Sunday, 26 October 2008
ပုံရိပ်နိုင်ငံရေးဆိုတာ ဘာလဲ?
ယနေ့ နိုင်ငံရေးလောကတွင် ထောင်ကျဖူးမှ နိုင်ငံရေးအရ အရာဝင်သည်ဆိုသည့် အတွေးမှားကို ထောက်ပြချင်သည်။ ယနေ့ခေတ်သည် အင်္ဂလိပ်ခေတ်ကဲ့သို့ သခင်ပေါက်စ၊ ထောင် ၆ လ မဟုတ်တော့ပါ။ နအဖ ဖက်ဆစ်တို့အောက်တွင် ထောင် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာ အသာလေး ဖြစ်သည်။ ထောင်ထဲဝင်၍ သူရဲကောင်းလုပ်စရာ မလိုပါ။ အဖမ်းခံမည်ထက်၊ ထွက်ပြေးတိမ်းရှောင်ရင်း အကျိုးပြုနိုင်ပါသည်။ လူငယ်ခေါင်းဆောင် ကိုအောင်ဆန်းကို ဖမ်းဝရမ်းထုတ်၊ ကိုအောင်ဆန်းက အဖမ်းမခံ၊ ဤမူကို ခံယူသင့်သည်။ အရေးအခင်းဖြစ်လိုက်၊ ခေါင်းဆောင်တွေ ပေါ်လာလိုက်၊ အဖမ်းခံလိုက်ကြရနဲ့၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေကြရတယ်။
တဖက်ကလည်း "လူ" ကို တင်တိုက်သော ပုံရိပ်နိုင်ငံရေးအတွက် ခေါင်းဆောင်ကောင်းတွေ့လျှင် အင်္ဂလိပ်လို Larger than life ဟုခေါ်သည့် လူစင်စစ်ကနေ ဘုရားဖြစ်အောင် ဖန်တီးကြတော့သည်။ ဤအန္တရာယ်မှာ ကွန်မြူနစ် အာဏာရှင်စနစ်မှ သက်ဆင်းလာခြင်း ဖြစ်သည်။ မော်စီတုံး၏ ဗျူဟာမှန်ခဲ့၍ တရုတ်ကွန်မြူနစ်တို့ အာဏာရခဲ့သည်။ သို့သော် မော်စီတုံးသည် လူထဲက လူတယောက်သာ ဖြစ်သည်။ နတ်ဘုရား မဟုတ်ပါ။ လျူရှောက်ချီနှင့် တိန်ရှောက်ပိန်တို့က လက်တွေ့ ဦးဆောင်နေရာမှ အသာစီးရလာသည်။ ထိုအခါ မော်စီတုံးက အာဏာလုရန် ယဉ်ကျေးမှုတော်လှန်ရေးကို ဆင်နွှဲရာ လင်ပြောင်က ဖော်လန်ဖားပြီး မော်စီတုံး၏ အတွေးအခေါ် စာအုပ်ကလေးကို ရိုက်နှိပ်ကာ စစ်တပ်အတွင်း ဖြန့်ဝေရာမှ စာအုပ်နီသည် ကွန်မြူနစ်တို့၏ ကျမ်းစာဖြစ်ခဲ့ရ၍ မော်စီတုံးလည်း လူစင်စစ်မှ နတ်ဘုရား ဖြစ်ခဲ့ရသည်။
အသေအချာ လေ့လာလျှင် မော်စီတုံး၏ အမှားနှင့် အာဏာမက်မှုကြောင့် တရုတ်သန်းပေါင်းများစွာ ပျက်စီးသေဆုံးခဲ့ရသည်။ တရုတ်တွေ မွဲတေခဲ့ရသည်။ မြောက်ကိုးရီးယားကို ကြည့်ပါ။ The Great Leader နှင့် Dear Leader တို့ နှစ်ဦးကို ဘုရားသဖွယ် ကိုးကွယ်နေကြသည်။ အမြင်မှန်ရသွားသော တိန်ရှောက်ပိန်က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် စနစ်မှန်ကန်ရေးကို ဦးစားပေးခဲ့သည်။ တရုတ်တွေ ကံကောင်းဖို့ ဖြစ်လာရသည်။ အမေရိကန်နိုင်ငံတွင် "လူ" သမတကို သစ္စာရှိရသည် မဟုတ်။ အခြေခံဥပဒေ Constitution ကို သစ္စာစောင့်ရသည်။ အခြေခံဥပဒေက Presidency သမတရာထူးကို ဖော်ထုတ်၍ (လူ)တွေက အရွေးခံရခြင်း ဖြစ်သည်။ တနည်းအားဖြင့် စနစ် System သည် အဓိက ဖြစ်သည်။ စနစ်အပေါ် သစ္စာစောင့်သိခြင်း ဖြစ်သည်။
ယခုခေတ် မြန်မာနိုင်ငံရေးတွင် စနစ် အရေးကြီးပုံကို နားမလည်ကြပေ။ (လူ) ကို အဓိကထား ပွဲထုတ်ကြသည်။ အဆင့်ဆင့် "လူ" ကို တင်တိုက်ကြသဖြင့် မိမိတို့၏ ခေါင်းဆောင်ပုံရိပ်၊ မိမိ၏ ပုံရိပ်တို့သည် ရှေ့တန်း ရောက်လာရပါသည်။
ထိပ်ဆုံးအဆင့် ဒေါ်စုကို ကြည့်ရအောင်။ ဒေါ်စုသည် ယနေ့ခေတ်ကမ္ဘာတွင် အထင်ရှားဆုံး ခေါင်းဆောင်များ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည်။ ဒေါ်စု၏ သတ္တိနှင့် အာဏာရှင်စနစ်ကို ဇွဲနှင့် ရင်ဆိုင်ရဲခြင်းအတွက် ဒေါ်စုသည် ဒီမိုကရေစီသူရဲကောင်း Democracy Icon ဖြစ်ခဲ့ရသည်။ ဘာသာရေးနှင့် ယှဉ်ပြောရလျှင် မဂ်ဖိုလ် အဆင့်ရပြီးသူနှင့် တူသည်။ အပါယ်တံခါး ပိတ်၍ ကောင်းကင်ဘုံ ရောက်ရန်သာ ရှိတော့သည်။ သို့သော် ဒေါ်စုနှင့် အတန်ဆုံးဆုမှာ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်ရန်ဖြစ်မည် ဟု ထင်မိသည်။ စစ်အာဏာရှင်စနစ်ကို အောင်နိုင်ရန်မှာ ဒေါ်စု တယောက်ထဲနှင့် မဖြစ်နိုင်။ ဒေါ်စုကို ထိုင်ရှိခိုးရုံနှင့်လည်း မရနိုင်။ ဒေါ်စုကို အသံကုန်ဟစ်၍ ထောက်ခံနေရုံနှင့်လည်း မရနိုင်။ ဒေါ်စုကို ထောက်ခံသော၊ တိုင်းပြည်ကိုချစ်သော လူအများ စုပေါင်း၍ အင်အားတည်ဆောက်ပြီး ဒေါ်စုကို ပံ့ပိုးပေးနိုင်မှသာ ဒေါ်စု အင်အားရှိမည်။ ဤအင်အားကို ပြနိုင်မှ နအဖ က ဒေါ်စုကို အရေးထားလာရပေမည်။
ကျနော်တို့ အများစုသည် ဤအင်အားကို တည်ဆောက်ဖို့ နားမလည်နိုင်ကြသလို စိတ်ဝင်စားခြင်းလည်း မရှိကြပါ။ အချင်းချင်း ပေါင်းစည်းနိုင်ရန် တအုပ်စုနှင့် တအုပ်စု ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး၊ နားလည်မှုရှိလာအောင် လုပ်ဖို့ မကြိုးစားကြ။ ဒေါ်စု ဘွဲ့များ ထပ်ရရန် ကြိုးပမ်းသူက ကြိုးပမ်းကြ၊ စည်းရုံးသူက စည်းရုံးကြနှင့် ရွာလည်နေကြသည်။
ဒေါ်စုပြီးတော့ ကိုမင်းကိုနိုင် ထွက်လာသောအခါ ကိုမင်းကိုနိုင်ဘွဲ့ ရရန် ကြိုးစားသူများ ပေါ်လာကြပြန်သည်။ တဆင့်ပြီးတဆင့် ဘွဲ့များရရန်သာ ကြိုးစားနေကြရင်း အချိန်ဖြုန်းခဲ့ကြ၍ အနှစ် ၂ဝ တိုင် ကြာခဲ့ပြီဖြစ်သည်။ ရှေ့မတိုးနိုင်ကြသေးပါ။ ဤသည်မှာ ပုံရိပ်နိုင်ငံရေး၏ အန္တရာယ်ဆိုး ဖြစ်သည်။ ပို၍ဆိုးသည်မှာ ပုံရိပ်နိုင်ငံရေးကြောင့် ကိုယ်နှင့် သဘောထား မတူသူတွေကို အရင်ဦးအောင် တိုက်ခိုက်ထားရမည် ဆိုသည့် မသိစိတ်များသည် ယနေ့ နိုင်ငံရေး လှုပ်ရှားသူများကြားတွင် ကိန်းအောင်း ငြိတွယ်နေကြသေးသည်။ ထို့ကြောင့် ညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ အချင်းချင်း နှိပ်ကွပ်နေရင်း စစ်အာဏာရှင်ကို တိုက်ရန် အင်အား မစုစည်းနိုင်ကြတော့ပါ။
zero sum game ခေါ် သုံညအကြွင်း တွေးခေါ်ချက်
မဆလ စိတ်ဓာတ်ဆိုးနှင့် လူချသည့် အကျင့်ဆိုး ၂ ခုက ပုံရိပ်နိုင်ငံရေးနှင့် Zerosum game သူနိုင်ကိုယ်နိုင်၊ သုံညအကြွင်း တွေးခေါ်ချက်ကို ပို့ဆောင်ပေးခဲ့သည်။ ဤအတွေးအခေါ်က လုံးဝသုံည အနိုင်ရရေးကို ဦးတည်သည်။ အဆင့်ဆင့် နိုင်ငံရေးစစ်ပွဲ အနိုင်ရရေးထက် လုံးဝဥဿုံ အနိုင်ရရေးကို ရည်ညွှန်းသည်။ ကွန်မြူနစ်ပါတီ တောခိုတော့ ဤအတွေးအခေါ်နှင့် တောခိုကြခြင်း ဖြစ်သည်။ ရန်သူကို အနိုင်တိုက်ရေးမှ လွဲ၍ ကျန်ဗျူဟာကို မစဉ်းစား။ မနိုင်မှ ငြိမ်းချမ်းရေးစကား ဆိုလာတော့ အစိုးရက အားသာလာကာ ဖြတ်လေးဖြတ်နှင့် ရက်ရက်စက်စက် ချေမှုန်းလာတော့ ကွန်မြူနစ်တွေ ပြေးကြရသည်။ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်နှင့် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် အများအပြား အသက်ဆုံးရှုံးခဲ့ကြရသည်။
သို့သော် ၎င်းတို့၏ Zero sum အတွေးနှင့် ဗျူဟာ Strategy က ကျန်ရစ်ခဲ့သည်။ အမွေဆိုးကို နောင် ခေတ်အဆက်ဆက် ခံယူရင်း - ကွန်မြူနစ်တို့၏ ဗျူဟာအမှားနောက် ဆက်လက်နင်းခဲ့ကြသည်။ Zero Sum game ကို ကစားလိုလျှင် (အင်အား) တည်ဆောက်ရမည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သလို လူတော်တွေကို ဘက်ပေါင်းစုံက စည်းရုံး (ဆွဲစေ့) ရမည်။ လူတော်တွေကို လိုချင်ရင် ဒီလူတွေကို နေရာပေးရမည်။ အောက်ခြေလူတန်းစား (Grass root) သာမက အဆင့်ဆင့်တွင် ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်ရမည်။ Next Generation ဟု ခေါ်သည့် နောက်ခေတ်လူငယ်များကို ပြုစုပျိုးထောင် မွေးထုတ်နိုင်ရမည်။ အခုတော့ ဒီလိုမဟုတ်။ ပြည်တွင်းပြည်ပ (လူကြီး) များက (ရာသက်ပန်) နေရာယူထားကြသည်။ (ငါတို့ အစု) သာ လုပ်ပိုင်ခွင့်ရှိသည်ဟု ခံယူကြကာ မဆလစိတ်ဓာတ် အပြည့်နှင့် (မလုပ်၊ မရှုတ်၊ မပြုတ်) ခံယူချက်နှင့် အပြင်လူ အဝင်မခံ။
တောင်အာဖရိကတွင် မင်ဒဲလား (Mandela) ဦးဆောင်သော အေအင်စီ (ANC) တို့ အနိုင်ရသည်ကို ကြည့်လျှင် မင်ဒဲလားက သတ္တိရှိရှိနှင့် အသားရောင် ခွဲခြားနှိပ်ကွပ်သော အပါသိုက် Apartheid စနစ်ကို ထောင်ထဲတွင် စွန့်စားတိုက်ပြနေချိန်တွင် အောလီဘာတမ်ဘို (Oliver-Tambo) က ပြင်ပတွင် ခေါင်းဆောင်မှုပေးကာ အင်အားကို တည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံတကာ ထောက်ခံမှုကို အရယူနိုင်ခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှုကို ဦးဆောင်နိုင်ခဲ့သည်။ မင်ဒဲလားသည် အတိုက်အခံ အုပ်စု၏ ရုပ်လွှာ Icon သတ္တိ၊ အောလီဘာတမ်ဘိုက ပြင်ပမှ ခေါင်းဆောင်မှုတို့ ဟန်ချက်ညီစွာ ခေါင်းဆောင်နိုင်ခဲ့ကြသည်။ ဒေါ်စုသည် မင်ဒဲလားကဲ့သို့ သတ္တိရှိသော ခေါင်းဆောင်။ ဒေါ်စု၏ သတ္တိကြောင့် မြန်မာသာမက တကမ္ဘာလုံးက ထောက်ခံလျက်ရှိသော ခေါင်းဆောင်။ သို့သော် ဤထောက်ခံမှုကို (အင်အား) ဖြစ်အောင် ခေါင်းဆောင်နေရာယူထားသည့် လူကြီးများက မတည်ဆောက်နိုင်ကြ။ တည်ဆောက်ရမှန်းပင် သိပုံမပေါ်ကြ။
အဝေးရောက် အစိုးရအဖွဲ့သာ လုပ်တတ်ခဲ့လျှင်၊ နိုင်ငံရေး နားလည်ခဲ့ကြလျှင်၊ အောက်ခြေကို စည်းရုံးသူတွေက စည်းရုံး၊ နိုင်ငံခြားအစိုးရတွေကို လော်ဘီလုပ်သူတွေက လော်ဘီလုပ်၊ စီးပွားရေးပိတ်ဆို့မှု (Sanctions) ကို ဦးစီးသူတွေက ဦးစီး၊ တိုက်ပွဲဝင်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် အကောင်အထည် ဖော်နိုင်ခဲ့ကြလျှင် (အင်အား)လည်း တဖြေးဖြေး တိုးတက်လာပြီး ထောက်ခံမှုလည်း တဖြေးဖြေး ကြီးထွားလာစရာ အကြောင်းရှိပါသည်။ အခုတော့ အနှစ် ၂ဝ လုံးလုံး (လုပ်ကြပါ၊ လုပ်ကြပါ) ဟု ကမ္ဘာပတ်၊ လိုက်အော်ကာ ပိုက်ဆံလိုက်တောင်း၊ ငွေတွေသုံး၊ အချိန်တွေòဖံး၊ အခွင့်အရေးတွေ ရှုံးခဲ့ရသည်မှာ တွေးတတ်လျှင် ရင်နာစရာ ကောင်းလှပါသည်။
လူကြီးများက အတွင်းစည်းဝိုင်းကာ လူနည်းစု သက်သက်နှင့်သာ အနိုင်တိုက်လိုကြသည်။ အနှစ် ၂ဝ ကျော် လာသည့်တိုင် စည်းဝိုင်းသာ ကျဉ်းသွားသည်။ တိုးတက်မှုမရှိ။ တိုင်းပြည်ပြင်ပတွင် ၅ ဦး တဖွဲ့နှင့်၊ ကိုယ့်စည်းကိုယ်တားကာ ကြိတ်ဝိုင်းတွေနှင့် အစိတ်စိတ်အမွှာမွှာ ကွဲနေကြသည်။ ကြိုးဝိုင်းအပြင် ရောက်နေကြသည့် အုပ်စုများမှာ မဆလစိတ် အပြည့်နှင့် zero-sum ဗျူဟာကိုင်ကာ အချင်းချင်း ဝိုင်းဆဲနေကြသည်ကိုပင် နိုင်ငံရေး စွန့်စားမှုကြီးသဖွယ် ထင်နေကြသည်။ သူ့ထက်ငါ သတ္တိရှိပြနေကြသည်။ သံရုံးရှေ့ ဆန္ဒပြခြင်း၊ ရှည်လျားလှသော ကြေညာချက်များ ထုတ်ပြန်ခြင်း၊ Website ထောင်၍ လူတကာကို ဆဲဆိုကြခြင်းကိုပင် နိုင်ငံရေး လုပ်နေကြသည်ဟု ယူဆကာ ဘဝမြင့်နေကြသည်။ နအဖ စစ်အစိုးရကို များများဆဲနိုင်သူကို ခေါင်းဆောင်အဖြစ် မှတ်ယူကာ ပုံရိပ်ကို အရောင်တင်နေကြသည်။ အင်အား မတည်ဆောက်နိုင်လျှင် တဦးပြီး၊ တဦး အိုပြီး သေမင်းခေါ်ရာ လိုက်ကြရမည်။ အာဏာရှင်စနစ် ပြိုကွဲမည် မဟုတ်ပါ။
ယနေ့နိုင်ငံရေး အခြေအနေကို သုံးသပ်ရလျှင် ခေါင်းပိုင်းတွင် ဒေါ်စုသည် အနစ်နာခံကာ အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော်လည်း ဒေါ်စုနောက်က အင်အားအဖြစ် ပံ့ပိုးရမည့် ဒုတိယအဆင့် ခေါင်းဆောင်ပိုင်း မရှိပါ။ (စကားချပ်။ ။ ဦးဝင်းတင် လွတ်မြောက်လာ၍ မျှော်လင့်ချက် တက်လာသည်။ NLD-LA တွင် လူငယ်များ နေရာရလာခြင်းမှာ အားရဖွယ်ဖြစ်သည်။) တနည်းအားဖြင့် ခါးပြတ်နေပါသည်။ အတွင်းနှင့် အပြင်တွင် အုပ်စုအသီးသီးဖွဲ့ကာ အုပ်စုအချင်းချင်း အားပြိုင်နေကြသော်လည်း အချင်းချင်း အချိတ်အဆက် မရှိကြ။ စည်းဝိုင်းဖွဲ့ထားကြသော စက်ဝိုင်းများ မချိတ်မိကြ။ တကမ္ဘာစီ ဝေးနေကြသည်။ နောက်ဆုံး အချိန်ကြာလာတော့ ဒေါ်စုဆိုင်းဘုတ်ကို ထောင်ပြီး ခွင်ရိုက်စားရသည့် နိုင်ငံရေးလုပ်စားများ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။ ပုံရိပ်နိုင်ငံရေးကြောင့် ပြိုင်ဆိုင်မှုများလာကာ အောက်ခြေတွင် ညီညွတ်မှု မရှိကြ၍ (အင်အား) မတည်ဆောက်နိုင်ကြပါ။ မြေစာပင်ဖြစ်ရသူများမှာ အသက်စွန့်၍ တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက သူရဲကောင်းများနဲ့ ပြည်သူတွေသာ ဖြစ်တယ်။
၈ လေးလုံး လူထုတော်လှန်ရေးကြီးနှင့် ရွှေဝါရောင် တော်လှန်ရေးအကြား ၁၉ နှစ် ရှိပါသည်။ ဤ ၁၉ နှစ်အတွင်း တော်လှန်ရေး အင်အားစုအတွင်း ဘာများ ပြင်ဆင်နိုင်ခဲ့ပါသလဲ။ ဘာမှ မပြင်ဆင်နိုင်ခဲ့ကြပါ။ ၈၈ အုပ်စုနောက်ပိုင်း မျိုးဆက်သစ်ခေါင်းဆောင်များ မပေါ်ပေါက်ခဲ့တော့ပါ။ အကြောင်းမှာ လူငယ်လူသစ်များကို ပြုစုပျိုးထောင်ပေးလိုစိတ် မရှိကြ။ ပေးရမည်ကိုပင် မသိကြရုံမက နေရာရထားသည့်သူများက မဆလစိတ်ဓာတ် အပြည့်နှင့် ထိုင်ခုံ မဖယ်ပေးလိုကြ။ အချိန်တွေသာ ကုန်သွားသည်။ တိုးတက်မှု မရှိကြသည်ကိုလည်း ဂရုမပြုနိုင်ကြ။ မျက်စိမှိတ်ကာ လုံးဝ အနိုင်ရရေးကိုသာ ဇွတ်အော်နေကြသည်။ လုံးဝအနိုင်ရရန် လိုအပ်ချက်များကို မစဉ်းစားကြ။ မပြင်ဆင်ခဲ့ကြပါ။
ရလာဒ်မှာ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာသောအခါ ဦးဆောင်ရမည့် ခေါင်းဆောင်နှင့် အဖွဲ့အစည်း မရှိဘဲ နိုင်ငံရေးအရှိန်၊ တိုက်ပွဲအရှိန်ကို မမြှင့်နိုင်ကြ။ ထို့ကြောင့် စစ်အစိုးရက ဂမ်ဘာရီကို ဘန်းပြ၍ ဒေါ်စုနှင့် လှည့်၍ မျှော်လင့်ချက် ပေးလိုက်တဲ့အခါ၊ စစ်အစိုးရရဲ့ နိုင်ငံရေး၊ ထောင်ချောက်ထဲကို တန်းဝင်သွားကြရတာပါ။ ဒေါ်စုကိုယ်နှိုက်လည်း အသုံးချခံလိုက်ရတယ်လို့ ခံစားရမိတယ်။
လက်ရှိဖြစ်ရပ်များနှင့် နိုင်ငံရေး အခြေအနေကို သုံးသပ်ရာတွင်၊ အမှန်တရားကို အခြေပြု၍ သတ္တိရှိရှိ ဝန်ခံစိတ်နှင့် သုံးသပ်ကြည့်လျှင် စစ်အာဏာရှင်အစိုးရနှင့် အတိုက်ခံတို့သည် ဒီမိုကရေစီကို အခြေပြု၍ တိုက်ပွဲဝင်နေကြခြင်းဟု ယေဘုယျအားဖြင့် ပြောနိုင်သော်လည်း ကျင့်စဉ်များမှာ မဆလစိတ်ဓာတ်ကို အခြေပြုသော ကွန်မြူနစ် ကျင့်စဉ်များသာ ဖြစ်သည်။ ဦးနေဝင်းသည် ၎င်း အာဏာတည်မြဲရေးအတွက် ကွန်မြူနစ်တို့၏ ဗဟိုဦးစီးစနစ်ကို ယူလာကာ စစ်ဗိုလ် လူထွက်များနှင့် ကွန်မြူနစ်လူထွက်များကို အားယူကာ "မဆလ" ပါတီကို တည်ထောင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် "အာဏာ" ကို ရအောင် မတိုက်နိုင်သောအခါ အာဏာရနေသော "မဆလ" ပါတီသို့ ကွန်မြူနစ် အများအပြား ဝင်ရောက်ကာ တဆင့်ခံ အာဏာကို ဝင်ရောက်ရယူခဲ့ကြသည်။
၎င်းတို့နှင့်အတူ ကွန်မြူနစ်ပါတီမှ အကျင့်ဆိုးများ ပါလာကာ ဗဟိုဦးစီးစနစ်ဆိုးမှ စီးဆင်းလာသော မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးကြီးသည် မြန်မာပြည်တပြည်လုံး ပြန့်နှံ့ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ ကျနော့်အမြင်ကို တင်ပြရလျှင် ဦးနေဝင်း၏ အမွေဆိုးမှာ စစ်အာဏာရှင်စနစ်ကို ၎င်းကိုယ်ကျိုးအတွက် ထူထောင်ခဲ့သည်သာမက မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးကို တပြည်လုံးကို ဖြန့်၍ တိုင်းပြည်ကို ဖျက်ဆီးခဲ့ခြင်းပင် ဖြစ်သည်။ ဒီစိတ်ဓာတ်နှင့် ဒီအကျင့်ကို မြန်မာတပြည်လုံး မဖျောက်နိုင်ကြသေးပါ။
နအဖ စစ်အစိုးရသည် မဆလစိတ်ဓာတ်ကို အခြေခံ၍ ဖက်ဆစ် အာဏာရှင်တို့၏ ကျင့်ထုံးအတိုင်း အာဏာသုံး၍ အများပြည်သူကို နိုပ်ကွပ်ရာမှ ဦးနေဝင်းခေတ်ကထက် ပိုမိုယုတ်မာနှိပ်စက်သော ဖက်ဆစ်ရုပ်ပုံ ပိုပေါ်လာသည်။ ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ် မုန်တိုင်းတွင် ဗိုလ်ချုပ်သန်းရွှေ၏ ဖက်ဆစ်ရုပ်သည် ပိုပေါ်လွင်လာကာ စစ်တပ်က (ပြည်သူ) ကို (ရန်သူ) အဖြစ် သတ်မှတ် ဆက်ဆံလာသည်မှာ ထင်ရှားလာပါသည်။
စစ်အာဏာရှင်ပီပီ ဗိုလ်ချုပ်သန်းရွှေသည် အာဏာနှင့် ရာထူးကို လက်မလွှတ်နိုင်။ အောက်က ဗိုလ်ချုပ်များ၏ ထောက်ခံမှုရရန် ဆရာ၊တပည့် ကြည့်ရှုသည့် Patronage စနစ်ကို ကျင့်သုံးကာ လူတွေကို ငွေနှင့် အာဏာပေးကာ ခိုင်းစားခဲ့ရသည်။ ခိုင်းစားလျက်လည်း ဖြစ်သည်။ အဆင့်ဆင့် အာဏာနှင့် ငွေပေး၍ ခိုင်းစားကြရာက တိုင်းပြည်လည်း မွဲ၍ မြန်မာပြည်လည်း "သူခိုး" နိုင်ငံဖြစ်ခဲ့ရပြီ။ မဆလ စိတ်ဓာတ်ကို အခြေခံခဲ့ရာမှ စစ်အာဏာရှင်စနစ်ဆိုးတို့ သွားရာလမ်းအတိုင်း လက်ရှိ နအဖ အစိုးရသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်စိတ်ပျောက်ကာ တကိုယ်ကောင်းစိတ် အစွန်းရောက်သော ဖက်ဆစ်စစ်စစ် ဘဝသို့ ရောက်ကာ တိုင်းပြည်လည်း တရုတ်ကျွန်ဘဝ ရောက်ခဲ့ရပြီ။ ဗိုလ်ချုပ်သန်းရွှေကတော့ စိန်စီသော သမီးများ ခြံရံလျက် ပုလ္လင်ထက်မှ မဖယ်နိုင်ရှာသေးပါ။
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်ကြီးများကို ကြည့်လျှင်လည်း အများစု၏ အခြေခံမှာ မဆလ စိတ်ဓာတ်နှင့် ကွန်မြူနစ်တို့၏ အကျင့်ဆိုးများပင် ဖြစ်သည်။ အစိုးရ၏ ဖမ်းဆီး နှိပ်ကွပ်ခြင်းဘေးမှ ကင်းလွတ်ခဲ့ကြသော အတွင်းနှင့် အပြင် ခေါင်းဆောင်ပိုင်းကို ကြည့်လျှင် မိမိတို့၏ ရာထူးနှင့် ရပိုင်ခွင့်များကို မစွန့်လွှတ်လိုကြ။ ဒီမိုကရေစီ တိုက်ပွဲဝင် နေကြသူများပင် ဖြစ်သော်ငြားလည်း ဝေဖန်မှုကို မခံနိုင်ကြ။ ဒီမိုကရေစီ ကျင့်စဉ်တွင် မရှိမဖြစ်သော Transparency ဟု ခေါ်သည့် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်မှုကို မလိုလား။ ကြိတ်ဝိုင်းကလေးများ ဖွဲ့ကာ ကြိတ်စားနေကြသည့် အကျင့်က မပျောက်ကြ။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း Critical Thinking ကို ဦးစားမပေး။ "ငါပြောတာ နားထောင်၊ ငါခိုင်းတာ လုပ်၊ ပြန်မပြောနဲ့" ဟူသော အကျင့်ဆိုးကို မဖျောက်နိုင်ကြသေးပါ။ အချိန်ကြာလာသောအခါ တော်လှန်ရေး အနိုင်ရရှိရေးထက် ကိုယ့်အဖွဲ့၊ ကိုယ့်အုပ်စု၊ ကိုယ့်ရာထူး တည်မြဲရေး အဓိက ဖြစ်လာကြပါတော့သည်။
နအဖ အစိုးရက အာဏာကို သုံး၍ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မပြုကျင့်ကာ ခိုးစားလာကြသည်။ ဒီမိုဘက်သားများက ဒေါ်စု အမည်ကို အသုံးပြုကာ လုပ်စားလာကြပါတော့သည်။ ဤသို့ ဖြစ်ရသည်မှာ နှစ်ဖက်စလုံး၏ အခြေခံမှာ ဦးနေဝင်း အမွေပေးခဲ့သော မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးဖြစ်သည်။ မဆလ စိတ်ဓာတ်နှင့် အကျင့်တို့ အဖျားခံရာသည် ဗဟိုဦးစီးစနစ်နှင့် မက်(စ်) Marx အတွေးအခေါ် ဖြစ်သည်။ ဤသည်တို့မှ ပုံရိပ်နိုင်ငံရေး မိမိဘက်အနိုင်ရရေး Zero Sum Game အတွေးအခေါ်တို့သည် ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေးတွင် လွှမ်းမိုးလျက်ရှိသည်။
ဤအခြေအနေကြားမှ အလင်းရောင်တန်းတခုကို မြင်မိ၍ အားတက်မိသည်။ လူကြီး၊ လူလတ်ပိုင်း (၄ဝ-၇ဝ) တန်းများကြားတွင် ပုံရိပ်နိုင်ငံရေးကို ဖက်ပြီး အချင်းချင်း နှိပ်ကွပ်ကာ နိုင်ငံရေးအသေသတ်ရန် ကြိုးစားနေသော်ငြားလည်း အင်တာနက်ခေတ်တွင် ကြီးပြင်းလာကြသော လူငယ်ပိုင်းတွင် Critical Thinking ဟု ခေါ်သည့် ဝေဖန်ပိုင်းခြားစဉ်းစားမှု အတွေးရှိကြသည်။ ပြောတိုင်းမယုံကြ။ လေ့လာပြီးမှာ လက်ခံပုံရသည်။ ပြည်တွင်းတွင် ခေတ်ပေါ် Wave မဂ္ဂဇင်းမျိုး ဖတ်ရှုလေ့လာ နှစ်သက်လာကြသည်။ လူကြီးများက လူငယ်များကို ပြုစုပျိုးထောင်ပေးဖို့လိုသည်ဟု မြင်မိသည်။ ထို့ထက် တလှမ်းတိုးဖို့ လူငယ်တွေအတွက် နေရာပေးဖို့လိုသည် ဆိုချင်သည်။ ၈၈ မျိုးဆက် ပြီးကတည်းက လူငယ်မျိုးဆက်သစ်တို့ နေရာ မရကြ။ လူငယ်လှိုင်း (New Wave) ကို ဖော်ထုတ်ဖို့ လိုသည်။
အရေးအကြီးဆုံး အမြင်တခုမှာ ဒီလူငယ်တွေကို လူကြီးတွေ၏ "ဆိုးမွေ" ဖြစ်သော ပုံရိပ်နိုင်ငံရေး၊ လူချနိုင်ငံရေးကို လူငယ်မျိုးဆက်များကို မပေးကြဖို့ တိုက်တွန်းစေချင်သည်။ မဆလ စိတ်ဓာတ်ကို လက်ဆင့် မကမ်းမိရန် သတိပြုစေချင်သည်။
အမှားကို မြင်မှ အမှန်ကို ပြင်နိုင်မည်။
အမှားကို ဝန်ခံမှ အမှန်ကို ပြင်ချင်စိတ်ရှိမည်။
နိုင်ငံရေးမှာ "အင်အား" မရှိဘဲ "အာဏာ" မရနိုင်ပါ။
"အာဏာ" ရဖို့ အဖွဲ့အစည်းနှင့် နိုင်ငံရေး အဆောက်အဦ Political Infrastructure ကို တည်ဆောက်ရမည်။
ညီညွတ်မှ "အင်အား" ရပါမည်။
အင်အား မရှိလျှင် အပြင် အင်အား UN/US၊ ကို အားကိုးနေကြရပါမည်။
နအဖကို လက်ဖြန့်တောင်း၍ မရပါ။
တိုက်ယူမှ ရပါမည်။
စနစ်မပြောင်းဘဲ၊ တိုင်းပြည် မထူထောင်နိုင်ပါ။
နိုင်ငံတကာအလယ်တွင် ကျနော်တို့ မြန်မာနိုင်ငံ နောက်ကျကျန်ခဲ့ပြီ။ အချိန်တွေ ဖြုံးနေဖို့၊ အခွင့်မရှိတော့ပါ။ ညီညွတ်ရန် အချိန်တန်ပါပြီ။
ကျနော် ဘာကြောင့် ပုံရိပ်နိုင်ငံရေးကို ရေးရတာလဲ။
မဆလ စိတ်ဓာတ်၊ ဇီးရိုးဆမ်း (Zero Sum) အစွဲ၊ ကျနော်တို့ အားလုံးဟာ နိုင်ငံရေး (အတွေး) အမှောင်ထုအထဲက မထွက်နိုင်ကြသေးပါ။ ဒီအတွေးအမှောင်ထဲမှာ ရွာလည်နေကြတုန်း၊ ကွန်မြူနစ်တွေရဲ့ လူချတဲ့ ဉာဉ်ဆိုးကို အတုယူပြီး (လူချ)တဲ့ သံသရာဝဲမှာ လည်ရင်း (ညီညွတ်မှု)ကို မတည်ဆောက်နိုင်ကြဘူး။ ဒီစိတ်ဓာတ်ဆိုး၊ အတွေးဆိုး၊ အကျင့်ဆိုးတွေက လွတ်ထွက်ပြီး၊ လက်တွေ့ကျတဲ့ ပေါ်လစီနဲ့ ညီညွတ်မှုကို တည်ဆောက်ပြီး၊ ဒီမိုကရေစီအောင်ပွဲ ခံစေချင်တဲ့ စေတနာနဲ့ ပုံရိပ်နိုင်ငံရေးကို တင်ပြ ဆွေးနွေးရခြင်း ဖြစ်ပါသည်။
ကျနော်တိုက်တာ "အတွေးအခေါ်" နဲ့ "အကျင့်စရိုက်" ကို တိုက်တာပါ။ "ပါတီ" ကိုသော်၎င်း၊ "လူပုဂ္ဂိုလ်" ကိုသော်၎င်း၊ တိုက်တာ မဟုတ်ပါ။
တခုတော့ သတိပြုစေချင်ပါသည်။ ဆောင်းပါးတစောင်၊ စာတပုဒ်၊ အတွေးအခေါ် ပါသည့် နိုင်ငံရေး စာစောင်တခုကို ဖတ်ရာမှာ၊ မိမိ၏ "အသိ" knowledge ၊ ဘဝဖြတ်သန်းမှု၊ မိမိ၏ နိုင်ငံရေး ခံယူချက်အပေါ် မူတည်ပြီး၊ "နားလည်မှု" ကွာခြားနိုင်ပါသည်။
ညအခါ မိုးကောင်းကင်ကို မော်ကြည့်လိုက်ပါ။ မှိတ်တုတ်၊ မှိတ်တုတ် အရာကလေးများကို တွေ့မြင်ရပါလိမ့်မည်။ ယေဘုယျအားဖြင့် "ကြယ်" ကလေးတွေဟု တွေးထင်ကြပါလိမ့်မည်။ အားလုံးသည် ကြယ်တွေ မဟုတ်ကြပါ။ တချို့မှာ "ဂြိုဟ်" Planets ဖြစ်ကြ၍၊ တချို့မှာ ကြယ်သန်းပေါင်းများစွာ ပါဝင်သော "ကြယ်အစု" Galaxies – များကို မှိတ်တုတ်၊ မှိတ်တုတ် "အစက်အပြောက်" ကလေးအဖြစ်သာ၊ သာမာန်မျက်စိဖြင့် တွေ့မြင်ကြရပါမည်။ အားကောင်းသော မှန်ဘီလူး၊ မှန်ပြောင်း (Telescopes) များနှင့် ကြည့်မှ ခွဲခြားသိမြင်နိုင်ပါသည်။ အားကောင်းသည့် မှန်ပြောင်းအပေါ် မူတည်၍ "အမြင်" ကြည်၊ မကြည်၊ ခွဲခြားနိုင်ပါသည်။ ထို့အတူ စာဖတ်သူ၏ နောက်ခံ "အသိ" Background Knowledge – အပေါ် မူတည်၍၊ ဆောင်းပါး၏ ရည်ရွယ်ချက်၊ အတိမ်အနက်ကို နားလည်မှု ပြောင်းလဲ၊ ပြောင်းလွဲသွားနိုင်ပါသည်။
"အသိ" အပြင်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံအရလည်း "အမြင်" ပြောင်းလဲသွားနိုင်ပါသည်။
ကောင်းကင်ပေါ်မှ ကြယ်၊ ဂြိုဟ်တို့ကို လေ့လာသည့်ပညာ Astronomy "နက္ခတဗေဒ" အပေါ် မူတည်၍ ဖြစ်ပေါ်ခဲ့သော တကယ့် အဖြစ်အပျက်ကလေးနှင့် ဥပမာပြပါရစေ။ လွန်ခဲ့သည့် ၃-၄ လလောက်က ထင်ပါသည်။ အမေရိကန် ပြည်ထောင်စုရှိ လော့(စ်)အိန်ဂျိလိ(စ်) Los-Angeles-မြို့၏ မြို့တော်ဝန် အစည်းအဝေးတွင် လူဖြူရပ်ကွက် ကိုယ်စားလှယ်နှင့် လူမဲရပ်ကွက် ကိုယ်စားလှယ်တို့ အငြင်းအခုန် ဖြစ်ရာက၊ လူဖြူရပ်ကွက် ကိုယ်စားလှယ်က 'Black-Hole' ဟူသော စကားအသုံးအနှုံးကို သုံးစွဲခဲ့ပါသည်။ နက္ခတဗေဒ အရ Black Hole ဆိုသည့်အရာမှာ၊ Gravity "ဆွဲအား" ကြီးမားလွန်းသဖြင့် ၎င်း၏စက်ဝန်း Event-Horizon အတွင်း ကျရောက်သွားသော အလင်းရောင် Light ပင် ပြန်မထွက်လာနိုင်တော့ပါ။ ထို့ကြောင့် ပြန်ပေါ် မလာတော့သော အရာ (သို့မဟုတ်) လုံးလုံး ဆုံးပါးသွားပါလျှင် Black-Hole ဟု တင်စားလေ့ ရှိပါသည်။ သို့သော် သာမာန်အတွေးနှင့် ရိုးရိုးတွေးခဲ့လျှင်Black ဆိုသည်မှာ "အမဲ"၊ Hole ဆိုသည်မှာ "အပေါက်"၊ အမဲအပေါက်ဟု အဓိပ္ပာယ် ဖော်နိုင်ပါသည်။ ထို့ကြောင့် လူမဲရပ်ကွက်မှ ရပ်ကွက်လူကြီးက သူ့ကို လူမဲဖြစ်၍ သက်သက်စော်ကားသည်၊ နှိမ်ပါသည်ဟု ထင်မြင်ကာ ဒေါသူပုန် ထပါတော့သည်။ ရှင်းပြ၍မရ၊ တောင်းပန်၍ မရတော့ပါ။ ထို့ကြောင့် နောက်တနေ့ သတင်းစာများတွင် ပါလာကာ ကမ္ဘာအနှံ့ သတင်းပြန့်ကာ အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် ကျနော်က စေတနာသန့်သန့်နှင့် တင်ပြဆွေးနွေးသည်ကို တလွဲကောက်ကာ စွပ်စွဲ တိုက်ခိုက်လာပါလျှင် ကျနော် ဘာမှ တတ်နိုင်မည်မဟုတ်ပါ။ လူတဦးတယောက်စီ၏ နားလည်မှု (အသိ)၊ စာဖတ်အား၊ ဗဟုသုတနောက်ခံ၊ ဘဝဖြတ်သန်းမှုများကို ကျနော် သိနိုင်စွမ်း မရှိပါ။
ဝါဒအတွေးခေါင်သူများ၊ သဘောတရား တာလီဘန်များ (Idealogy Talibans) ၊ လက်ဝဲသူငယ်နာ မစင်သေးသူများက ယုတ်ညံ့သော အသုံးအနှုန်းများနှင့် စော်ကားတိုက်ခိုက်လာလျှင်၎င်း၊ ပြည်သူတဦး၊ ဝေဖန်သူတဦးဟု အမည်မဖော်ရဲဘဲ အမှောင်ထဲက လက်သီးပုန်း ထိုးလိုသူများကို၎င်းး၊ ၎င်းတို့နည်းတူ ညစ်ညစ်ညမ်းညမ်း အခြေမဲ့ ပြောဆိုချေပရန် ကျနော့်မှာ အခြေအနေ အခွင့်အရေး မရှိပါ။ အမည်ရင်းနှင့် ဗြောင်ရေးသူမို့ မိဖမျက်နှာ အိုးမဲမသုတ်ရဲပါ။ ထိုသူအသီးသီးကို အစွဲလွန် (ပုံရိပ်နိုင်ငံရေး) သမားများအဖြစ် နားလည်ပေးရုံသာ ရှိပါသည်။
ရိုးရိုးသားသား အမြင်မတူသူ၊ ကျနော်၏ တင်ပြဆွေးနွေးချက်များကို လက်မခံသူတို့၏ ဝေဖန်မှုများကို အစဉ်ကြိုဆိုလျက်ရှိသည်ကို စာဖတ်ပရိသတ်ကြီးအား သိစေလိုပါသည်။
ဘိုဘိုကျော်ငြိမ်း
ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်
မြင့်မောင်၊ ဝိုင်းပီး အောက်တိုဘာလ 2008
ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။
ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။
ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။
မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။
ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တယ်။
မေး။ ဘယ်လို အဖမ်းခံခဲ့ရလဲ ဘုရား။
ဖြေ။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ၊ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကို စစ်အစိုးရက ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ ဦးဆောင် ဆရာတော်တွေဟာ ရှောင်တိမ်းနေရတယ်။ ဦးဇင်းလည်း အပါအဝင်ပေါ့။ အဲဒီလို ရှောင်တိမ်းချိန်မှာ ဦးဇင်းကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက် စီးနှင်း ရှာဖွေခဲ့တယ်။ ကံကောင်း ထောက်မစွာဖြင့် ဦးဇင်းက အပြင်ကို ရောက်နေခဲ့တယ်။ ဒီသတင်းတွေကြားတော့ ဦးဇင်းလည်း မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။
ဖမ်းတဲ့ အချိန်က အောက်တိုဘာက ၁၈ ရက်နေ့၊ ည ၇ နာရီလောက် ရှိမယ် ထင်ပါတယ်။ အဲဒီအချိန်မှာ မုံရွာမြို့က soft link internet café မှာ အင်တာနက် အသုံးပြုနေတုန်း အဲဒီမှာ ဆိုင်ပိုင်ရှင်က ဖုန်းဆက်ပြောပုံ ရတယ်။ ခဏနေတော့ ပြန်အထွက်မှာ ရဲတွေရောက်လာပြီး ဖမ်းဆီးခံလိုက်ရတာ။
မေး။ ဖမ်းတုန်းက ဘယ်သူတွေ ပါသလဲ ဘုရား။ ပြီးတော့ ဘယ်ကို ခေါ်ဆောင်သွားလဲ။
ဖြေ။ လုံထိန်းရဲတွေ ပါတယ်၊ စစ်သားတွေ ပါတယ်။ အစိတ် (၂၅ ယောက်) - ၃ဝ လောက်ရှိမယ် ထင်တယ်။ သူတို့က ဦးဇင်းကို မေးစရာရှိလို့ ဆိုပြီးတော့ စခန်းကို ခဏလောက် လိုက်ခဲ့ပါလို့ ပြောတယ်။ ဦးဇင်းက ‘မေးစရာရှိရင် ဒီနားမှာ မေးပါ၊ ဘာမေးစရာ ရှိလို့လဲ’ ဆိုတော့ ‘စခန်းရောက်မှ ဖြေပါ။ စခန်းကျမှ မေးပါလိမ့်မယ်’ ဆိုပြီးတော့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။
မေး။ စစ်ဆေးတာကရော ဘယ်လိုလဲ ဘုရား။
ဖြေ။ ဦးဇင်းဖြေတဲ့ အဖြေက သူတို့ စိတ်တိုင်းကျ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ အဖြေမဟုတ်ဘူးဆိုတော့ အဆိုးဆုံးက စရဖ အရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က ဦးဇင်း ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ ပေါက်တယ်။ နောက်ပြန် လက်ထိပ် ခတ်ထားတယ်။ မေးခွန်းတခု မေးတိုင်း ဦးဇင်းကို နားရင်းပါးရင်း ရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်။ ဦးဇင်းလည်း မေ့မြောသွားအောင် ခံစားရတယ်။ နောက်က ပြစ်ရိုက်တာ ရှေ့စားပွဲပေါ် မှောက်သွားတာပဲ။ နောက်ဆုံးတော့ ဦးဇင်းလည်း လုံးဝ မခံနိုင်တော့ဘူး။ ဦးဇင်းရဲ့ လက်အကြောတွေ၊ လက်တွေကို ချိုးတာပေါ့။ ကျဉ်ကြောတွေ နှိပ်တယ်။
နံကြားတွေကို ထောက်ပြီးတော့ မ’တာတွေ ရှိတယ်။ နားရင်းတွေကို ရိုက်တယ်။ နားရွက်တွေကို ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ်ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက ဦးဇင်း ထောင်ကျတဲ့ အချိန်ထိ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ ဦးဇင်း လုံးဝ မခံနိုင်တော့တဲ့အတွက် ဘာလုပ်လဲဆိုတော့ ဒီဝေဒနာတွေ မေ့သွားတာ ကောင်းတယ်ဆိုပြီးတော့ ဦးဇင်းရှေ့က ရှေ့မှာ ရှိတဲ့ စားပွဲကို ခေါင်းနဲ့ ပစ်ဆောင့်လိုက်တယ်။ ဘေးမှာရှိတဲ့ ရဲစခန်းမှူး ဦးအောင်ဝင်းက အတင်း ဦးဇင်းကို ဖက်ပြီးတော့ ‘ဦးဇင်း ... အဲဒီလို မလုပ်ပါနဲ့။ တပည့်တော်တို့က တာဝန်အရ လုပ်ရတာပါ။ အထက်က ညွှန်ကြားချက်အရ လုပ်ရတာပါ’ လို့ ပြောတယ်။
ဦးဇင်းက အဲဒီဟာမျိုး လုပ်လိုက်တော့ တဖြေးဖြေးနဲ့ လက်လျှော့ သွားတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိက နေ့ရော၊ ညပါ စစ်ဆေးတယ်။ ရေတောင် သောက်ခွင့်မပေးဘူး။ သူတို့အထက်က လူကြီးတွေ လာတဲ့အခါမှာ ခေါ်ပြီးတော့ စစ်ဆေးတယ်။ လူကြီးတယောက် လာလို့ရှိရင် တခြားအခန်းကို ပြောင်းပြီး စစ်ဆေးတယ်။ ‘လုံးဝ အဖြေမှန်မပေါ်ရင် အဖြေမှန်ပေါ်အောင်သာ စစ်ကွာ’ ဆိုပြီးတော့ အမိန့်ပေးတယ်။ နောက်ပိုင်းကျတော့ ဦးဇင်းကို ဘယ်လောက်ထိ ခြိမ်းခြောက်လဲဆိုတော့ ‘ဦးဇင်းရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ဖယောင်းတိုင် ထွန်းပြီးတော့ စစ်ဆေးမယ်’ ဆိုတာမျိုးထိ ပြောလာတယ်။
သူတို့ ဘာတွေ ထပ်မေးလဲဆိုတော့ ‘၈၈ ကျောင်းသားအုပ်စုကို သိလား၊ သူတို့နဲ့ အဆက်အသွယ်ရလား၊ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ၊ ဘယ်သူတွေ သိလဲ’ ဆိုတော့ ဦးဇင်းက ‘ဘယ်သူတွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူး’ ဆိုပြီး ဖြေလိုက်တယ်။ ‘ငါတို့က အချက်အလက်တွေ ရပြီးသား။ မင်း ဗကသ လား။ ဗကပ လား’ ဆိုပြီးတော့ မေးတယ်၊ စွပ်စွဲတယ်။
ပိုဆိုးတာက ဦးဇင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ အမေရိကန် စင်တာမှာ စာကြည့်တိုက် ကပ်ပြားလေး ပါတော့ သူတို့က ဘာမေးလဲဆိုတော့ ‘အမေရိကန် စင်တာမှာ နိုင်ငံရေးသင်တန်းတွေ တက်တာ မဟုတ်ဘူးလား။ အဲဒီမှာ နိုင်ငံရေး သင်တန်းတွေ ပို့ချနေတယ်၊ ဘာတွေ ပို့ချနေလဲ။ မပြောလို့ရှိရင် ဒီထက် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးမယ်’ တဲ့။
‘အခုချိန်မှာ မင်းဟာ ငါတို့ လက်ခုပ်ထဲမှာ ရောက်နေတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ အဖြေမှန်ပေါ်အောင် မပြောလို့ရှိရင်၊ အဖြစ်မှန်ကို မပြောဘူးဆိုရင် ငါတို့ ရာထူးပြုတ်ရင် ပြုတ်သွား ပလေ့စေ၊ ဒဏ်ရာ အနာတရ မရှိဘဲနဲ့ သတ်တဲ့ နည်းတွေ အများကြီး ရှိတယ်’ လို့ ခြိမ်းခြောက် စစ်ဆေးတယ်။
‘နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အစိုးရကို အကြည်အညို ပျက်စေတဲ့ ရေးသားမှု၊ တရားမဝင် ငွေကြေးကိုင်ဆောင်မှု - ပုဒ်မတွေ အများကြီး တပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ ပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဦးဇင်းကို မုံရွာထောင်ကို ပို့လိုက်တယ်။
မေး။ မုံရွာထောင်တွင်း အခြေအနေကို ပြောပြပေးပါလား ဘုရား။
ဖြေ။ မုံရွာ ထောင်ထဲတုန်းက ဦးဇင်း နောက်ကို အင်ဖော်မာ (သတင်းပေး) တွေ ထည့်ပေးထားတယ်။ ဦးဇင်းက လူတယောက်ကို စကားပြောမယ်ဆိုရင် နောက်ကနေ နားထောင်တာတို့၊ စောင့်ကြည့်တာတို့၊ အဲဒါတွေ လုပ်တယ်။ လူတယောက်နဲ့ စကားပြောပြီးတိုင်း ဦးဇင်းကို ရုံးကို ခေါ်ပြီးတော့မှ ‘သူ့ကို ဘာတွေ ပြောသလဲ၊ ဦးဇင်းနောက်မှာ တပည့်တော်လူတွေ ရှိတယ်၊ မဟုတ်တာတွေ မလုပ်ပါနဲ့၊ ဦးဇင်းကို သိက္ခာချမယ်’ လို့ ပြောတယ်။
မုံရွာထောင်ထဲ ရောက်တော့ စရဖ အရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ ၂ ယောက်ရယ် မုံရွာမြို့ ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့ လာပြီးတော့မှ သိက္ခာ ချခိုင်းပါတယ်။ ဦးဇင်းကို သိက္ခာချခိုင်းတာ အနည်းဆုံး ၃-၄ ကြိမ်လောက် ရှိတယ်။
“မင်းရဲ့ သာသနာဝင် ကဒ်ပြားကို သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်ကနေ လွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့ မရဘူး။ အခုလိုအချိန်မှာ သိက္ခာချမယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်” လို့ ဦးဇောတိက က ပြောသေးတယ်။
ဒုထောင်မှူးကလည်း မကြာခဏ ခေါ်ခေါ်ပြီးတော့မှ သိက္ခာချခိုင်းတာတွေ ရှိတယ်။ ဝိနည်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ နောက် သံဃတပ်ပေါင်းစုနဲ့ ဆက်နွယ်တဲ့ မေးခွန်းတွေ၊ ရွှေဝါရောင် သံဃတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်း မေးပါတယ်။ နောက်ပိုင်းမှ မေးတဲ့ ဒုထောင်မှူးဆိုသူဟာ စရဖ အရာရှိ ဦးစန်းဝင်းရဲ့ လူဆိုတာ သိလာတယ်။
မေး။ မုံရွာထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သံဃာတော်တွေ ဘယ်လောက်ရှိလဲ ဘုရား။
ဖြေ။ မုံရွာထောင်ထဲမှာ အများကြီးပဲ ဒကာကြီး။ အရပ်ဘက် အကျဉ်းသားတွေ ရှိတယ်။ ဘုန်းကြီးတွေ ၆ ပါးလောက် ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၁ဝ ယောက်လောက် ရှိမယ်။ သတိထားမိတာက မြစ်ကြီးနားဘက်က ဦးစောထွန်း ဆိုတဲ့ နိုင်ငံရေးသမားကြီး ရှိတယ်။ သူက တိုက်ပိတ် ခံထားရတယ်။
မေး။ ထောင်ထဲမှာရော ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတွေ ရှိလား။
ဖြေ။ ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတော့ ရှိတာပေါ့။ ရောက်သွားပြီး မကြာမီ ဆရာတော် ဦးဂမ္ဘီရတို့ အဖမ်းခံရတဲ့အတွက် ဦးဇင်းကို လာစစ်ဆေးတယ်။ ‘သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရှိသလဲ။ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ၊ ရွှေဝါရောင်မှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်ဘုန်းကြီးတွေ သိသလဲ’ ဆိုတာတွေ မေးတယ်။ ‘မသိပါဘူး။ ပါလည်း မပါခဲ့ပါဘူး’ လို့ ဖြေလိုက်တယ်။ ဖြေပေမယ့် သူတို့က လုံးဝ လက်မခံဘူး။
မေး။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချပြီးနောက် ဘယ်တွေကို ထောင်ပြောင်းရွှေ့တာတွေ ရှိသေးလဲ ဘုရား။
ဖြေ။ ဦးဇင်းကို ၂၁ ရက်၊ မေလမှာ ကလေးထောင်ကို ပို့တယ်။ ကလေးထောင်မှာ တပတ်လောက်နေပြီး မေလကုန်ပိုင်းလောက်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် လင်တန် ရဲဘက်စခန်းကို ပို့လိုက်ပါတယ်။
မေး။ ကလေးမြို့ ထောင်မှာရော စစ်ဆေး မေးမြန်းတာတွေ ရှိသေးလား။
ဖြေ။ ကလေးထောင်ထဲမှာတော့ စစ်ဆေး မေးမြန်းတာတွေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ရဲဘက်ပို့ဖို့ သံခြေကျင်းတွေ ခတ်ထားပြီလေ။ မုံရွာကနေ ပို့လိုက်တဲ့ အကျဉ်းသား ၁ဝဝ ရှိတယ်။ အားလုံးကို သံခြေကျင်းတွေ ခတ်ထားတယ်။ တချို့ ရဲဘက်ပြေးတွေ ပါတယ်။ စစ်ပေါ်တာတွေ ပါတယ်။ အသက်လုပြီး ပြေးခဲ့တဲ့ သူတွေကို သံခြေကျင်း နှစ်ခု ခတ်ထားတယ်။ မုံရွာထောင်ကနေ ကလေးထောင်ထိ သွားရတဲ့ဟာက သံခြေကျင်းတွေနဲ့ နှစ်ယောက် တတွဲ သွားရတယ်။
မေး။ ရဲဘက်စခန်းကို ဘယ်လိုပို့လဲ ဘုရား။ ဘာအလုပ်တွေ လုပ်ရလဲ။
ဖြေ။ မေလကုန်လောက် ရောက်တဲ့အချိန်ကစပြီး သံခြေကျင်းတွေ ခတ်ပြီးတော့ ဦးဇင်းတို့ကို အလုပ်ကြမ်းခိုင်းပါတယ်။ ထင်းတုံးကြီးတွေ ထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ၊ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို တနင်္ဂနွေနေ့ရက်တွေမှာလည်း ထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့ အခါမှာလည်း ရှေ့ကလူကို နောက်ကလူက မှီအောင် လိုက်ရတယ်။ မမှီတဲ့ လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကို မနိုင်လို့ လဲသွားတဲ့သူတွေကို ခြေတောက်နဲ့ ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။
မေး။ ရဲဘက်စခန်းမှာ အလုပ်ကြမ်းတွေ လုပ်နေရင်း ဦးဇင်းရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိခဲ့လဲဘုရား။
ဖြေ။ စားရတဲ့ အစားအစာကလည်း ပုံစံနဲ့ စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေ ပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်း ပါတယ်။ အဲဒီလို နီရဲနေတဲ့ ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်းသားတွေက ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပြီး ထမင်းကို ဝအောင်မစားရဘူး ဆိုတော့၊ အဲဒီ ရဲဘက်စခန်းကို ရောက်ပြီး နှစ်ပတ် သုံးပတ်လောက်လည်းကျရော လူတွေက မျက်တွင်းတွေ ချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေကျင်းရဲ့ ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေ ပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ ဦးဇင်းကိုယ်တိုင်လည်း သွေးစုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ အဲလို အစားဆင်းရဲတဲ့ဒဏ် အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားက ကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ဝါဆိုလပြည့်နေ့က ပျံလွန်တော်မူသွားရှာတယ်။
မေး။ ရဲဘက်စခန်းမှာ အလုပ်လုပ်လို့ လုပ်အားခရော ရတာမျိုးရှိလား ဘုရား။
ဖြေ။ ရဲဘက်စခန်းမှာ အကျဉ်းသားတဦးက အနည်းဆုံး တနေ့ကို အာဏာပိုင်တွေအတွက် တရက်ကို ၂ဝဝဝ သွင်းရတယ်။ ထောင်အလုပ်မရှိရင် အပြင်က ဝင်ငွေရတဲ့ အလုပ်တွေကို လိုက်လုပ်ရတယ်။ ၂ဝဝဝ ထက်ကျော်ရင်တော့ ထောင်သားတွေအတွက် စားစရာတွေ ဝယ်လို့ရတာပေါ့။
မေး။ ဘာကြောင့်မို့ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တာလဲဘုရား။
ဖြေ။ ဦးဇင်း ရောက်နေတဲ့ လင်တန် ရဲဘက်စခန်းကို အက်စ်ဘီ ၂ ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ ‘သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေ သိလား’ ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ ဦးဇင်းကို ‘သံဃတပ်ပေါင်းစုမှာ ပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရောက်နေလဲ’ ဆိုတာတွေ မေးတယ်။ ဒီလူတွေက ကလေးထောင်ကို ပြန်ပို့ပြီး ပုဒ်မ အသစ်တိုးပြီးတော့ ထောင်ကိုထပ်ပို့မှာ သိလိုက်ရတဲ့အတွက် ဒီည ထွက်မပြေးလို့ မဖြစ်တော့ဘူးလို့ တွေးပြီး ထွက်ပြေးခဲ့တယ်။
မေး။ တီးတိန်မြို့ လင်တန် ရဲဘက်စခန်းကနေ ဘယ်လိုမျိုး ထွက်ပြေးလာခဲ့လဲ ဘုရား။
ဖြေ။ အဲဒီ အလုပ်ကြမ်းစခန်းကို ပထမ တထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုးတွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ ကျော်တက်ခဲ့ရတယ်။ ဟာ ... သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမဲ့ ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ ဟား ည အသက်အန္တရာယ် လွတ်ပြီဆိုတာနဲ့ ရင်ထဲမှာ နည်းနည်း ပေါ့သွားတာပေါ့။ အနာတရကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကို အားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီး ထွက်ပြေးလာခဲ့တယ်။
တချို့ ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကို အားပြုပြီး လေးဘက်ထောက် သွားခဲ့ရတာတွေလည်း ရှိတယ်။ သားရဲတိရစ္ဆာန် အန္တရာယ်ကို စိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထား ပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေ ခူးစားပြီး ၂ ရက်၊ ၂ ည တိတိ မနားမနေ ပြေးခဲ့ရပါတယ်။
တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေးသင့်ဘဲ ဝေးခဲ့တဲ့ ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကို တွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာ စိုးတဲ့အတွက် မဝင်ရဲဘူး။ ပတ်ရှောင်သွားရတယ်။ လမ်းတွေကလည်း မသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီး ရောက်သွားတာတွေ ရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ်တော်တွေကို အဖော်ပြုပြီး မေတ္တာပို့ရင်း ပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲ ပြုနိုင်တော့တယ်။
ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်က ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာကို ပေးတော့ အငမ်းမရ မြိန်ရည်ယှက်ရည် စားလိုက်တယ်။ သခွားသီး ၃ လုံး ရောပေးတော့ စားလိုက်တာနဲ့ ရေဆာလည်း ပြေသွားတယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီ တောင်းလိုက်တော့ သူက လမ်းကြောင်းမှန်ကို ပြပေးတယ်။ ဦးဇင်းလဲ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ ၂ဝဝဝ ပေးလိုက်တယ်။
အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို ရောက်လာခဲ့တယ်။
မေး။ ထွက်ပြေးတုန်းက သံခြေကျင်းနဲ့ပဲလား ဘုရား။
ဖြေ။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို သြဂုတ်လလယ်လောက်မှာ ပိုက်ဆံ ၅ဝဝဝဝ ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။
မေး။ စစ်အစိုးရက သံဃာတော်တွေကို မတရား ဖမ်းဆီးမှုတွေအပေါ် ဘယ်လို ပြောလိုပါသလဲဘုရား။
ဖြေ။ ရက်စက်ယုတ်မာလှပါတယ်ဆိုတဲ့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ သာသနာ့ ဒါယကာလို့ ခေါ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစကားလုံး ရှာမရလောက်အောင် ရက်စက်ပါ့ပေ့လို့ သိလိုက်ရတယ်။
ဒီလိုမျိုး ရက်စက် ယုတ်မာမှုတွေကို ရပ်တန်းက ရပ်ပါ။ အဲလိုမှမဟုတ်ရင် သမိုင်းမှာ ဂျာမဏီက နာဇီဟစ်တလာတို့လို သမိုင်းဆိုး တင်ကျန်ခဲ့မှာ မလွဲပါဘူး။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အာဏာရှင်တွေဟာ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ။ ကမ္ဘာမှာ ရှားရှားပါးပါး နအဖ စစ်အုပ်စုပဲ ကျန်ပါတော့တယ်။ နအဖ စစ်အုပ်စုသာ အမြင်မှန်ရမယ်ဆိုရင် အချိန်တွေ ကျန်ပါသေးတယ်။ သူတို့ရဲ့ နှလုံးသားမှာ စူးဝင်နေတဲ့ အမုန်းတရား၊ အာဃာတ တရားတွေဟာ သူတို့ကိုယ် သူတို့လည်း ဆင်းရဲဒုက္ခရောက်စေပြီး လူသားထု တရပ်လုံးကိုလည်း စိတ်မချမ်းမြေ့စရာတွေနဲ့ ရင်ဆိုင်နေရစေပါတယ်။ ဒီ အမုန်းတရား၊ အာဃာတ တရားတွေဟာ အမြင်မှန်ရတာနဲ့ ချက်ချင်း ပြောင်းပစ်လို့ ရပါတယ်။ ဒါမှမဟုတ်ရင် မြန်မာလူမျိုးတွေရဲ့ ဆင်းရဲတွင်းက နက်သည်ထက် နက်ပါလိမ့်မယ်။ အချိန်မီ ပြုပြင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်။
မေး။ ဦးဇင်းအနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စိတ်ကူးပါသလဲ ဘုရား။
ဖြေ။ ရွှေဝါရောင် အကြမ်းမဖက် တော်လှန်ရေးကြီးဟာ နအဖ စစ်အစိုးရအနေနဲ့ မတရား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့အတူ သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ဦးဇင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ နအဖ ဆိုတဲ့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ သံဃာထု၊ လူထုနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာပါ။
အခု အနေအထားက အစွယ်နဲ့ ထိုးမယ့်ဆင်ဟာ နောက်တလှမ်းဆုတ် ဆိုတဲ့ အနေအထားပါ။ စက်တင်ဘာ လှုပ်ရှားမှုကြောင့် အာဇာနည် လူစွမ်းကောင်း ရဲရဲတောက် သတ္တိရှင်တွေ အများကြီး မွေးထုတ်ပေးခဲပါ့တယ်။ ဒီလူစွမ်းကောင်းတွေဟာ ဥပမာနဲ့ ပြောရမယ်ဆိုရင် ခြေစွမ်းထက်တဲ့ ဘောလုံးသမားကောင်းတွေ လိုပါပဲ။ ဒါကို အသင်းစုစည်းမှု တယောက်နဲ့တယောက် အပေးအယူ၊ အချိပ်အဆက်ရှိမှု၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ဦးဇင်းတို့ ပြန်လည် တည်ဆောက်နေပါတယ်။
အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက်ထဲ ဆွဲမပြေးဖို့ အဲဒါ အရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘောတရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။
ဒီမိုကရေစီဆိုတာ သူတပါးက လာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီမ ရှိဘူး၊ အဲဒါကို သွားတောင်းမနေနဲ့၊ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် ရှိပြီးတော့ ငါတို့ဟာ တနေ့ မုချ အောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့ လက်တွဲကြပါ။ ဦးဇင်းလည်း စိတ်"ာတ် ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်ပါ့မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။
Saturday, 25 October 2008
BDC's Demonstration in front of UNHCR and Chinese Embassy in London
And joint the BCUK at the in front of Chinese Embassy sa 2nd Demo.
Thursday, 23 October 2008
လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်
ပီတာအောင်
သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။

လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက် ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။
အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများ ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှုကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့်ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင် ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။
ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲ တော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။
ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ်တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်းကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။
ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများဆောင်ရွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ်စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီးအကျဉ်းချခြင်းခံထားရသည်။
တိုးတက်မှု၏ သော့ချက်သည် ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား
| | | |
| ဆော်လမွန် |
| |
| နယူးဒေလီ။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းသည် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယမန်နေ့က ပြောဆိုလိုက်သည်။ ကုလ အထွေအထွေ ညီလာခံသို့ တင်သွင်းသော မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် သူ၏ အစီရင်ခံစာ၌ မြန်မာပြည်၏ အနာဂတ်တွင် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မှုကို သေချာနိုင်စေရန် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ အခြားနည်းလမ်း မရှိကြောင်း ပြောဆိုရာတွင် ယခုလို ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ "မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် နူးညံ့သောလမ်းခွဲတခုသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းသော လမ်းစဉ်အပြင် အခြား စစ်မှန်သောနည်းလမ်း မရှိတော့ဘဲ၊ ယခုအချိန်သည် အစိုးရရော အတိုက်အခံများပါ တဦးနှင့်တဦး ဆွေးနွေးညှိနှိုင်းရန် နည်းလမ်းရှာဖွေ၍ တိုင်းပြည်၏ အကျိုးအတွက် အတူတကွ အလုပ်လုပ်ကြရမည်" ဟု အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၅ ရက်နေ့အထိ ကြားကာလအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြခြင်းဖြစ်သည်။ နိုင်ငံရေးအရ အသေစွဲကိုင်ထားမှု မဟုတ်ဘဲ၊ ကွဲပြားသော နည်းလမ်းများအား ကြိုးစားရှာဖွေရန်အတွက် မြန်မာစစ်အစိုးရအား ဆက်လက်တိုက်တွန်းထားသော်လည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုကို မှန်ကန်စွာ မတုံ့ပြန်ခဲ့သည့်အပေါ် အားမလိုအားမရ ဖြစ်ကြောင်း သူက ဖော်ပြထားသေးသည်။ မစ္စတာ ဘန်ကီမွန်းက "ဒီကိစ္စမှာတော့ ကံမကောင်းစွာဘဲ နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့်မှာ အားလုံး ပါဝင်လာနိုင်မှုနဲ့ ယုံကြည်အားထားရမှုတွေ တိုးတက်လာဖို့ ကုလသမဂ္ဂရဲ့ တိကျတဲ့ အကြံပေးချက်တွေကို စစ်အစိုးရက လက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး" ဟု အစီရင်ခံစာထဲတွင် ထည့်သွင်းပြောဆိုထားသည်။ အစိုးရသည် သူ၏ လမ်းပြမြေပုံ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန်ကြိုးစားနေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာကာ စိန်ခေါ်မှုများ ပိုများလာသလို၊ ပို၍ပင် အကွဲအပြဲများ ဖြစ်လာနိုင်ပြီး လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းသာ ပိုတိုးလာသည်ဟု သူက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ကြိုဆိုပါသော်လည်း စစ်အစိုးရက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကုလ၏ အားထုတ်မှုကို သေချာစေရန်နှင့် စစ်အစိုးရက ထိုသို့ မတုံ့ပြန်ခဲ့ပါက နောက်တမျိုး လုပ်ဆောင်ရန် နည်းလမ်းရှိဖို့လည်း ယခုလို တိုက်တွန်းလိုက်သည်။ သူက "ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ပူးပေါင်းဆောင်ရွက်မှသာ အဲ့ဒါဟာ အကျိုးရှိနိုင်မှာပါ။ မျှော်မှန်းထားသလို အဓိပ္ပာယ်မှန်ကန်တဲ့ တုံ့ပြန်မှုမျိုး မရှိခဲ့ရင် ကုလသမဂ္ဂအနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတဲ့ တခြားနည်းတခု လိုအပ်ပါလိမ့်မယ်" ဟု ပြောကြားသည်။ NLD ပါတီအနေနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပထမ ခြေလှမ်းအဖြစ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် မစ္စတာဘန်ကီမွန်းက တောင်းဆိုသည်ကိုလည်း ကြိုဆိုသည်။ ဦးဥာဏ်ဝင်းက "ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးခဲ့ရင်တော့ ဒါဟာ ကောင်းမွန်တဲ့ စတင်မှုတခုဖြစ်ပြီး၊ အာဏာပိုင်တွေ ပြုလုပ်ပေးမယ့် တွေ့ဆုံဆွေးနွေးရေးဆီ သွားရာမှာ ပထမ ခြေလှမ်းတခုလည်း ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်" ဟု ပြောကြားသည်။ သို့သော်လည်း NLD သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာပြည်သို့ လာရောက်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်၏ နောက်ဆုံးခရီးစဉ်ကို "အကျိုးမရှိ" ဟု ပြောဆိုဝေဖန်လိုက်သည်။ "ကုလသမဂ္ဂဟာ အကျိုးရှိရှိ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဟာ ဒီကန့်သတ်မှုတွေ ရှိနေပေမယ့် စစ်အစိုးရကို ဆွေးနွေးတိုက်တွန်း ဖိအားပေးသင့်တယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။ www.mizzimaburmese.com မှ ရယူပါသည်။ |
ရင်နင့်ဖွယ်ရာ မြင်ကွင်းများ
13 Oct တွင် ဖြစ်ပွါးသော CNG ကားပေါက်ကွဲမှုမှ ပုံများဖြစ်ပါသည်။ မနှစ်မြို့ဘွယ်ရာများပါရှိ ပါသဖြင့် အသဲငယ်သူများ၊ စိတ်မခိုင်သူများ မကြည့်ရှု့ သင့်ပါ။ ဖြစ်ပွါးစဉ်ကို ခေါင်းစဉ်ကို click ၍ကြည့်ရှုနိုင်သည်။





Tuesday, 21 October 2008
နအဖဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်
Monday, 20 October 2008
နအဖ လုပ်ရပ်များ ဒီမိုကရေစီ နည်းလမ်းမကျ

ဒီမိုကရေစီအကြောင်း အနည်းငယ်မျှ ဖော်ပြချင်သည်။ အရပ်ဖက်စကားဖြင့် ဖွင့်ဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူအချင်းချင်း တန်းတူညီမျှစွာ လွတ်လွတ်လပ်လပ် နေထိုင် ပြောဆို ပြူမူနိုင်ကြသည် ဆိုသည့် လူအများ၏ ယုံကြည်အားထား ကျင့်သုံးရာမူ ဖြစ်သည်။
ဒီမိုကရေစီ ရှိသဖြင့် လူတို့သည် အများနှင့်တန်းတူ လွတ်လပ်စွာ သွားလာနေထိုင်နိုင်သည်။ ပြောဆို ဆွေးနွေးနိုင်သည်။ စာပေရေးသား ထုတ်ဝေနိုင်သည်။ ဟောပြောပို့ချ စည်းရုံးနိုင်သည်။ စီးပွားရှာနိုင် သည်။ ဘာသာတရား အားထုတ်နိုင်သည်။ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းပြန့်ပွားအောင် လုပ် နိုင်သည်။ မွေးရာပါ အခွင့်အရေးများ ပိုင်ဆိုင်ခွင့် ရှိသည်။ လူ့အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်။ တရားဥပဒေ စိုးမိုးမှုကို ခံစားပိုင်ခွင့် ရှိသည်။
နိုင်ငံရေးစကားဖြင့် ပြောဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့၏ ယုံကြည်အားထား ကျင့်သုံးရာ မူကို အခြေခံသည့် အစိုးရ အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ထိုအစိုးရ အုပ်ချုပ်ရေးများ၌ ပြည်သူလူထု အများစုက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေရသည်။ သို့မဟုတ် လည်း ပြည်သူများက တိုက်ရိုက် ပါဝင်နေရသည်။
ဒီမိုကရေစီသည် လူအများစု၏ သဘောတူညီမှု ရှိနေသော အုပ်ချုပ်ရေးစနစ်လည်း ဖြစ်သည်။ အုပ်ချုပ် ခံရသူတို့၏ သဘောတူညီမှုအရ ရွေးချယ်တင်မြှောက်ထားသူတို့က ကိုယ်စားအုပ်ချုပ်ပေးရသည်။ ကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေးစနစ် ဟုလည်းခေါ်သည်။
လူထုက တင်မြှောက်ထားသော အစိုးရဖြစ်သဖြင့် လူထုအကျိုးစီးပွားကို မလုပ်ပေးနိုင်သော အစိုးရ ဖြစ်သွားလျှင် လူထုက ဖြုတ်ချပိုင်ခွင့် ရှိသည်။
ဒီမိုကရေစီစနစ်တွင် အစိုးရက အုပ်ချုပ်ခံပြည်သူအားလုံးတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ လေးစား လိုက်နာရုံသာမက ခေတ်ကာလ အခြေအနေအလိုက် လူ့အခွင့်အရေးများကို ကောင်းသထက် ကောင်း အောင် ထိန်းသိမ်းပေးရသည့်တာဝန်ရှိသည်။ ထိုတာဝန်ကို မထမ်းဆောင်နိုင်သော အစိုးရသည် ချက်ချင်းပင် နှုတ်ထွက်ပေးရသည်။
ဒီမိုကရေစီ၏ နောက်ထပ်ကောင်းကွက်တခုမှာ တရားဥပဒေ စိုးမိုးမှု (Rule of law) ရှိနေခြင်း ဖြစ်သည်။ အစိုးရနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က နိုင်ငံအတွင်း တစက္ကန့်မလပ် တရားဥပဒေ စိုးမိုးနေအောင် အပြည့်အဝ ထိန်းသိမ်းပေးရန် တာဝန်ရှိသည်။ ထိုသို့ဖြစ်နေအောင်လည်း လူထုက ထောက်ခံ အတည်ပြုထားသော ခိုင်မာသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ အသုံးချနိုင် ခွင့်က ရှိနေရသည်။
“တရားဥပဒေ အထက်တွင် မည်သူမျှ မရှိ” ဆိုသည်မှာ ဒီမိုကရေစီစနစ် အမှန်တကယ် ထွန်းကားသော နိုင်ငံတို့တွင်သာ ရှိသည်။ အုပ်ချုပ်ခံ ပြည်သူတို့အတွက် အလွန် အားထားရသည့် အကာအကွယ် ဖြစ်သည်။
ပြည်သူတို့သည် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်း၌ လွတ်လပ်စွာ နေနိုင်ကြသည်။ ထိုဘောင်အတွင်း ရှိနေသမျှ ကာလပတ်လုံး မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမျှ တရားလက်လွတ် အုပ်ချုပ်စေခိုင်း၍ မရနိုင်။ ဖမ်းဆီးချုပ်နှောင်၍ မရနိုင်။ တရားမဲ့ ပြုကျင့်သူမှန်သမျှ တရားဥပဒေက မျက်ကွယ်ပြုရိုး မရှိ။ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်မှအစ မည်သူမဆို နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက် မရနိုင်လောက်အောင် တရားဥပဒေ စိုးမိုးသည်မှာ ဒီမိုကရေစီကြောင့် ဖြစ်သည်။
တရားသူကြီးများသည် မည်သူ့မျက်နှာမျှ မကြည့်ပဲ လွတ်လပ်စွာ တရားစီရင်နိုင်ကြသည်။ သူတို့၏ ဆုံးဖြတ်ချက်များအတွက် အလုပ်ရာထူးများကို ထိခိုက်စေခြင်းမရှိပဲ အာမခံထားသည်။ တရားသူကြီး ချုပ်၊ တရားလွှတ်တော်ချုပ်၊ ရှေ့နေချုပ် အစရှိသည့် တရားဥပဒေရေးရာတွင် အမြင့်ဆုံးသူတို့အား မည်သူကပင်ခန့်ခန့်၊ ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော် (ပါလီမန်)က သဘောတူမှ အတည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူတို့၏ သဘောတူညီမှုဖြင့် တရားမျှတစွာ စီရင်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။
နိုင်ငံ၏ အချုပ်အခြာအာဏာ သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် မည်သည့်ကဏ္ဍမဆို ဒီမိုကရေစီ မူဘောင်နှင့် အနည်းငယ်မျှပင် မလွတ်ကင်းစေပဲ ရှိနေစေရသည်။ ထိုအာဏာသုံးရပ်အပြင် စတုတ္ထမဏ္ဍိုင်ဟု တင်စားရသည့် မီဒီယာကိုလည်း လွတ်လပ်ခွင့် အပြည့်အဝ ပေးထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ မည်သည့်နေရာကို မည်သည့်အချိန်ကြည့်ကြည့် ဤသို့သော ဒီမိုကရေစီကို တည်ဆောက်ပေးနေသည့် အစပျိုး လုပ်ငန်းများကိုပင် မတွေ့ရနိုင်သေးပဲ ဖြစ်နေသည်။
လွတ်လပ်၍ သမာသမတ် ရှိသော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း (၂ဝ)အတွင်း နအဖ အာဏာပိုင်တို့ လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ အဓိကလုပ်ငန်းစဉ်များမှ အရေးပါသည့် အောက်ပါ (၅)ချက်ကို ကြည့်ပါ။
- ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြည်သူတို့က ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးချယ်တင်မြှောက် ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် (ပါလီမန်)ကို ခေါ်ယူ၍ အစိုးရ မဖွဲ့စည်းနိုင်အောင် နည်းအမျိုးမျိုးဖြင့် ပိတ်ဆို့ထားသည်။
- အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား နိုင်ငံရေး လုပ်ဆောင်ခွင့်များကို တင်းကြပ်စွာ ဖြိုခွဲ ချုပ်နှောင်ထားသည်။
- အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မပါဝင်စေပဲ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို (၁၄)နှစ်ကြာအောင် နအဖက သူတို့စိတ်ကြိုက် အတင်းအဓမ္မ ရေးဆွဲနေခဲ့သည်။
- ၂ဝဝ၇ ခုနှစ်တွင် မသမာသော နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံလုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ အဆိုပါ အခြေခံ ဥပဒေမူကြမ်းကို ပြည်သူတို့အား အတင်းအဓမ္မ ထောက်ခံစေခဲ့သည်။
- လူထုက ထောက်ခံသည်ဟု နအဖက တဖက်သပ် ကြေညာထားသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂ဝ၁ဝ ခုနှစ်၌ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ) ရွေးကောက်ပွဲ ကျင်းပ၍ လွှတ်တော်ခေါ်ယူကာ အစိုးရဖွဲ့မည်၊ စစ်အစိုးရက အရပ်ဖက်သို့ အာဏာလွှဲ ပြောင်းပေးမည်ဟု နအဖကပင် ကြေညာထားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဖော်ဆောင်ပါမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကမ္ဘာသိ ကြေညာ နေသော်လည်း သူဦးဆောင်သော နအဖ စစ်အစိုးရမှ လက်တွေ့ လုပ်ဆောင်ခဲ့သည်များမှာ ဒီမိုကရေစီ၏ အခြေခံမူများနှင့် လုံးလုံးကွဲပြားလျက် ရှိနေသည်ကို တွေ့ရသည်။
လွင်အောင်စိုး
ရွေပြည်သာမှာ ဗုံးကွဲ တစ်ဦးသေ
ဒါ ဒုတိယဗုံးပါဗျာ ။ ပထမဗုံးက စနေနေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ဘောက်ထော်မြို့နယ် တပ်မတော် မှတ်တမ်းရုံးရှေ့ လဟာပြင် ဘောလုံးကွင်းအတွင်း မှာ ပေါက်ကွဲမှု ခဲ့ပြီး လူ အသေအပျောက်မရှိ ဟုသိရပါတယ်။. ဒုတိယ အကြိမ် ကတော့ ရွှေပြည်သာ မှာ တနင်္ဂနွေနေ့ ညနေ ၅း ၃၀ ခန့် ကပေါက်ကွဲပြီး လူတဦး သေတယ်ဆိုပါတယ်.။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။
ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။
အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရွှေပြည်သာ မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက “ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမား ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အကြောင်းစုံ ကိုတော့ စုံစမ်းနေဆဲပါ” ဟု ပြောကြားသည်။
အလားတူ စနေနေ့ ည (၇) နာရီ မိနစ် (၅၀) ခန့် ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော်မှတ်တမ်း ရုံးရှေ့ ဘောလုံးကွင်းအတွင်း၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရန်ကင်းမြို့ နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကိုတွေ့ရှိပြီး မပေါက်ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်မြို့၌ အသေးစားဗုံးပေါက်ကွဲမှုများနှင့် မတော်တဆပေါက်ကွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာရှိမှုများလည်း ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တိုက်ကြီး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ပြီး လူ (၇) သေဆုံးရသည်။ ပြီးခဲ့သည့်လ (၂၅) ရက်လည်း ရန်ကုန်မြို့ မြို့တော်ခမ်းမအနီး မဟာဗန္ဓုလ ပန်းခြံရှေ့ ကားမှတ် တိုင်၌ ဗုံးတလုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန်အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အများစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ်အစိုးရက စွပ်စွဲလေ့ရှိသည်။
NEJ / ၂၀ အောက်တိုဘာ ၂၀၀၈
Saturday, 18 October 2008
Small bomb explodes near football field in Yangon
"No one was hurt or killed in the bomb blast," said a police official who did not want to be named as he was not authorised to talk to the media.
The blast hit at about 8:00 pm (1330 GMT), and police immediately sealed off the area, an AFP correspondent on the scene said.
Saturday's incident follows four blasts last month, one of which killed two people and wounded 10 at a video cafe also northeast of Yangon.
Myanmar's junta has in the past blamed similar explosions on armed exile groups or ethnic rebels who have been battling the military rulers for decades.
State-run media has also begun blaming blasts on democracy activists, accusing two members of detained opposition leader Aung San Suu Kyi's National League for Democracy (NLD) of bombing pro-government offices in July.
အထိန်းအသိမ်း ထပ်မံခံနေရသော ကျောင်းသားခေါင်းဆောင်၊ ပြည်သူလူထု ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့ အား အထူးလေးစားစွာ ဂုဏ်ပြုပါသည်။
ကိုမင်းကိုနိုင်၏ မွေးနေ့  - အောက်တိုဘာလ (၁၈) ရက်နေ့ ။
ကိုမင်းကိုနိုင်၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအကျဉ်း။
ကိုမင်းကိုနိုင်ဟာ နာမည်ရင်း ဖြစ်တဲ့ ပေါ်ဦးထွန်း အမည်နဲ့  ၁၉၈၈ ခုနှစ်မတိုင်ခင်က သင်္ကြန်သံချပ်အဖွဲ့ ဖြစ်တဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” ဆိုတဲ့ သံချပ်အဖွဲ့ မှာ ပါဝင်ခဲ့ပါတယ်။
နာမည်ကျော်ကြားတဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” ဆိုတဲ့ သံချပ်အဖွဲ့ ဟာ နေ၀င်း ဦးဆောင်တဲ့ တစ်ပါတီ အာဏာရှင် မဆလပါတီနဲ့  လက်အောက်ဘက်တော်သားများရဲ့  ညံ့ဖျင်းလှတဲ့ အုပ်ချူပ်မှု ယန္တယားနဲ့  လဘ်ပေးလဘ်ယူမှုကိစ္စတွေကို အထူးဝေဖန်ပြောဆိုခဲ့တဲ့ ပြည်သူလူထု သောင်းသောင်းဖြဖြ အားပေးခဲ့တဲ့ သံချပ်အဖွဲ့ တစ်ဖွဲ့  ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်မှ ဖေါ်ကျူးသော လက်တွေ့ ဖြစ်ပျက်နေသည့် အကြောင်း။
Happy Birthday Ko Min Ko Naing
Min Ko Naing is the leader of the ABFSU, All Burma Federation of Student Unions. Since the Burmese uprising in 1988 he has been one of the leaders of the democracy movement in Burma, and he has been in prison aprox. 17 years because of this. The prominent student leader was again arrested in August 2007, and remain in prison today.
Between January 2007 and August 2007, Min Ko Naing was free. He then set up the 88 Generation group together with other leaders from the democracy movement.
Because of his time spent in isolation cell, Min Ko Naing har severe trouble with his hearing. The student leader also suffers from a bad eye infection in prison.
ကိုမင်းကိုနိုင်၏ ဓါတ်ပုံများကို အောက်ပါ link မှတဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
http://picasaweb.google.com.au/niknayman.niknayman/MinKoNaing#5258062839142201810
ကိုမင်းကိုနိုင် ရဲ့ မိန့်ခွန်း
လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်
တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။ တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။ သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။ မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့အိုးတွေကို ဒီအတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေ့နှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်းစိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ့မလုပ်တတ်တဲ့ ဖအေ့အကြောင်းကိုသိထားတော့အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲစောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကိုသတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီးတခြားပန်းကန်ထဲထည့်တယ်။ နောက်ဆုံးအိုးထဲကလက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက်တယ်။
" ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. "
" မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. "
သမီးကအဲဒီလိုဖြေလိုက်တော့ဖအေကသမီးကိုသူ့နားလာခိုင်းပြီး မုန်လာဥတွေကိုစမ်းခိုင်းတယ်။ သမီးကဖအေခိုင်းတဲ့အတိုင်း မုန်လာဥပြုတ်တွေကိုဇွန်းနဲ့ထိုးကြည့်ပြီးနောက် " ဖေဖေ့မုန်လာဥတွေက ပျော့ပြဲနေပြီ.. " လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥပြုတ်တစ်လုံးကိုယူပြီးသမီးကိုခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေကခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေဖအေခိုင်းတဲ့အတိုင်းအငွေ့တထောင်းထောင်းထနေတဲ့ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့မြည်းလိုက်လိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီးအရသာရှိတဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
"ဖေဖေဘာကိုပြောချင်တာလဲဟင်…" လက်ဖက်ရည်ကြမ်းကိုအရသာခံရင်း သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။
ဖအေကရှင်းပြတယ်။
" မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ့အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူတုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
မုန်လာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ.. ဒါပေမဲ့ ရေနွေးနဲ့လည်းအပြုတ်ခံလိုက်ရရော တစ်ခါတည်းကိုပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ။
ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကိုကာရံထားရတဲ့အနေအထားပေါ့။ ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်းကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိအိအတွင်းသားတွေအားလုံးမာကုန်တာပဲမဟုတ်လားသမီးရဲ့..။
အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။
ကဲ.. အဖေ့သမီးကရော ဘာလဲ။ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့လူတိုင်းရင်ဆိုင်ကြရတာပဲသမီး။ အဲဒီလောကဓံနဲ့နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုန်လာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်။"
ပုံပြင်လေးကတော့ဒါပါပဲကွယ်။ စာဖတ်သူလူကြီးမင်းကရောဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီးအားကုန်သွားမယ့်လူစားမျိုးပါလား။
ဒါမှမဟုတ်ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်ရှလွယ်တယ်။ စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားပြီးရတဲ့နောက်မှာတော့ နင်လားဟဲ့.. လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော တောင့်တင်းတင်းကြီးဖြစ်သွားမယ့်လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလှပေမယ့် အတွင်းမှာခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။
ဒါမှမဟုတ်စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူစားမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေအရှိန်တက်လေလေ အရည်အချင်းတွေပိုရှိလာလေဖြစ်ပြီးကိုယ့်ပတ်ဝန်းကျင်အတွက်ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။
ကဲ.. စာဖတ်သူလူကြီးမင်း လောကဓံကိုဘယ်လိုရင်ဆိုင်မယ်စိတ်ကူးပါသလဲ။ စာဖတ်သူဟာ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။
Thursday, 16 October 2008
Wednesday, 15 October 2008
Demonstration infront UN offices on 24th October
As 2008 is drawing near to an end, we have only ONE year before 2010 when military Generals are planning to hold another elections in which they have set everything to make sure to win the election and it would not be free and fair.If we cannot stop their game plan of 2010 elections, Burma would be under military rule forever and ever and ever.
Photo Opportunities1)There will be a display of Big Golden Kamauk (Kamauk is a wide-brimmed farmers hat, made of Bamboo & which became the symbol of NLD as a silent protest )
3)Impersonating Daw Aung San Suu Kyi, who had been sacrificing for freedom of 50 millions Burmese people.4)Impersonating Buddhist monk, who will represent as the whole Burmese Buddhist monks.
Tuesday, 14 October 2008
သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )
ဪ..... လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်မြတ်၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင် ... ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။
သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။
*** အဘိဓမ္မာ အခါတော်နေ့ လက်ဆောင်လေးပို့ပေးတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။
Monday, 13 October 2008
ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ
အောက်တိုဘာ ၁၃၊ ၂၀၀၈မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။
GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။
GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။




