Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 4 November 2010

မေထုန်ငယ်(၇)ပါး

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ကုသိုလ် တရားတို့၏
အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော
အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး
တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊
စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ
သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ်
စောင့်ထိန်းထားတဲ့ သီလ ညှိုးနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင်
သီလပျက်စီးဖို့ သေချာသလောက် ရှိပါပြီ။

ဒီနေရာမှာ ကိုယ် စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို
လွန်ကျူးဖောက်ဖျက်မှ သီလ ညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ
သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲ ဖြစ်ဖြစ် အလယ်
သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲ ဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ
ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ်
စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ
တွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ
ပြီဆိုရင်တော့ သီလဟာ လုံးဝ ပျက်စီးတော့မှာပါ။

ဒီလို သီလ ညှိုးနွမ်းစေတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့
မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို
မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊
အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို
ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့
အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှု မရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ်
ရမှာပဲလို့ တောင့်တ သာယာခြင်း တို့ပဲဖြစ်ပါတယ်။

ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန် သတိထားသင့်သလို
တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ
ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်၊
ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေး ရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ
မထင်မှတ်တာလေး တွေကလည်း အတားအဆီး ဖြစ်နေတတ်တယ် ဆိုတာကို ဘုရားရှင်က
မီးမောင်းထိုးပြတာပါ၊ မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့
သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်း
သိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု
စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့
သတိထားကြရပါတယ်၊ ဒီနေရာမှာ ရဟန်းတစ်ပါး (သီလရှင်တစ်ပါးက) လူတွေအထင်ကြီး
အံ့ဩလာအောင် ကြည်ညိုစရာလေး နေပြတာ၊ ဒကာ ဒကာမတွေကို မြှောက်ပင့်
ပြောဆိုတာ၊ ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊ ဒကာ ဒကာမတွေ
ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလည်း သာသနာ
့ဝန်ထမ်းများရဲ့ သီလ ညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့် ပါတယ်၊
ဒါကြောင့် ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ
ဘယ်လောက် အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ ကုသိုလ်တရားတို့၏
အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော
အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန် လေးပါးကို ပွားများလေလော့။

လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့
ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ
လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင်
ကြိုးစားကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

No comments: