Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 1 February 2010

Burma Lawyers' Council's Statement

နအဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲသည် မကျင်းပမီ ကပင် လွတ်လပ်မှု၊ တရားမျှတမှု မရှိကြောင်း သုံးသပ်ထုတ်ပြန်ချက်
၁။ အမျိုးသားညီလာခံ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) နှင့် လူထုဆန္ဒခံယူပွဲတို့ အပေါ်မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ၏ အမြင်သဘောထား
မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရမှဦးစီးကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ယင်းညီလာခံမှ ထွက်ပေါ် လာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများ၌ ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီ ခြင်းမရှိသည့် အချက်များကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် သည် မြန်မာနိုင်ငံတွင် ခိုင်မာတောင့်တင်း၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဖြစ်ပေါ်စေနိုင်မည့် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲပေးနိုင်မည့် ကော်မရှင်မဟုတ်ကြောင်း ကို လည်းကောင်း၊ ယင်းကော်မရှင် မှ ရေးဆွဲလိုက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) တွင်ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့် ပုဒ်မ များ ကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) လူထုဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် သည် နိုင်ငံတကာ ဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသောကြောင့် လူထုဆန္ဒခံယူပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးနိုင် မည် မဟုတ်ကြောင်းကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလ တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း မရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုနိုင်မည်မဟုတ် ကြောင်းကိုလည်းကောင်း၊ အစဉ်တစိုက်လေ့လာဆန်းစစ်လျက် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။

၂။ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရ၏ သဘောထား
န.အ.ဖစစ်အစိုးရသည်၂၀၀၈ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲ မကျင်းပမီကပင် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၉) ရက်နေ့၌ ကြေ ငြာချက်အမှတ် ၂/၂၀၀၈ ကိုထုတ်ပြန်၍ “ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ” အတိအလင်း ထုတ်ပြန် ကြေငြာခဲ့သည်။
ထို့ပြင် န.အ.ဖ. ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် “၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်” ဖြစ်ကြောင်းကို ၂၀၀၉ ခုနှစ်၊
အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ တွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလတွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း၏နှစ်ပတ်လည် အစည်းအဝေးတွင်လည်းကောင်း၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ တွင် လည်းကောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ပြီးဖြစ်သည်။

၃။ ရွေးကောက်ပွဲ ဥပဒေနှင့် စပ်လျဉ်း၍ နအဖ ၀န်ကြီးချုပ်၏ ပြောကြားချက်
၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့ တွင်ကျင်းပသည့် (၁၅)ကြိမ် မြောက် အာဆီယံထိပ်သီးညီ လာခံတွင် န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ” နိုင်ငံတကာခေါင်းဆောင်များအလယ် တွင် အတည်ပြုပြောဆိုခဲ့ သည်။ သို့သော် ရွေးကောက်ပွဲတရပ် ကျင်းပမည်ဆိုပါက မဖြစ် မနေလိုအပ်သည့် ရွေးကောက်ပွဲကျင်းပရေး ကော် မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေ များကို ယနေ့ထက်တိုင်အောင်ပြဌာန်း နိုင်ခြင်းမရှိသေးပေ။
၎။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ကျင်းပနိုင်ရန် လိုအပ်သည့် ဥပဒေအခြေခံ လုပ်ထုံးလုပ်နည်းများ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ ရေသောက်မြစ်တခုဖြစ်သကဲ့သို့ပင် လူ့အခွင့်အရေးအခြေခံအ ချက်တရပ်လည်းဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၁) အပိုဒ်ခွဲ (၁) တွင် တရားမျှတ သောရွေးကောက်ပွဲများမှတဆင့် လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး ၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ၊ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ အပိုဒ် (၂၁) အပိုဒ်ခွဲ (၃) တွင် ပြည်သူလူထု၏ ဆန္ဒသည် အုပ်ချုပ် မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြား၍ တရားမျှတစွာ ကျင်းပသော ရွေးကောက် ပွဲများဖြင့်ထင်ရှားစေရမည်။
ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ မဲဆန္ဒပေးပိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ် ဖြင့်ဖြစ် စေ၊ အလားတူလွတ်လပ်သောမဲပေးစနစ်ဖြင့် ဖြစ်စေ ကျင်းပရ မည် ဟုဖေါ်ပြထားသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကိုပထမဦးစွာ ထုတ်ပြန်ပေးရမည်ဖြစ်သည်။သို့သော်န.အ.ဖစစ်အစိုးရအနေဖြင့်၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားသည့် ပါတီစုံအထွေထွေရွေး ကောက် ပွဲ ကျင်းပရေး ကော်မရှင်ကိုလည်း ယနေ့ထက်တိုင်အောင် ဖျက်သိမ်းခြင်းမရှိသေးပါ။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပေးရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်း ပနိုင်ရေးအတွက် အရေး ကြီးသောအခန်းကဏ္ဍမှ ပါဝင်သည့်အားလျှော်စွာ ယင်းဥပဒေကိုရေးဆွဲရာတွင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် ပထမဦးစွာ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ယင်းဥပဒေမူကြမ်းကို နိုင်ငံ တော်သို့ထုတ်ပြန်ကြေငြာ၍ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီ များ ၏ သဘောဆန္ဒ အကြံပြုချက်များကို တောင်းခံ ရယူခြင်း၊ ထိုသဘောဆန္ဒ အကြံပြုချက်များကို အတတ်နိုင်ဆုံးညှိနှိုင်းလျက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကိုရေးဆွဲထုတ်ပြန်ခြင်း စသည့်အဆင့်များကို ပြုလုပ်ကြရမည်ဖြစ်သည်။
၅။ နအဖ စစ်အစိုးရ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဝန်ကြီးများ ကိုယ်တိုင် အဂတိလိုက်စားမဲဆွယ် စည်းရုံးနေမှုများကို ကြေငြာချက် ထုတ် ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် န.အ.ဖ အုပ် ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အစိုးရ (အငြိမ်းစား) ၀န်ထမ်း များစာရင်း ကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[1] မဲဆန္ဒ ရှင်များစာရင်းကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[2] နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းတချို့ ကို ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးချယ်ခံနိုင်ရန်ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေခြင်း၊[3] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် နိုင်ငံရေးပါတီတရပ် သဖွယ် မဲဆွယ်စည်းရုံးနေမှုများ[4] တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မဲဆွယ်စည်းရုံးနေမှုများ၊[5] စသည် တို့အပြင် န.အ.ဖ ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်းမရှိသည့် တခြားသော နိုင်ငံရေးအင်အားစုများ၏ မဲဆွယ် စည်း ရုံးနေ မှုများ၊ စသည်တို့ကို စစ်အစိုးရအနေဖြင့် မသိကျိုးကျွံပြု ခွင့်ပြုလျက်ရှိသည်။
၆။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးနိုင်ငံရေးပါတီများ ၏ အခြေအနေ
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်း/ပြည်နယ် ရုံးခန်းများ နှင့် မြို့နယ်ရုံးခန်း များကို အကြောင်းပြချက်မရှိ ချိတ်ပိတ်ထားခြင်းမှ ယနေ့ထက်တိုင် အောင်ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေး ခြင်း၊[6] ပါတီဝင်အသီးသီးအပေါ် အာဏာပိုင်တို့မှ နှောင့်ယှက် ဟန့်တား ဖမ်း ဆီးနှိပ်စက် အကျဉ်းချထားခြင်းများကို ယနေ့ ထက်တိုင်အောင်ပြုလုပ်ကျူးလွန်လျက်ရှိခြင်း၊ ၁၉၉၀ ပြည့် နှစ် ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဖျက် သိမ်းထားသဖြင့် ယနေ့ထက်တိုင်အောင်စည်းရုံး လှုပ် ရှားခွင့် မရရှိခြင်း၊ စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။
၇။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် ရှိရမည့် နိုင်ငံရေးအခြေအနေ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိရန် မဖြစ် မနေလိုအပ်ပါသည်။ န.၀.တနှင့် န.အ.ဖ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိကြောင်း ကိုအောက်ပါ အကြောင်းအချင်းရာ များက ပြဆိုလျက်ရှိသည်။
(က)ယနေ့ထက်တိုင်အောင်၊ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်တို့အားအိမ်အကျယ်ချုပ်ကျဖြင့်ထိန်းသိမ်းထားခြင်းနှင့်တိုင်းရင်း သားခေါင်းဆောင်များ၊(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ရဟန်းသံဃာ များအပါအ၀င်နိုင်ငံရေးအကျဉ်းသား ပေါင်း (၂၀၀၀)ကျော်၊မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင်နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခံထားရခြင်း၊[7]
(ခ) ပြည်သူလူထု၏ စားဝတ်နေရေး အထွေထွေအကြပ်အတည်းကို အကြောင်းပြု၍ ၂၀၀၇ စက်တင် ဘာလတွင် ရဟန်းရှင်လူ၊ လုပ်သားပြည်သူ သိန်းနှင့်ချီ၍ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းနှင့် န.အ.ဖ စစ် အစိုးရမှ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့ခြင်း၊
(ဂ) အောက်ခြေတပ်မတော်သားများအတွင်း စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် ဆန္ဒပြတောင်းဆိုမှု များ[8]၊ နောက်ဆက်တွဲ
ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ် ခမရ (၅) တို့၏ ပစ်ခတ်မှုများ[9]
(ဃ) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလုပ်ကြံခံရမှုနှင့် ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ၀န်ထမ်းဦးသူရကျော်
တို့သည် သတင်းလွတ်လပ်ခွင့်မရှိခြင်းကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား သည်ဟူသောအကြောင်းပြချက်ဖြင့် သေဒဏ် ချမှတ်ခံရမှုများ[10]
(င) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယနေ့ထက်တိုင်အောင်မြင်သာထင်ရှားသော ငြိမ်းချမ်း ရေး ရယူနိုင်မှု မရှိသေး သည့်အခြေအနေများ
(စ) တနေ့တခြား ဆိုးရွားလျက်ရှိသော ပြည်သူ့ဘ၀ စားဝတ်နေရေးအခြေအနေများ
(ဆ) မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေများ[11]
၈။ ဖျက်သိမ်းရမည့် ဥပဒေများ
ရွေးကောက်ပွဲတရပ်မကျင်းပခင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာဥပဒေနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ကိုက် ညီခြင်းမရှိသည့် အောက်ပါဥပဒေများကို ဖျက်သိမ်းရမည်ဖြစ်သည်။
(က) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈
“ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ”
(ဂ) ၁၉၇၅ ခုနှစ် “ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ”
(ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် - ၅/၉၆
“ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီ လာခံ လုပ်ငန်းများ အောင်မြင်
စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ”
(င)န.၀.တဥပဒေအမှတ်-၉/၈၉“နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ”
(စ)၁၉၀၈ ခုနှစ် မတရားသင်း မြန်မာနိုင်ငံဥပဒေများအတွဲ - ၂ မတရားသင်းနှင့် သက်ဆိုင်သည့် ဥပဒေ ပြဌာန်းချက်များ
(ဆ)၂၀၀၄ ခုနှစ်၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(ဈ) ၁၉၉၀ ပြည့်နှစ် န.၀.တ ဥပဒေအမှတ် ၂၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊
(ည) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၈ ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ
(ဋ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၉၊ ရုပ်ရှင်ဥပဒေ
(ဌ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၁၀ ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ
(ဍ) ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)
စသည့် ဥပဒေများသည် ဖျက်သိမ်းရမည့်ဥပဒေများဖြစ်သည်။
၉။ မြန်မာနိုင်တွင်ကျင့်သုံးလျက်ရှိသည့် မဲပေးစနစ်
ရွေးကောက်ပွဲတွင်မဲပေးသည်ဆိုခြင်းမှာ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းတွင် အမည်စာရင်းတင်သွင်းထားကြ
သည့်ကိုယ်စားလှယ်များ၏ အရည်အချင်းကိုသေသေချာချာလေ့လာစိစစ်လျက် တိုင်းပြည်၏ အကျိုးစီးပွားတစုံတရာကို ထမ်းဆောင်နိုင်မည့်
ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မဲမပေးလျှင်မနေရ၊ မဖြစ်မနေ မဲပေးရမည်ဆိုသည့် ဥပဒေပြဌာန်းချက်မျိုးမရှိပါ။ မဲဆန္ဒ ရှင်များအနေဖြင့် မိမိသဘော
ဆန္ဒအရသာ မဲပေးလိုကပေးနိုင်ခွင့်ရှိသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။
၁၀။ သုံးသပ်ချက်
ရွေးကောက်ပွဲတစ်ရပ်၏ အဓိက ကျောရိုးမှာ “ လွတ်လပ်မှု နှင့် တရားမျှတမှု ” ပင်ဖြစ်သည်။ သို့သော် န.အ.ဖ စစ်အစိုးရ၏ အထက်
ဖေါ်ပြပါလုပ်ရပ်များကို နှိုင်းယှဉ် သုံးသပ်ပါက -
၂၀၁၀ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရန်လုံ
လောက်သော အချိန်ကာလ ရရှိနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ထိ တိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ဥပဒေတို့ကို ထုတ်ပြန်ကြေငြာခြင်း မရှိပါ။
-အထက်ဖေါ်ပြပါ ဥပဒေများကို နည်းလမ်းမှန်ကန်စွာဖြင့် ထုတ်ပြန်ပေးခြင်းမရှိသေးမီ အချိန်ကတည်းက ပင် န.အ.ဖ စစ်အစိုးရ နှင့် လက်ဝေခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြခြင်း၊
- စစ်မှန်သော ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်နေကြသည့် ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြသော အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများကိုမူ ယနေ့ထက် တိုင်အောင် အမျိုးမျိုးဖိနှိပ်လျက်ရှိခြင်း၊ထို့ပြင် န.အ.ဖ စစ်အစိုးရက ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် များသည် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သက်ဝင်လှုပ်ရှားရမည့် လွှတ်တော်များသို့ တက်ရောက်ကြရမည်ဖြစ်သည်။
တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ထမ်းဆောင်ကြရမည်ဆိုခြင်း ထက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တည်တံ့ရေးကိုသာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
အထက်ဖေါ်ပြပါ အကြောင်းအချက်များအရ န.အ.ဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေး ကောက်ပွဲသည် မကျင်းပမီ ကပင်“ လွတ်လပ်မှု၊တရားမျှတမှု” မရှိကြောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်နိုင်မည့်ရွေး ကောက်ပွဲမျိုးမဟုတ်ပါ။
ထို့ကြောင့် မြန်မာ့ပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် န.အ.ဖ ၏ မည်သည့်ကိုယ်စား လှယ် ကိုမှ မဲမပေးခြင်း၊ မဲရုံများသို့သွားရောက်မဲမထည့်ခြင်းအားဖြင့် လူထုပါဝင်ပတ်သတ်မှု မရှိသောမတရားသည့်ရွေးကောက်ပွဲအဖြစ် ထင်ရှားစေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ လည်း အဆိုပါရွေးကောက်ပွဲကို လုံးဝ အသိ အမှတ်မပြုသင့်ပါကြောင်း တို့ကို အလေးအနက်ပန်ကြားလျက် သုံးသပ်ချက် ထုတ် ပြန် အပ်ပါသည်။

၁၅.၁.၂၀၁၀
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊ ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈
[1] ခေတ်ပြိုင်၊ ၅ ဇန်န၀ါရီ ၂၀၁၀
[2] 15.12.2009 RFA
[3] 16.10.2009 RFA
[4] 31.3.2009 BLC Statement
[5] 19.1.2009 RFA , 25.9.2009 ဧရာဝတီ
[6] NLD ၏ထုတ်ပြန်ကြေငြာချက်များ
[7] AAPPB MONTHLY CHRONOLOGY DECEMBER 2009
[8] 24.12.2009 BLC Statement
[9] January 12, 2010 BBC Burmese News
[10] ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့ ၊ ဦးစိန်လွင် နှင့် မဇ္ဈိမသတင်းဌာန အင်တာဗျူး
[11] မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာထုတ်ပြန်ကြေငြာချက်များ


http://www.hittai.org/main.htm
Thanks to Ko yeyintnge for reposting on http://www.yeyintnge.com/2010/01/blog-post_8429.html

No comments: