Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 8 December 2009

မာင်သြ
၇ ဒီဇင်ဘာ ၂၀၀၉



နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်လည်းဖြစ်၊ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို (၂၅-၉-၀၉) နေ့က စာတစောင်နဲ့ (၁၁-၁၁-၀၉) နေ့က စာတစောင် စုစုပေါင်း စာနှစ်စောင် ပေးပို့ခဲ့ပါတယ်။

ပထမပေးပို့တဲ့ စာပါအကြောင်းအရာက “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ” ဖြစ်ပါတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး နအဖဘက်မှ လိုက်လျောခွင့်ပြုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးယာယီတာဝန်ခံ Mr. Thomas L. Vajda၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုယ်စားလှယ် သံအမတ်ကြီး (ဗြိတိန်နိုင်ငံသံအမတ်ကြီး) Mr. Andrew Richard Heyn၊ သြစတြေးလျသံရုံး ယာယီတာဝန်ခံ Mr. Simon Christopher Starr တို့နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် စာပါ အချက် (၅) မှာ တင်ပြတောင်းဆိုထားတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ သဘောထားညှိနှိုင်းရယူနိုင်ရေး ဆိုတဲ့အပေါ်မှာတော့ ခွင့်ပြုချက်မရခဲ့တာ တွေ့ရပါတယ်။

သံတမန်တွေနဲ့တော့ တွေ့ဆုံဆွေးနွေးခွင့်ပေးခဲ့ပြီး အန်အယ်လ်ဒီ အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံခွင့် မပေးခဲ့တဲ့အပေါ် ဘာကြောင့်လဲဆိုတာ စဉ်းစားစရာ ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ကျန် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ သဘောထားဟာ အခုအချိန်မှာ ထပ်တူထပ်မျှရှိပြီး တူညီတဲ့ ပန်းတိုင်ကို တူရူသွားနေတယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ တစိတ်တ၀မ်းတည်းပဲ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

စာနဲ့အတူ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု တံခါးကြီးကို ဖွင့်ပေးနိုင်ဖို့နဲ့ ဘာကြောင့် ပိတ်ဆို့ထားရသလဲဆိုတဲ့ အခြေခံအချက်တွေအပေါ် လေ့လာနိုင်ဖို့၊ နအဖနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်လှပစေဖို့ဆိုတဲ့ စေတနာ မေတ္တာအလင်းတန်းကို ဒေါ်အောင်ဆန်းစုကြည်က ပထမခြေလှမ်းအဖြစ် ထွန်းညှိပေးလိုက်တာဖြစ်ပါတယ်။

ဒုတိယပေးစာမှာတော့ (၃-၁၁-၀၉) နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာကြတဲ့ အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးရာဝန်ကြီးလည်းဖြစ်၊ အာရှပစိဖိတ်ရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ကာ့တ်ကမ်ဘဲနဲ့ အဖွဲ့ကို နိုင်ငံရေးအဖွဲ့အစည်းများနဲ့လည်းကောင်း၊ မိမိနဲ့လည်းကောင်း တွေ့ဆုံဆွေးနွေးခွင့် ပေးတဲ့အတွက် နအဖအစိုးရအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ အခြားမြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် လုပ်ငန်းများကိုလည်း နအဖနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါကြောင်းနဲ့ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံတင်ပြခွင့်ပြုစေလိုကြောင်း ပါရှိခဲ့ပါတယ်။ ဒါ့အပြင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အားလုံး (ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေ) တို့နဲ့ ၎င်းရဲ့ နေအိမ်မှာ အစည်းအဝေးကျင်းပခွင့်ပြုဖို့နဲ့ ကျန်းမာရေးမကောင်းတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့်ပေးဖို့ မေတ္တာရပ်ခံတဲ့အကြောင်းလည်း ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာ (၂) စောင်လုံးကို အလေးအနက်ထား စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူလူထုတွေ မျက်မှောက်ဖြစ်ပျက်ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေးအတွက် နအဖတပ်မတော်အစိုးရနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်သင့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးသင့်ပြီ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိတဲ့ သူမရဲ့ ပကတိဖြူစင်ရိုးသားမှု စေတနာ မေတ္တာကို အရင်းခံပြီး ပန်းခင်းလမ်းကို ဖောက်ပေးလိုက်တယ်ဆိုတာ အထင်အရှား ပေါ်လွင်နေပါတယ်။

ဒီလိုဆိုရင် နအဖဗိုလ်ချုပ်မှူးကြီး ဘက်ကကော ဘယ်လိုရှိမလဲဆိုတာ သူဘက်ကိုယ့်ဘက် စဉ်းစားရပါတော့မယ်။ ယနေ့အချိန်ဟာ တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ငြှိုးသူရန်ဘက် ဖြစ်နေရမယ့် အချိန်မဟုတ်ပါဘူး။ တဦးက မေတ္တာ၊ တဦးက စေတနာ ဖလှယ်တုံ့ပြန်ပြီး အာဃာတကင်းကင်းနဲ့ သင်ပုန်းချေနိုင်ရမယ့်၊ သူမနာ ကိုယ်မနာ သွားရမယ့် အချိန်ဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာ မြန်မာ့သားကောင်းလူမျိုးပီပီ ထိပ်တန်းခေါင်းဆောင်ကြီးများ အလေးအနက်ထား စဉ်းစားသင့်ပါပြီ။

ပုထုဇဉ်လူသားတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရှိတတ်ကြသလို အမှားလည်း ရှိတတ်ကြပါတယ်။ အမှားကို အမှားမှန်းသိပြီး အမှန်မြင်တာက လူပညာရှိ လူလိမ္မာဖြစ်ပါတယ်။ အမှားကို အမှားမှန်းသိပြီး မပြင်ဘဲ ဆက်မှားနေတာ လူ့အန္ဓ လူယုတ်မာတို့သာဖြစ်တယ်ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်မှာ ရှိပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓရဲ့ သားတော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီး သတ်ဖြတ် ထောင်ချခဲ့တဲ့ အကြမ်းဖက်ပြစ်မှုကြီးကို ဘယ်လို ချေဖျက်သန့်စင်မှာလဲ။ မကြာမီကမှ သီရိလင်္ကာနိုင်ငံကို ဘုရားဖူးသွားပြီး ပြန်လာခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အသက်လည်း (၇၇) နှစ်ရှိပြီး အရွယ်လည်း အိုမင်းလာပါပြီ။ နောင်တမလွန်ဘ၀ကူးကောင်းဖို့အတွက် ယခုကတည်းက လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ စွန့်ခွာပြီး နောင်တတရားတွေရဖို့ အချိန်တန်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ (၂) စောင်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ မကြာမီက မြ၀တီရုပ်သံမှာ ပြသသွားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ကား “ကြီးမြတ်သူတို့နှလုံးသား” ထဲက စိတ်ထားမြင့်မြတ်တဲ့ မင်းကြီးလို ကျင့်ကြံအားထုတ် ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ ငြိမ်းချမ်းသာယာပြီး အာရှမှာ စီးပွားရေးပြိုင်ဖက်ကင်းတဲ့ အာရှကျားတကောင် ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူးလို့ ယုံကြည်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို တကယ်လိုလား မြတ်နိုးတယ်ဆိုရင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာ မိမိတို့ရဲ့အာဏာတည်မြဲရေး၊ မိသားစုကောင်းစားရေး၊ အတ္တအကျိုးစီးပွား ချမ်းသာရေးကို အနှစ် (၂၀) ကျော် ၀အောင်၊ ပြဲအောင်၊ လန်အောင် ခံစားခဲ့ပြီးပြီမို့ ရပ်တန်းက ရပ်သင့်ပါပြီ။

ကျနော်တို့ တိုင်းသူပြည်သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ (၂) စောင်အပေါ် နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပကတိရိုးသားစစ်မှန်ပြီး တရားမျှတတဲ့ တုံ့ပြန်မှု ခွန်အားကိုသာ ယုံကြည်ကိုးစား မျှော်လင့်လျက်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်ကြီးများ ဆင်ခြင်နိုင်ဖို့ စလေဆရာ ဦးပုညရဲ့ ယုန်မင်းဝတ္ထုထဲက ကဗျာလေးနဲ့ပဲ သတိပေးလိုက်ပါရစေ။

“ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မူ …
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်
အမိုက်တကာ့ ဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်
အပါယ်လေးလီ၊ မြစ်နဒီတွင်
ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။”

(သာသနာရေးဝန်ကြီးဌာနမှထုတ်သော ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်နိဒါန်းမှ …)

http://www.khitpyaing.org/articles/Dec09/071209.php

No comments: