Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 5 October 2011

နောက်တစ်ကြိမ်ကျင်းပပြုလုပ်မည့် လွှတ်တော်တွင် သတင်းမီဒီယာဥပဒေတင်သွင်းမည်ဖြစ်ကြောင်းသိရ
ကြယ်စင်(မြစ်မခ)

အောက်တိုဘာ ၅၊ ရန်ကုန်မြို့။



နောက်တစ်ကြိမ်ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာဆိုင်ရာ ဥပဒေတင်သွင်း ရန် အစီအစဉ်ရှိကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၊ စိစစ်သုံးသပ်တင်ပြရေးအဖွဲ့မှ သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။



အဆိုပါ သတင်းမီဒီယာဆိုင်ရာဥပဒေမှာ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေရေးဥပဒေ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း သတင်း မီဒီယာဆိုင်ရာဥပဒေ အသစ်အား အစိုးရသစ်လက်ထက်တွင် ပြန်လည်ပြင်ဆင်ဖြည့်ဆွက်ရန်အတွက် ကြိုးစားလာဖြစ်ကြောင်း သိရှိရသည်။



`ဒီကာလ အပိုင်းအခြားမှာတော့ ထုတ်ပြန်ထားတဲ့ ဥပေဒအတိုင်း စာနယ်ဇင်းသမားတွေအနေနဲ့ လိုက်နာ ဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်´ ဟု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြောသည်။



လက်ရှိအချိန်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ယခင်ကထက်ပိုမိုပွင့်လင်းမြင်သာမှုရှိလာသည်နှင့် အမျှ ဖြေလျော့မှုနှင့် လိုက်လျောညီထွေမှုရှိစေရန်လိုအပ်လာကြောင်းကိုလည်း သိရှိရသည်။



စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနအနေဖြင့် ဒီမိုကရေစီခေတ်ပြောင်းစအချိန်မှစ၍ ထုတ်တင်စနစ်အား ပြောင်းလဲ ကျင့်သုံးပြီး စာပေလွတ်လပ်ခွင့်အတွက် ရေတိုရေရှည်စီမံကိန်းများချမှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်းသိရှိရသည်။



၂၀၁၁ ခုနှစ်၊ ဇွန်လ ၄ရက်နေ့မှ စတင်အသက်သွင်းခဲ့သည့် ထုတ်တင်စနစ်မှာအောင်မြင်မှုရရှိသည့် အတွက် ဖြေလျော့မှု ဒုတိယအဆင့်ကိုလည်း ဆက်လက်ပြုလုပ်ရန်အစီအစဉ်ရှိကြောင်းကိုလည်း ဦးတင့်ဆွေ၏ ပြောဆိုမှု အရသိရှိရသည်။





လက်ရှိအချိန်တွင် စာပေထုတ်ဝေခွင့်မှတ်ပုံတင် (၉၆၁) ခုရှိပြီး အဆိုပါမှတ်ပုံတင်ကိုင်ဆောင်ထားကြသူများ အနေဖြင့် သက်ဆိုင်ရာ စာပေ၊ စာစောင်များအား ရေးသားထုတ်ဝေဖြန့်ချိလျက်ရှိပြီး အပတ်စဉ်ထုတ်ဂျာနယ် (၁၅၉) စောင်၊ လစဉ်ထုတ်မဂ္ဂဇင်း (၁၄၉ )စောင် ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။



`စာနယ်ဇင်းလောကမှ ဒီလိုတိုးမြှင့်လုပ်ဆောင်ပေးဖို့ ကြိုးစားနေစဉ်ကာလမှာ အနှစ်သာရကို နားလည်ပြီး ဆောင်ရွက်ပေးဖို့ လိုတယ်´ ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟို အဖွဲ့ဥက္ကဌ က ပြောသည်။



ပြည်ထောင်စုလွှတ်တော်အနေဖြင့် သတင်းမီဒီယာဆိုင်ရာဥပဒေကိုပြင်ဆင်၊ ဖြည့်ဆွက်အတည်ပြု ပြဌာန်းပြီးသည်နှင့် စာနယ်ဇင်းသမားများအနေဖြင့်ဥပဒေနှင့် အညီ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်အပါအ၀င် ပြည်တွင်းနာမည်ကြီးဂျာနယ်အများစု စောင့်ဆိုင်းနေကြသည့် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်လည်း ရရှိလာမည်ဖြစ်ကြောင်းသိရှိရသည်။

by Myit Makha Mediagroup on Wednesday, 05 October 2011 at 09:05

No comments: