Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 18 November 2010

နအဖ သတင်းစာ စွပ်စွဲချက် မမှန်ကန်ကြောင်း ပါတီများတုံ့ပြန်

ခင်ဦးသာ Wednesday, 17 November 2010 19:02

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အနိုင်မရခဲ့သော နိုင်ငံရေး ပါတီများသည် ဥပဒေမဲ့ ပြောဆိုမှုများ၊ ရေးသားမှုများ လုပ်ဆောင်နေ ကြသည်ဟု စစ်အစိုးရ မီဒီယာများက စွပ်စွဲခြင်းမှာ မှန်ကန်မှုမရှိကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက တုံ့ပြန် ပြောဆိုလိုက်သည်။

“ကျနော်တို့ ပြောဆိုနေတာတွေ၊ ထောက်ပြ နေတာတွေဟာ ဥပဒေ ဘောင်အတွင်းက လုပ်ဆောင်နေတာပါ။ မဟုတ်တာ တွေကို လုပ်ကြံပြောဆိုတာ မရှိပါဘူး။ ကော်မရှင်က သတိပေးတာတွေ လုပ်ပေမယ့် လုပ်စရာရှိတာတွေကို ဥပဒေ ဘောင်အတွင်းက ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု အမျိုးသားဒီမို ကရေစီ အင်အားစု (NDF) ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

နိုင်ငံရေး ပါတီတချို့သည် မိမိတို့၏ ကိုယ်စားလှယ်များ အနိုင်မရခြင်းကို အကြောင်းပြု၍ ပြည်ပအသံလွှင့်ဌာနများ၊ ဂျာနယ်၊ စာစောင်များ၌ ဥပဒေမဲ့ ပြောဆို ရေးသားနေသည်ကို တွေ့ရကြောင်း၊ ထိုလုပ်ရပ်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ နှင့်ငြိစွန်းနေကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ရေးသားထားသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က နှစ်ရှည် နေအိမ်အကျယ်ချုပ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်၍ ကော်မတီ တရပ် ဖွဲ့၍ စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ အစိုးရပိုင် သတင်းစာများတွင် ရေးသားလာခြင်း ဖြစ်သည်ဟု ပါတီခေါင်းဆောင် များက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကလည်း တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲဆိုသည်ကို လူတိုင်းက သိနေကြကြောင်း၊ ၎င်းတို့ အနေဖြင့် အမှန်တကယ် ကြုံတွေ့ခဲ့ရသည့် ကိစ္စများကိုသာ ပြောနေခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“ကျနော်တို့ပါတီ အနေနဲ့တော့ တိုင်တာတောတာတွေ မလုပ်တော့ဘူး။ တိုင်ရင် ပိုက်ဆံလည်း ကျပ် ၁၀ သိန်းပေးရဦးမယ်။ ဆုံးဖြတ်ချက်ပေးမှာလည်း သူတို့ပဲ ဆိုတော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ မတရားတာတွေကိုတော့ ဖော်ထုတ်ပြီး ပြည်သူတွေကို အသိပေးသွားမယ်၊ မီဒီယာတွေကို ပြောသွားမယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အခုလိုမျိုး မဖြစ်အောင်ပေါ့” ဟု ဦးသုဝေက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက “လူတိုင်းကြုံနေရတဲ့ ကိစ္စပဲ။ ပြောမှာပေါ့။ ဥပဒေမဲ့ ပြောနေကြတာမှ မဟုတ်ဘဲ။ ဥပဒေမဲ့ ပြောဆိုနေတာ၊ ရေးသား နေတာတွေက သူတို့ပဲ လုပ်နေတာပါ” ဟု ဆိုသည်။

“ကျနော်တို့ ပါတီဝင်တွေဆိုရင် အစပိုင်းမှာ အများစုက အနိုင်ရနေတာ၊ နောက်တနေ့မှာ အိတ်လိုက် ရောက်လာတဲ့ ကြိုတင်မဲတွေကြောင့် မနိုင်တော့ပြန်ဘူး။ ပြည်နယ် ကော်မရှင်ကို ပြောဆို တင်ပြတာလည်း ဘာမှမလုပ်ပေးဘူး။ ထပ်တိုင် ပြန်ရင်လည်း သူတို့ကို မတရား စွပ်စွဲတယ် ဆိုပြီး ကိုယ့်ကို ပြန်ပြီးတော့ ထောင်ချမယ် လုပ်ဦးမယ်။ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်၏ မဲဆန္ဒနယ် အများစုတွင် တရားမ၀င်သော ကြိုတင်မဲများကို ထောင်၊ သောင်းချီ၍ အိတ်ကြီး၊ အိတ်ငယ်များဖြင့် ဆောင်ထားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) အတွက် သက်ဆိုင်ရာ ကော်မရှင်က ဖြည့်ပေးကြကြောင်း သတင်းရရှိသည်။

“ကျနော်ဆိုလည်း အစပိုင်းမှာ နိုင်နေတယ်၊ နောက်တနေ့ကျတော့ ခင်ဗျားရှုံးတယ်ပြောတယ်။ ဘာကြောင့်လဲ မေးတော့ ဒီအိတ်ထဲမှာ ကြိုတင်မဲ ၅၀၀၀ ရှိတဲ့ အတွက်ဆိုပြီး ပြောတယ်။ ကြည့်ရအောင် ပြပါ ဆိုတော့လည်း မပြဘူး။ အဲဒီလိုပဲ ဘယ်ကမှန်းမသိတဲ့ ကြိုတင်မဲတွေက အများကြီး တွေ့နေရတယ်” ဟု နိုင်ငွေသိန်းက ရှင်းပြသည်။

အထက်ပါ ဖြစ်ရပ်မျိုးကို တနိုင်ငံလုံးမှ ကြံ့ဖွံ့ပါတီဝင် မဟုတ်သော ကိုယ်စားလှယ်များအားလုံး ခံစားခဲ့ကြရကြောင်း၊ ထိုပြောဆိုမှုသည် ဥပဒေမဲ့ ပြောဆိုခြင်း မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်ရပ်များ ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

ရွေးကောက် တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်မည်ဆိုပါက ရွေးကောက်ပွဲ ဥပဒေ၊ အခန်း (၁၅)၊ ပုဒ်မ ၇၁ တွင် ဖော်ပြထားချက်အရ အထောက်အထား ခိုင်လုံစွာဖြင့် ကန့်ကွက် တိုင်ကြားနိုင်ကြောင်း NDF ပါတီ ကိုယ်စားလှယ် တဦးဖြစ်သူ ရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

“တိုင်မယ်၊ ကန့်ကွက်မယ်ဆိုရင် ကိုယ့်ဘက်က အထောက်အထား ခိုင်လုံအောင် အရင်လုပ်ပြီးမှ တိုင်ကြပါ။ အထောက်အထား ခိုင်လုံမှု မရှိရင်တော့ ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဆိုတာ ရွေးကောက်ပွဲ ဥပဒေမှာပါပြီးသား။ ဒီရွေးကောက်ပွဲမှာက မဲမသမာမှုတွေမှာ ခိုင်လုံတဲ့ အထောက်အထားတွေ အများကြီးရှိပါတယ်” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲ၌ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် လောင်းသည် ၎င်းအပေါ်မတရား အနိုင်ယူသွားခြင်းနှင့် မဲဆန္ဒနယ် တခုခုတွင် မတရားသည့် ကိစ္စများ ရှိပါက ကန့်ကွက် တိုင်ကြားနိုင်ကြောင်း ဦးသိန်းညွန့်က ဆက်ပြောသည်။

နိုင်ငံရေးပါတီများ အနေဖြင့် စွပ်စွဲပြောဆိုခြင်း၊ ဝေဖန်ရေးသားခြင်း စသည်တို့ကို လုပ်ဆောင်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ကျပ်ငွေ ၃ သိန်းအပြင် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေး ပြောဆိုထားသည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မတရား အနိုင်ယူသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အားမကျေနပ်မှုများ၊ တိုင်တန်းမှုများ၊ ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ ချိန်တွင် ထိုသို့ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီသည် သက်ဆိုင်ရာ ကော်မရှင်များနှင့်ပူးပေါင်း၍ နည်းလမ်းစုံဖြင့် အနိုင်ယူခဲ့ပြီး မဲဆန္ဒနယ် အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်အား အနိုင်ယူသွား ကြောင်းသိရသည်။

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ မြန်မာ့အရေး ဆောင်ရွက်နေသော အာဆီယံလွှတ်တော် အမတ်များအဖွဲ့ဝင် တဦးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံမှ လွှတ်တော်အမတ် ဘူဒီမန် ဆတ်ဂျာမီကိုဟာက နိုဝင်ဘာ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှား ပါလီမန်၌ တင်ပြခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ တွင် အာဆီယံ အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမည် ဖြစ်၍ မြန်မာ့အရေးကို အလေးထား ဆောင်ရွက်ရန် အင်ဒိုနီးရှား အစိုးရအား တိုက်တွန်း ပြောဆိုခဲ့ကြောင်း ပြည်ပမီဒီယာ တချို့တွင် ရေးသားထားသည်။

No comments: