Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 26 October 2010

ထင်တိုင်းကြဲနေတဲ့ စစ်အာဏာရှင် အစိုးရနှင့် နိုင်ငံတော် အလံပြောင်းခံရခြင်း

ကဲကဲလေး (BDC ဝိုင်းတော်သား)
အောက်တိုဘာ ၂၆



မြန်မာပြည်သူလူထု တစ်ရပ်လုံး၊ အားလုံး နီးပါးက မကြေမနပ်ဖြစ်နေကြတဲ့ စစ်အာဏာရှင် အစိုးရရဲ့ အလံသစ်ပြောင်းခံရခြင်း နဲ့ပတ်သက်လို့ အများမကြေနပ် သလို ကျွန်တော်လည်း အတော်စိတ်ထိခိုက်ခံစားရပါသည်။ ဒီထက်ပြိုပီးတော့ ပြောရလျှင် ကျွန်တော်တို့ မြန်မာပြည် နိုင်ငံတော် အလံကို အများပြည်သူ၏ သဘောထားကို မတောင်းခံ၊ ဂရုလည်းမထားပဲ သူတို့ လုပ်ချင်ရာကို စိတ်ကြိုက်လုပ်ဆောင်နေသည့် အာဏာရှင်စစ်အစိုးရအား အထူးပင် စိတ်နာမိပါသည်။

တစ်ကယ်တော့  အာဏာရှင်စစ်အစိုးရဆိုသည်မှာ မြန်မာပြည်တွင် မည်သူမျှရွှေးကောက်တင်မြှောက်ထားခြင်း မဟုတ်ပါ။ အများပြည်သူကလည်း မနှစ်သက်ပဲ လက်နက်အားကိုးပြီး မတရားအာဏာ သိမ်း၍ မျက်နာပြောင်တိုက်ကာ ၂၂နှစ်တာကာလလုံး အုပ်စိုးနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော်စဉ်းစားမီသည်များမှာ

(၁) အာဏာရှင်စစ်အစိုးရက ဘာကြောင့်သူတို့ လုပ်ချင်ရာကို မြန်မာပြည်တွင် စိတ်ကြိုက်လုပ်ဆောင်နေနိုင် သနည်း၊
(၂) ကျွန်တော်တို့ ကလည်းဘာကြောင့် အာဏာရှင်စစ်အစိုးရအား မဖြုတ်ချနိုင်သေးသနည်း၊
(၃) နိုင်ငံတော် အလံကိုဘာကြောင့် ပြောင်းသနည်း၊
(၄) နိုင်ငံတော် အလံပြောင်းခံရခြင်း အပြင် ကျွန်တော်တို့သည် အာဏာရှင်စစ်အစိုးရက သူတို့ လုပ်ချင်ရာကို စိတ်ကြိုက်လုပ်ဆောင်နေသည့် ကိစ္စများကို ဤမကြေနပ်ခြင်း အဆင့်တွင်ပဲ ထားရှိကာ ဆက်လက်လက်ပိုက်ကြည့်နေကြမည်လား စသည်တို့ ဖြစ်ပါသည်။


(၁) အာဏာရှင်စစ်အစိုးရက ဘာကြောင့်သူတို့ လုပ်ချင်ရာကို မြန်မာပြည်တွင် စိတ်ကြိုက်လုပ်ဆောင်နေနိုင် သနည်း

ဒါကတော့ သိပ်ရှင်းပါသည် အာဏာရှင်စစ်အစိုးရဆို သည့် အတိုင်း လက်နက်အားကိုးပြီး မတရားအာဏာ သိမ်းထား၍ မြန်မာပြည်တွင် စိတ်ကြိုက်လုပ်ဆောင်နေနိုင်ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မည်သည့် အာဏာရှင်စစ်အစိုးရမဆို အာဏာကို အလွယ်တစ်ကူလွဲ ပြောင်းပေးရိုး ထုံးစံမရှိပါ။ ထိုနည်းတူစွာ မြန်မာပြည်မှ အာဏာရှင်စစ်အစိုးရက လည်း ၁၉၉၀ အနိုင်ရ (NLD) ပါတီအား အာဏာကို လွဲ ပြောင်း မပေးပဲ မျက်နာပြောင်တိုက်ကာ ၂၂နှစ်တာကာလလုံး အုပ်စိုးနေပါသည်။

ယခုလည်း သူတော်ကောင်းလေသံ ဟစ်ကာ နိုင်ငံတော်သစ်ဆီသို့ ဆို၍ အများပြည်သူကို နှစ်ပေါက်တစ်ပေါက်ရိုက်၍ အရပ်သားအသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ (သို့) လူအများစုအခေါ် ကြံ့ဖွတ်ပါတီအား ကျိန်းသေ အနိုင်ရစေမည့် ပွဲဖြစ်သော နိုဝင်ဘာ ၂၀၁၀ ရွေးကောက်ပွဲအားကျင်းပရန် စီစဉ်နေပြန်ပါသည်။ ထို့ ကြောင့် နိုဝင်ဘာ ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အလွန်အန္ဒာရယ်ရှိ၍ အားလုံးကဆန့်ကျင် ရှုပ်ချဖို့ အထူးလိုအပ်ပါသည်။


(၂) ကျွန်တော်တို့ ကလည်းဘာကြောင့် အာဏာရှင်စစ်အစိုးရအား မဖြုတ်ချနိုင်သေးသနည်း၊

အာဏာရှင်စစ်အစိုးရက မျက်နာပြောင်တိုက်ကာ ၂၂နှစ်တာကာလလုံး အုပ်စိုးနေသည့် ကာလသည် တစ်ကယ်တော့ လွန်စွာရှည်လျှားလှပါပြီ။ ကျွန်တော်တို့ မြန်မာပြည်တွင် ၈လေးလုံး အရေးအခင်း နှင့် မရှေးမနှောင်းမှာပင် အခြားနိုင်ငံများ ထိုင်း၊ ဖိလစ်ပိုင်၊ အရှေ့ဉရောပနိုင်ငံများ ပိုလန်နိုင်ငံ၊ ယူဂိုဆလားဗီးယားနိုင်ငံ၊ ရိုမေးနီးယား နှင့် ချက်ကိုစလိုဗီးယားနိုင်ငံ တို့တွင်လည်း အလားတူအရေးအခင်းများ ဖြစ်ပေါ်ခဲ့၍၊ ယနေ့ တွင်ထိုနိုင်ငံများအားလုံး မတရားသော ဌင်းတို့ အစိုးရများ ကို ဖြုတ်ချ၍ ကောင်းမွန်သော ပြုပြင်တိုးတက်မူ့ကိုရှေ့ရှူနေကြပါသည်။

ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာ့ သတ္တိကို ကမ္ဘာက သိသည်ဟု အမြဲတမ်း ကြွေးကြော်နေသော် ကျွန်တော်တို့မြန်မာ လူမျိုးများ မှီတင်းနေထိုင်သော မြန်မာတစ်နိုင်ငံထဲသာလျှင် မည်သို့ မျှ ပြောင်းလဲမလာပဲ အာဏာရှင်စစ်အစိုးရက မျက်နာပြောင်တိုက်ကာ ၂၂နှစ်တာကာလလုံးလုံး ဖိနှိပ်ခံနေရခြင်းဖြစ်သည်။

ကျွန်တော်တို့ ကလည်းဘာကြောင့် အာဏာရှင်စစ်အစိုးရအား မဖြုတ်ချနိုင်သေးသနည်းဆိုသော်

(က) အာဏာရှင်စစ်အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းမူ့တွင် မြန်မာပြည်သူလူထု တစ်ရပ်လုံးက တက်တက်ကြွကြွ ယနေ့တိုင် ပါဝင်မူ့မရှိသေးခြင်း
(ခ) အာဏာရှင်စစ်အစိုးရအား ဖြုတ်ချရန်ကြိုးစား နေသည့် ဆန့်ကျင်ဘက် အဖွဲ့အစည်းအများစုတို့သည် စစ်အစိုးရအားပြုတ်ကြအောင် ဆောင်ရွက်ရေးထက်၊ မိမိတို့သဘောထား နှင့် မတိုက်ဆိုင်လျှင် အချင်းချင်း ပြန်လည်တိုက်ခိုက်ကာ အင်အားများယုတ်လျှော့ လာခြင်း
(ဂ) ကျွန်တော်တို့ မြန်မာပြည်တွင် အာဏာရှင်စစ်အစိုးရသည် မကောင်းမှန်းသိသော်လည်း မိမိတို့စီးပွားရေးအစဉ်ပြေလျှင်ပြီးရော၊ မည်သည့် အစိုးရတက်တက် အလေးမထားသော နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ဓာတ် ခေါင်းပါးသော လူမျိုးများ များပြားနေသေးခြင်း။
(ဃ) ပြည်ပနိုင်ငံ အချို့ရှိ အဖွဲ့အစည်းအချို့သည် မိမိတို့ရရှိထားသော ထောက်ပံကြေး ဘဏ္ဏာများအား ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုကာ၊ ထိရောက်သောထောက်ပံကြေး များအားပြည်တွင်းသို့ မှန်ကန်စွာ မပို့ပေးခြင်း စသည့်အဓိကအချက်ကြီးများကြောင့် ဖြစ်ပါသည်။


(၃) နိုင်ငံတော် အလံကိုဘာကြောင့် ပြောင်းသနည်း

အာဏာရှင်စစ်အစိုးရသည် ဌင်းတို့ အာဏာတည်မြဲရေးသည် အဓိကဖြစ်သည့်အားလျှော်စွာ မည်သည့် နည်းလမ်းကိုမဆိုအသုံးပြုနေသည့်အတွက် ပေါက်တတ်ကရ ယထယာများကိုလည်း အသုံးပြုခဲ့၊ ပြုနေဆဲဖြစ်ပါသည်။ ဌင်းတို့ အာဏာတည်မြဲရေးအတွက် ဆိုလျှင် နိုင်ငံတော် အလံကိုလည်း ပြောင်းမှာပဲဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ သည် လုပ်ချင်ရာကို စိတ်ကြိုက်လုပ်ဆောင်နေသည့် အာဏာရှင်စစ်အစိုးရအား အမြှစ်ကမကျန် ဆန့်ကျင်မူ့သည် မြန်မာပြည်သူလူထု တစ်ရပ်လုံးက တက်တက်ကြွကြွ ပါဝင်မူ့ရှိရန်အထူးလိုအပ်လှပါသည်။


(၄) နိုင်ငံတော် အလံပြောင်းခံရခြင်း အပြင် ကျွန်တော်တို့သည် အာဏာရှင်စစ်အစိုးရက သူတို့ လုပ်ချင်ရာကို စိတ်ကြိုက်လုပ်ဆောင်နေသည့် ကိစ္စများကို ဤမကြေနပ်ခြင်း အဆင့်တွင်ပဲ ထားရှိကာ ဆက်လက်လက်ပိုက်ကြည့်နေကြမည်လား

ကျွန်တော်တို့ မြန်မာပြည်တွင် အာဏာရှင်စစ်အစိုးရက သူတို့ လုပ်ချင်ရာကို စိတ်ကြိုက်လုပ်ဆောင်နေမှာ ၂၂နှစ်ကျော်ခဲ့ပါပြီ။ ဤကိစ္စများကို မြန်မာပြည်သူလူအားလုံးနီးပါးက မကြေနပ်ကြသော်လည်း အများစုက ထိုထက်ပို၍ စစ်အစိုးရအား ပြုတ်ကြအောင် ဆောင်ရွက်ရေးတွင် အားနည်းနေသေးသည့် အတွက် ပိုမိုအားစိုက်သင့်ပါသည်။ မြန်မာပြည်သူလူထုအားလုံးက စစ်အစိုးရအား ပြုတ်ကြအောင် ဝိုင်းဝန်းဆောင်ရွက်သည့် နေရာတွင် မိမိတို့တတ်နိုင်သည့်မည်သည့် နည်းနဲ့မဆို တစ်ထောင့် တစ်နေရာမှ ပါဝင်သင့်ပါသည်။ ကျွန်တော်တို့ မြန်မာများ အခြားနေရာများတွင် သတ္တိကောင်းကြသလို၊ စစ်အစိုးရအား ပြုတ်ကြအောင် ဆန့်ကျင်ရာတွင် သတ္တိကောင်းကြ ဖို့အချိန်တန်ပါပြီ။

မိမိ နဲ့မသက်ဆိုင် မိမိ ရဲ့မိသားစုစီးပွားရေးနဲ့ လူမူ့ရေးဒုက္ခမရောက်မခြင်း၊ မသိကျိုးကျွံနေတတ်သူများလည်း စစ်အာဏာရှင်စနစ်သည် ဌင်းတို့အားလည်း တစ်ချိန်ချိန်တွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဒုက္ခရောက်မှာကို သတိချပ်သင့်ပေသည်။ အကြောက်တစ်ရားများ လွှမ်းမိုးနေသော လူအများစုသည်လည်း မြန်မာပြည်တွင် လူဦးရေသန်း ၆၀ ရှိ၍၊ စစ်အစိုးရက လူဦးရေသန်း ၆၀လုံးကို ထောင်ထဲထည့်ရန်ကိုသော်လည်းကောင်း၊ ပစ်သတ်ရန်ကိုသော်လည်းကောင်း မတတ်နိုင်ပဲ ဦးဆောင်သူအနည်းငယ်မျှလောက်ကိုသာ လူအများစု ကြောက်လန့်အောင် သာလုပ်ဆောင်နေသည်ကို ကောင်းကောင်းသဘောပေါက် သင့်လှပါသည်။

ထိုကြောင့် တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏ဟုဆိုသကဲ့သို့၊ တစ်ဦးတစ်ယောက် လူအနည်းစုက လုပ်ဆောင်နေသည်ကို လူအများစုက ဘေးမှရပ်ကြည့်မနေပဲ ကျွန်ပ်တို့အားလုံးဝိုင်းဝန်း၍ တက်ညီလက်ညီဖြင့် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး သယံဇာတပေါများကြွှယ်ဝ၍၊ လှပသောရိုးရာယဉ်ကျေးမူ့များ ဖြင့် ပြည့်လွှမ်းနေသော ကျွန်တော်တို့၏ ချစ်စရာ့ မြန်မာပြည်ကြီးကို အမြန်ဆုံး ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့ဗျာ။ ။

No comments: