Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 16 November 2010

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်မည်ဟု ငြိမ်းချမ်းရေး မိခင်ပြောကြား



နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံခြင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀န်းကျင်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့သည်။အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေး ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက် အချို့မှာ ယခုတစ်ကြိမ် ပြန်လည် လွတ်မြောက်လာမှုသည် မည်သည့် ခံဝန်ချက်မှ ရေးထိုးခဲ့ခြင်း မရှိကြောင်း၊ ပြည်သူများနှင့် လက်တွဲပြီး အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ လိုလားနေသော ကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။



''ဒီတစ်ခါ ပြန်လွတ်လာတော့ ပြည်သူတွေရဲ့ အသံကို နားထောင်ချင်တယ်။ ဒါပေမယ့် ပြည်သူတွေက ကျွန်မရဲ့အသံကိုပဲ နားထောင်ချင်နေတော့ ခက်နေတယ်။ ဒီတော့ စာရေးပြီး ပြောကြပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တစ်ဦး ၏ မေးမြန်းမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ရာတွင် ပြည်သူများနှင့်သာမက ဒီမိုကရေစီကို လိုလားသော မည်သူနှင့်မဆို ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။''အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူအတွက် လုပ်ဆောင်ရာမှာ ဒီမိုကရေစီ လိုလားသူ ဘယ်သူ့ကိုမဆို အမြဲတံခါးဖွင့်ထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး လုပ်ဆောင်နေတဲ့သူတွေ၊ လုပ်ချင်နေတဲ့ သူတွေ အကုန်လုံးနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အတူ လတ်တလော ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အသေးစိတ်ကို ညှိနှိုင်းတိုင်ပင်ပြီးမှ ပြောဆို သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ ထို့ပြင် တိုင်းရင်းသားအားလုံး ပါဝင် စုစည်းထားသည့် ၂၁ ရာစု ပင်လုံစိတ်ဓာတ် ဖြစ်ပေါ်လာရန် တိုက်တွန်း ပြောဆိုခဲ့ပြီး တိုင်းပြည်ကောင်းအောင် လုပ်ဆောင်ရာတွင် ဒီမိုကရေစီ လိုလားသူ မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''ဒီမိုကရေစီရေး လုပ်ဆောင်နေတယ်ဆိုတာ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း ရှင်သန်ရေး ပါပဲ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက်ရာတွင် မိမိကိုယ်ကို အနစ်နာခံသည်ဟု သဘောမထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါသည်။

''အခုလို လုပ်နေတာတွေကို အနစ်နာခံတယ်လို့ စိတ်ထဲမှာ မထားပါဘူး။ အနစ်နာခံတယ်လို့ အားနာတယ်။ အနစ်နာခံတယ်ဆိုတာ အကြွေး ပြန်တောင်းနေရသလိုပဲ။ ပြည်သူလူထုဆီက အကြွေး ပြန်မတောင်းချင်ဘူး။ ကိုယ်ရွေးထားတဲ့ လမ်းကို ကိုယ်လျှောက်နေတာ ဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့သည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအတွက် မည်သူနှင့်မဆို လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရန် အဆင်သင့် ဖြစ်ကြောင်း၊ ယခင်ကလည်း ထိုသို့ လုပ်ဆောင်ခဲ့ကြောင်း၊ နောင်တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရေစီအတွက် လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားရန် သဘောထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ပြည်သူလူထု၏ ပညာရေးပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်းနှင့် ထိုအားနည်းမှုများကို လျော့ပါးအောင် တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် ပညာရေးပိုင်း အားနည်းသည်နှင့် အဖက်ဖက်တွင် အားနည်းသွားမည် ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ၌ ပါဝင်ခြင်း မရှိသည့် အတွက် ကန့်ကွက်ရန် မရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဥပဒေနှင့် တရားမျှတမှု ရှိ၊ မရှိ ဆိုသည်ကို ကြည့်ရှုနိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကော်မတီတစ်ခု ဖွဲ့ထားကြောင်း၊ ထိုကော်မတီ အနေဖြင့် အစီရင်ခံစာ ရေးဆွဲနေပြီး၊ ယင်းအစီရင်ခံစာ ထွက်လာပြီးမှသာ တိတိ ကျကျ ထုတ်ပြန် ပြောဆိုသွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်မူ နိုင်ငံရေးအဖွဲ့အနေဖြင့် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။
''အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးအဖွဲ့ အနေနဲ့ ဆက်လက် ရပ်တည်သွားမှာပါ။ လူမှုရေးအဖွဲ့ လုပ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါ ဘူး။ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်လို့သာ ပြောခဲ့တာပါ။ လူမှုရေးလုပ် ငန်းတွေ လုပ်မယ်ဆိုတာကလည်း ၁၉၉၅ ခုနှစ်ကတည်းက စပြောထားခဲ့ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီရှင်သန်ရေးအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ပြည်သူလူထု ရှင်သန်ရေး အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ပါတီ ရှိ၊ မရှိ ဆိုသည်မှာ ပြည်သူတို့၏ စိတ်ထဲတွင် ရှိကြောင်း ဆက်လက် ပြောဆိုခဲ့ပါသည်။

နိုင်ငံတော်အလံသစ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့ရာတွင် မိမိအနေဖြင့် လွတ်လပ်ရေးရတုန်းက အလံကို အကြိုက်ဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ဆက်လက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ နောက်ပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

မီဒီယာများနှင့် တွေ့ဆုံမှုမှာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး ပြည်တွင်း မီဒီယာများမှ သတင်းထောက်၊ အယ်ဒီတာများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သတင်းထောက်များ အသင်းမှ ဌာနေ သတင်းထောက်များနှင့်အတူ နိုင်ငံတကာ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။


Eleven Media Group မှကူးယူဖော်ပြသည်

No comments: