နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဆူဒန်သမ္မတ ကို ဖမ်းဆီးဖို့ အမိန့်ချ

(International Criminal Court)
-မြတ်စိုး-
နယ်သာလင်နိုင်ငံ ဟိတ်မြို့ ရှိ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဆူဒန်သမ္မတ အိုမာ ဟတ်ဆန် အဲလ် ဘက်ရှီ ကို စစ်ရာဇ၀တ်ပြစ်မှု ဖြင့် ဖမ်းဆီးဖို့ ဗုဒ္ဓဟူးနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဆူဒန်သမ္မတ အိုမာ ဟတ်ဆန် အဲလ် ဘက်ရှီ ကို ဆူဒန် အနောက်ပိုင်း ဒါဖော ဒေသ မှာဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ အသက် ၅ နှစ် ၊ ၁၂ နှစ် အရွယ်မရောက် တဲ့ ကလေးငယ်များကို ဆူဒန်စစ်တပ်က လူသားမဆန် အောင် အတင်း အဓ္ဓမ လိင်ပြုကျင့်ခဲ့မှုများမှာ အဓိက တာဝန်ရှိသူ နဲ့ ပြစ်မှုကျူးလွန်ခဲ့သူ တဦး ဖြစ်တဲ့ အတွက် ဒီလို ဖမ်းဆီးဖို့ အမိန့်ချလိုက်ခြင်းဖြစ်ပါတယ်။ ဒီအမှုမှာ ပြစ်မှု ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ တရားခံ စစ်သားနဲ့ တရားလို မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်များကို မှုတည်၍ ဒီလိုဖမ်းဆီးတရားစွဲဆိုဖို့ အမိန့်ချမှတ် လိုက်ရခြင်း ဖြစ်တယ်လို့ ဖော်ပြပါရှိတယ်။ ဒီလိုပြစ်မှုကျူးလွန်ဖို့ အစိုးရ က အမိန့်ပေးခဲ့တယ်လို့ တရားခံ စစ်သားတွေ နဲ့ တရားလို မျက်မြင်သက်သေတွေ က ထွက်ဆိုခဲ့တယ်။
ဆူဒန် အနောက်ပိုင်းဒါဖော ဒေသ မှာ လူပေါင်း ၂၀၀,၀၀၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး၊ ဒေသတွင်းပြည်သူ ၂.၅ သန်း ကျော် ဒေသမှ ရွေ့ပြောင်းနေထိုင် ခဲ့ကြရတယ်။ ဒီထဲမှာ ၃၀၀,၀၀၀ ကျော်ဟာ လူမျိုးစု အကြမ်ဖက်တိုက်ခိုက်မှု တွေမှာ သေဆုံးခဲ့ရတယ်လို့ ၂၀၀၈ ခုနှစ် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုရဲ့ ထုတ်ပြန်ကြေညာချက် မှာ ဖော်ပြပါရှိတယ်။ ၂၀၀၈ ခုနှစ် ထဲမှာတင် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ က လူသားချင်း စာနာထောက်ပံ့ကူညီပေးနေသော နေရာ ၄၂ နေရာကို တိုက်ခိုက်ခံခဲ့ ရပြီး၊ နိုင်ငံတကာ အကူအညီပေး နေသူ ၆ ယောက် အသက်ခံခဲ့ရကြောင်း ကုလသမဂ္ဂ ရဲ့ အစီရင်ခံထဲမှာ ဖော်ပြပါရှိတယ်။
ဆူဒန်တောင်ပိုင်းဒေသ ခေါင်းဆောင် တဦးလည်းဖြစ်၊ ဒုတိယ သမ္မတလည်းဖြစ်တဲ့ ဆဲလ်ဗကီးရ် (Salva Kiir) က ဒီဖမ်းဆီး မည့်ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ နိုင်ငံတကာ ရာဇ၀တ်စစ်ခုံရုံးမှာ ဗုဒ္ဓဟူးနေ့က အသနားခံထားပေမဲ့ ၊ နိုင်ငံတကာ ရာဇ၀တ်စစ်ခုံရုံးက ဒီအသနားခံချက်ကို မနက်ဖြန်မှာ ဆုံးဖြတ်ကြပါ လိမ့်မယ်။ Salva Kiir ကတော့ နိုင်ငံတကာ ရာဇ၀တ်စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ဆူဒန်ပြည်သူများ စိတ်ငြိမ်ငြိမ်ထား စဉ်းစားပြီး၊ ဒေသတွင်းတည်ငြိမ်ရေး နှင့်ငြိမ်းချမ်းရေး အတွက် ပြည်သူအချင်းချင်း လက်တုံ့ ပြန်မှုတွေ၊ ဆူဒန်နိုင်ငံရှိ နိုင်ငံခြားသားများအပေါ် လက်တုန့်ပြန်မှုတွေ ၊ ကုလသမဂ္ဂ ရဲ့ အာဖရိက ငြိမ်းချမ်းရေး တပ်ဖွဲ့ တွေကို လက်တုန့်ပြန်မှုတွေ မရှိကြစေဖို့ ၊ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဆူဒန်မှာ လက်ရှိ ညီညွတ်ရေးအစိုးရ က တော့ တိုင်းပြည်အတွင်း မတည်မငြိမ် ဖြစ်လာနိုင်မှုတွေကိုစိုးရိမ်နေကြပြီး၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ပျက်ပြားသွားစေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုနေကြပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့ တွေ၊ ဧည့်သည်နိုင်ငံခြားသားတွေ၊ လူသားချင်းစာနာ ထောက်ပံ့ ကူညီနေသူတွေကို အကာအကွယ်ပေးဖို့၊ သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကိုလည်း အကူအညီပေးကြဖို့ ဆူဒန်ဒုတိယ သမ္မတ Salva Kiir က တိုက်တွန်းထားပါတယ်။
အာဖရိက သမဂ္ဂ နဲ့ အာရပ် အဖွဲ့ချုပ်ကတော့ ဆူဒန် တောင်နဲ့ မြောက် အကြားမှာ ဒေသတွင်း မတည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ပျက်ပြားပြီး ပြဿနာတွေ၊ တင်းမာမှုတွေ၊ အကြမ်းဖက်မှုတွေ ပိုမို ကြီးထွား လာလိမ့်မယ်လို့ သတိပေးထားတယ်။
လူဦးရေ ၂ သန်းကျော် နေထိုင်တဲ့ အာဖရိက တိုက် နိုင်းမြစ် အဖြူနဲ့ အပြာ မြစ် ၂ သွယ် ပေါ်မှာ ရှိတဲ့ ဆူဒန်နိုင်ငံရဲ့ မြို့တော် ကာတွန်း ( Khartoum) မှာ တော့ ဆူဒန်သမ္မတ အိုမာ ဟတ်ဆန် အဲလ် ဘက်ရှီ ကို ထောက်ခံတဲ့ မြောက်ပိုင်းသားတွေက တော့ နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ ဖမ်းဆီးအမိန့်ကို ပြန်လည်ဝါးမြိုချ လိုက်ဖို့ စုရုံးဆန္နပြနေကြပါတယ်။ မြို့တော် ကာတွန် (Khartoum) မှာ နိုင်ငံခြားသံရုံးတွေ၊ ကုလသမဂ္ဂ ၀န်ထမ်းတွေ၊ နိုင်ငံခြားသားတွေ အမြောက်အများရှိနေကြပြီး၊ သူတို့အား တိုက်ခိုက်လာမှု ကို အကာအကွယ် ပေးဖို့ ဆူဒန် အစိုးရက ကြေညာထားသော်လည်း၊ မနက်ဖြန်ဆုံးဖြတ်ချက် မှာ ဆက်လက် ဖမ်းဆီးဖို့ အသနား ခံချက်ကို နိုင်ငံတကာ စစ်ခုံရုံက ပယ်ချခဲ့လျှင် ဆူပူမှုတွေ၊ အကြမ်းဖက်လာမှုတွေကို ထိမ်းသိမ်ဖို့ မလွယ်ဘူးလို့ သတိပေးထားပါတယ်။
အနောက်နိုင်ငံသံရုံးတွေနဲ့ နိုင်ငံတကာ သံရုံးတွေက တော့ ဆူဒန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေကြသော သူတို့နိုင်ငံသားတွေကို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးထားပြီး၊ ခရီးသွား သူတို့နိုင်ငံသားတွေကိုလည်း ဆူဒန်နိုင်ငံ က ပြန်လည်ထွက်ခွာဖို့ တိုက်တွန်းနိုးဆော်မှုတွေ ပြုလုပ်ထားကြ ပါတယ်။
WFWW မှ ရယူသည်။

No comments:
Post a Comment