြစ်သော CNCERT နှင့် JPCERT တို့မှလည်း ကူညီထောက်ပံ့ ပေးလျက်ရှိပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း ဆက်သွယ်မှုများ ပြန်ရရှိတော့မည်ဟု ရတနာပုံတယ်လီပို့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ခြင်း ဆိုသည်မှာ သက်ဆိုင်ရာ ISP တစ်ခု၏ DNS Server များသို့ Accessment အတုအယောင်များ သန်းနှင့်ချီ၍ ဖန်တီးလိုက်ခြင်းဖြင့် သက်ဆိုင်ရာ Server ၏ bandwidth ကျော်လွန်ကာ အမှန်တကယ် သုံးစွဲသူများ ၀င်ရောက်သုံးစွဲ၍ မရတော့ဘဲ DNS Failure ဖြစ်သွားစေကြောင်း၊ ယခု တိုက်ခိုက်မှုသည် 5 GB ခန့် ပမာဏအထိ များပြား ပြင်းထန်သည်ဟု ကြားသိရကြောင်း မြန်မာအင်ဖိုတက်ရှိ MIT ကုမ္ပဏီ၏ Sage Department မှ IT ပညာရှင်တစ်ဦး ဖြစ်သူ မတင်ဇာဖြိုး မှ mmDailyNews က အက်ဒမင် ကိုသီဟသစ် ၏ ဖုန်းဖြင့် မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်က စတင်ဖြစ်ပွားခဲ့သော အင်တာနက် လိုင်းများ ပြတ်တောက်မှုနှင့် ပတ်သက်၍ “ဒီတစ်ခါ လိုင်းကျတာက တော်တော်ဆိုးတယ်ဗျ။ ခါတိုင်းကျပေမယ့် Google Search Engine, G-mail, G-talk လောက်တော့ ရသေးတယ်။ အခုက ဘာမှကို မရတာမို့ ဆိုင်ပါ ပိတ်ထားလိုက်တယ်။ လိုင်းက တစ်ချက် တစ်ချက်တော့ ပြန်တက်ပေမယ့် နာရီဝက်တောင် မခံပါဘူး။ ပြည်တွင်းဆိုက် အချို့တော့ ကြည့်လို့ ရတဲ့အခါလည်း ရပါတယ်။ နိုင်ငံခြား ဆိုက်တွေ၊ ဆက်သွယ်ရေးတွေက ဘာမှ မရဘူး။ ညဖက်ပိုင်းတော့ ပြန်ရချင်ရပေမယ့် အတော်လေး နှေးပါတယ်။ ထူးခြားတာက ADSL သုံးတဲ့ ဆိုင်တွေ အကုန်ကျပြီး Wi-Max သုံးတဲ့ ဆိုင်တွေကျတော့ ကျတာ ပိုသက်သာတာ တွေ့ရပါတယ်။ အရမ်းတော့လဲ မကွာပါဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက mmDailyNews သို့ ပြောကြားခဲ့ရသည်။

ယခုကဲ့သို့ အင်တာနက်လိုင်း နှေးကွေး ပြတ်တောက်မှု များကြောင့် အင်တာနက် ဆက်သွယ်ရေးအပေါ် အဓိကမူတည်နေသော စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် IT ကုမ္ပဏီများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ပြည်တွင်းမီဒီယာများ၊ ပြည်ပ ဆေးရုံ၊ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသော ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် အဓိက ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ယခရက်ပိုင်းအတွင်း ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ဖုန်းနှင့် ဖက်စ်ကိုသာ အဓိက အားထားနေရကြောင်း ကြားသိရသည်။

အထက်ပါသတင်းများနှင့် ပတ်သက်၍ ပြည်တွင်းနာမည်ကျော် ဘောလုံးအားကစား ၀က်ဘ်ဆိုက် တစ်ခုဖြစ်သော www.mutdfan.com နှင့် mmDailyNews တို့၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဇော်ဇော် က "အခုလတ်တလော ကွန်နက်ရှင် နည်းနည်းလေး ပြန်ရပါတယ်။ မသိတဲ့သူတွေကတော့ ရလာတဲ့ ကွန်နက်ရှင်ဟာ ပုံမှန်ဆိုဒ်တွေ ပွင့်နေတယ် ထင်ရပေမယ့် တကယ်တက်နေတာက Server-Cache ထဲက Data တွေကို ပြန်ကြည့်နေရသလို ဖြစ်နေတယ်။ သတင်းသမားတွေ အတွက် အတော်လေး ဆိုးတယ်။

ဥပမာ www.thesun.co.uk ဆိုတဲ့ ဆိုဒ်ကို ဖွင့်လိုက်တဲ့အခါ သတင်းသစ် မတက်ဘဲ သတင်းဟောင်းဘဲ တက်နေတာမျိုး ကြုံရတယ်၊ ပထမတော့ မူလဆိုဒ်က သတင်းသစ် မတက်တာလားပေါ့။ နောက်မှ အခြားနည်း တခုခုနဲ့ ကျော်ဖွင့်ကြည့်တော့မှ သတင်းသစ်တွေ တက်နေပါလျက်နဲ့ ဒီမှာ အဟောင်းဘဲ ပွင့်နေတာမျိုး တွေ့ရတယ်။ ဒါလေး သတိထားမိရင်တော့ User တွေ အနေနဲ့ အခြား တစ်နည်းနည်းနဲ့ ကြိုးစားရင် အဆင်ပြေတာမျိုး ဖြစ်လာမှာပါ။

ဘာဘဲဖြစ်ဖြစ် အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ ကုမ္မဏီ အနေနဲ့ ထိုက်တန်တဲ့ အခကြေးငွေပေးပြီး သုံးကြရတဲ့ User တွေကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဘာ့ကြောင့်ဖြစ်တယ် ဘယ်တော့လောက် ပြန်ကောင်းမယ် စသည်ဖြင့် သတင်းပေးသင့်တယ် ထင်ပါတယ်။ အခုက ပျက်တာလား၊ ဖြတ်ထားတာလား ဘာမှန်း မသိတော့ မေးစရာ မေးခွန်းတွေ အများကြီးရှိနေပြီး သုံးမရတဲ့ အင်တာနက်အတွက် လကုန်ရင်တော့ လစဉ်ကြေးပေးနေရတာပါဘဲ။

ပြည်သူကို အလေးထားတဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေတဲ့အချိန်မှာ ပြည်သူတွေဖြစ်တဲ့ User တွေကိုလည်း လေးစား တန်ဖိုးထားသင့်တယ် ထင်ပါတယ်" သူ၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆို ခဲ့သည်။

No comments: