Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 29 December 2010

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

By မသိင်္ဂီထိုက် တနင်္ဂနွေ, 26 ဒီဇင်ဘာ 2010
နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချခံထားရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပက လာရောက်တဲ့ သံတမန်တွေ၊ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ သတင်းမီဒီယာ အဖွဲ့တွေ နေ့စဉ်လို လာရောက် တွေ့ဆုံနေကြပါတယ်။ ဒီကနေ့မှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် လောရင့် လာဂါးဒါး ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်ကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို အလည်အပတ် ရောက်ရှိနေပါတယ်။

မစ္စစ် လောရင့် လာဂါးဒါးက ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒီကနေ့ မစ္စစ် လာဂါးဒါး လာရောက်တာကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က အတည်ပြု ပြောကြားပါတယ်။

“ဖိလစ်ပိုင်နိုင်ငံက ဧည့်သည်ပါခင်ဗျ။ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ လောရင့် လာဂါးဒါးပါ။ ဆွေးနွေးတုန်းပဲ ရှိသေးတယ်။ ၄ နာရီလောက်က ရောက်တာ။”

မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ကြိုတင်စီစဉ်ပေးတာ ဖြစ်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဆွေးနွေးချက်တွေကတော့ နှစ်ဘက်စလုံး ထုတ်ပြန်ခြင်း မပြုပါဘူးခင်ဗျ။ သံရုံးကတဆင့် စီစဉ်တာတော့ ဟုတ်ပါတယ်။ ကြိုပြီးတော့ Appointment တောင်းထားတာပါ။ သံရုံးကတဆင့် စီစဉ်တာပါ။ သူ့သားတယောက်လား မသိဘူး၊ ပါတယ်ခင်ဗျ။ သူ့သားလေးတယောက် ပါတယ်။ ကျောင်းသားလို့ ပြောပါတယ်၊ ငယ်ငယ်ပါပဲ။”

မစ္စစ် လာဂါးဒါးက သူမ အလည်အပတ် ခရီးစဉ် မစခင် တပတ်အလိုကပဲ ဒီခရီးစဉ်က သူမရဲ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ် ဖြစ်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးအပေါ် အတွေးအမြင်တွေကို ဖလှယ် ဆွေးနွေးမယ်လို့ သတင်းဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီ အရေးကို အခက်အခဲ အမျိုးမျိုး ကြားကနေ ဆယ်စုနှစ် ၂ ခုကျော်ကြာ စိတ်ဓာတ်အင်အား ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီအင်အားတွေရအောင် ဘယ်လိုလုပ်ယူတယ် ဆိုတာကို လေ့လာ သင်ယူဖို့လည်း မျှော်လင့်ထားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ စံပြုရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို မလာရောက်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတင်းထောက်တွေကို သူမက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး တလခွဲကျော် ကာလအတွင်း နိုင်ငံခေါင်းဆောင်တွေက စာနဲ့တဖုံ၊ တယ်လီဖုန်းနဲ့တမျိုး နှုတ်ဆက်ခဲ့ကြပါတယ်။ အခု မစ္စစ် လာဂါးဒါး လာရောက်မှုကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရ အဆင့်မြင့် အရာရှိတဦး ပထမဆုံး လူကိုယ်တိုင် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။
ရှားပါးဓာတ်သတ္တုမြေ ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 26 ဒီဇင်ဘာ 2010
အဆင့်မြင့် နည်းပညာ ထုတ်လုပ်မှုတွေမှာ အသုံးပြုတဲ့ ဓာတ်သတ္တုတွေ ပါဝင်တဲ့ ရှားပါးမြေ အမျိုးအစား အပါအ၀င် ရေနံနဲ့ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေကို တောင်ကိုရီးယား ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

တောင်ကိုရီးယား နိုင်ငံအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပုံမှန်ရရှိနိုင်ရေး ရည်ရွယ်ပြီး သဘောတူညီချက် ရယူခဲ့တာလို့ တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနကို ကိုးကားပြီး ယွန်ဟပ် (Yonhap) သတင်းက ဖော်ပြလိုက်တာပါ။

ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေအတွက် ဘူမိဗေဒ တိုင်းထွာရေး လုပ်ငန်းတွေ၊ ရှာဖွေမှု စီမံကိန်းတွေကိုတော့ ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ကမ္ဘာပေါ်မှာ ရှားပါးမြေ အမျိုးအစားတွေ ထုတ်လုပ်မှုရဲ့ ၉၇% ကိုတော့ တရုတ်နိုင်ငံက ထိန်းချုပ်ထားတာဖြစ်ပြီး အောက်တိုဘာလထဲမှာ အရင်နှစ်က ပြည်ပတင်ပို့မှု ပမာဏရဲ့ ၇၀% ကျော်ကို လျှော့ချဖို့ ကြေညာလိုက်တဲ့ အတွက်လည်း ရှားပါးမြေတွေကို တင်သွင်းနေတဲ့ နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။

ရှားပါးမြေတွေကို တရုတ်နိုင်ငံက တင်သွင်းနေရတဲ့ ဂျပန်နိုင်ငံကတော့ အသုံးပြုပြီးသား ဓာတ်သတ္တုတွေက ပြန်လည်ထုတ်လုပ်တာ၊ တခြား အာရှနိုင်ငံတွေမှာ ရှာဖွေ တူးဖော်မှုတွေ လုပ်သွားဖို့ စဉ်းစားခဲ့ရတဲ့အထိ ဖြစ်ပါတယ်။


KNPP နအဖ ယာဉ်တန်းကို တိုက်ခိုက် ၊ ၃ ဦး ကျဆုံး
ဧရာဝတီ Monday, 27 December 2010 13:36 သတင်းတိုများ


ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့၌ ခြုံခို တိုက်ခိုက်ခဲ့သောကြောင့် နအဖ ဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူဦးရယ်က ဧရာဝတီသို့ ပြောသည်။


ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

December 26, 2010 by Wynn Maw

နန်းဖော့ဂေ (ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။

နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။

အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။

ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။

ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

Filed under သျှမ်းသံတော်ဆင့်
ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ

December 26, 2010 by Wynn Maw

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်က “ကျနော်တို့လူတွေသွားပစ်ခဲ့တာ နအဖဘက်က ၆ဦးသေပြီး ၁၀ကျော် ဒဏ်ရာရသွားတယ်။ မနက် ၇း၂၀နာရီကနေ နေ့လည် ၁၂း၄၄နာရီအထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။ နအဖဘက်က ၈၁-မမနဲ့ အချက် ပေါင်း ၄၀လောက် လိုက်လံပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့လူတွေ တယောက်မှ မထိဘူး။”ဟု ပြောသည်။

နအဖစစ်တပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၁၀၀ကျော် ဖလူးလေးကျေးရွာတွင်းနှင့် ရွာအပြင်သို့ ပစ်ခတ်ခဲ့သောကြောင့် ဖလူး လေးရွာသား (၄)ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု အဆိုပါ တိုက်ပွဲကို ဦးဆောင်ခဲ့သူ ဒီကေဘီအေမှ ဗိုလ်ဘလာနာ့က ပြောသည်။

“ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ဖွဲ့ကို ကျနော်တို့ အနီးကပ်သွားရာမှ ရွာအနီးအနား တောင်ကုန်းမှာရှိတဲ့ တခြားနအဖတပ်ဖွဲ့တွေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာ ကူပစ်ပေးတယ်။ အဲဒီမှာ နအဖနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ရွာသား ၄ယောက် လက်နက် ကြီး ထိသွားတယ်။ တယောက်က ခြေထောက်နှစ်ဘက်စလုံး ကြေမွသွားတယ်။”ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး တတ်နိုင်သလောက် ထိန်းသိမ်းလုပ်ဆောင် သွားရန် ထိုင်းအာဏာပိုင်များမှ နအဖနှင့် ဒီကေဘီအေတို့အား မေတ္တာရပ်ခံထားသော်လည်း နအဖစစ်တပ်မှ သတ်မှတ်ထားသည့် နယ်မြေအ တွင် ၀င်ရောက်ကျူးကျော်လာပါက မလွဲမသွေ ပစ်ခတ်ရမည်ပင်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်သက်က ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား အပြန်အလှန် ပစ်ခတ်မှုသည် ၁လကျော်အချိန်အ တွင်း နအဖဘက်က ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သလို ဝေါ်လေဒေသမှ ဒေသခံလူထု ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခို လှုံခဲ့ရပြီး ယနေ့အချိန်ထိ ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေဆဲဖြစ်သည်ဟု သိရသည်။

အလားတူ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တွင်လည်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နအဖနှင့် ကေအဲန်ယူ တပ်မဟာ (၇)တပ်ဖွဲ့ဝင်များအ ကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ(၇)်က ထုတ်ဖော်ပြောဆိုသည်။

Filed under သျှမ်းသံတော်ဆင့်
ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွား

December 26, 2010 by Wynn Maw

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)ကျေးရွာအုပ်စုတွင် အခြေစိုက် လှုပ်ရှားနေသည့် အင်အား ၂၀၀၀န်းကျင် ရှိ နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပလောဒေသ သို့ စစ်ကူအဖြစ် ယမန်နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဒေသဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသောကြောင့် အဆိုပါ BGF တပ်ရင်းက သွားရခြင်းဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ် ဒို့က ယခုလို ပြောသည်။

သူက “ဗိုလ်မှူးစောမောင်ချစ် ဦးဆောင်တဲ့ BGF (၁၀၁၄)တပ်တွေ မနေ့က နေ့လည်လောက်မှ စထွက်တာပေါ့နော်။ မာနယ်ပ လောဘက်နယ်မြေတ၀ိုက်က ဘွားဒဲကျေးရွာအုပ်စု မယ်ပရွာဘက်ကို သွားမယ်လို့ သတင်းရတယ်။ မနေ့ကတော့ မရောက် သေးဘူး။ သူတို့ဒီလို သွားရတာဟာ စစ်ကူအဖြစ် သွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ တယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။

KNU တပ်မဟာ(၇)နယ်မြေရှိ မာနယ်ပလောဒေသတွင် ဒီဇင်ဘာလဆန်း ၅ရက်နေ့မှစ၍ ၂၄ရက်နေ့ထိ နအဖတပ်နှင့် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တို့ ရင်ဆိုင်တိုက်ပွဲနှင့် ပြောက်ကျားတိုက်ပွဲပေါင်း ၁၃ကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်မှ သေဆုံးသူ ၁၇ဦးနှင့် ဒဏ်ရာရှိသူ ၁၃ဦးရှိသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံး မရှိသေးကြောင်း KNU တပ်မဟာ(၇) ရုံး ထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ထိုသို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်လျှောက်တွင် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများသည့်အပေါ် အင်အားဖြည့်သည့်အနေဖြင့် ယခု လို စစ်ကူအဖြစ် ရောက်ရှိလာခြင်းဖြစ်နိုင်ကြောင်းလည်း သူက ဆက်လက်၍ သုံးသပ်ပြောဆိုခဲ့သည်။

“မာနယ်ပလောမှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ နအဖဘက်က ထိခိုက်သေဆုံးမှု များတယ်လေ။ ဒါကြောင့် သူတို့ အင်အားတွေ ထပ် ဖြည့်တဲ့သဘောနဲ့ BGF တပ်ရင်းကို စစ်ကူအနေနဲ့ ထပ်ခေါ်တဲ့သဘောပဲ။ BGF ဟာ ကိုယ့်ကရင်အချင်းချင်း ဖြစ်တဲ့အတွက် လုံးဝ မတိုက်ချင်ပေမဲ့ တက်လာရင်တော့ မတတ်နိုင်ဘူး။ ကိုယ့်အမျိုးသားရေးဘက်ကို ရပ်တည်ပြီး သူတို့ကို ရင်ဆိုင်ရမှာပဲ။” ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က မာနယ်ပလောနယ်မြေတ၀ိုက်တွင် နအဖ စစ်တပ်နှင့် KNLA ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် မာနယ်ပလောဒေသရှိ နိုဒေးရွာသူရွာသားအားလုံးနီးပါး နယ်စပ်နှင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်း လုံးကြီး)ချောင်းကမ်းနံဘေးသို့ ထွက်ပြေးလာခဲ့သည်။

ယခု BGF တပ်ရင်း(၁၀၁၄) သွားရောက်မည့် ဘူးသိုမြို့နယ်အတွင်း ဘွားဒဲကျေးရွာအုပ်စုရှိ မယ်ပကျေးရွာအုပ်စုတွင် ဘွားဒဲ၊ ချောလယ်ဒဲ၊ ဖီဒိဒဲ၊ လောဖလာ့သေ့၊ သေ့ဂေမူဒဲ၊ ပါ့သာ့၊ တညာ့ခီး၊ နို့ပူ၊ တိုးညိုး၊ ကလောခို့၊ ကျိသူးပူ၊ မာ့မု၊ ကနယ်ခို့၊ ဂေကေ တု၊ မာ့အိုးဝါး၊ ဟိဖိုးသာ့ခီး၊ မယ်ပခေါ်ကလား၊ မယ်ပကလော်ဝေါ်နှင့် မယ်ပ၀ါ့ခယ်ကလား စသည့်ကျေးရွာများ တည်ရှိသည်။

လက်ရှိအချိန်တွင် အဆိုပါ BGF တပ်ရင်း အခြေစိုက်ခဲ့သည့် ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာအုပ်တွင် အင်အား ၂၀၀ခန့်ရှိ နအဖ စကခ(၄) လက်အောက်ခံ ခမရ(၇၀၂)တပ်ရင်း ဆက်လက်လှုပ်ရှားနေကြောင်း ၎င်းနယ်မြေခံ ကေအဲန်ယူတပ်များက ပြောသည်။

မာနယ်ပလောဒေသတွင် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခလရ(၂၈)၊ ခလရ(၆၁)၊ ခလရ(၆၂)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ နအဖ စစ်တပ် စကခ(၁၉)လက်အောက်ခံ ခမရ(၃၄၃)၊ ခမရ(၅၈၇)၊ ခလရ(၁၀၆)တပ်ရင်းများ စစ် ရေးလှုပ်ရှားနေသလို ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံ KNLA တပ်ရင်း(၂၀၂)၊ ဗဟိုအထူးပြောက်ကျားတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်များ လှုပ်ရှားလျှက်ရှိသည်။

Filed under သျှမ်းသံတော်ဆင့်
တပ်စခန်းကာရန် သစ်၊ ၀ါးတောင်းခံ

December 26, 2010 by Wynn Maw

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖတပ်က ၎င်းတို့၏ တပ်စခန်း ကာရံရေးအတွက် တရွာလျှင် ရာနှင့်ချီသည့် သစ်ချောင်းများနှင့် ၀ါးချောင်းများကို ကျေးရွာ ၅ရွာမှ အဓမ္မ တောင်းခံခဲ့ရာ ရွာသူရွာသားများက ဒီဇင်ဘာလ ၂၄ရက်နေ့က သွားရောက်ပို့ပေးခဲ့ရသည်ဟု သိရသည်။

နအဖ ခလရ(၆၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကိုကိုဆင့်သည် ကမာခို့တပ်စခန်းကို ကာရံရန် ၅လက်မပတ်လည်၊ အရှည် ၅တောင်ရှိသည့် သစ်ချောင်းနှင့် ၅လက်မပတ်လည်၊ အရှည် ၁၀တောင်ရှိသည့် ၀ါးချောင်းများကို တရေဖိုးကွီး၊ မဲ့တမူး၊ တမား ထာ၊ ထီးသဘလူးထာ့နှင့် ကျော်သလေးခို့ရွာများမှ ဒီဇင်ဘာလ ၂၂ရက်နေ့က တောင်းယူခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ဗိုလ်မှူးကိုကိုဆင့်က မိုးပျံစခန်းအနားက သူတို့ရဲ့ ကမာခို့စခန်း ကာဖို့အတွက် သစ်နဲ့ ၀ါးချောင်းတွေကို ဒီဇင်ဘာလ ၂၂ရက် နေ့က တောင်းတယ်လေ။ တရေဖိုးကွီးရွာက သစ် ၈၀၀၊ ၀ါး ၂၀။ မဲ့တမူးရွာက သစ်ချောင်း ၈၀၀၊ ၀ါးချောင်း ၂၀။ ကမားထာရွာ က သစ်ချောင်း ၆၀၀၊ ၀ါးချောင်း ၂၀။ ထီးသဘလူးထာ့ရွာက သစ် ၆၀၀၊ ၀ါး ၂၀နဲ့ ကျော်သလေးခို့ရွာက သစ် ၅၀၀၊ ၀ါး ၂၀ ချောင်းကို ၂၄ရက်နေ့အရောက်ပေးရမယ်ဆိုလို့ သွားပေးလိုက်ပြီးပြီ။”ဟု ဆိုသည်။

သို့သော် တပ်စခန်း ကာရံဆောက်လုပ်ရေးတွင် အဆိုပါကျေးရွာများမှ ရွာသူရွာသားများအား ယနေ့အထိ လုပ်အားပေး ခေါ်ယူ ခိုင်းစေခြင်း မရှိသေးကြောင်း သိရသည်။

ခလရ(၆၂)တပ်ရင်းသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဂွင်၌ စစ်ရေးလှုပ်ရှားနေသည့် နအဖ အရှေ့တောင်တိုင်းစစ် ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းများအနက် တရင်းဖြစ်သည်။

Filed under သျှမ်းသံတော်ဆင့်
ကရင်နှစ်သစ်ကူးအတွက် ကျေးနယ်တခု ငွေ ၅သိန်းစီ တောင်းခံ

December 26, 2010 by Wynn Maw

နန်းဖော့ဂေ (ကေအိုင်စီ)

နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဖားနွီးက ပိုင်ကျုံမြို့နယ်ရှိ ဖားအီးကျေးရွာ၌ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရန်အတွက် ကျေးနယ်အချို့ကို ငွေကျပ် ၅သိန်းစီ ကောက်ခံခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းမှ ပလောညာသီး၊ ကမို၊ ဖားကပ်၊ တခေါ်ဘီ(ကွမ်ဘီ)၊ နောတဲ စသည့် ကျေးနယ် တခုချင်းစီမှ ငွေကျပ် ၅သိန်းစီ တောင်းခံခဲ့ရာ ရွာသားများက ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ပေးဆောင်ခဲ့ပြီးဖြစ်သည်ဟု အမည်မ ဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။

“နှစ်သစ်ကူးအတွက် ငွေကောက်တာတော့ ကြာပါပြီ။ ရွာတွေက ဒီလ ၁၈ရက်နေ့ကတည်းက ပေးလိုက်ပြီးသွားပြီ။ သူက ဘာမှမလုပ်တော့ပေမဲ့ အရင် အရှိန်အ၀ါနဲ့ဆိုတော့ ပေးရတာပေါ့။”ဟု ဆိုသည်။

ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ဒီနှစ်သစ်ကူးအတွက်က အရင်နှစ်တွေကလည်း ကျေးနယ်တွေက နှစ်တိုင်း ကောက်နေတာပါပဲ။ ဖားအီးရွာမှာလုပ်မယ်ဆိုတော့ အဲဒါက ပိုင်ကျုံမြို့နယ်ထဲကပါ။”ဟု ပြောသည်။

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးနယ်ပေါင်း များစွာရှိသည့်အနက် ယခုနှစ်သစ်ကူးပွဲ ကျင်းပမည့် ရွာအနီးတ၀ိုက်မှ ကျေး နယ်များကိုသာ ကောက်ခံခြင်းဖြစ်နိုင်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီရွာဇာတိဖြစ်သူ ဗိုလ်ချုပ်ဖားနွီးသည် ယခင်က ဒီကေဘီအေ (၉၉၉)တပ်မဟာမှူးဖြစ်ခဲ့ပြီး လက်ရှိအချိန် တွင် နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ယူထားသည်။

Filed under သျှမ်းသံတော်ဆင့်
ကားကို ဆိုင်ကယ်ထင်၍ ရှောင်သူ လုံထိန်း ၂ ဦး ကားတိုက်၍ မောင်တောတွင် သေဆုံး


12/26/2010 သတင်းရင်းမြစ်: နိရဉ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ယမန်နေ့ ညဉ့်က ဆိုင်ကယ်နှင့် ကားတိုက်မူ ဖြစ်ပွား၍ လုံထိန်း အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦးတို့ သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူများမှာ လုံထိန်း အရာရှိ ဒုရဲအုပ် မျိုးမြင့်ကျော် (၃၂ နှစ်) နှင့် တပ်သားမှာ ဇင်လင်းတို့ ဖြစ်သည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး မောင်တောမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ အချိန်က ညဥ့် ၁၀ နာရီမှာ မောင်တောက အထွက် သုံးမိုင်အနီးမှာ ဖြစ်တာပါ။ ဒုရဲအုပ် မျိုးမြင့်ကျော်နဲ့ တပ်သား ဇင်လင်းတို့က ဆိုင်ကယ်နဲ့ အသွားမှာ ဘူးသီးတောင်ကနေ မောင်တောကို ၀ါးတင်ပြီး မောင်းနှင်လာတဲ့ ထရပ်ကားနဲ့ တိုက်မိတာ ဖြစ်ပါတယ်။ ထရပ်ကားက ရှေ့မီး တလုံးတည်းထိုးပီး မောင်းလာတော့ လုံထိန်းတွေက ဆိုင်ကယ်ထင်ပြီး ကပ်ရှောင်တာမှာ မျက်နာချင်းဆိုင် တိုက်မိပြီး ဒုရဲအုပ် မျိုးမြင့်ကျော်က ပွဲချင်းပီး ဆုံးပါတယ်။ တပ်သား ဇင်လင်းက ဆေးရုံ အရောက်မှာ ဆုံးသွားခဲ့ပါတယ်။”

သေဆုံးသွားသူ လုံထိန်း ၂ ဦးစလုံးမှာ မောင်တောအခြေစိုက် လုံထိန်း တပ်ရင်းမှ ဖြစ်ကြသည်။

ကားတိုက်မူ ဖြစ်ပွားပြီးနောက် ကားဒရိုင်ဘာနှင့် ကားသမားများမှာ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး ဘူးသီးတောင်- မောင်တောကားလမ်းတွင် ကုန်တင် ထရပ်ကားများမှာ ဟောင်းအိုနေပြီ ဖြစ်သဖြင့် ညဥ့်အချိန် ကားမောင်းရာ၌ ရှေ့မီး တလုံးတည်းဖြင့် မောင်းနှင်ကြသည်ဟု သိရသည်။

ထိုသို့ မီးတလုံးတည်းဖြင့် မောင်းနှင်လာသည်ကို လုံထိန်း နှစ်ဦးက မော်တော် ဆိုင်ကယ်ဟု ထင်မှတ်သဖြင့် ကပ်ပြီး ရှောင်ရာမှ ကားနှင့် မျက်နာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ အဓိကတော့ ထရပ်ကားတွေက ကားအို ကားဟောင်းတွေ ဖြစ်ကြတယ်။ ဘက်ထရီအိုးတွေနဲ့ မီးကို ထိုးရတယ်။ ဘက်ထရီအိုးကလည်း အားမရှိတော့ မီးတလုံးတည်း အသုံးပြုနိုင်တယ်။ ကားပိုင်ရှင်တွေကလည်း ချွေတာတဲ့ သဘောနဲ့ မီးတလုံးတည်း အသုံးပြုပြီး ဘူးသီးတောင်-မောင်တောလမ်းမှာ မောင်းနေကြတာ ဖြစ်ပါတယ်” မောင်တော မြို့ခံ က ပြောသည်။

ယခုကဲ့သို့ မီးတလုံးတည်းဖြင့် ကားများ မောင်းနေသည်ကို သိသော်လည်း သက်ဆိုင်ရာ မော်တော်ပီကေများက ကားပိုင်ရှင်များထံမှ လာဒ်ငွေ ယူပြီး ခွင့်ပြုထားသဖြင့် ဘူးသီးတောင်နှင့် မောင်တောတွင် ယခုကဲ့သို့ မော်တော်ကားကို ဆိုင်ကယ်ထင်၍ ရှောင်ရာမှ မကြာခဏ သေဆုံးမူများ ရှိနေကြောင်း သိရသည်။


မူးယစ်ဆေးဝါး ရောင်းဝယ်မှုအား ရဲတပ်ဖွဲ့က အားပေးနေ

မိုးမိုးကျော် (Arakan Review)

ဒီဇင်ဘာ ၂၇၊ ၂၀၁၀။

ရခိုင်ပြည်၊ စစ်တွေမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများအား ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက အသုံးချ လုပ်ဆောင် နေကြောင်း သိရှိရသည်။ မူးယစ်ဆေးဝါးများ ဖြစ်သော ဘိန်းဖြူ၊ ဆေးခြောက်များ ရောင်းဝယ် ဖောက်ကားမှုများကို ၀င်ငွေရရှိရေး စီးပွါးရေး တခုအဖြစ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက အသုံးချ လုပ်ဆောင်နေကြသည်ဟု စစ်တွေ ဒေသခံတဦးက Arakan Review သို့ ပြောကြားခဲ့သည်။

“မင်းဂံရပ်ကွက် ဈေးအနီးမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေကြတယ်။ ရဲတွေကလည်း ဒါကို သိတယ်။ ဒါပေမယ့် သူတို့ကို ငွေကြေး ပေးကမ်း ထားတဲ့အတွက် ဖမ်းတာ ဆီးတာတွေလဲ မလုပ်ဘူး။ ဒီအတိုင်းပဲ ရောင်းခွင့် ပေးတားတယ်” ပြောပြသည်။

ရခိုင်ပြည်နယ်တွင် လူငယ် (၃၀) ရာခိုင်နှုန်းခန့် ဆေးခြောက် ရှုခြင်း၊ ဆေးထိုးခြင်းများကို လုပ်ဆောင် နေကြသည်ဟု စစ်တွေ အထက်တန်းပြ ဆရာတဦးက ပြောသည်။

“အထက်တန်း ကျောင်းသားတွေတောင် ဆေးခြောက် ရှုနေကြတယ်။ ဆေးထိုးတာတွေကတော့ တခြား အသက်နည်းနည်းကြီးတဲ့ လူငယ်လေးတွေ လုပ်ကြတယ်” ဟု ပြောပြသည်။ ကုန်တန်း ရပ်ကွက်တွင် ထမင်းဆိုင်ရောင်းသူ တဦးက သူမတွေ့မြင်ရပုံကို အခုလို ပြောပြသည်။

“ကုန်တန်းရပ်ကွက်မှာလည်း မူးယစ်ဆေးဝါးတွေ ရောင်းနေကြတာပဲ။ တခြားနေရာ အတော်များများမှာလဲ အလွယ်တကူ ၀ယ်လို့ရတယ်။ ညဆိုရင် တချို့လမ်းတွေမှာ လူငယ်တွေ တယောက်နဲ့ တယောက် အပြန်အလှန် ဆေးထိုး နေကြတာတွေ အခုနောက်ပိုင်း တွေ့လာရတယ်” ဟု ဆိုသည်။

“ရဲတွေ၊ စရဖတို့က ပိုက်ဆံပေးထားတော့ မသိချင်ယောင် ဆောင်နေကြတယ်။ ပြီးတော့ မူးယစ်ဆေးသုံးတဲ့ လူငယ်တွေကို ဖမ်းတယ်။ ပိုက်ဆံတောင်းတယ်။ ပြီးယင် ပြန်လွှတ်ပေးလိုက်တယ်” လို့ တက္ကသိုလ် ကျောင်းသားတဦးက ပြောပြသည်။

ယခုအခါ ရခိုင်ပြည်တွင် အေအိုင်ဒီအက်စ်ရောဂါပိုး တွေ့ရှိသူ တနေ့တခြား များပြားလာပြီး အများစုမှာ မူးယစ်ဆေးဝါး ထိုးသွင်းခြင်းကြောင့် ဖြစ်ပွါးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ ကျန်းမာရေး အန်ဂျီအိုတခုမှ ကျန်းမာရေး ၀န်ထမ်း အမျိုးသမီးတဦး၏ ကွင်းဆင်း စစ်ဆေးချက်အရ စစ်တွေ အဝေးပြေးကားဂိတ်တွင် ရန်ကုန်မှာ ရောက်ရှိလာသော လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်နေကြသူ အမျိုးသမီး (၉၀) ရာခိုင်နှုန်းသည် အေအိုင်ဒီအက်စ် ရောဂါပိုးတွေ့ရှိရကြောင်း ပြောပြသည်။ သူတို့အား ဆေးဝါးများပေးပြီး နေရပ်သို့ ပြန်ကြရန် ဖျောင်းဖျသော်လည်း တလ၊ နှစ်လ အကြာတွင် ယခင်လုပ်ငန်းကို ပြန်လည် လုပ်ကိုင်နေကြကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး လုပ်ငန်းအား ရခိုင်ပြည်နယ် စစ်တွေမြို့အပြင် အခြား မြို့နယ်များတွင်လည်း မူးယစ်ဆေးဝါးများကို အများအပြား ရောင်းချ နေကြပြီး အာဏာပိုင်များ၏ ခွင့်ပြုချက် တစုံတရာဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သိရှိရပေသည်။
ဂီရိလေဘေးအတွက် ရောက်ရှိနေသော သစ်များ မယက ဥက္ကဌ ရောင်းစား


12/26/2010 သတင်းရင်းမြစ်: နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မယက ဥက္ကဌသည် ဂီရိလေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ ကူညီသော သစ်များကို ပြင်ပ သစ်ဆိုင်တစ်ခုသို့ မိမိကိုယ်ကျိုးအတွက် ရောင်းစားနေကြောင်း မယကနှင့် နီးစပ်သူများက ပြောသည်။

ကညင် အမျိုးအစား ၆ ပတ်လည် သစ်တန်ချိန် ၃၀ ကို ပေါက်တောမြို့မှ ဒေါ်------- သစ်ဆိုင်သို့ လွန်ခဲ့တဲ့ အပတ်က မယက ဥက္ကဌ ဦးခင်မောင်လွင်က ရောင်းချခဲ့ပါတယ်။ ဘယ်ဈေးနဲ့ ရောင်းတယ်ဆိုတာကိုတော့ မသိပါဘူး။ သူကိုယ်ကျိုးအတွက် ရောင်းချခဲ့တာ အမှန် ဖြစ်ပါတယ်� ဟု အမည်မဖေါ်လိုသူ စာရေးကြီး တစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ်တွင် လေဘေးသင့်ဒေသများတွင် ပြိုပျက်သွားသော ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ ပြန်လည် တည်ဆောက်ရန်အတွက် သစ်တန်ချိန် အများအပြား ရောက်ရှိနေပြီး ထိုအထဲမှ သစ်တန်ချိန် ၃၀ ကို အမျိုးသမီး တစ်ဦးပိုင် သစ်ဆိုင်တစ်ခု သို့ရောင်းချခဲ့ခြင်း ဖြစ်သည်။

စစ်တွေ သစ်ဆိုင်မှ မန်နေဂျာ တစ်ဦးကလည်း � ပေါက်တောမြို့နယ်က လေဘေးသစ်တွေ စစ်တွေကို အကြီးအကျယ် ရောက်ရှိနေပါတယ်။ သူတို့က ပေါက်တောမှာ မထားရဲတာနဲ့ စစ်တွေကို စက်လှေတွေနဲ့ တင်ပို့ကြတဲ့ အတွက် စစ်တွေက သစ်ဆိုင်တွေမှာ လေဘေးသစ်တွေ ရောက်ရှိနေပါတယ် ဟု ပြောသည်။

ပေါက်တောမြို့ မယကသို့ သစ်များ အပြင် တခြား လေဘေး အကူအညီ ပစ္စည်းများ ဖြစ်သည့် အိမ်မိုးသွပ်များ၊ သံမိုများ၊ ပလစတစ် မိုးကာစများ၊ တာပလင်ထည်များ၊ အိုးခွက်များ၊ အစားအစာများ အများအပြား ရောက်ရှိနေပြီး ထိုအထဲမှ ပစ္စည်းများကိုလည်း ဥက္ကဌ ခင်မောင်လွင်မှ ပြင်ပသို့ ထုတ်ရောင်းချနေကြောင်း သိရသည်။

စစ်တွေမြို့တွင် ပေါက်တောမြို့မှ တင်ပို့သော လေဘေး ပစ္စည်းများ အများအပြားကို ပြင်ပ ဈေးဆိုင်များတွင် ရောင်းချနေကြပြီး ထိုအထဲတွင် အိမ်မိုးရာတွင် အသုံးပြုသော ပလစတစ်မိုးကာလိပ်များ ပါဝင်ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် ပြည်သူများမှာ ယခုအချိန်ထိ အမိုးအကာ မရှိဘဲ နေထိုင်နေကြရပြီး စားရေးသောက်ရေး အခက်ကြုံတွေ့နေကြရသော်လည်း ပေါက်တော မယက ဥက္ကဌမှာ အဆိုပါ လေဘေးပစ္စည်းများကို ရောင်းစားနေသဖြင့် အကြီးအကျယ် ကြီးပွားနေကြောင်း သိရသည်။

များမကြာမှီ ပေါက်တော မယက ဥက္ကဌ ဦးခင်မောင်လွင်သည် တာဝန်မှ အနားယူကောင်း ယူမည် ဖြစ်ကြောင်း ပေါက်တောမြို့တွင် ပြည်သူများ ဝေဖန်ပြောဆိုလျှက်ရှိကြောင်း သိရသည်။

မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ ဖမ်းဆီးခံရ


12/24/2010

မြူနီစပယ် (စည်ပင်) မှ အရာရှိ တစ်ဦး ဆိုက္ကားသမား တစ်ဦးထံတွင် အရိုက်ခံရသဖြင့် လက်စားချေသည့် အနေဖြင့် စစ်တွေတွင် ဆိုက္ကားများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

မောလိပ်ရပ်ကွက်မှ ဆိုက္ကားသမား တစ်ဦးက “ အခု ဖမ်းထားတာက အစီး ၆၀ ကျော်နေပြီ။ လိုင်စင်ပါတာရော၊ လိုင်စင်ကြေး မဆောင်ရသေးတဲ့ ဆိုက္ကားရော အကုန်လုံး လိုက်ဖမ်းနေတယ်။ စည်ပင်က အရာရှိ တစ်ဦးကို ဆိုက္ကားသမား တစ်ဦးက ရိုက်တဲ့ အတွက် လက်စားချေတဲ့ အနေနဲ့ ဆိုက္ကားတွေကို လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်က စစ်တွေ စည်ပင်မှ အရာရှိတစ်ဦးက ဆိုက္ကားတစီးအား စည်းကမ်း မလိုက်နာဟု စွပ်စွဲပြီး ဖမ်းဆီးရာ ဆိုက္ကားသမားက မကျေနပ်သဖြင့် စည်ပင်မှ အရာရှိကို ထင်းပိုင်းဖြင့် ရိုက်ရာ စည်ပင်အရာရှိမှာ ခေါင်းကွဲသွားခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် ယခုကဲ့သို့ ဆိုက္ကားများကို ဖမ်ဆီးလာခြင်း ဖြစ်သည်။

ယခုအခါ စစ်တွေမြို့ပေါ်တွင် နေရာ သုံးနေရာကို စည်ပင် ၀န်ထမ်းများမှ ပိတ်ဆို့ပြီး ဖမ်းဆီးမူများ ပြုလုပ်နေပြီး အဆိုပါ နေရာများမှာ ငွေနဒီ တိုက်တန်းလမ်းဆုံ၊ တောင်ဌာနလမ်းနှင့် ဈေးကြီး လမ်းဆုံတို့ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ကို မတော်တဆ သူတို့က ဖမ်းမိရင် ရုံးကို မလိုက်ချင်ရင် အနည်းဆုံး ၅၀၀၀ ကျပ် ပေးရပါတယ်။ ရုံးကို ရောက်သွားရင် ကျပ် ၂၀၀၀၀ ပေးရပါတယ်။ စည်ပင်က လူတွေက ခုလို မရှိ ဆင်းရဲလို့ လုပ်စားနေတဲ့ ဆိုက္ကားသမားတွေဆီက ခုလို မတန်တဆ ရိုက်စား နေပါတယ်” ဟု အဆိုပါ ဆိုက္ကားသမားက ပြောသည်။

အခင်း ဖြစ်ပွားသည့်နေ့ကလည်း အဆိုပါ ဆိုက္ကားသမားကို စည်းကမ်း ဖေါက်ဖျက်သည်ဟု အကြောင်းပြ စွပ်စွဲကာ ဖမ်းဆီး ငွေညစ်ရန် ပြုလုပ်စဉ် ဆိုက္ကားသမားမှ ထင်းပိုင်းနှင့် ရိုက်ပြီး ထွက်ပြေးသွားသဖြင့် စည်ပင်အရာရှိမှာ ခေါင်းကွဲပြီး ကျန်နေခဲ့သည်ဟု သိရသည်။

ယခုအခါ ဆိုက္ကားဆရာမှာ ရဲက ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ထွက်ပြေး ပုန်းရှောင်နေရသည်ဟု သိရသည်။

No comments: