Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 30 May 2009

မန်မာ့အရေး မြန်မာတွေ လက်မနှေးစေချင်

 

ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ အစီရင်ခံစာ

၀၅ - ၂၉ - ၂၀၀၉

 

သံရုံးက ထွက်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆက် အသွယ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ နေပြည်တော်ကြပ်ပြေးက လေးလပတ် အစည်းအဝေးမှာ စစ်ခေါင်းဆောင်တွေ ဆွေးနွေးပြောကြားခဲ့တာကို ပြည်တွင်းက သတင်း ရရှိပါတယ်။ လုပ်ဖေါ် ကိုင်ဖက်တွေရဲ့  ပြောကြားချက်အရ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အစည်းအဝေးမှာ ဒီကိစ္စ တွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပ Issue တစ်ခု အနေနဲ့ ပြောသင့်တယ်လို့ ပြောကြား ကြပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံစကား ပြောဖို့ သတ္တိမရှိဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ကြည်ကို ကိုယ်စားစကားပြောဖို့ နည်းနာ တစ်ခုအနေနဲ့ လှည့်စားဖို့ ဖြစ်တယ်လို့ နေပြည်တော်က သတင်းရရှိပါတယ်။

 

ဆက်လက်ရရှိတဲ့ သတင်းကတော့ ဗိုလ်သန်းရွှေအနေနဲ့ ပြည်သူတွေကို အာဏာ လွှဲပေးဖို့ ကြောက်ရွှံ့နေပါတယ်၊ နောက်ဆုံး ပြည်သူတွေ အနေနဲ့လည်း သူတို့ရဲ့ ကောက်ကျစ်မှု ယုတ်မာမှုတွေကို သိလာကြပြီ ဖြစ်ပါတယ်၊ ဗိုလ်သန်းရွှေ ဘာလုပ်နေ သလဲဆိုတာ အဆင့်မြင့်အရာရှိကြီးတွေတောင် ဗိုလ်သန်းရွှေကို နားမလည်နိုင်အောင် ဖြစ်နေ ကြပါတယ်လို့ သိရှိရပါတယ်။

 

ဗိုလ်သန်းရွှေရဲ့ Plan ဟာ Government ကို ပုံစံတစ်မျိုးနဲ့ ချိန်းကာ သူ့အနေနဲ့ ထိန်းချုပ် ထားဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ဗိုလ်သန်းရွှေအနေနဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အကြံပေး နာယက အဖြစ် နေမဲ့အစီအစဉ် ရေးဆွဲထားပါတယ်။ သူကိုယ်တိုင် စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာ လုပ်ကိုင်ခဲ့ပြီး ပြည်သူတွေကို ဘယ်လို ညစ်ပတ်ရမလဲဆိုတာကို ကောင်းကောင်းကြီးသိနေခဲ့ပါတယ်။

 

ဥပမာ- ရန်ကုန်မြို့ အနေနဲ့ လူထုကို မီးမှန်မှန်ပေးနိုင်ပေမယ့် မီးဖြတ်ထားတာဟာ နိုင်ငံရေးကို ပြည်သူတွေ စိတ်မ၀င်စားနိုင်ဘဲ နေ့စဉ် လည်ပတ်နေရတဲ့ ကိစ္စတွေမှာ ပြဿနာဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အကြံနဲ့ ဗိုလ်သန်းရွှေက တမင်လုပ်ထားတာလို့ သိရပါတယ်။

 

ပြည်သူလူထုကို တကယ် ကောင်းကောင်းမွန်မွန် ထားရင် တိုးတက်တဲ့အမြင်နဲ့ နိုင်ငံရေးကိစ္စတွေကို စိတ်ဝင်စားလာနိုင်တယ်လို့ ဗိုလ်သန်းရွှေက ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေဟာ ဦးနေ၀င်းထက် ပိုမိုဆိုးရွား ကောက်ကျစ် ယုတ်မာတယ်လို့ ပြောပါတယ်။ ဗိုလ်သန်းရွှေရဲ့ ကိုယ်ပိုင်ဥာဉ်က သူတစ်ပါးနှင့်မတူဘဲ သွေးအေးအေးထား ရက်စက်တတ်ပါတယ်။

 

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်မရှင် (MEC) တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအားလုံးကို ချုပ်ကိုင်ထားပါတယ်။ ဒီဌာနတွေရဲ့ အကြီးအကဲဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးဟာ ဗိုလ်သန်းရွှေ တပ်မ (၈၈) တပ်မမှူးဘ၀မှာ ဗိုလ်သန်းရွှေရဲ့ P.A လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်လုပ်ရေးတပ်မှာလည်း အကြီးအကဲဖြစ်ပြီဲး SPDC ရဲ့  အဖွဲ့ဝင် တစ်ဦးလည်းဖြစ်တယ်။

 

မြန်မာနိုင်ငံရဲ့ ၀န်ကြီးဌာနတွေ အားလုံးလိုလိုဟာ ဦးပိုင်ရဲ့ ကွပ်ကဲမှုအောက်မှာသာ အလုပ် လုပ်လို့ရတဲ့ အစီအစဉ်မျိုးကို ဗိုလ်သန်းရွှေက ချမှတ် ထားပါတယ်။ ဦးပိုင်နဲ့ အမ်အီးစီက ရရှိတဲ့ ၀င်ငွေတွေအားလုံးကို သန်းရွှေအနေနဲ့ သူ့သဘောနဲ့သူ ကြိုက်သလောက် စာရင်းမရှိ အင်းမရှိ သုံးစွဲခွင့် ရရှိထားပါတယ်။

 

သန်းရွှေကို ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်လို့ သူ့ရဲ့ စိတ်ဓါတ်က ပြောင်းလဲဖို့ မရှိပဲ ဒီလိုချဉ်းကပ်တာကိုလဲ သူ့အနေနဲ့ လုံးဝဂရုမစိုက်ဘူးဆိုတာ သိရပါတယ်။ သူ့ကို စိတ်ပြောင်း လဲဖို့ဆိုရင် သူ့အနေနဲ့က သံတမန်ရေး ထိုးစစ်ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံတို့ကို အသုံးပြု နေတာကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံရေး ပျက်ပြားအောင် သူ့ကို လုပ်သင့်ကြောင်း ပြည်တွင်းမှ အရာရှိများက အကြံဥာဏ် ပေးလာပါတယ်။

 

ထို့အတူ အနောက်နိုင်ငံတွေရဲ့ ဖိအားကို ပိုမိုပေးနိုင်အောင် လုပ်သင့်တယ် လို့လည်း အကြံဥာဏ်ပေးပါတယ်။ တရုတ်အစိုးရကို မြန်မာနိုင်ငံအား Pressure ပိုမို ပေးနိုင်အောင် လည်းလုပ်ရပါမယ်။

 

ဗိုလ်မှူးအောင်လင်းထွဋ်ဟာ အမေရိကန်နိုင်ငံ သံရုံး ယာယီတာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်နေစဉ်က တရုတ်ထောက်လှမ်းရေး အရာရှိတစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံရဲ့ Policy သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရင်လည်း ပြဿနာ မရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်တဲ့ အစိုးရဖြစ်ရန်သာ လိုလားကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စေချင်တာဟာ တရုတ်တို့အနေနဲ့ စီးပွားရေးကိုသာ စိတ်ဝင်စားကြောင်း၊ ၁၉၉၀ အန်အယ်လ်ဒီ အနိုင်ရတဲ့အခါမှာလည်း ကြိုဆိုခဲ့ပါကြောင်း စသဖြင့် တရုတ်အရာရှိမှ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ အဲဒီအရာရှိဟာ ယခုလက်ရှိ တရုတ်သမ္မတ ဟူကျန်တောင်ရဲ့ အနီးကပ် တပည့်တစ်ယောက် ဖြစ်နေပါတယ်။ သူတို့ ဆွေးနွေးခဲ့စဉ်မှာ ဟူကျန်တောင်ဟာ ဒုတိယ သမ္မတသာဖြစ်ပါတယ်။

 

ဗိုလ်မှူးအောင်လင်းထွဋ် စစ်ရုံးမှာ နေစဉ်အခါတုန်းက ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်တိုဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “ ငါတို့သိတယ်၊ တရုတ်ဟာ ငါတို့မိတ်ဆွေအစစ်မဟုတ်ဘူး၊ ငါတို့သူတို့ကို မလွှဲမရှောင်သာလို့ ဆက်ဆံရတယ်၊ မချစ်သော်လည်း အောင့်ကာနမ်းရတယ်” စသဖြင့် လက်ရှိအခြေအနေအရ တရုတ်ကို မပေါင်းမဖြစ်လို့ ပေါင်းရတာဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားတာ အမြဲကြားခဲ့ရပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ သူတို့ငယ်ရွယ်စဉ် နှစ်ပေါင်းများစွာ တရုတ်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်တိုက် ခဲ့ရတာကြောင့် တရုတ် ကို အတွင်းကြိတ် မုန်းနေတဲ့ သဘောရှိပါတယ်။

 

လေးလပတ်အစည်းအဝေးတွေမှာ ဗိုလ်မောင်အေးဟာ တပ်မမှူး၊ တိုင်းမှူးတွေကို “ဒီကောင်တွေကို တစ်နေ့ ငါတို့ပြန်တိုက်ရမယ်၊ အသင့်ပြင်ထားလို့” အမြဲပြောတတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ အမြဲညွှန်ကြားပါတယ်။ အခုအချိန်ထိလည်း တရုတ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်က ငြိမ်းချမ်းရေး အဖွဲ့တွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဗိုလ်ရွှေမန်း တရုတ်ပြည်ကို အလည်သွားခဲ့ရာမှာ ငြိမ်းချမ်းရေးအဖွဲ့တွေ အနေနဲ့ အပြီးတိုင်လက်နက်ချဖို့  တရုတ်အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးပါရန် ပြောကြားရာ တရုတ်အစိုးရက မသိသလို ဝေ့လည်ကြောင်ပတ် လုပ်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာရောက်ရာ ဗိုလ်သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ဗိုလ်သန်းရွှေက အလိုမကျစွာ တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အလိုကျ အတိုက်အခံတွေနဲ့ဆွေးနွေးဖို့ တရုတ်ကပြောတယ်လို့ ယူဆရပါတယ်။ ဗိုလ်သန်းရွှေဟာ ရုရှားက နျူးကလီးယား Expert ကျွမ်းကျင်သူတွေကို မြန်မာပြည်သို့ ဖိတ်ခေါ်ခြင်းဖြင့် တရုတ်မကြိုက်တာကို လုပ်ပြခဲ့ပါတယ်။

 

၂၀၀၉ ခုနှစ်မှာ တရုတ်စစ်တပ်ဦးစီးချုပ် မြန်မာပြည်ကို သွားရောက်လည်ပတ်ရင်း ဗိုလ်သန်းရွှေကို ပြန်ချော့ခဲ့ပါတယ်။ တရုတ်နှင့်မြန်မာဟာ ဂက်စ် ပိုက်လိုင်းကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်တွေမှ သယ်ယူဖို့ သဘောတူခဲ့ပါတယ်။ အဲဒါကို ဗိုလ်သန်းရွှေဟာ ကျောက်ဖြူကနေသယ်ဖို့ ပြန်ပြင်ပြောကာ ပြဿနာတစ်ခုအနေနဲ့ တရုတ်ကို ချပြလိုက်ပါတယ်။ ၂၀၁၀ မှာ တရုတ်အနေနဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ အပြီးအစီး လုပ်ဖို့ ဖိအားပေးခြင်းကတော့ တရုတ်ဟာ ဗိုလ်သန်းရွှေကို စီးပွားရေးအရ စိတ်မချဘူးဆိုတာ သိရပါတယ်။

 

၂၀၀၂-၂၀၀၃ ခုနှစ်ကလည်း တရုတ်နှင့် မြန်မာ သဘောတူညီပြီးသား စာချုပ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို အသုံးပြုရန် ကိစ္စမှာ သမ္မတ ကျန်ဇီမင်း မြန်မာပြည်လာစဉ် ဗန်းမော်တွင် ဆိပ်ကမ်းလုပ်ပြီး ဧရာဝတီမြစ်အား မဲခေါင်မြစ်လို လမ်းကြောင်းဆက်ကာ တရုတ်သင်္ဘောများ ၀င်ထွက်ရန် စီစဉ်ခဲ့ပါတယ်။ တကယ်တမ်း စာချုပ်လက်မှတ်ထိုးကာနီးမှ ဗိုလ်သန်းရွှေက စိတ်ပြောင်းပြီး လက်မခံတော့လို့ ကျန်ဇီမင်းလည်း ဒေါသထွက်ခဲ့ရာ ဗိုလ်ခင်ညွှန့်က လိုက်ချော့ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေရဲ့ အကြောင်းပြချက်ကတော့ ဧရာဝတီ မြစ်ကြောတလျှောက် တရုတ်သင်္ဘောတွေ တရုတ်အလံထောင်ပြီး ခုတ်မောင်းနေတာကို ခွင့်မပြုနိုင်လို့ ဖြစ်ပါတယ်။

 

ဒါ့အပြင်  တရုတ်ဟာ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာ့အရင်းအမြစ်တွေကို ယူပြီး ရေအား လျှပ်စစ်စီမံကိန်း (၇) ခုအား ၂၀၁၀ မတိုင်မီမှာ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုနိုင်ရေး  ကြိုးစားနေပါတယ်။ မြန်မာ့ အရေးမှာ တရုတ်ဟာ အမြတ်ထုတ် စီးပွားရေးကိုယ်ကျိုးကြည့် လှုပ်ရှားနေတာကြောင့် အတိုက်အခံတွေအနေနဲ့ တရုတ်ကို ဆွဲဆောင်ဖို့ ပူးပေါင်းဖို့ အလွန်လိုအပ်ပါတယ်။ တရုတ်ကို ဆဲဖို့ထက် စည်းရုံးဖို့ ဗီတို အာဏာမသုံးဖို့  နည်းလမ်း ရှာဖွေသင့်ပါတယ်။

 

အိန္ဒိယအနေနဲ့က မြန်မာကို အန္တရာယ်မပေးနိုင်ဘူးလို့ ဗိုလ်သန်းရွှေ ကောင်းကောင်းသိပါတယ်။ အိန္ဒိယနယ်စပ်က နာဂ၊ကသည်း၊ ကူကီး စတဲ့ သောင်းကျန်း သူတွေဟာ အိန္ဒိယအစိုးရအတွက် ပြဿနာရှိပါတယ်။ မြန်မာဘက်က သူတို့ကို နေခွင့် ပေးတာမျိုး ရာရှင်၊ သေနတ်စသဖြင့် ထောက်ပံ့ပေးတာမျိုး လုပ်နိုင်တာရှိပါတယ်။ ရာဂျစ်ဂန္ဒီ သေပြီးနောက် ကကလှမ်းမှ ဗိုလ်ချုပ်ကျော်သိန်းဟာ အိန္ဒိယကို ဆွေးနွေးဖို့ အလည်အပတ် သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အိန္ဒိယဟာ အရှေ့မျှော်ဝါဒပေါ်လစီ ပြောင်းလဲခဲ့ပါတယ်။ တရုတ် ရေတပ် ဘင်္ဂလားပင်လယ်အော်ပေါ်မှာ လှုပ်ရှားမှာကို အထူးစိုးရိမ်နေလို့ အိန္ဒိယကို ကိုယ်ကသာ အန္တရာယ်ပေးနိုင်ပြီး အိန္ဒိယကတော့ ကိုယ့်ကို ပြဿနာမပေးနိုင်ဘူးဆိုတာ ဗိုလ်သန်းရွှေကောင်းကောင်းသိခဲ့ပါတယ်။ ဗိုလ်သန်းရွှေဟာ အာစီယံအုပ်စုနှင့်ပတ်သက်ပြီး အာစီယံကို ရှေ့နေတစ်ယောက် လိုသာ သဘောထားခဲ့ပါတယ်။ ၁၉၉၈ မှာ အာစီယံတွင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်သန်းရွှေအား ဖိအားပေး ပြောကြားရာ ဗိုလ်သန်းရွှေက အာစီယံက ထွက်မယ်လို့ လှမ်းက ဗိုလ်ချုပ် ကျော်ဝင်းတို့ကို ပြောခိုင်းလိုက်ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အာစီယံနိုင်ငံတွေဟာ မြန်မာပြည်နဲ့စီးပွားရေးအရ ပတ်သက်လုပ်ကိုင်နေရတာမို့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ အခြေအနေတခု စောင့်ကြည့်နေတဲ့အပြင် စင်္ကာပူနိုင်ငံကလည်း စစ်ခေါင်းဆောင်တွေရဲ့ ငွေတွေကို သူတို့ဘဏ်မှာ ထားရှိရတာကြောင့် စီးပွားရေးအရ သဟဇာတ ဖြစ်နေတဲ့သဘော ရှိပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့အတွက် တခုတည်းသော ပိုက်ဆံရပေါက်ဖြစ်တဲ့ ဂက်စ်လိုင်းတွေ ပေါက်ကွဲမှာကို အထူးစိုးရိမ် ကြောက်လန့်နေပြီး ဂက်စ်ဖိုးငွေ ထိုင်းနိုင်ငံမှ ရရှိဖို့ အပြန်အလှန် စီးပွားဘက်ဖြစ်နေကြရပါတယ်။

 

ဒါကြောင့် အမေရိကန်အနေနဲ့ စင်္ကာပူကို ထိန်းချုပ်ဖို့ ဖိအားပေးရန် လိုအပ်ပါတယ်။ ဗိုလ်သန်းရွှေအနေနဲ့ ထိုင်းနဲ့စင်္ကာပူကို ပစ်ပယ်လို့မရတာကြောင့် ပြဿနာအများကြီး ရင်ဆိုင်နိုင်အောင် ကြိုးစား လုပ်ဆောင်ပေးရပါမယ်။ ဗိုလ်သန်းရွှေဟာ ထိုင်းနိုင်ငံကို အားကိုးတဲ့အနေနဲ့  ၀န်ကြီးချုပ် သက်ဆင် အာဏာရစဉ် သက်ဆင်က သမ္မတ ဂျော့ဘုရှ်နှင့်တွေ့ရန် သွားတဲ့အခါ မြန်မာ့နိုင်ငံခြားရေး ၀န်ကြီးကတဆင့် သက်ဆင်ထံ စာတစ်စောင်ပေးလိုက်ပါတယ်။ အဲဒီစာထဲမှာ သမ္မတ ဂျော့ဘုရှ်နှင့် တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာပြည်နှင့်ပတ်သက်လို့ ကောင်းတဲ့အချက်အလက်တွေကို ပြောပေးပါလို့ သက်ဆင်ထံ ဖိအားပေး ပြောဆိုရေးသားထားတဲ့စာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနှင့်စင်္ကာပူကို ဗိုလ်သန်းရွှေက ပစ်ပယ်လို့မရတာ ထင်ရှားခဲ့ပါတယ်။

 

နိဂုံးချုပ်အားဖြင့် ဆိုရင် ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့  အကြံဥာဏ်ကတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာကို ဖိအားပေးဖို့ ပိုပြီး လိုအပ်ပါတယ်။ မြန်မာစစ်တပ် အပေါ်မှာ အပြုသဘောဆောင်တဲ့ ဖိအားပေးမှုတွေ၊ တွန်းအားပေး စေ့ဆော်မှုတွေလည်း လုပ်ရပါမယ်။ နအဖကို သံတမန်နည်းအရ အပြည့်အ၀ ဖိအားပေးဖို့နဲ့ သတ်မှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အသုံးပြု တွန်းအားပေးဖို့ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကို ဖိအားပေးရပါမယ်။ စီးပွါးရေး ဒါဏ်ခတ်ပိတ်ဆို့မှုဟာ နောက်ဆုံးထိရောက်မှုရှိကြောင်း တင်ပြထားပါတယ်ခင်ဗျား။

No comments: