
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 21 ရက် 2011 သတင်း - ခိုနူမ်းထုန် သတင်းဌာန
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုလ ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ချင်းအမျိုးသားတပ်မတော် နှင့် နအဖ စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် နအဖ တပ်သားတဦး ကျဆုံးပြီး တဦး ဒဏ်ရာရရှိကြောင်းသိရသည်။
CNA3
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ် ရှင်းလက်ဝ တပ်စခန်းမှ ခလရ ၅၅ နယ်လှည့် စစ်ကြောင်း နှင့် ချင်းအမျိုးသား တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်သားများ ရှင်းလက်ဝ တပ်စခန်းနားက ဆင်အိုးဝ ကျေးရွာတွင် ပစ်ခတ်ကြခြင်း ဖြစ်သည်။ချင်းအမျိုးသား တပ်မတော်မှ တပ်သား ၃ ဦးတို့သည် ပျောက်ကျားစစ် ဖော်ဆောင်ရန်အတွက် ဆင်အိုးဝကျေးရွာ၌ ရောက်ရှိနေသည့် အချိန်တွင် တပ်အင်အား ၂၀ ခန့်ရှိသော စစ်ကြောင်းလှည့် နအဖ တပ်သားများနှင့် ရင်ဆိုင်တိုးပြီး ငါးမိနစ်ခန့်အကြာအပြန် အလှန် ပစ်ခတ်ခဲ့ကြသည်ဟု စီအဲန်အေ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သေနတ်ပစ်ခတ်သံများကြောင့် တပ်အင်အား ၁၅ ခန့်ရှိသည့် နောက်ထပ်စစ်ကြောင်းလှည့် နအဖစစ်သားများ ရောက်ရှိလာကာ ချင်းအမျိုးသား တပ်မတော်သားများကို ညှပ်တိုက်ကာ အင်အားခြင်း မမျှသည့်အတွက်ကြောင့် စီအဲန်အေ တပ်သားများက ဖောက်ထွက် ဆုတ်ခွါခဲ့ရသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။အဆိုပါတိုက်ပွဲတွင် ချင်းအမျိုးသား တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သို့သော်လည်း သေနတ်တလက် ကျကျန်ခဲ့သည်ဟု ၄င်းကပြောသည်။
မျက်မြင်ဒေသခံတဦးက “နအဖစစ်ကြောင်း တကြောင်းနဲ့ အရင်ပစ်ကြပြီး နောက်ကနေ အခြား စစ်ကြောင်းက လာဝိုင်းတယ်၊ စီအဲန်အေ တွေ ဘယ်လို လွတ်သွားကြသလဲ မသိဘူး၊ မြန်မာ စစ်တပ်ဘက်ကတော့ တယောက်သေသွားတယ် တဦးဒဏ်ရာရတယ်၊ အလောင်းကိုတော့ ညတွင်းချင်းဘဲ စခန်းကို သယ်သွားကြတယ်” ဟု ပြောသည်။
PP
No comments:
Post a Comment