Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 21 March 2011

နည်းပညာနှင့် အာဏာရှင်တို့၏ သဘောထား

နည်းပညာနှင့် အာဏာရှင်တို့၏ သဘောထား



ကမ္ဘာတလွှားက လူငယ်များသည် နည်းပညာကို အသုံးချကာ သူတို့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြချိန်တွင် မြန်မာနိုင်ငံမှ လူငယ်များသည် နည်းပညာကို ထိရောက်စွာ အသုံးချနိုင်ဖို့ အသာထား လူအသုံးများသည့် Gmail ကိုပင် ကြည့်ရန် ခက်ခဲလှသည့် လိပ်လိုသွားသော ကော်နက်ရှင်၏ နှိပ်စက်မှု အောက်တွင် ဒုက္ခများစွာ ရောက်၍ တန်ဖိုးရှိသော အချိန်များစွာကို ဖြုန်းတီးပစ်လိုက်ကြရသည် ။ နည်းပညာကို အသုံးချကာ ပညာဆည်းပူးလိုသော သူများ ၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေသူများ ၊ သတင်း အချက် အလက် ရှာဖွေသူများ သာမကာ ရပ်ဝေးရောက် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများနှင့် ဆက်သွယ်ရာ၌ ကြားခံပစ္စည်း အဖြစ် အသုံးပြုနေရသော အင်တာနက်ကို ပိတ်ပင် တားဆီးမှုများသည် တနည်းအားဖြင့် လူ့အခွင့်အရေးကို ထိပါး စော်ကားခြင်းပင် ဖြစ်လေသည် ။



အဝေးရောက် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဇနီးနှင့်ခင်ပွန်း ၊ ချစ်ခင်သူ စုံတွဲများမှာ မြင့်မားလှသော ဆက်သွယ်ရေး ကုန်ကျစရိတ်ကို မတတ်နိုင်၍ ဈေးနှုန်း ချိုသာလှသော Gtalk , VZO အစရှိသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်မှုကို အားကိုးနေရသည့် အချိန်တွင် ပြည်သူလူထု ဒုက္ခရောက်မှ ကြည်နူးရသည့် အစိုးရက သူတို့ တောင်းသမျှ ပေးမှ တပ်ဆင်ခွင့်ရသည့် အင်တာနက်ကို အသုံးပြုခြင်းသည် သူတို့ဝင်ငွေ ထိခိုက်သည်ဟု ဆိုကာ ထပ်မံ တားမြစ်လိုက်ပြန်သည် ။ သဘာဝ သယံဇာတများကို ရောင်းချကာ ရရှိသမျှကိုသူတို့ အိတ်ကပ်ထဲ ထည့်ထားသည့် အာဏာရှင်များ အနေဖြင့် ဒီကိစ္စလေးမှ ရသည့် ၀င်ငွေသည် သူတို့ သားသမီးများ၏ မုန့်ဖိုးပင် ရှိမည် မထင်ပါ ။ ထိုကိစ္စသည် အပေါ်ယံတွေးလျှင် ရိုးရိုးလေး ဖြစ်သော်လည်း သေသေချာချာ စေ့စေ့စပ်စပ်တွေးကြည့်လျှင် သွေးရိုးသားရိုး မဟုတ်ပါ ။ နည်းပညာကို အခြေခံထားသည့် ကွန်ယက်များ ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်သည့် သူတို့၏ သောကကို ဖော်ထုတ် ပြသလိုက်တာ ဖြစ်နိုင်သလို လူထု၏ စည်းလုံးညီညွတ်မှု ကို သိချင်၍ စမ်းသပ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည် ။



လက်ရှိ စစ်အာဏာရှင်များ၏ အရေခွံလဲကာ အသွင်ပြောင်း အုပ်ချုပ်မှုပုံစံ စတင်အသက်သွင်းပြီးသည့် အချိန်မှ စ၍ ပြည်သူလူထု၏ ဘ၀ သည် ပိုမိုဒုက္ခရောက်ကာ ဆင်းရဲ ကြပ်တည်းလာသည့် အပြင် ချုပ်ခြယ်မှု မျိုးစုံ အဖုံဖုံနှင့် ဆက်လက် ဒုက္ခပေးရန် ကြံစည် လုပ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရလေလေည် ။ သူတို့၏ စိတ်နေစိတ်ထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိသည့် အပြင် ပိုမိုဆိုးဝါးသည့် ပုံစံတခုကို အသက်သွင်းရန် လူထုလည်ပင်းကို တရစ်ပြီး တရစ် ကြိုးကွင်း စွပ်လျှက် ရှိသည်ကို သူတို့ ထုတ်ပြန်ထားသော ဥပဒေများက သက်သေခံထားပါလျှက် ကျွန်ူပ်တို့က သိသိကြီးနဲ့ ခေါင်းငုံ့ခံလိုက်လျှင် လွန်စွာ မှပင် ဆိုးရွားသော ဒုက္ခများကို မကြာခင် ခါးသီးစွာ ခံစားရတော့မည် ဖြစ်ပါသည် ။



ယနေ့ မြန်မာနိုင်ငံမှ လူငယ်များသာ မက လူလတ် ၊ လူကြီး အသက်အရွယ်အပိုင်းအခြား မရှိ အသုံးပြုနေကြသော ဈေးနှုန်းချိုသာသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်ရေး ကွန်ယက်များသည် သူတို့ အကျိုးစီးပွားအား ထိခိုက်သည်ဟု အကြောင်းပြကာ ပိတ်ပင် တားဆီးမှုသည် ပြည်သူလူထုအား တိုက်ရိုက် အနိုင်ကျင့် ဗိုလ်ကျကာ စော်ကားလိုက်ခြင်း ပင်ဖြစ်လေသည် ။ မိတ်ဆွေတို့ မှတ်မိအုံးမည် ထင်ပါသည် ။ မြန်မာနိုင်ငံတွင် စစ်မှု မထမ်းမနေရ စနစ်ကို အတည်ပြုရန် ရေးဆွဲထားသည့် ဥပဒေနှင့် ယခု ထုတ်ပြန်လိုက်သော ဥပဒေတို့သည် ပြည်သူလူထု အား သွေးတိုးစမ်းနေခြင်းပင် ဖြစ်သည် ။ ထိုသို့ တရားမျှတမှု မရှိသည့် ဥပဒေများကို လက်ခံထားပါက မကြာခင် အချိန်ကာလမှာ လူထုတရပ်လုံး ဗြောင်းဆန်အောင် ဒုက္ခ ခံစားကြရတော့မည် ဖြစ်၍ အထူး သတိထားစေချင်ပါသည် ။



အရှေ့အလယ်ပိုင်း တခွင်တွင် အာဏာရှင် ဆန့်ကျင်ရေး လုပ်ရှားမှုများ ပြင်းထန်စွာ တိုက်ပွဲဝင်နေချိန်တွင် ၀န်ထမ်းများကို လစာတိုးပေးမည်ဟု တဖက်က အကြောင်းပြလျှက် တဖက်က ကုန်ဈေးနှုန်းတိုးမြှင့်၍ တော်လှန်ရေး ဘက်ကို အာရုံမရောက်အောင် ဆွဲထိန်းထားလိုက်သည်။ လက်ရှိ အချိန်အခါတွင် နည်းပညာကို အသုံးချလျှက် လူထုကို စည်းရုံးကာ ပြည်တွင်းတွင် တော်လှန်ရေး တရပ် ဆင်နွှဲနိုင်အောင် ကြိုးစားနေကြခြင်းသည် ပြည်သူလူထု ထံသို့ အဘယ်မျှ ခရီးပေါက်သည်ကို မသိရှိရသော်လည်း စစ်အာဏာရှင်များ အသိုင်းအ၀ိုင်းတွင် ထိုကိစ္စသည် ရေပန်းစားလျှက် ရှိသည် ။ မဟုတ်တာမှန်သမျှ အကုန်လုပ်၍ မတရားသည့် ဥပဒေများကို မျိုးစုံပြဌာန်းကာ ကိုယ်ကျိုးအတ္တ အတွက် တိုင်းပြည်ကို ဖျက်စီးနေသောသူများ ၏ စိတ်သည် အမြဲတစေ ထိတ်လန့်၍ နေပေသည် ။ ထို့ကြောင့် ယခု ထုတ်ပြန်သော ဥပဒေသည် သူတို့ ရင်ထဲက အကြောက်တရားကြောင့် လူငယ်များနှင့် နည်းပညာ ထိစပ်၍ မရအောင် တားမြစ်လိုက်ခြင်း ဖြစ်ပေသည် ။

နောက်ထူးခြားချက် တခုကတော့ နံမည်ကြီး အနုပညာရှင်များ နှင့် အာဏာရှင်တို့ ပူးပေါင်းကာ လူငယ်များ တော်လှန်ရေးကို စိတ်ဝင်စားမှု နည်းစေရန် နံမည်ကြီး အနုပညာရှင်များ သေဆုံးသွားသည် ဆိုသည့်လုပ်ကြံသတင်း ဖြန့်ဝေလိုက်ကာ အာဏာရှင်တို့ လှည့်ကွက်ထွင်လိုက်ပေသည် ။ ထိုကိစ္စသည် ကျနော် ရမ်းပြောနေခြင်း မဟုတ်ပါ ။ ထိုသတင်း ထွက်ပေါ်ပြီး နှစ်ရက်ခန့် အကြာမှာ စစ်အာဏာရှင်၏ မြေးနှင့် အနုပညာရှင် နှစ်ယောက် ပူးတွဲကာ ရိုက်ထာသည့် ဓါတ်ပုံက သက်သေခံနေပါတယ် ။ ပြည်သူလူထု ပရိတ်သတ်က လက်ခံ အားပေး၍ နံမည်ကျော်ကြား လူကြိုက်များလာသော အနုပညာရှင်များသည် သူတို့ကို ချစ်သော ပရိတ်သတ်များ စိုးရိမ်ပူပန်မှုကို အသုံးချကာ ပြည်သူတို့အား လုပ်ကြံရက်ကြလေသည် ။ သူတို့ ဒီကိစ္စ မလုပ်ဆောင်၍ ထမင်းမငတ် နိုင်သလို လက်ရှိ စည်းစိမ်လည်း လျော့ပါးသွားမည် မဟုတ်သော်လည်း ပိုမို စည်းစိမ် ချမ်းသာ ရလိုဇောနှင့် ပြည်သူလူထု ဘ၀ ပိုမို ဒုက္ခရောက်အောင် မဟုတ်မမှန် လုပ်ကြံသတင်းများ ဆင်၍ လူထု၏ အသိဥဏ်အား အာဏာရှင်တို့နှင့် ပူးပေါင်းကာ အဆိပ်ခတ်ကြလေသည် ။

ကျနော်တို့ အနေဖြင့် နည်းပညာကို အသုံးချကာ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်လျှင် တိုင်းပြည် အတွက် လွန်စွာ အကျိုးများမည် မှာ အသေအချာ ဖြစ်သောကြောင့် လူငယ်များကို တခုလောက် လေးစားစွာ မေတ္တာရပ်ခံပါရစေ ။ ပြင်ပတော်လှန်ရေး မစတင်နိုင်သေးပေမယ့် အွန်လိုင်းမှာ စုစည်းမှု ရယူကာ စည်းလုံးညီညွတ်မှု ကို ရယူထားနိုင်လျှင် အာဏာရှင်တို့ သွေးပျက်ခြောက်ခြား သွားမည်မှာ အမှန်ဖြစ်သော ကြောင့် စည်းလုံးမှုလေး ရှိစေချင်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမယ့် သူစိမ်းဆိုတာ မရင်းနှီးခင်က ပါ ဆိုတဲ့ အတိုင်းဘဲ တဖြည်းဖြည်း ထိစပ်မှု ရှိလာတဲ့ အခါ ပိုမိုရင်းနှီး ကျွမ်းဝင်လာမှာ အသေအချာပါဘဲ ။ ဒါကြောင့် ပြင်ပတော်လှန်ရေး ထိထိရောက်ရောက် မစတင်နိုင်သေးခင်မှာ နည်းပညာကို အခြေခံထားတဲ့ အွန်လိုင်းတော်လှန်ရေးမှာတော့ စည်းလုံးညီညွတ်စွာနဲ့ ပါဝင် ဆင်နွှဲစေချင်ပါတယ် ။



ဒီလို စည်းလုံး ညီညွတ်မှုကိုသာ ပြဆိုနိုင်ခဲ့လျှင် အာဏာရှင်တို့သည် လူထုအား ထပ်မံ အနိုင်ကျင့်စော်ကားသည် ဥပဒေများ တခုပြီး တခု ရေးဆွဲနေခြင်းကို ထိရောက်စွာ ဟန့်တားနိုင်မည် မှာ အသေအချာ ပင်ဖြစ်ပါသည် ။ ထိုသို့ မဟုတ်ဘဲ နေရာတကာ အကြောက်တရားလွှမ်းမိုးနေကြလျှင် ရှေ့လျှောက် ကြုံတွေ့ရမည့် အခက်အခဲများကား လွန်စွာမှ ပင် များပြားလှပေသည် ။ နောက်တချက်က အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ စနစ်ကြီးတွင် အမျိုးသမီးများ ကိုပါ ထည့်သွင်းရေးဆွဲထားခြင်းသည် ယနေ့အခါတွင် အများသူဌာ သိကြတဲ့ အတိုင်း အကျင့်စာရိတ္တ ပျက်ပြားနေသော တပ်မတော်သား အချို့၏ လူမဆန်သော လုပ်ရပ်များကို ဥပမာထား ကြည့်ပါက မိန်းမပျိုလေးများ အတွက် လွန်စွာမှ ပင် အန္တာရယ် ကြီးမားလွန်းလှပေသည်ကို သေချာစွာ ဆင်ခြင် တွေးတော စေချင်ပါသည် ။



စစ်အာဏာရှင်များ၏ ယုတ်မာ ကောက်ကျစ်သော စိတ်ထားများဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းများကိုပင် ပြည်သူ့လူထုက လက်ခံကြသေးလျှင် စိတ်ကောင်းစေတနာကောင်းဖြင် ဒီစနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြဖို့ လမ်းပြပြောဆိုမှုများ ဘာကြောင့် အောင်မြင်မှု မရှိမှာ စိုးရိမ်နေကြပါသနည်း ။ မည်သည့်အရာမှ အစဉ်မမြဲ သည့် လူ့ဘောင်လောက တွင် အာဏာရှင် စနစ် တည်မြဲနေပါမည်ဟု ဘာကြောင့် လက်ခံထားကြပါသနည် ။ ညီညွတ်မှု ရှိလျှင် တော်လှန်ရေး အောင်မြင်မည်ဟု ယူဆကြလျှင် ညီညွတ်မှုကို ဆောက်တည်ရန် မကြိုးစားကြဘဲ ဘာကြောင့် စည်းလုံးမှုကို ပျက်ပြားစေမည့် လုပ်ရပ်များ လုပ်ဆောင်နေကြပါသနည် ။

ယခင်က မစည်းလုံးခဲ့လျှင် ယခုအခါ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြ၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေလိုပါသည် ။ သေချာစွာ စေ့စေ့စပ်စပ် သုံးသပ်ကြည့် လျှင် တနိုင်ငံလုံးကို အသာထား ရန်ကုန်တိုင်း တမြို့နယ်လုံးမှ လူများကိုပင် ဖမ်းဆီး ချုပ်နှောင်၍ အကျဉ်းချရန် မဖြစ်နိုင်ပါ ။ ထိုကြောင့် ကြောက်ရွှံ့စိတ်ကို မောင်းထုတ်၍ အာဏာရှင် စနစ်က ထုတ်ပြန်သည့် မတရားသည့် ဥပဒေမှန်သမျှကို ညီညာစွာ ငြင်းဆန်နိုင်ရန် ကြိုးစားစေချင်ပါသည် ။ အသက်အရွယ်ကြီးသူ မိဘ ၊ ဆရာ နေရာ ရောက်နေသူများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ၊ တပည့်များကို ကို စိုးရိမ်သည့် စိတ်များကြောင့် နိုင်ငံရေး ဆိုသော ဝေါဟာရ အဓိပ္ပာယ်ကို ကြောက်ရွှံ့သည့် စိတ်များဖြင့် ကိုယ်တိုင် ဖွင့်ဆို၍ လူငယ်မျိုးဆက်သစ်များ၏ အနာဂတ်ကို အာဏာရှင်တို့ နှင့် ပူးပေါင်းကာ အသေသတ်ရန် ကြံစည်နေသည့် လုပ်ရပ်များကို အထူးရှောင်ရှားစေလိုပါသည် ။ ထိုသို့ မဟုတ်ဘဲ လူငယ်မျိုးဆက်သစ်များ၏ အသိဥာဏ်ထဲသို့ အကြောက်တရားများ ထပ်မံထည့်သွင်းနေကြလျှင် နောင်အခါ ကြီးမားသည့် ဒုက္ခဆိုးများကို ကြုံတွေ့ရမှ နောင်တရ ကြပေအုံးမည် ။

ယနေ့အချိန်အခါတွင် ကမ္ဘာအရပ်ရပ်၌ အာဏာရှင် စနစ်များ အဆုံးသတ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်ကို စိုးရိမ်သောက ပွားလျှက် မြန်မာနိုင်ငံမှာ ထိုသို့သော ဆန့်ကျင်မှု များ ဖြစ်လာမည်ကို အကြောက်ကြီး ကြောက်၍ သွေးရူးသွေးတန်းဖြင့် ပြည်သူ လူထု လက်မခံနိုင်သည့် ဥပဒေများ ထုတ်ပြန်နေသည့် အချိန်ကာလကို အမိအရ အသုံးချကာ လူငယ်များ အနေဖြင့် တော်လှန်ရေးကို စတင် ဆင်နွှဲနိုင်အောင် ကြိုးပမ်းကြ၍ မိဘဆရာသမား များကလည်း လိုအပ်သည့် နေရာမှ ၀ိုင်းဝန်းကာ ကူညီထောက်ပံ့ပေးကြလျှင် မြန်မာပြည်တွင် ခေတ်စားနေသည့် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်မည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးသော စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အခြေခံသည့် နိုင်ငံတခုကို တည်ဆောက်နိုင်ဖို့ အတွက် အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် လုပ်ရပ်များ ညီညွတ်စွာ စတင် လုပ်ကိုင် ဆောင်ရွက်ကြ၍ ရှေ့သို့ ချီတက်ကြပါစို့..............။



ခင်မင်လေးစားလျှက်

ဗမာ့သွေး

No comments: