Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 19 June 2009

အင်တာဗျူး
Haseenah Koyakutty
အင်္ဂါနေ့၊ ဇွန်လ 16 2009 19:59 - မြန်မာစံတော်ချိန်


အရှေ့တောင်အာရှ သတင်းထောက် Haseenah Koyakutty သည် အလွတ် သတင်းထောက်တဦးဖြစ်ပြီး မကြာသေးမီက ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချိဝ (Abhisit Vejajjiva) နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ဤအင်တာဗျူးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်ကို မကြာသေးမီက တရားစွဲဆို တင်ပို့မှုအပြီး အရှေ့တောင်အာရှ အဖွဲ့ကြီး (အာဆီယံ) က မြန်မာစစ်အစိုးရကို မည်သို့မည်ပုံ ကိုင်တွယ်သင့်သည် ဆိုသော ကိစ္စများကို အဓိက မေးမြန်း တင်ဆက် ထားပါသည်။ အောက်တွင် ဖော်ပြထားသည်များမှာ အင်တာဗျူး ကောက်နှုတ်ချက် ဖြစ်ပါသည်။

မေး။ မြန်မာ့အရေး ပြဿနာကို ကိုင်တွယ်ရာမှာ အာဆီယံ အဖွဲ့ကြီးဟာ ထိရောက်မှု မရှိဘူးဆိုတဲ့ ယူဆချက်တွေ ရှိပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တယောက်အနေနဲ့ ခင်ဗျား ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ဒီကိစ္စမှာ အာဆီယံ တဖွဲ့တည်း လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက ဝိုင်းဝန်း ဆောင်ရွက်နေတာပါ။ မအောင်မြင်တော့မှ အာဆီယံအဖွဲ့ကြီး တခုတည်းကို ကွက်ပြီးပြောတာဟာ မျှတမှုမရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဘာလို့ အာဆီယံအဖွဲ့ကြီး တခုတည်းကို ကွက်ပြီး ပြောတာပါလဲ။ အဲဒီလို ပြောနေတာနဲ့ ဆန့်ကျင်စွာဘဲ အခြေအနေတွေကို ဖြေရှင်းနိုင်ဘို့ ဖြစ်နိုင်တဲ့ လမ်းကြောင်းမှန်သမျှကို ကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရှေ့မှာလဲ ဒီအတိုင်းဘဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ် အနေနဲ့လဲ တခန်းတကဏ္ဍ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ကလဲ လွယ်ကူ ချောမွေ့အောင် လုပ်ပေးနိုင်တာလေးတွေကို လုပ်ပေးသွားပါမယ်။

မေး။ ခင်ဗျားက ဘာလို့ အာဆီယံတဖွဲ့တည်းကို ကွက်ပြောတာလဲလို့ မေးတယ်နော်။ အာဆီယံဟာ မြန်မာနိုင်ငံကို ဒီအဖွဲ့ထဲ သွင်းလာခဲ့တာ။ ခင်ဗျားတို့မှာ ဒီနိုင်ငံအပေါ် သြဇာအရှိန်အဝါ ရှိတယ်လို့ ယူဆစရာရှိရက်နဲ့ သူတို့အပေါ်ကို မလွှမ်းမိုးနိုင်ဘူး။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ။ ခင်ဗျား သေချာစဉ်းစားကြည့်ပါဦး။ ကျနော်တို့သာ မြန်မာနိုင်ငံကို အထီးကျန် ထားခဲ့မယ်၊ ကင်းကွာအောင် လုပ်ခဲ့မယ်ဆိုရင် အခြေအနေတွေက ခုထက် ပိုကောင်းလာမယ်လို့ ကျနော်တော့ သံသယရှိတယ်။ ဒီတော့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်တယ်၊ ဒါပေမဲ့ အခြေအနေတွေက လူတွေ လိုချင်သလို တိုးတက် မလာသေးဘူး၊ ဒါကြောင့် ဒါဟာ အာဆီယံရဲ့ အပြစ်ဘဲလို့ ပြောတာဟာ မှားတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ တာဝန်ရှိမှုကိုတော့ ကျနော်တို့ လက်ခံပါတယ်၊ ကျနော်တို့ လုပ်နိုင်တာကို လုပ်နေပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မယ်လို့ ခင်ဗျား ဘယ်လောက်များ ယုံကြည်မှု ရှိနေပါသလဲ။

ဖြေ။ ဒါပြောဘို့ ခက်ပါတယ်။ ဘယ်သူမဆို ဒီကိစ္စကို သေချာပေါက်ပြောဘို့ ခက်ပါတယ်။ ကျနော်တို့နဲ့ တခြား နိုင်ငံတကာ့ အသိုင်းအဝိုင်းတခုလုံးက ထုတ်ပြောလာကြတဲ့ ခံယူချက် သဘောထားတွေဟာ မြန်မာအစိုးရ ရှေ့ဘာဆက်လုပ်မလဲ ဆိုတာ ဆုံးဖြတ်တဲ့နေရာမှာ တစုံတရာ သက်ရောက်မှုတော့ ရှိမှာပါ။ ဒါက ဘာဖြစ်လို့လဲဆိုရင် ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စတခုထဲ မဟုတ်ဘူး။ တစုံလုံး အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တခုလုံး ရှေ့ဆက်သွားရာမှာ လက်ခံနိုင်ဖွယ် ရှိမရှိ ဆိုတဲ့ ကိစ္စဘဲ။ မြန်မာနိုင်ငံဟာ (ဒီမိုကရေစီ) လမ်းပြမြေပုံကို ရေးဆွဲရာမှာ အချိန်တွေ အများကြီး ယူပြီး ကြိုးပန်းခဲ့ရပါတယ်။ သူတို့ ဒါကို အောင်မြင်တာ မမြင်ချင်ဘူးလို့တော့ ကျနော် မထင်ဘူး။

မေး။ တကယ်လို့ သူမကို ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်ပါသလဲ။ အာဆီယံ နဲ့ ထိုင်းနိုင်ငံက ဘယ်လို တုံ့ပြန်ပါမလဲ။

ဖြေ။ ကျနော်တို့ တိုင်ပင်ရပါဦးမယ်။ ဒါပေမဲ့ သေချာတာတခုက ဒီကိစ္စမှာ ကျနော်တို့ရဲ့ သဘောထား ရပ်တည်ချက်က အရင်ကလဲ ပြောခဲ့ပြီ၊ ရှေ့မှာလဲ အမြဲတမ်း ဒီလိုဘဲဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့ အစီအစဉ်ဟာ အားလုံး ပါဝင်နိုင်ရမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်တဲ့၊ လေးစား အသိအမှတ်ပြုနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင် သူမအပေါ်မှာရော၊ အာဆီယံအဖွဲ့ကြီး အပေါ်မှာရော အများက ယုံကြည် လက်ခံနိုင်မှုဟာ မလွှဲမရှောင်သာ ထိခိုက်သွားမှာပါ။

မေး။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နီးစပ်တဲ့ အိမ်နီးချင်းပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက အတော်များများက မြန်မာ ဗိုလ်ချုပ်ကြီးတွေအပေါ် ဘယ်လောက် ထဲထဲဝင်ဝင် ရှိတယ်ဆိုတာ သိချင်နေကြလိမ့် မယ်လို့ ကျနော် ထင်ပါတယ်။

ဆိုင်ကလုံး နာဂစ် လေမုန်တိုင်း တိုက်တုံးကအကြောင်း ခင်ဗျားပြန် သတိရရင် ရှင်းပါတယ်။ ကျနော်တို့မှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိပါတယ်။ ဒီဟာနဲ့ သူတို့နဲ့ ကျနော်တို့ ဆက်စပ်လို့ ရခဲ့ပါတယ်။

မေး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ခင်ဗျား ကျနော်တို့ကို ဘာများ ပြောပြနိုင်ပါသလဲ။

ဖြေ။ ဒီအချိန်မှာ အများကြီး ကျနော် ပြောနိုင်လိမ့်မယ်လို့တော့ မထင်ဘူး။ ကျနော်တို့ အခု ပိုစိတ်ဝင်စား နေတာ သန်းရွှေနဲ့ မြန်မာ ခေါင်းဆောင်ပိုင်းက ဘယ်လမ်းကြောင်း လိုက်မလဲ ဆိုတာပါဘဲ။ ဒီကိစ္စကလဲ လက်ရှိ တရားစစ်ဆေးမှု ဘယ်လို အဖြေထွက်လာမလဲ ဆိုတာနဲ့ဘဲ စမှာပါ။ ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ စောင့်ကြည့်နေပါတယ်။

မေး။ စစ်အစိုးရနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွါးရေး ဆက်ဆံမှုတွေ ဘယ်လောက် ခရီးရောက် နေပါသလဲ။ ခင်ဗျားရဲ့ ခေါင်းဆောင်မှု အောက်မှာ ဒီကိစ္စ ဘာတွေ အပြောင်းအလဲ ရှိခဲ့ပါသေးသလဲ။

ဖြေ။ ကျနော်တို့က အိမ်နီးချင်း နိုင်ငံတွေပါ။ ဒီတော့ စွမ်းအင်ကိစ္စ အဆက်အစပ်ရှိတာ ရှင်းပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက စီးပွါးရေးလုပ်ငန်း အများအပြားလည်း မြန်မာနိုင်ငံမှာ ရှိနေတာပါဘဲ။ ကျနော်တို့မှာ အလွန်ရှည်လျားတဲ့ နှစ်နိုင်ငံကြား နယ်နိမိတ် ရှိတယ်။ ဒီတော့ နယ်စပ် ကုန်သွယ်ရေးလဲ ရှိတာပေါ့။ မြန်မာနိုင်ငံက စွမ်းအင် ကျနော်တို့ ဝယ်တာဟာ တခြားကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေက ဝယ်တာနဲ့ အတူတူပါဘဲ။ ကျနော်တို့ ပြည်သူတွေအတွက် စွမ်းအင်နဲ့ လုံခြုံမှု စိတ်ချရအောင် ကျနော်တို့ လုပ်မှာဘဲ။ ဒါကြောင့် ဒီကိစ္စတွေဟာ သိပ်ကို ထူးထူးဆန်းဆန်းကြီး၊ အံ့အားသင့်စရာကြီး လို့တော့ ကျနော် မထင်ပါဘူး။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ မြင်ချင်တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဆိုတဲ့ ရည်မှန်းချက်ကနေ ကျနော်တို့ လမ်းလွဲမသွားသင့်ဘူးလို့ ထင်ပါတယ်။

မေး။ ဒီစီးပွါးရေး လုပ်ငန်းတွေဟာ စစ်အစိုးရကို သက်ဆိုးရှည်အောင်လုပ်ပေးထားတယ်လို့ ခင်ဗျား ထင်ပါသလား။

ဖြေ။ ကျနော်တော့ ဒီလိုမထင်ပါဘူး။ ဒီလို ကောက်ချက်ဆွဲတာဟာ မှန်ကန်တယ်လို့ ကျနော်မထင်ပါ ဘူး။ ကျနော် ပြောခဲ့သလိုပါဘဲ။ မြန်မာအစိုးရနဲ့ စီးပွားရေး အဆက်အဆံရှိတဲ့ အစိုးရတွေ အများကြီး၊ စီးပွါးရေး လုပ်ငန်းတွေ အများကြီးပါ။ ဒါ အရေးကြီးတဲ့ အချက်လို့ ကျနော် မထင်ပါဘူး။

မေး။ လူအများအပြားအတွက် ပိုစိုးရိမ်စရာ ကောင်းတဲ့ ကိစ္စက အရှေ့တောင်အာရှမှာ အာဏာရှင် စနစ် အမြစ်တွယ်နေတဲ့ ကိစ္စပါ။ စစ်တပ်က နိုင်ငံရေးက ထွက်သွားဘို့ ဘာလို့ ဒီလောက် ခက်နေတယ်လို့ ခင်ဗျား ထင်ပါသလဲ။

ဖြေ။ ဟုတ်ကဲ့၊ ကျနော် ထင်ပါတယ်။ ဒါစစ်တပ်တင်ဘဲလား။ ကျနော် တွေ့နေတာ ကမ္ဘာတဝှမ်းလုံး က ခေါင်းဆောင် အတော်များများဟာ အာဏာကို စွန့်လွှတ်ဘို့ အတော် ခက်နေကြတာဘဲ။

မေး။ အထူးသဖြင့် စစ်ခေါင်းဆောင်တွေကို ပြောချင်တာပါ။ သူတို့က ပါဝါအမာ ရှိတဲ့သူတွေ မဟုတ်လား။

ဖြေ။ သူတို့က စနစ်တခုထဲနဲ့ အသားကျနေတာ။ အသွင်ကူးပြောင်းရေး လုပ်ဘို့ဆိုတာ ဘယ်တုံးကမှ မလွယ်တာ ခင်ဗျားလဲ သိပါတယ်။ တခြား နေရာတွေမှာလဲ မလွယ်ပါဘူး၊ ဒါကြောင့် ဒီမှာမလွယ်လို့ သိပ်တော့ အံ့အားသင့်စရာ မဟုတ်ပါဘူး။

မေး။ အခုထိုင်းမှာ ခင်ဗျားကတော့ မြန်မာနိုင်ငံအတွက် အတုယူစရာ နမူနာတော့ မဟုတ်တာ သေချာပါတယ်။ ဘာလို့လဲဆို ခင်ဗျားက အာဏာသိမ်းမှုတွေ တခုပြီးတခု ကြုံနေရတာကိုး။ ခင်ဗျားက တိတ်တိတ်ဆိတ်ဆိတ် အာဏာသိမ်းတာလဲ ကြုံခဲ့ရတယ်။ တရားစီရင်ရေး စနစ်က အာဏာသိမ်းတာ၊ သိပ်တိတ်တိတ်ဆိတ်ဆိတ် မဟုတ်တဲ့ အာဏာသိမ်းတာ၊ အရောင်မျိုးစုံနဲ့ အာဏာသိမ်းတာတွေ ကြုံခဲ့ရတယ်။ မြန်မာနိုင်ငံသာ ပိုပြီး အရပ်သားဆန်တဲ့ အစိုးရစနစ်ကို တံခါးဖွင့်ပေးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံလဲ ဒီလမ်းကြောင်းအတိုင်း ဖြစ်သွားလိမ့်မယ်လို့ ခင်ဗျား ထင်ပါသလား။ ထိုင်းနိုင်ငံဟာ ဒီပုံစံအတိုင်း အတိအကျမဟုတ်တဲ့ အတွက်ကော ခင်ဗျား ဘယ်လောက်အထိ စိုးရိမ်မှု ရှိပါသလဲ။

ဖြေ။ အပြောင်းအလဲ တချို့ကိုပြပြီး ဒါကို အာဏာသိမ်းတယ် ဆိုတဲ့ စကားလုံးသုံးဘို့ ကြိုးစားတာတော့ တိကျတယ်လို့ ကျနော် မထင်ဘူး။ တခြား ဒီမိုကရေစီနိုင်ငံတွေ လုပ်သလို ကျနော် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထားသင့်တာက အနည်းဆုံးတော့ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ တကယ့် အာဏာသိမ်းမှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပက အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ကျနော်တို့ အတွေ့အကြုံက ရှင်းပါတယ်။ အခုတော့  ကျနော်တို့ ဒီမိုကရေစီစနစ်ကို ပြန်သွားနေပါပြီ၊ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပပါမယ်။ အာဏာသိမ်းခဲ့တဲ့သူတွေ ကိုယ်တိုင်တောင် ဒီမိုကရေစီ တောင်းဆိုချက်တွေအပေါ်မှာ သူတို့ ဆတ်ဆတ်ထိ မခံကြပါဘူး။ ဥပမာပြောရရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ဖြစ်စဉ်မှာတောင် ဆန္ဒခံယူပွဲကတဆင့် သွားဘို့ ဆိုတာမျိုးပေါ့။ သူတို့ အာဏာရှိနေစဉ်မှာတောင် အထူးအာဏာတွေ မသုံးမိဘို့ သူတို့ သိပ်ဂရုစိုက်ကြပါတယ်။

မေး။ ဒါပေမဲ့ အမေရိကန် သောတရှင်တွေက အထူးသဖြင့် သိချင်နေတာက ဘာလို့များ ထိုင်းနိုင်ငံရေး သမားတွေဟာ အမေရိကန်နိုင်ငံက လေ့ကျင့် မွေးမြူပေးထားသူတွေ၊ အမေရိကန်က သြဇာရှိတဲ့ သူတွေ ဖြစ်ပါရက်နဲ့ အမေရိကန်ရဲ့ သြဇာ တကယ်တမ်းကျ မရှိတာကိုပါ။ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှုတွေ တခုပြီးတခု ဖြစ်နေတာက အခု တကယ့်ခေတ်သစ် နိုင်ငံရေးပါဘဲ။

ဖြေ။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ နှစ်ပေါင်း ၈၀ ကျော်ဘဲ ရှိပါသေးတယ်။ တခြား ဒီမိုကရေစီနိုင်ငံ အမြောက်အမြားက ရာစုနှစ်ပေါင်းများစွာ ရှိပါပြီ။ သူတို့ဟာ ပြည်တွင်းစစ်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အခု ထိုင်းနိုင်ငံမှာ ဖြစ်နေတာထက် သွေးထွက်သံယိုတွေ ပိုများခဲ့ပါတယ်။ ဒါကြောင့် ရင့်ကျက်မှု ဖြစ်စဉ်ဆိုတာကို ခင်ဗျားသိပါတယ်။ ဒီမိုကရေစီစနစ်တရပ် ရင့်ကျက်မှု ရှိလာတယ် ဆိုတာ အမြဲတမ်း ချောမွေ့ဖြောင့်ဖြူးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော် ယုံကြည်တာ ဒီမိုကရေစီစနစ် တရပ်ဟာ ခုလို လမ်းကြောင်းအတိုင်း တရွေ့ရွေ့ ပြောင်းလဲဖြစ်ပေါ်ခဲ့တာဆိုရင် ပိုပြီး ခိုင်မာတယ်လို့ ထင်ပါတယ်။

မေး။ ထိုင်းနိုင်ငံ အမှတ်တံဆိပ် ဒီမိုကရေစီဆိုတာ ဘယ်လိုဆိုတာ ပုံပေါ်အောင် ခင်ဗျား ပရိသတ်ကြီးကို ပြောပြနိုင်မလား။

ဖြေ။ ကျနော်တို့ဟာ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံပါ။ ဒါပေမဲ့ ကျနော်တို့ ဒီမိုကရေစီဟာ ရင့်ကျက်မှုရှိတဲ့၊ ကြီးထွားလာနေတဲ့ ဒီမိုကရေစီ စနစ်ပါ။ နာကျင်မှုတွေ အများကြီးရှိတဲ့ ခေတ်တွေကိုလဲ ကျနော်တို့ ဖြတ်သန်းလာခဲ့ရပါတယ်။

(အယ်ဒီတာ။ ။ Far Eastern Economic Review ပါ Haseenah Koyakutty ၏ Thai PM Abhisit on Burma and Asean ကို ဆီလျော်အောင် ဘာသာပြန် တင်ပြပါသည်။)

No comments: