Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 11 November 2010

သွေးမျိုးဆက်မှဖိတ်ခေါ်ချက်

ကျွန်ူပ်တို့ နိုင်ငံ၏ ယနေ့ နိုင်ငံရေး ချိန်ခါသည် ခေါင်းဆောင်ကောင်း လိုအပ်နေသလို နောက်လိုက် ကောင်းများလည်း လိုအပ်နေသည် မှာ အသေအချာပင်ဖြစ်သည် ။ ခေါင်းဆောင်မည့်သူများကား အထင်အရှားရှိနေပါသည် ။ ကျွန်တော်တို့ နောက်လိုက်ကောင်း ဖြစ်နိုင်ဖို့သာ အရေးကြီးသည် ။ ခေါင်းဆောင်ဆိုသည် မှာ တိုးတက်သော ညဏ်အမြော်အမြင် ရှိရမည့် အပြင် ပြည်သူလူထု အား ကိုယ်ချင်းစာနာ စိတ်ထား နိုင်ရမည့် အပြင် ကိုယ်ကျိုးအတ္တထက် အများကောင်းစားရေးကို ဦးစားပေးရမည့် လူမျိုးဖြစ်သည် ။ မြန်မာနိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန်မှု တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းစဉ်းစားမှ ရမည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံကို ခေါင်းဆောင်မည့်သူသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင် ၀င်ဆန့်နိုင်ဖို့ သူတို့လေးစားလောက်သည့် အရည်အချင်းရှိရမည် ဖြစ်သလို ပြည်သူလူထု၏ လေးစားချစ်ခင် ယုံကြည်အားထားသည့် လူမျိုးဖြစ်သင့်သည် ။ ယနေ့ စစ်အာဏာရှင်များ၏ ယုတ်မာကောက်ကျစ်သော လုပ်ရပ်များကြောင့် ကျွန်ူပ်တို့ တိုင်းပြည်မှ ဂုတ်သွေးစုပ်မည့် နိုင်ငံများမှ အပ အခြားသော နိုင်ငံတော်တော်များများသည် စစ်အာဏာရှင်များ နှင့် မဆက်ဆံလိုကြ ။ မလွဲသာ မရှောင်သာ ဆက်ဆံနေကြရသည့် နိုင်ငံများမှာလည်း သိပ်မကြည်ဖြူချင်ကြ ။ ထို့အကျိုးဆက်ကား

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ တဖြည်းဖြည်းလုံးပါး ပါးလျှက် ရှိနေပြီ ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း မှန်ကို ပုံသွင်းဖော်ဆောင် မည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက ကြွေးကြော်ကြသည် ။ သူတို့သည် စစ်အာဏာရှင်တို့၏ ယုတ်မာပက်စက်သော အကြံနှင့် ဥပဒေမှန်သမျှ အစဉ်အမြဲ ချိုးဖောက်နေသည့် အလေ့အထကို မေ့ထားကြကာ ပျော်ပျော်ကြီး ရွေးကောက်ပွဲဝင် ကြသည် ။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ကျော်ပြီး တွေးပြသည်။ လက်မခံလိုကြ ။

ရသလောက်လေး တိုးကြည့်ပါရစေ ဟု အကြောင်းပြကာ လွှတ်တော်ထဲ ရောက်လျှင် ဆိုသော စကားကို

သူတို့ တွင်တွင်သုံးကြသည် ။ ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်ကာ စစ်အာဏာရှင်တို့ သတ်ကွင်းကို

ရင်ကော့ပြီး ၀င်သွားကြသည် ။ သတ်ကွင်းထဲကို ရောက်မှတော့ အပစ်ခံရတာပေါ့ဗျာ။ အကယ်၍များ သူတို့ယုတ်မာ ကြလျှင် ငါတို့ဘယ်လို လမ်းကြောင်းကို လျှေက်ကြမလည်း ကြိုတင် မစဉ်းစားထားကြ ။ ဖြစ်လာတော့မှ ကမန်းကတန်း ထပြီး ကန့်ကွက်ကြသည် ။ လုပ်သမျှက အစီအစဉ်မကျ နိုင်ငံခေါင်းဆာင် ဘ၀ကို ဒီလူတွေ ရောက်ရင်လည်း သိပ်တော့ ထူးမှာ မဟုတ်ဟု တကယ်ပင် ထင်မြင်ယူဆမိပါသည် ။ တကယ်ဆို အာဏာရှင်တွေ ဆိုတာ သမိုင်းမှာလည်း ယုတ်မာကောက်ကျစ်တယ် ၊ ပစ္စပ္ပုန်မှာလည်း လိမ်ညာနေမှန်း သူတို့ သိသိကြီးနှင့် ပြင်ဆင်ထားဖို့ ကောင်းသည် ။

အချို့က နောင်တရကြသည် ၊ NLD မှန်ပါတယ် သူတို့ အမှားပါ လို့ သတ္တိရှိရှိ ဖွင့်ဟ ဝေဖန်လာကြသည် ။ အချို့က လက်မခံလိုကြသေး ။ ကော်မရှင်ကို စာတင်ထားပါတယ်လို့ ပြောကြသည် ။ အချို့က သူတို့ အနိုင်ရပါတယ်တဲ့ ၊ လိမ်လို့ ရှုံးတာပါတဲ့ ။ အချို့က မဲမပေးသူတွေကြောင့်လို့ ပြစ်တင် ပြောဆိုလာကြသည် ။ အခြေခံ ဥပဒေကိုက မြန်မာနိုင်ငံသားတွေ အတွက် အခြေပြုရေးဆွဲထားတာ မဟုတ်ဘူးလေ ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်သောအခါမှ ခေါင်းဆောင် မဖြစ်အောင် ၊ စစ်တပ်ကသာ အုပ်ချုပ်ရေး အာဏာကို ဆက်ခံနိုင်အောင် ရေးဆွဲထားတဲ့ ဥပဒေဆိုတာ အားလုံး သိပြီးသားပါ ။ ဒါကို အတည်ပြု ကျင်းပမယ့် ဒီရွေးကောက်ပွဲ ကြီးမှာ လိမ်လို့ ရှုံးတာပါ ဆိုတဲ့ စကားကို ပြောနေတဲ့ လူတွေရဲ့ ညဏ်အမြော်အမြင် ဆိုတာ ဘာကို ခေါ်တာလည်း ဆိုတာ ဖော်ပြထား သလိုပါဘဲ ။ အခုချိန်ထိလည်း မပြတ်သားကြသေးဘူး ။ နောက်ကျောကို ဓါးနဲ့ဝင်ထိုးလိမ့်မယ်လို့ သတိပေးတဲ့ လူရဲ့ စကားကို ဥပက္ခာ ပြုထားလိုက်ကြတယ် ။ ရင်ဝကို ဓါးစူးနေတာတောင် ဓါးနဲ့ထိုးသူက သူကို ဆေးရုံပို့လိမ့်မယ်လို့ ယူဆနေကြတဲ့ လူတွေရဲ့စိတ်ဓါတ် ပုံမှန် မဟုတ်တာတော့ သေချာနေပြီနော် ။ လက်တွေ့ကျကျ သုံးသပ်ကြစမ်းပါ ။ အဖြောင့်တွေးကြစမ်းပါ ။ အမှားမှန်းသိရက် နဲ့ ဆက်လျှေက် နေရင် လမ်းမှန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး ။ ရှေဆက် ဘယ်လို လုပ်ဆောင် ကြမှာလည်း ၊ လမ်းကြောင်း တစ်ခုပေါ်ကို စုစုစည်းစည်း လျှေက်ကြစမ်းပါ ။ တကယ် နိုင်ငံကောင်းစားရေး အတွက် ဦးတည်ဆောင်ရွက် တာ အမှန်ပါဆိုရင် ခေါင်းဆောင်ကောင်း ရှိတုန်း နောက်လိုက်ကောင်းတွေ ဖြစ်အောင် ကြိုးစားကြစမ်းပါ ။ ကိုယ်တိုင်ကလည်း ခေါင်း မဆောင်နိုင် ၊ နောက်လိုက်လည်း မလုပ်ချင် ၊ နေရာ တကာ ကန့်လန့်လိုက်တိုက်နေကြရင် ပြည်သူလူထုဘဲ နစ်နာမှာ ။ ပြည်သူလူထု ဘဲ ဒုက္ခဆိုးတွေ ခါးသီးစွာ ခံစားကြရမှာ ။ အနိုင်ရချင်လို့ လိမ်ပါတယ်ဆိုတဲ့ ကော်မရှင် ဆီက တုန့်ပြန်ချက်ကို အားထား စောင့်စား နေတာဟာ ဒုတိယ အမှားကြီးကို ဆက်လက် ကျူးလွန်ဖို့ အချိန်ကုန်ခံပြီး စောင့်စားနေတာနဲ့ တူတူပါဘဲ ။

ဒီနေ့ ချိန်ခါမှာ လူကြီးတွေ က ဦးဆောင် ပြီး နိုင်ငံအရေးကို တောင်းဆိုနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ လူငယ်တွေလည်း ပါဝင် ပတ်သက်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ လူကြီးနဲ့ လူငယ်တွေ ကြားမှာ အမြင် ကွာဟချက် တွေရှိတယ် ၊ ခံယူချက်တွေ ၊ အတွေးအခေါ်တွေလည်း သိပ်ပြီး တူညီကျမှာတော့ မဟုတ်ပါဘူး ။ လူကြီးတွေက အတွေ့အကြုံရင့်ကျက်မှု အပိုင်းမှာ အားသားပေမယ့် ၀ါဒရေးရာမှာ ဆက်စပ် တွေးခေါ်ရင်း မသိမ်းပိုက်ထားသင့်တဲ့ အတွေးအခေါ် အချို့ကို သိမ်းပိုက်ထားကြတယ် ။ လူငယ်တွေက အတွေ့အကြုံ နုနယ်ပေမယ့် တက်ကြွတယ် ၊ ဘာအတွေးအခေါ်မှ မသိမ်းပိုက်ထားသေးတဲက အတွက် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စစ်မှန်တဲ့ ခေါင်းဆောင်သာရှိ ရင် နောက်လိုက်ကောင်းလုပ်ကြဖို့ ၀န်မလေး ကြဘူးလို့ ကျွန်တော်က ခံယူထားတယ် ။ ဒီနေ့ခတ် လူငယ် တော်တော်များများဟာ စစ်အာဏာရှင်တွေရဲ့ အသိညဏ် အဆိပ်ခတ်မှု ကြောင့် နိုင်ငံရေး ပညာတွေ မကြွယ်ဝကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့ စိတ် ၊ မဟုတ် မခံလိုတဲ့ စိတ် တော့ သူတို့ရင်ထဲမှာ ရှင်သန်နေကြတုန်းပါဘဲ ။ ဒါတွေကို လူကြီးတွေက လမ်းပြနိုင်ရင် တိုင်းပြည် အတွက် အကြီးမားဆုံး ခွန်အားတွေကို လူငယ်တွေဆီက ရရှိနိုင်တယ် ကျွန်တော် ထင်မြင်ယူဆမိပါတယ် ။

နည်းပညာ အကူအညီကြောင့် ၀ါသနာတူရာ ၊ ရည်ရွယ်ချက်တူတဲ့ လူငယ်တွေကို အလွယ်တကူ စုစည်းလို့ရတယ် ။ သူတို့ကို လမ်းမှန်ပြပြီး လက်တွေ့ကျတဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို သာ တင်ပေးလိုက်နိုင်ရင် ကျွန်တော်တို့ တိုင်းပြည် အနာဂတ် မကြာခင် လှပလာမှာ မုချမသွေပါဘဲ ။လူငယ်တော်တော် များများကလည်း တောင်းဆိုလာကြပါတယ် ၊ သူတို့ နိုင်ရာ တာဝန် ယူချင်တယ် ၊ သူတို့ရင်ထဲက တိုင်းပြည်ချစ်စိတ်ကို ပြချင်ကြတယ် ။ သူတို့ရဲ့ အစွမ်းအစနဲ့ သတ္တိကို တိုင်းပြည် အတွက် အကျိုးရှိစွာ အသုံးချလာကြတယ် ။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာတာဟာ ကျွန်တော့်တိုင်းပြည် အတွက် အင်မတန်မှ အကျိုး ကျေးဇူး များပါတယ် ။ကျွန်တော်တို့ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင် စားတာက ရာထူးကို လိုချင်လို မဟုတ်ပါဘူး အာဏာကို ခုံမင်လို့မဟုတ်ပါဘူး ၊ တိုင်းပြည်ကြီး ပြိုကျပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ငံအရေးကို ကျရာ အခန်းဂဏ္ဍကနေ တာဝန် ယူပေးချင်တာပါ ။ အချို့လူငယ်တွေ ဆို အ၇မ်းကို ထက်မြက်ကြတယ် ၊ အသက်ငယ်ငယ်လေးတွေနဲ့ သူတို့ အတွေးတွေကတော့ ကြောက်စရာ ကောင်းလောက် အောင် ထက်မြက်ကြတယ် ။ ကျွန်တော် တို့ သူတို့ အရွယ်ကဆို နိုင်ငံရေး ဆိုတာ ဘာမှ မသိသေးပါဘူး ။ ကျွန်တော်ကတော့ သူတို့ကို အရမ်းလေးစားတယ် ၊ သူတို့သတ္တိလေးတွေ ထုတ်ဖော် ပြောဆိုလာတာကို အရမ်းအားရတယ် ။ ဒါကြောင့် သူတို့ကို အားပေးတယ် ။

လူကြီးအချို့ကို လူငယ်တွေ အားမရတဲ့ အဓိက အချက်က သူတို့ဟာ သိပ်ပြီး စဉ်းစားလွန်းတယ် ၊အချိန် ဆွဲလွန်း အားကြီးတယ် ၊ ၀ါဒ တွေကို အစွဲပြုလွန်းအားကြီးတယ် ၊ ပစ္စပ္ပုန် အခြေအနေ လှစ်လျူရှုပြီး အတိတ်က လုပ်ရပ်တွေကို အ၇မ်းအားထားကြတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကို လူငယ်တွေ ချစ်ခင်လေးစားပြီး အားထားတဲ့ အဓိက အချက်က သူ့အတွေးအခေါ်တွေက ဆန်းသစ်တယ် ၊ ၀ါဒစွဲ သိပ်မရှိဘူး ၊ ခေတ်နဲ့ အညီ လိုက်တွေးနိုင်တယ် ။ ပစ္စပ္ပုန်အခြေအနေကို သုံးသပ်ပြီးမှာ အနာဂတ်ကို ကြိုတွေးပြနိုင်တယ် ။ ဒါကြောင့် သူမကို နိုင်ငံခေါင်းဆောင် အဖြစ် လူထုက အာဏာ အပ်နှင်းချင်ကြတာပါ ။

ကျွန်တော်တို့ လူငယ်တွေ ရင်ထဲမှာ ၀ါဒစွဲ မရှိတဲ့ အတွက် တိုင်းပြည်ကို တကယ်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သူတွေရဲ့ လမ်းစဉ်ကိုဘဲ လိုက်ချင်တယ် ။ လူငယ်တွေ အားလုံးလည်း ကျွန်တော့်လိုဘဲ လို့ထင်မြင် ယူဆမိပါတယ် ။ ဒါဆို ကျွန်တော်တို့ ခေါင်းဆောင်ကို ပြည်သူလူထုက အုပ်ချုပ်ရေး အာဏာ ပေးအပ်နိုင်အောင် စတင်ကြိုးစားကြရအောင် ။ ဒီလို ကြိုးစားတဲ့ နေရာမှာ လူငယ်တွေ ပိုမိုစုစည်းမိအောင် ကျွန်တော်တို့ အဖွဲ့လေး တစ်ဖွဲ့ ဖွဲ့စည်းပြီး စည်းလုံးညီညွှတ်စွာ ဆောင်ရွက် နိုင်ရင် ပိုမိုထိရောက်မယ်လို့ ကျွန်တော် ယူဆပါတယ် ။ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းပြည် တရားမျှတပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံကို ရောက်အောင် ကိုယ်နိုင်ရာ တာဝန်ထမ်းပြီး တွန်းပေးဖို့ပါဘဲ ။

အသင်းအဖွဲ့လေး ဆောင်ရွက်မယ်ဆို ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အေင်ဆန်း ဗမာ့ကာကွယ်ရေး တပ်မတော် ကို ဖွဲ့စည်းထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ဖွဲ့စည်းဖို့ အကြံရမိတယ် ။ ကျွန်တော်တို့ အဖွဲ့မှာ ပါမောက္ခကနေ ကျောင်းသား ၊ အရပ်သား ၊ ချမ်းသာတဲ့ လူ ၊ ဆင်းရဲ့တဲ့လူ ၊ဘာသာလူမျိုး အားလုံးပါဝင် ကြမှာ ။ ဒီတော့ အခြေခံ စည်းကမ်း လေးတွေကို အရင် ဆုံးသတ်မှတ်ချင်ပါတယ် ။ နောက်တစ်ချက်က ကျွန်တော်တို့ ဟာ တိုင်းပြည်ကောင်းစားရေးကို စုစည်းစွာ ဆောင်ရွက်ကြမှာ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားချစ်ခင်ကြပါ ။ အဖွဲ့ ၀င် တိုင်း ညီအစ်ကို မောင်နှမ ရင်းချာလို့ စိတ်ထားမျိုး ထားရှိကြရမယ် ။ ပညာအားကြီးသူက ပညာနည်းသူကို မနှိမ်ကြပါနဲ့။ ငွေကြေးဥစ္စာ ချမ်းသာသူက ချို့တဲ့သူကို မနှိမ်ကြပါနဲ့ ။ ဘာသာရေး အငြင်းအခုံမလုပ်မိကြပါစေနဲ့ ။ အဖွဲ့ဝင်တိုင်း ဒီအဖွဲ့ရဲ့ စည်းကမ်းကို တပြေးညီ လိုက်နာ ဆောင်ရွက်ကြရပါမယ် ။ လျှို့ဝှက်စွာ ဖွဲ့စည်းရမယ့် အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် လျှို့ဝှက်နိုင်သမျှ လျှို့ဝှက် ကြပါ ။ ကိုယ်တတ်နိုင်တဲ့ဘက်ကတိုင်းပြည် အကျိုး ဆောင်ရွက်ကြတာ ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ဆောင်ရွက်နိုင်တဲ့ စွမ်းအားချင်းတော့တူညီကျမှာ မဟုတ်ပါဘူး ။ အချို့က ငွေအားနဲ့ကူညီကြမယ် ၊ အချို့က လုပ်အားနဲ့ကူညီကြမယ် ၊ အချို့က ပညာအားနဲ့ ကူညီကြမယ် ။

အဖွဲ့အစည်းအတွက် လမ်းစဉ်ကို ချမှတ်တဲ့ အခါ အားလုံးရဲ့ သဘောထား အမြင်ကို စုစည်းပြီး ဆောင်ရွက်ချင်ပါတယ် ။ လူငယ်တွေကို အားထားတယ် ဆိုပေမယ့် လူကြီးတွေကို စော်ကားတာတော့ မဟုတ်ပါဘူး ။ အပြုသဘောနဲ့ ကူညီ လမ်းပြပေးမယ့် လူတိုင်းကို လေးစားပါတယ် ။ ကျွန်တော်တို့ကို ၀ိုင်းဝန်း အကြံပေးကြပါ ၊ အကြံကောင်း ညဏ်ကောင်းများဖြင့် ကူညီပေးကြပါ ။ တိုင်းပြည် အတွက် လက်တွေ့ကျကျ ချစ်ပြချင် ကြတဲ့ လူတွေ အားလုံးကို နိုင်ရာ တာဝန် ထမ်းဆောင် နိုင်အောင် ကျွန်တော်တို့ အဖွဲ့က လက်တွဲ ခေါ်ဆောင်သွားမှာပါ ။ အဓိက ရည်ရွယ်ချက်က တိုင်းပြည်အတွက် ကျရာအခန်းဂဏ္ဍ ကနေ ထိရောက်စွာ ပြည်သူလူထု တာဝန် ထမ်းဆောင် နေတဲ့ လူတွေကို ကူညီ အားဖြည့်ပေးဖို့ပါဘဲ ။

တက္ကသိုလ်ကျောင်းသား တွေ ပေါင်းစုံရာက တို့ဗမာ အစည်းအရုံး ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ် ။ သခင်မျိုးဟေ့ ဒို့ဗမာ ဆိုတဲ့စကား ပေါက်ဖွားလာရာက စလို့ နိုင်ငံတ၀ှမ်းလုံး သခင်စိတ်တွေ မွေးမြူကြလို့ လွတ်လပ်ရေး ကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့တာပါ ။ သူတို့တွေ အသက်ချွေးပေါင်းများစွာ ပေးဆပ်မှ ရရှိခဲ့တဲ့ လွတ်လပ်သော မြန်မာနိုင်ငံ အဖြစ်ကို ရောက်ရှိခဲ့တာပါ ။ ဒါကို ကျွန်တော်တို့က ဆက်လက် မထိန်းသိမ်းနိုင်ရင် တိုင်းတပါးလက်အောက်ကို ပြန်လည် ကျရောက် သွားနိုင်ပါတယ် ။ ခုချိန်မှာတော့ အုပ်ချုပ်ရေး ပိုင်းမှာ တိုင်းတပါး လက်အောက် မကျရောက် သေးပေမယ့် မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ တရုတ်နိုင်ငံ လက်အောက်ကို ရောက်မှန်းမသိ ရောက်နေပါပြီ လို့ဘဲ သတိပေးစကား ပြောကြားချင်ပါတယ် ။ ကျွန်တော်တို့ဘိုးဘွား တွေ ပေးဆပ်မှု ပေါင်းများစွာ ရင်းနှီးလာတဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ လက်ထက်ကျမှ သိသိကြီးနဲ့ တိုင်းတပါးလက်ထဲ ထိုးအပ်လိုက်ပြီး ရာဇ၀င် တွေ အရိုင်းမခံရအောင် တူညီညာ ရုန်းထကြရမည့် ချိန်ခါမှာ တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ကြဖို့ လိုအပ်နေပါတယ် ။

အာဏာရှင်တို့၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ကျွန်တော်တို့တတွေ သတင်းမှန်တွေနဲ့ဝေးကွာ ၊ မှန်ကန်မှု မရှိတဲ့ သမိုင်းတွေ သင်ကြား ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ကြားမှာ ကြီးပြင်းလာကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့စိတ် ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ရှင်သန် စီးဆင်းနေဆဲပါဘဲ ။ ပြင်ပကမ္ဘာတွင် ဖိနှိပ်ချုပ်ချယ်မှု များကို လုပ်ဆောင် နိုင်သော်လည်း ကျွန်ူပ်တို ၏ ရင်တွင်းမှ မျိုးချစ်စိတ်ကို ဖိနှိပ်လို့မရ ၊ သေအောင် သတ်လို့မရ ၊ အမျိုးကို ချစ်သည့် ကျွန်ူပ်တို့၏ မျိုးဆက် သွေးများသည် အဆက်မပြတ် ရှင်သန်စီးဆင်း နေကြောင်းကို ပြဆိုသည့် အနေဖြင့် သွေးမျိုးဆက် ဟု အမည်ပေးထားသည့် ကျွန်ူပ်တို့ မျိုးဆက်သစ် လူငယ်အင်အားစုများ စုစည်းစွာ ဖြင့် စတင်လုပ်ရှားပါတော့မည် ။ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ချင်သူများ လက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသား အားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

သင့်ရင်ထဲမှ ကျွန်ူပ်တို့ အဖွဲ့အတွက် အပြုသဘောဆောင်မည့် ဆွေးနွေးချက်ကို ကျွန်ူပ်တို့ ကြားလိုပါသည် ။ မဖြစ်နိုင်ပါဘူးဟု ပြောဆိုမည့်သူများ အလို မရှိပါ ။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပါဘဲလို့ ယူဆနေသူများ ထက် ဖြစ်သမျှ အကြောင်း မကောင်းကောင်းအောင် လုပ်မည့် သူများ၏ ဆွေးနွေးချက်များသာ တွေ့မြင်လိုပါသည် ။

No comments: