Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 13 December 2010

အပို့ခံရသည့် စစ်ပြေး ဒုက္ခသည်များ ထိုင်းဘက် ပြန်ရောက်လာ

ဧရာဝတီ Thursday, 09 December 2010 19:34

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသမှ စစ်ပြေးဒုက္ခသည် ၄၀၀ ခန့်သည် ယမန်နေ့ ည က ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်နှင့် စစ်အစိုးရတပ်များ ဆက်လက်၍ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ထိုင်း နိုင်ငံ ဖုတ်ဖရ မြို့နယ်ဘက် သို့ ညတွင်းချင်း တိမ်းရှောင်လာကြရကြောင်း သိရသည်။


ထိုင်းနိုင်ငံဘက် ပြန်လည် တိမ်းရှောင်လာရသည့် စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)

ယင်း စစ်ပြေး ဒုက္ခသည်များသည် မြန်မာဘက်တွင် အခြေအနေ အေးချမ်းနေပြီဟု ဆိုကာ ထိုင်း အာဏာပိုင်များက ယမန်နေ့ က ပြန်ပို့လိုက်သူများဖြစ်ပြီး အပြန်အလှန် ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ၎င်းတို့ နေထိုင်ရာ ရွာထဲ ကျရောက် ပေါက်ကွဲသောကြောင့် ပြန်လည် တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း စစ်ပြေး ဒုက္ခသည် တဦးက ပြောသည်။

ဝေါ်လေရွာမှ အသက်(၉၀)အရွယ် စစ်ပြေးဒုက္ခသည်တဦးက"အဘွားတို့ ဒီလိုပဲလာလိုက် ပြေးလိုက်နဲ့ ၄ ခေါက်ရှိပြီ၊ ရက်သား အရွယ် ကလေးတွေ၊ မမြင်မစမ်းနဲ့ လူကြီးတွေလည်း ပါတယ်၊ အတော့်ကို ဒုက္ခရောက်ကြရတယ်၊ ထိုင်းဘက် က လူကြီးတွေကို ပြောပေးပါ၊ တကယ် အေးအေးဆေးဆေးဖြစ်မှ ပြန်ပါရစေ၊ မပြန်ဘဲမနေပါဘူး ပြန်မှာပါ၊ အခုဟာက တိုက်ပွဲဖြစ်ရင် ပြေးလာလိုက်၊ တိုက်ပွဲမရှိရင် ပြန်လိုက်နဲ့ အတော့်ကို ဒုက္ခရောက်လို့ပါ"ဟု ပြောသည်။

ထိုင်း ၀ါရင့်သတင်းထောက် တဦးကလည်း"ထိုင်းဘက်က ဒုက္ခသည် စခန်းတွေဆက်ပြီး များလာမှာကို စိုးရိမ်နေတယ်၊ ဒါကြောင့် UN(ကုလသမဂ္ဂ)အရာရှိမရောက်ခင် အမြန်ပြန်ပို့လိုက်တာလို့ထင်တယ်၊ အခုလိုတိုက်ပွဲ ထပ်ဖြစ်ပြီး ဒုက္ခသည် တွေ ချက်ချင်း ထိုင်းဘက်ပြန်ရောက်လာတော့ ထိုင်းနိုင်ငံအတွက် မျက်နှာပူစရာတွေ ဖြစ်ရတယ်"ဟု ပြောသည်။

ယမန်နေ့က စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက အားချင်းမြန်မာဘက်ပြန်ပို့လိုက်ခြင်းမှာ ယနေ့တွင် အရှေ့ တောင်အာရှဒေသ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ခံသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လာ ရောက်ကာ ထိုင်းနယ်စပ်ရှိ စစ်ပြေးဒုက္ခသည်များ၏ အခြေအနေကို စစ်ဆေးမည့်ကိစ္စနှင့် ပတ်သက်နိုင်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် မင်းလက်ပံရွာအနီး မေတ္တာလင်းမြိုင် ဒေသ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် တပတ် သောကြာ နေ့မှစတင်၍ ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် ဘက်သို့ ထွက်ပြေးလာသူ ဒုက္ခသည် ၁၀၀၀ ကျော်ကို ထိုင်း အာဏာပိုင်များက မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ပို့လိုက်ခြင်း ဖြစ်သည်။

ယင်းစစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေးတိမ်းရှောင်လာလိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) က ပြောဆိုထားသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခ သည်များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် HRW အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်း ဆိုထားသည်ဟုလည်း သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

http://www.irrawaddy.org/bur/index.php/news/5195-2010-12-09-12-37-50

No comments: