Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 2 August 2009

ပြဿနာနှင့် အရင်းအမြစ်

ယခုတလော မွန်မလေးတွေ တဖက်နိုင်ငံကိုရောင်းစားခံရသည့်စာ တာစားနေသည်။ နိုင်ငံကို ချစ်ပြီး အမျိုးကိုမြတ်နိုးသူများ၏ တဖက်တလမ်းမှ ကြိုးပမ်းအားထုတ်မှုဟု ခံစားနားလည်ရပါသည်။ ဒါပေမဲ့ ဆန်စဉ်ရာ ကျည်ပွေ့လိုက် မဖြစ်ဖို့တော့ လိုပါသည်။ ပြဿနာ၏ အရင်းအမြစ်ကိုသိအောင် အားမထုတ်ကြလျှင် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မိတ်ဆွေများသိဖို့လိုပါသည်။ နယ်မှမိန်းကလေးများ စီးပွားရေး အခြေအနေမကောင်း၍ မြို့ပြောင်းကြရာတွင် ဘဝပျက်သွားရခြင်း၏ အဓိကတရားခံမှာ နိုင်ငံကို အုပ်ချုပ်နေသော နအဖ၏ လက်ချက်ဖြစ်သည် ဆိုသည်မှာ အမှန်တရားကို မကွယ်မဝှက်ပြောရာရောက်ပါသည်။ တခြားနိုင်ငံသို့ ကူးပြောင်းရာတွင် ဒုက္ခရောက်ကုန်ကြခြင်းမှာလည်း နအဖ၏ စနက်သည်သာ တကယ့်အရင်းအမြစ်ဖြစ်ပါသည်။ ဖိလစ်ပိုင် အိမ်ဖော်အမျိုးသမီးငယ်လေးများ၏ ဘဝကိုကာကွယ်ပေးနေသော နိုင်ငံရပ်ခြားမှ ဖိလစ်ပိုင်သံရုံးများမှာလည်း ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ယန္တရားဖြစ်သည်ကို မျက်ခြေမပြတ်ဖို့လိုပါသည်။ ထိုအချက်ကိုနားလည်သဘောပေါက်သောသူများသာ မြန်မာသံရုံးများ၏ ကောင်တာနောက်မှ ပိုက်ဆံသဲ့ယူနေသောလက်များကို ကျော်၍မြင်နိုင်မည်ဖြစ်သည်။ နအဖသည် နိုင်ရာစား စနစ်ကြီးကို ထူထောင်လိုက်ပါသည်။ ထိုစနစ်ကြီးမှာ ဥပဒေများ စည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်းများကို မျက်ကွယ်ပြုသည့် စနစ်ဖြစ်ပြီး အချို့သောနေရာများတွင် လုံးဝမျက်ကွယ်ပြု၍ မရသည့်တိုင် ကောက်ကျစ်သော အဓမ္မ နည်းလမ်းများကို တရားဝင်သယောင်ထည့်သွင်းပြီး အမြတ်ရှာသည့်နည်းများဖန်တီးယူလိုက်ပါသည်။ ထိုစနစ်ကြီးက အောက်ခြေလူတန်းစားနှင့် တောနေလူတန်းစားကို ဆိုးဆိုးရွားရွားထိခိုက်သောအခါ ရှိစုမဲ့စု အရင်းအမြစ်များသည် ဖွံဖြိုးသော မြို့ပြသို့ကူးပြောင်း ကျက်စားလာကြပါသည်။ လှိုင်သာယာ အထည်ချုပ်စက်ရုံများသည် ယဉ်ကျေးသည့် နည်းလမ်းအားဖြင့် တောနေလူ့အလွှာကို ကျွန်ပြုနေသော ပြယုဂ်ဖြစ်သည်။ နာရီပေါင်းများစွာ အမျိုးသမီးငယ်များသည် အလင်းရောင်ကောင်းစွာမရသည့် ဂိုထောင်များတွင် အလွန်ချိုသာသောလုပ်ခများဖြင့် နေ့ရောညပါ အလုပ်ဆင်းကြရသည်။ အလုပ်သမားဥပဒေ၊ အပိုချိန်ကြေး နှင့် အခြားရပိုင်ခွင့်ကြေးများကို မှန်မှန်ကန်ကန် ဥပဒေအတိုင်းဖြစ်စေရန် မည်သူကမျှ စစ်ဆေးနိုင်ခွင့်လည်းမရှိကြ။ အဆင့်မြင့်သော ဝါဂွမ်းအထည်များအတွက် ကုန်ကြမ်းများပေါ်တွင် အခွန်ကို အနည်းငယ်စည်းကြပ်၍ တရားမဝင် အခွန်အရာရှိကို လာဘ်ထိုးကာ ဝင်လာသော ကုန်ကြမ်းများကို ဈေးချိုအလုပ်သမများ၏ လုပ်အားနှင့်ပေါင်းစပ်ကာ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ပြန်လည်တင်ပို့၍ စက်ရုံပိုင်ရှင်ကြီးများနှင့် နအဖသည် ပိုက်ဆံတွေသဲ့ယူသွားခဲ့လေပြီ။ နဲနဲပို၍ ပညာအဆင့်အတန်းနိမ့်သော လက်မှုအရည်အချင်း နိမ့်ပါးသော ပျိုမြစ်သည့် အမျိုးသမီးငယ်များကတော့ ကာရာအိုကေခန်းမများနှင့် အနှိပ်ခန်းများတွင် အမျိုးသားများကို ပျော်တော်ဆက်ရန် ရောက်ရှိသွားကြသည်။ နောက်ဆုံးတွင်တော့ သူတို့အားလုံး ဆောင်ကြာမြိုင် အပျော်မယ်ဘဝ ရောက်ကြဦးမည်သာဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များကို အရင်းကြီးတတ်နိုင်သူများ လက်ဝါးကြီးအုပ်ချယ်လှယ် နိုင်ကြသလို ဈေးချိုသော လူသားအရင်းအမြစ်များကိုလည်း နအဖ ယန္တရားသည် လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး အရင်းရှိသော ကပ်ဖားယပ်ဖားများနှင့် အတူ စနစ်တကျ ဝါးမြိုစားသုံးနေလေသည်။ လူလတ်တန်းစား ပညာတတ် နှင့် မြို့နေ အမျိုးသမီးငယ်များကတော့ အဆင့်အတန်းအလိုက် နိုင်ငံရပ်ခြားတွင် လုပ်အားကိုရောင်းရန် ကြိုးစားကြသည်။ နအဖသည် အရင်းရှိလူတစုနှင့် အစိုးရယန္တရားကို လည်ပတ်နေစေသောသူများကို ပစားပေးထားရန်လိုသည်။ ထိုကဲ့သို့မဟုတ်လျှင် နိုင်ငံကို လက်တဆုပ်စာ လူတစုနှင့် ခိုင်မြဲနေအောင် အုပ်ချုပ်ဖို့ရန် အခက်အခဲရှိသည်။ စစ်တပ်သည် အထက်အရာအရှိ၏ အမိန့်ကို တသွေမတိမ်းနာခံရန် လေ့ကျင့်ထားသဖြင့် အများစုကို အရိုးအရင်းကျွေးထားရုံဖြင့် လိုအပ်သည့်အချိန်တွင် လည်ပတ်ကြိုးကို ဖြေပေးရုံနှင့် အားလုံးခိုင်းသည့်အတိုင်းလုပ်ရမည် ဆိုသည်မှာ စာအုပ်ထဲတွင်ရေးထားသည့်အတိုင်း အပြင်မှာလည်းဖြစ်သည်။ အစိုးရယန္တရားကို လည်ပတ်မည့်သူများကို တရားမ၀င်သည့် အခွင့်အရေးများပေးထားခြင်း ဥပဒေအရ မျက်စိမှိတ်နေခြင်းမှာ ကိုယ့်ကိစ္စနှင့်ကို အလုပ်ရှုပ်ရင်း နအဖအတွက် တာဝန်ထမ်းဆောင်စေခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့် စင်ကာပူကဲ့သို့သော အစိုးရနှင့်ပင် အခွန်နှစ်ထပ် ကောက်ခံခြင်းမပြုရန် စာချုပ်၌လက်မှတ်ထိုးထားသည့်တိုင် ထိုကဲ့သို့ ပြုလုပ်နေခြင်းကို တရားဝင်သကဲ့သို့ မျက်စိမှိတ်နေခြင်းပင်ဖြစ်သည်။ တကယ်တော့ နအဖသည် သူ့၏သံရုံးဝန်ထမ်းများနည်းတူ အခွန်မှ မျက်မျက်ကလေးရနေသည်။ နိုင်ငံရပ်ခြားမှ မြန်မာမိန်းမပျိုလေးများ၊ လုပ်အားအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်လိုလျှင် ကောက်ထားသော ငွေများကို အိတ်ထဲသို့ မျက်မျက်ကလေးထည့်နိုင်တော့မည်မဟုတ်။ ဖိလစ်ပိုင်သံရုံးများသည် သူတို့ နိုင်ငံသားများ အကျိုးစီးပွားကို ကာကွယ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဘတ်ဂျက်၏ တဝက်လောက်နီးနီးကိုသုံးနေရသည်။ နအဖကတော့ နိုင်ငံရပ်ခြားအခွန်အခများ၏ ၂၀%ခန့်ကိုသာ ကော်မရှင်အနေဖြင့်ရနေသည်။ ဤအချက်ကို မြင်သူများသည် အရင်းအမြစ်ကို ဖြိုဖျက်မှ အခက်အလက်များကို ရှင်းနိုင်မည်ဟု သဘောကျဖို့လိုပါသည်။ မွန်မလေးများကို ရောင်းစားခံနေရခြင်း၊ မလေးရှားရောက် မြန်မာအလုပ်သမားများ အနှိမ်ခံရခြင်း၊ မြန်မာသံရုံး၏ အဓမ္မခွန်စည်းကျပ်ခံရခြင်းသည် စိတ်ထိခိုက်စရာကောင်းသည် သင်္ချာပုဒ်စာများသာဖြစ်ပြီး အဖြေသည် နအဖဖြစ်သည်ဆိုသည်ကို သိသူများသည် အဖြေရအောင်တွက်ကြဖို့လိုပါသည်။ ပိုက်ဆံရှိပြီး လူမျိုးချင်းဖိနှိပ်နေသည် တကိုယ်ကောင်း စီးပွားရေးသမားများ အသက်ရှူကျပ်စေရန် များများလုပ်ကြဖို့လိုပါသည်။ အစိုးရ ယန္တရားကို လည်ပတ်စေသူများကို အသိဥာဏ်ပွင့်လင်း၍ မှန်မှန်ကန်ကန် မြင်တတ်စေရန် ရေးပေးကြဖို့လိုပါသည်။ စိတ်ထိခိုက်စရာကောင်းသော သတင်းများနှင့်အတူ ဖြေရှင်းတိုက်တွန်းလှုံဆော်မှုများလည်း ထည့်သွင်းပါမှ ပုဒ်စာသည် အဖြေရှိပြီး ရအောင်တွက်နိုင်သည့် နည်းလမ်းများကို ကူညီ စဉ်းစားနေကြောင်းသိသာထင်ရှားမည်ဖြစ်ပါသည်။ လူတိုင်းလူတိုင်းကသာ အဖြေထွက်အောင်တွက်နေကြလျှင် ဘယ်နည်းလမ်းပဲဖြစ်ဖြစ် အားလုံးသည် အဖြေတခုတည်းရှိသော ပန်းတိုင်သို့ ရောက်အောင်ကြိုးပမ်းနေကြသည်သာဖြစ်ပြီး မြန်မြန်ရှင်းနိုင်မည်သာဖြစ်ပါသည်။

No comments: