Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 13 May 2010

“ခေါင်းဆောင်ကောင်း၏ ဦးဆောင်မှုနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍ”
စိုးနေလင်း



လူထုခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်ကတော့ သူမရဲ့ ယုံကြည်တွေးမြင်မှုတခုကို ပြည်သူလူထုနဲ့ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်သူတွေကို ဖော်ထုတ်ပြောဆိုလိုက်ပြန်ပါပြီ။” ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ဘာမှသိမြင်နားလည် မှုမရှိဘဲ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးဖို့ဆိုတာ ဘာမှအဓိပါယ်ရှိမှာမဟုတ်ဘူး” ဆိုတဲ့ မှန်ကန်တဲ့ တွေးမြင်ယူဆချက်တခုကို အ ချိန်ကိုက်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ သူမရဲ့ဖခင်လည်းဖြစ် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း က “ခေါင်းဆောင်လုပ်တဲ့သူတွေဟာ ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်။” လို့ တခါက ပြောခဲ့ဖူးပါတယ်။ အ လွန်မှန်ကန်တဲ့ ပြောဆိုလမ်းညွှန်မှုပါပဲ။ ပြည်သူလူထုကိုဦးဆောင်တဲ့ ခေါင်းဆောင်တယောက်ဟာ သူ့ရဲ့ တွေးမြင်ယုံကြည်မှုကို တိုင်း ပြည်ကို တိုင်းသူပြည်သားတွေကို ရဲရဲတင်းတင်းချပြရဲ ပြောရဲရပါမယ်။ အကြောင်းအရာတရပ်ပေါ်မှာ ဒါကိုမှန်တယ်လို့ ယုံကြည်တယ်။ ဒါကိုတော့မှားတယ်လို့ ယုံကြည်တယ်ဆိုပြီး ပြတ်သားတဲ့ သူရဲ့သဘောထားအယူအဆကို ခိုင်ခိုင်မာမာနဲ့ ရဲရဲတင်းတင်း ပြောဆိုရဲရပါ မယ်။

ပြည်သူလူထုအနေနဲ့ သိမြင်နားလည်ဖို့ အခက်အခဲရှိတဲ့ အသေအချာဝေဖန်သုံးသပ်ဖို့ မလွယ်ကူတဲ့ အကြောင်းအရာ အဖြစ်အပျက် တွေမှာ ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင်ရှိတဲ့ သုံးသပ်ဝေဖန်မှု၊ အကြံပြုမှု ဆုံးဖြတ်ပေးမှုတွေ လိုအပ်ပါလိမ့်မယ်။ လူတဦးချင်းစီအနေနဲ့ ကိုယ်ကိုယ်တိုင်က ရေရေရာရာ သိမြင်နားလည်မှု မရှိတဲ့အကြောင်းအရာတခုကို ကိုင်တွယ်ဆောင်ရွက်ဖို့ သူတို့ရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသားဖော်ထုတ် ပြောဆိုဖို့မဖြစ်နိုင်သလောက်ပါပဲ။အမှန်အမှားကို ကောင်းကျိုးဆိုးပြစ်ကို ရှင်းရှင်းလင်းလင်းသိမြင်တော့ မှ ဒါဆို ဘယ်ဘက်ကရပ်တည်မယ်ဆိုတာကို အဆုံးအဖြတ်ပြုနိုင်မှာ ဖြစ်ပါတယ်။ ခုဖြစ်ရပ်မှာ စဉ်းစားရမှာက စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ မှာကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲပါ။

စစ်အစိုးရဟာ သူတို့စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ခိုင်အမာအုပ်ချုပ်နိုင်ဖို့၊ စစ်အာဏာရှင်စနစ် ရေရှည်တည်တန့်ပြီး သူတို့ရဲ့ အာ ဏာနဲ့ စည်းစိမ်ဥစ္စာ တည်မြဲရေးအတွက် ၁၉၉၃ ခုနှစ်ကတည်းကစပြီး အမျိုးသားညီလာခံလို့ခေါ်တဲ့ ညီလာခံအတုအယောင်ကြီးကို ကျင်းပပြီး ဟန်ပြဆွေးနွေး ဟန်ပြအချက်အလက် ရယူပြခဲ့ကြပါတယ်။ ဒီညီလာခံကတော့ ဒီမိုကရေစီ အခြေခံမကျတော့ဘူး မှားယွင်း ဖောက်ပြန်နေပြီလို့ သိလာတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုလာတာကိုလည်းလုံးဝ အ လေးမထားဘဲ ပြန်မပြောနားမထောင် လုပ်နေခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ ညီလာခံက နှုတ်ထွက်ခဲ့ရပါတယ်။ တခြား ညီလာခံ ကိုယ်စလှယ်တွေရဲ့ ပြောဆိုတင်ပြမှုတွေ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေ ပါတီတွေရဲ့ ကိုယ်စလှယ်တွေရဲ့ တင်ပြ တောင်းဆိုမှုတွေကိုလည်း ဂရုမစိုက်ခဲ့ဘဲ သူတို့ထည့်သွင်းချင်တဲ့ အချက်အလက်တွေကို သူတို့စိတ်ကြိုက် ရွေးချယ်ထားတဲ့ လက်ကိုင် တုတ်ကိုယ်စလှယ်တွေ အင်အားကိုအသုံးပြုပြီး စစ်အာဏာရှင်စနစ် အခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတွေ လေ့လာဖတ်ရှုလို့မရနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားခဲ့ပါတယ်။ ဒါကြောင့် သာမန်အခြေခံ ပြည်သူလူထုကြီးတရပ်လုံးဟာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုပြီး အတုအယောင် ဆန္ဒခံ ယူပွဲကျင်းပခဲ့တဲ့အချိန်အထိ ဒီဥပဒေဟာ ဘယ်လိုဥပဒေဆိုတာကို မသိခဲ့ကြပါဘူး။ စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့တဲ့ အချိန်ကလည်း ပြည်သူလူထုအများစုကြီး နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးရဲ့ ဒဏ်ကြောင့်အတိဒုက္ခ အကြီးအကျယ်ခံစားနေရတဲ့ အချိန်၊ စားဝတ်နေရေးကလွဲလို့ ဘာမှထည့်မစဉ်းစားနိုင်လောက်အောင် စိတ်ရောကိုယ်ပါ ဆင်းရဲပင်ပမ်းနေတဲ့ အချိန်ပါ။ အဲဒီအချိန်ကို စစ်အ စိုးရက တမင်ရည်ရွယ်ချက်ရှိရှိ ရွေးချယ်လိုက်တာပါ။ ပြည်သူလူထုကိုရော နိုင်ငံတကာကိုပါ ရောကြောင်ပေါကြောင် လုပ်ပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြဋ္ဌာန်းပစ်လိုက်တာပဲဖြစ်ပါတယ်။၂ဝဝ၈ ခုနှစ်အခြေခံဥပဒေနဲ့ပတ်သက်လို့ ဘာမှမသိသလောက်ဖြစ်နေတဲ့ ပြည်သူ လူထုကြီးဟာ အဲဒီအခြေခံဥပဒေကို အခြေခံဥပဒေကို အခြေခံကျင်းပမယ့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးကြရမှာပါလဲ။ ဘာကိုမဲပေးကြရမှာပါလဲ။ ရှင်းပါတယ် ဘာမှအဓိပါယ်မရှိပါဘူး။

၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်တော့ အဲဒီရွေးကောက်ပွဲဟာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဆန့်ကျင်အုံကြွတောင်း ဆိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို၊ ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ အောင် သီးအောင်ပွင့်တွေကို အပြီးသတ်ဖယ်ရှားရှင်းလင်းပစ်ဖို့၊ စစ်အာဏာရှင်စနစ်နဲ့ တရားဝင်ပြည်သူလူထုကို တသက်လုံးကျွန်ပြုအုပ်ချုပ် သွားနိုင်ဖို့ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံစစ်အစိုးရအကြောင်းနဲ့ စစ်အစိုးရရဲ့ဇာတိရုပ်ကို သိပ်မသိကြသေးတဲ့ နိုင်ငံ တကာကပါ စစ်အစိုးရထုတ်ပြန်လိုက်တဲ့ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ဒါဟာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုက ရေစီ နိုင်ငံတခု တည်ဆောက်ရေးကို ဖြစ်စေနိုင်တဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ဝေဖန်ထောက်ပြပြောဆို နေကြပါပြီ။ ဒါပေမယ့် စစ် အစိုးရကတော့ သူတို့ရဲ့ အာဏာကုလားထိုင်ကို ထိပါးယိမ်းယိုင်သွားအောင် မလုပ်နိုင်တဲ့ ဘယ်လိုဝေဖန်ပြစ်တင်မှု တောင်းဆို တိုက် တွန်းမှုကိုမှ အလေးထားတုန့်ပြန်ဆောင်ရွက်ပေးခဲ့တာမျိုး ဘယ်တုံးကမှ မရှိခဲ့ပါဘူး။

ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုကို ဒီမိုကရေစီပန်းတိုင်ဆီ ဦးဆောင်ခေါ်ယူသွားဖို့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ လူထုက ယုံကြည်အပ်နှံရွေးချယ်လို့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေမှာ တာဝန်ရှိပါတယ်။ ပြည်သူ လူထုကိုအောင်ပွဲရှိရာ ရဲရဲရင့်ရင့် ဦးဆောင်လမ်းပြပေးရမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နောက်လိုက်လုပ်နေဖို့ မဟုတ်ပါဘူး။ မှန်ကန် တိကျ၊ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြည်သူလူထုရှေ့က မားမားမတ်မတ်ရပ်တည်ပြီး စစ်အာဏာရှင်စနစ် ရဲ့ဖိနှိပ်ညှင်းပမ်းမှု တွေကို ဆန့်ကျင်ချေဖျက် တန်ပြန်ထိုးနှက်တိုက်ခိုက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ကလည်း အင်အားကြီးမား ရက်စက် ယုတ်မာတဲ့ စစ်အစိုးရကို တိုက်ခိုက်ခြေမှုန်းနိုင်ဖို့ မိမိတို့ရဲ့စည်းလုံးညီညွတ်မှု တခဲနက် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကို ခေါင်း ဆောင်ကောင်း အဖွဲ့အစည်းကောင်းတွေကို တာဝန်သိသိပေးအပ်ပြီး ဦးဆောင်မှုနောက်မှာ ရဲရဲတင်းတင်းလိုက်ပါပြီး ကျရာတာဝန်တွေ ကို အကောင်းဆုံး ထမ်းဆောင်သွားကြရမှာ ဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းပြည် ကိုတိုင်းပြည်ကို စစ်အာဏာရှင်တွေ စဉ်ဆက်အုပ်ချုပ်သွားဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဆိုတာဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသတ်ဖယ်ရှားပစ်ပြီး စစ်အာဏာရှင်စနစ်နဲ့ ပြည်သူ လူထုကို တရားဝင်အုပ်ချုပ်သွားဖို့ ရည်ရွယ်ကျင်းပမှာဖြစ်တယ်ဆိုတာကို ပြည်သူလူထုကြီးတရပ်လုံး နားလည်သဘောပေါက်သွား အောင် ကြိုးစားအားထုတ်ပေးဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။

၂ဝဝ၈ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲကို ပြည်သူလူထုကြီးတရပ်လုံး ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြ။ ။

စိုးနေလင်း


http://www.naytthit.com/articals/2010/may10/snl-may11.html

Posted in http://www.yeyintnge.com/

No comments: