Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 6 January 2009

ဝန်ထမ်းလစာ တိုးပေးမည်ဟု နေပြည်တော်မှာ သတင်းပျံ့

ရွေးကောက်ပွဲနီးလာပြီ ဖြစ်သည့်အလျောက် နေပြည်တော်ဝန်ထမ်းများကို လစာတိုးပြီး မက်လုံးပေးရန် စစ်အစိုးရက ပြင်ဆင်နေသည်ဟု နေပြည်တော်ဝန်ထမ်းများက ပြောသည်။

လာမည့် စက်တင်ဘာလတွင် နေပြည်တော် ၀န်ထမ်းများအား လစာတိုးပေတော့မည်ဆိုသည့်သတင်းများ နေပြည်တော် ၀န်ထမ်းများကြား ပျံ့နှံ့နေသည်။ နေပြည်တော်ဝန်ထမ်းများကို လောလောဆယ် ၀န်ထမ်းအိမ်ရာ များ၌ နေရာချထားပေးပြီး ရေခ မီးခ အခမဲ့ပေးထားသည်။

သို့သော် ၀န်ထမ်းများထံမှ မကြာခင် ရေခ မီးခ တောင်းရန် စစ်အစိုးရက ဆုံးဖြတ်ထားသည့်အတွက် အဆိုပါ အပိုကြေးငွေနှင့်ကာမိအောင် လစာတိုးပေးရန် အာဏာပိုင်များက စီစဉ်ခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်းအချို့က ယူဆသည်။ ရွေးကောက်ပွဲနီးလာသည့်အတွက် ၀န်ထမ်းများအား မဲဆွယ်ရန် မက်လုံးပေး လိုသည့်အတွက် ၀န်ထမ်းလစာ တိုးပေးရန် စီစဉ်ခြင်းဖြစ်နိုင်သည်ဟု နေပြည်တော် အရာရှိအချို့က ယူဆသည်။

နောက်ဆုံးတိုးပေးခဲ့သည့် ၀န်ထမ်းလစာစာရင်းကိုကြည့်လျှင် အရပ်ဘက်နှင့် စစ်ဘက်ကို ခွဲခြား တိုးပေးခဲ့သည်။
တပ်မတော်ဝန်ထမ်းများကို တိုးမြှင့်ပေးသည့် လစာကိုကြည့်ပါက အုပ်စုသုံးစုခွဲပြီး လစာတိုးပေးသည်ကို တွေ့ရသည်။

အခြေခံ တပ်သားတဦး၏ လစာသည် (၃,၀၀၀) မှ (၁၅,၀၀၀) ဖြစ်သွားသည့်အတွက် (၄ဝဝ) ရာခိုင်နှုန်းတိုးပေးခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုပါက တပ်သားအဆင့်မှ တပ်ကြပ်ကြီးအဆင့်ထိ ရာခိုင်နှုန်း (၄၀၀) ကျော်တိုးပေးခဲ့သည်။ ခွဲတပ်ကြပ်ကြီးအဆင့်မှ အရာခံဗိုလ်ထိ (၆၀၀) ရာခိုင်နှုန်းကျော်တိုးပေးပြီး ဒု-ဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိကိုမူ ရာနှုန်း (၁,၀၀၀) ကျော်ထိ အများဆုံး တိုးမြှင့်ပေးခဲ့သည်။ ဗိုလ်ချုပ်အဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်ကို (၇ဝဝ) ရာခိုင်နှုန်းဝန်းကျင်ထိ တိုးပေးသည်။

တပ်မတော်၏ လစာနှုန်းသစ်တိုးပေးသည့် ကိန်းဂဏန်းများကို ကြည့်ပါက ဒု-ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ အမျာဆုံးတိုးပေးထားပြီး တပ်သားအဆင့်မှ အရာခံဗိုလ်အဆင့်ကို လစာတိုးသည်မှာ အနည်းဆုံးဖြစ်သည်။ အရပ်ဘက်ဝန်ထမ်းလစာနှုန်းသစ်နှင့် ယှဉ်ကြည့်ပါက အမြင့်ဆုံး ဦးဆောင်ညွှန်ကြားရေးမှူးတယောက် သို့မဟုတ် ညွှန်ချုပ်တယောက်၏ လစာနှုန်းသစ် (၁၉၀,၀၀၀) သည် စစ်တပ် ဒု-ဗိုလ်မှူးကြီးတဦး၏ လစာနှင့် အတူတူဖြစ်နေသည်။

ဗိုလ်မှူးချုပ်တဦး၏ လစာသစ်က (၃) သိန်း၊ ဗိုလ်ချုပ်တဦး၏လစာက (၄) သိန်းနှင့် ဗိုလ်ချုပ်ကြီးတဦး၏ လစာက (၈) သိန်းထိ တိုးပေးခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏လစာကို (၁ဝ) သိန်းထိ တိုးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လစာကို (၁၂) သိန်းထိ တိုးပေးခဲ့သည်။

ချုပ်ကြည့်မည်ဆိုပါက တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ လစာမျိုး အရပ်ဘက်ဝန်ထမ်းလောက၌ တိုးပေးခြင်းမရှိသကဲ့သို့ စစ်ဘက်မှာပင် အောက်ခြေကို တိုက်ရိုက်ကွပ်ကဲသည့် ရာထူးအဆင့်များကိုသာ အထူး ဦးစားပေး တိုးပေးသည်ကို တွေ့ရသည်။

မှတ်ချက်- နအဖ ဓားပြကြီးများသည် ၎င်းတို့ရရှိသော တရားဝင်လစာများအရဆိုလျှင် မိသားစု စားဝတ်နေရေးအတွက် တော်တော်လေး ချို့ချန်ခြွေတာပြီး သုံးနေရပေမည်၊ သို့ပါ၍ အများပြည်သူများ လေးစားကြည်ညိုလာစေရန်အလို့ငှာ လဒ်စားခြင်း၊ ပြည်သူများထံမှ အဓ္ဓမ ဓားပြတိုက်ခြင်း၊ နိုင်ငံတော်၏ သယံဇာတများအား မတရားသိမ်းပိုက်ခြင်း၊ စစ်တပ်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် ရိုင်းချင်တိုင်းရိုင်းနေခြင်း၊ နိုင်ငံတော်အား ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ တွန်းပို့ခြင်း ...အစရှိသည်တို့ကို စစ်မိစ္ဆာများပီပီ အပတ်တကုပ် ကျိုးစားလုပ်ဆောင်ပေးနေရပေသည်။

No comments: