by Oakkar Nyo Htay on Sunday, 20 June 2010 at 23:11
အခုတစ်လောဗျာ ရန်ကုန်မြို့တော်ကြီးမှာ နေပြီး email ဖွင့်လိုက်တာနဲ့ မိမိကိုမိမိ အတိတ်တော်လှန်ရေးကာလများဆီ ရောက်သွားလားထင်ရလောက်အောင် ဝင်လာလိုက်တဲ့ စာတွေဟာ တစ်တယ့်ကိုပဲ ရင်သိမ့်တုန်ဖြစ်ရပါတယ်။ အကြောင်းကတော့ incoming mail အများစုတွေဟာ အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ တော်လှန်ရေး၊ အကြမ်းဖက်မတရားအုပ်ချုပ်မှုဆန့်ကျင်ရေး စသည်ဖြင့်ပေါ့လေ တစ်ကယ့်ကို စာလုံးအနီရောင်ကြီးတွေနဲ့ စည်းရုံးရေးဆင်းထားတာဖြင့် ကြက်သီးမွေးညှင်း ထလောက်စရာပါပဲ။
ပြောထားတဲ့အတိုင်းများတသွေမတိမ်း လုပ်လိုက်ရင်ဖြင့် မြန်မာ့နိုင်ငံရေး နေ့ချင်းညချင်း နာလန်ထူတော့ မယ့်အတိုင်း ရေးသားထားတာတွေက အမိုက်စားတွေပါ။ ဘာနဲ့သွားတူလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာတွေထဲကလိုပေါ့ဗျာ၊ အနီးစပ်ဆုံးဥပမာပေးရရင် electricity ကိစ္စလိုမျိုး၊ ပြောနေတာကတစ်ခြားဖြစ်နေတာကတစ်ခြားပါ၊ တစ်ကယ်ဆိုဒီလိုမဖြစ်သင့် တော့ပါဘူး။ အရေးကြီးတာက ဒီလိုမျိုးကိုယ့်ရဲ့အမြင်၊ ဒါမှမဟုတ် အများနှင့်သက်ဆိုင်သောအခြေအနေကို public ကိုချပြလိုက်ပြီဆိုတဲ့အခါ မှာ မှန်တာမှားတာကို ကျွန်တော်မပြောဘူးနော်၊ ကိုယ်ပြောဆိုထား တာတွေကို ကိုယ်တာဝန် ယူနိုင်မလားပဲ နှစ်ဖက်စလုံးကို အရင် ဆုံးမေးလိုက်ပါရစေ။
ယနေ့ကျွန်တော်တို့ ပြည်သူတွေ မြန်မာ့နိုင်ငံရေး ရာသီဥတုပေါ်မှီပြီး ဒီလိုမျိုးရာသီပေါ်သီးနှံလေးတွေ စားစား နေရတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဆိုတော့လည်း ဒါတွေဟာ သိပ်အဆန်းတစ်ကျယ်ကြီး မဟုတ် တော့ပါဘူး။ ဒါပေမယ့်ပေါ့နော် အခုလက်ရှိနိုင်ငံရေးအခြေအနေက အရင့်အရင်ကလို အခြေအနေမျိုး မဟုတ်တော့ဘူးဆိုတာကိုတော့ အားလုံးသတိထားကြဖို့လိုလာပါပြီ။ နိုင်ငံရေးဆိုတာက ဝတ္ထုရေးသလိုမျိုး စိတ်ကူးတွေယဉ်၊ ကိုယ်ဖြစ်ချင်သလို လိုရာတွေဆွဲရေး၊ စိတ်ကြိုက်ဇာတ်သိမ်း လုပ်လို့မရဘူးလေ။ မိမိပြောဆိုရေးသားနေတာတွေဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီဖူးဆိုလျှင် ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ဘာကိုလုပ်လုပ် ဘာတွေပြောပြော စေတနာသန့်သန့်ထား နိုင်ဖို့က အလွန်ကိုရေးကြီးပါတယ်။ စေတနာသန့်သန့်ဆိုတဲ့ စကားလုံးသုံးရခြင်းကတော့ ရင်ထဲက အမုန်း တရားတွေ မစ္ဆရိယစိတ်တွေ ဘက်လိုက်တာတွေ ကိုယ်ကျိုးကိုကြည့်မိတာတွေ ရှင်းထုတ်ထားနိုင်ကြဖို့ပါ။
အများရှေ့မှောက်မှာ ပြောကြဆိုကြပြီဆိုရင် လူ့သဘာဝအဂတိသဘော ကင်းနိုင်သမျှကင်းကြဖို့က အလွန်ပင်အရေးကြီးလှပါတယ်။ နိုင်ငံရေးလို မာယာတွေများ ကျယ်ပြောနက်နဲလှတဲ့နေရာကို မပြောနဲ့ဦး၊ သာမာန်ဝတ္ထုတစ်ပုဒ် စာလေးတစ်ကြောင်း ရေးကြရင်တောင် အဂတိမကင်းနိုင်ကြတာလေးတွေ တွေ့တွေ့နေရပါတယ်။ စာရေးတဲ့သူစေတနာလွဲရင် ဇာတ်ကောင်လေး လေးငါးခြောက်ယောက် ပါတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ဟာ လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းတစ်ခုကို အချိန်အတော်ကြာကြာ ဒုက္ခပေး ပဋိပက္ခဖြစ်စေတတ်ပါတယ်။ ဥပမာဆိုရရင်ဗျာ၊ တစ်ချို့နာမည်ကြီး စာရေးဆရာတွေ ဆရာမတွေဟာ ယောက်ျား မိန်းမ ပေါင်းသင်းဆက်ဆံရေး နဲ့ပတ်သက်ပြီး မြှောက်ပေးသလိုလို တည်ပေးသလိုလို ရန်တိုက်ပေးသလိုလိုနဲ့ အများစိတ်ဝင်စားအောင် ရေးသားရောင်းစား ကြတာလေးတွေတွေ့မိတော့ ကျွန်တော်အံ့သြမိရတယ်ခင်ဗျာ၊ ဒါကိုပဲ လက်ခုတ်လက်ဝါးတီးပြီး အောက်ကဝိုင်းအားပေးတဲ့သူတွေတွေ့တော့လည်း ပိုလို့တောင်အံ့သြမိရပြန်ပါသေးတယ်။ တွေးမိသွားတာက အော်… လူတွေလူတွေ ယောက်ျားနဲ့မိန်းမ တစ်ကယ်ပဲကင်းနိုင်ကြရဲ့လားပေါ့။ စာရေးသူတွေကိုလည်း မေးချင်ပါတယ်၊ ကိုယ်ကိုတိုင်ရော ကင်းနိုင်ရဲ့လား၊ ကင်းခဲ့ရဲ့လားပေါ့။ ဘာမဟုတ်တဲ့ မိမိရဲ့ပုဂ္ဂလိကခံစားချက်တွေကို ရှေ့တန်းတင်ပြီး လူသားတွေရဲ့အတွေးအခေါ်ကို မိမိကလောင်စုတ်ချက်နဲ့တော့ အဆိပ်တွေမခတ်စေ ချင်ပါဘူး။ အင်း… ပြောရင်းပြောရင်း စာရေးဆရာတွေကို ဖဲ့သလိုဖြစ်ကုန်ပြီ။ ဒါပေမယ့်လည်း ပြောထားတာ လေးတွေတော့ မှတ်ထားလိုက်ပါနော်၊ နီးစပ်သူများရှိလည်း လက်တို့ထားလိုက်ပါ၊ ဒီ facebook ပေါ်မှာ လည်း သူတို့ရဲ့ အိုဟောင်းနေတဲ့ idea အဆွေးကြီးတွေခဏခဏတွေ့နေရတော့ ဆင်ခြင်သင့်တာ ဆင်ခြင် လို့ရအောင်ပါ။
ပြောချင်တာကမြန်မာ့နိုင်ငံအရေးပါ၊ တိုက်ဆိုင်တာလေးတွေသွားတွေ့မိတော့လည်း လွှတ်ခနဲထွက်သွား တယ်။ ကဲပြန်စလိုက်ရအောင်… လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အခြေအနေတွေက အမှားမခံတဲ့အနေအထား မှာ ရှိနေတယ်ဆိုတာအားလုံးသိစေချင်ပါတယ်။ ဟိုးအရင်ကတည်းက တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်၊ တိုင်းပြည်အသက်လေးရလာတော့ရော မုန်တိုင်းကအားကောင်းနေဆဲပါ၊ အခုတိုင်းပြည်ကြီးဟောင်းနွမ်းအို မင်းယိုယွင်းလာတဲ့အထိ မုန်တိုင်းကမငြိမ်သက်နိုင်။ ဒီလိုတွေဖြစ်နေပါလျက်နဲ့ ခင်ဗျားတို့တွေမို့ ကိုယ့် ပြည်သူပြည်သားတွေကို ပဋိပက္ခသံသရာရှည်အောင်လုပ်သူကလုပ်၊ ငါ့မှာ အာဏာပါဝါတွေရှိတာပဲ ဆိုပြီး မိဘချင်းသားသမီးချင်းကိုယ်ချင်းမစာ နှိပ်စက်ဒုက္ခပေးသူကပေးနဲ့၊ သိပ်ဟုတ်နေကြတယ်ပေါ့။ အားမနာ တမ်း ပြောရရင်တော့ ခင်ဗျားတို့တွေအကုန် တစ်ယောက်နဲ့တစ်ယောက် အတူတူပါပဲ။
နောက်ပြီး တော်လှန်ရေးသမားယောင်ယောင် နိုင်ငံရေးသမားယောင်ယောင်များကို ပြောလိုတာလေးရှိတယ် ခင်ဗျ၊ တော်လှန်ရေးဆိုတာက နိုင်ငံရေးပြဿနာအားလုံးကိုဖြေရှင်းလို့ရတဲ့ formula မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ဆီမှာရော တော်လှန်ရေး ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတာတစ်ခုကပဲ ပြောင်းအလဲဖြစ်စေမှာလား။ ခင်ဗျားတို့ပြောတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၆၀) နီးပါးရှိတယ်၊ စစ်အစိုးရက အဲဒီ သန်း (၆၀) လုံးကို ထောင်ချလို့မရဘူး၊ ပစ်သတ်လို့မရဘူး၊ ဘာကိုကြောက်နေမှာလဲဆိုတဲ့ စကားလုံးတွေဟာ တာဝန်မဲ့ရာ မရောက်လွန်းဘူးလားဗျာ။ ဒီမှာ ဒီလိုပုံစံမျိုး အလုပ်မဖြစ်ဖူးဆိုတာ အားလုံးအမြင်ပါပဲ။ နှစ်ပေါင်း (၂၀) ရှိပြီနော် လုံးဝကိုအလုပ်မဖြစ်ခဲ့ပါဘူး၊ ဘာကြောင့်လည်းဆိုတာကိုလည်းနောက်နောင် ရှင်းပြပါ့မယ်။ ပြီးတော့ဖြစ်ခဲ့သမျှ လူထုလှုပ်ရှားမှုတွေကိုလေ့လာပါ၊ ပါဝင်သူတွေအားလုံးကိုဖမ်းစီးပစ်သတ်ပြီး ငြိမ်ကျ သွားအောင် လုပ်လိုက်တာမဟုတ်ပါဘူး၊ အရေးကြီးပြီး ခေါင်းဆောင်နိုင်သူများကိုပဲ ရွေးထုတ်ပြီးပွဲသိမ်းပေး လိုက်တာပါ။ ဒီမှာ ဘာသင်္ခန်းစာယူရမလဲဆိုလျှင် လူဦးရေသန်း (၆၀) ကိုဦးဆောင်မယ့် အရေအတွက်နဲပါး လှတဲ့ ခေါင်းဆောင်တွေအတွက် ထောင်ရော၊ ကျည်ဆံရော၊ ဝါးရင်းဒုတ်ပါ အလုံအလောက် ရှိနေတယ် ဆိုတာပါပဲ။ ဒီတော့ ဦးဆောင်မယ့်သူတွေမရှိတော့ရင် ဒီ သန်း (၆၀) ဆိုတဲ့သူတွေ ဘာဆက်လုပ်ကြမလဲ။ ဒုံရင်းကဒုံရင်းပါပဲနော်၊ ခေါင်းဆောင်မယ့်သူတွေ တိမ်းပါးသွားတာပဲရှိမယ်၊ နောက်ဆုံးရလဒ်ဟာ အောင်မြင် မှု ဆိုတာထက် ကြေကွဲဝမ်းနည်းဖွယ်ရာတွေနဲ့ပဲ အဆုံးသပ်ရမှာပါ။
အခုဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်ရေးကို ကျွန်တော်အားမပေးတာ ခင်ဗျားတို့ရိပ်မိလောက်ပြီ၊ အပေါ်မှာ ပြောထားတာတွေကို ခင်ဗျားတို့နားမလည်ခဲ့ရင်တော့ ကျွန်တော့်ကို တော်တော်သတ္တိနည်းတာပဲလို့ ဝေဖန်ကြမှာပဲ။ ကိစ္စမရှိဘူး၊ ကျွန်တော်ဆက်ပြောဦးမယ်။ ခင်ဗျားတို့ တိုက်ပွဲ တိုက်ပွဲနဲ့ ခဏခဏပြောနေ တော့လည်း တိုက်ပွဲပေါ့ဗျာ၊ ဒီတိုက်ပွဲတွေကို ခင်ဗျားတို့ ဘယ်လိုတွေတိုက်ခဲ့ကြလည်း၊ ဘယ်အပိုင်းက အောင်မြင်ပြီး ဘယ်အပိုင်းတွေ ကျရှုံးခဲ့ကြလည်း၊ ကိုယ့်ဘက်က ဘာတွေပေးဆပ်လို့ ကိုယ်ဘာတွေပြန်ရ လိုက်လည်း၊ ပြန်ဆန်းစစ်ခဲ့ဖူးပါသလား၊ ဒါမှလည်း နောက်နောင်တိုက်မယ့် တိုက်ပွဲတွေမှာ အရင်က သင်္ခန်းစာတွေ အတွေ့အကြုံတွေကို ပြန်လည် အသုံးချနိုင်မှာပေါ့၊ ဟုတ်တယ်နော်။ အခုရော တိုက်ပွဲခေါ်သံ တွေကသာ ဆူညံနေတယ်၊ ခင်ဗျားတို့မှာ strategy ရောသေသေချာချာရှိကြရဲ့လား၊ အရင်ကလိုပဲ killing field ထဲမှာ ကျားထိုးတက်တက်ကြဦးမှာလား။ ခင်ဗျားတို့ကို ကျွန်တော်သတိပေးနေတာ ဒီကိစ္စတွေက နှဖူးတောက်ကြေး ထုပ်စီးတိုးတမ်းကစားနေတာ မဟုတ်လို့နော်၊ ဒီနေရာမှာ လောင်းကြေးကဘယ်လောက် မြင့်လည်းဆိုတာ ခင်ဗျားတို့အသိ။
ထိပ်တိုက်တွေ့မှ တိုက်လို့ရတာမဟုတ်ပါဘူး၊ တစ်ခြား strategy တွေအများကြီးရှိပါသေးတယ်။ စစ်မြေပြင် မှာဆိုလျှင်လည်း အားအားနေ ဘယ်သူမှကျားထိုးတက် တက်မနေကြပါဘူး။ ခြုံခိုတိုက်သင့်တိုက်တယ်၊ ပြောက်ကျားစနစ်သုံးသင့်သုံးတယ်၊ အင်အားသုံးခြေမှုန်းရေးလုပ်သင့်ရင်လုပ်တယ်၊ ဝါဒဖြန့်သင့်တန်ဖြန့် လုပ်ကြတယ်၊ စသည်ဖြင့်ပေါ့လေ နည်းဗျူဟာတွေပြောရင်ဖြင့် များပြားလှပါတယ်။ အခုကျွန်တော့်ကို ဘယ်နည်းတွေနဲ့များတိုက်လို့ရသေးလည်း မေးချင်ကြမှာပါပဲ။ (၂၀၁၀) ခုနှစ်မှာ တိုက်ပွဲပုံစံကပြောင်းလည်း သွားပါပြီ။ အကွက် (၁၀၀) မှာ တစ်ကွက်ဖယ်ပေးရင် အဲဒီတစ်ကွက်ကို အမိအရယူရမှာက ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်လာပြီလေ။ အခုဆိုရင်ဗျာ (၁၀၀) မှာ (၂၅) ကွက်ကိုငါတို့ထိန်းမယ်၊ ကျန်တဲ့ (၇၅) ကွက်ကို မင်းတို့ယှဉ်ပြိုင်ပြီးယူကြ၊ ငါတို့လည်း အဲဒီ (၇၅) ကွက်ထဲမှာရသလောက်မင်းတို့နဲ့ယှဉ်ဦးမယ်၊ ဒီတော့ ကျွန်တော်တို့တစ်တွေ စောစောကခင်ဗျားတို့ပြောတဲ့ ပြည်သူလူထု သန်း (၆၀) ရဲ့အင်အားနဲ့ အဲဒီ (၇၅) ကွက်ကိုအရယူရမယ့်ခြေအနေရောက်လာပြီလေ။ နောက်ထပ်ကျန်တဲ့ (၂၅) ကွက်ရောလိုချင်သေးလား၊ ဖြစ်နိုင်တာပေါ့ဗျာ၊ လောကကြီးမှာ မဖြစ်သေးတာပဲရှိတယ်၊ မဖြစ်နိုင်တာဘာမှမရှိဘူး၊ အားလုံးအတွက် ပြင်းထန်ခိုင်မာတဲ့ယုံကြည်မှု၊ ဇွဲလုံ့ဝရိယနဲ့ အချိန်အတိုင်းအတာတစ်ခုပဲလိုမယ်၊ ဒီ (၂၅) ကွက်ကိုဘာများ မှုစရာလိုသလဲ။ အဓိကက ကိုယ်လိုချင်တဲ့ လူတစ်စု ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အသွင်ကိုယူပါ၊ ယုံကြည်မှုတည်ဆောက်ပါ၊ ကိုယ့်ဖက်ပါလာအောင် စည်းရုံးပါ၊ အင်အားကို တစ်စိပ်ရတစ်စိပ် တစ်အိတ်ရ တစ်အိတ် အရယူပါ၊ အချိန်အတိုင်းအတာကြာနိုင်တဲ့အတွက် စိတ်ရှည်သည်းခံပါ၊ ဒါဟာ အန္တရာယ်ကင်းပြီး ထိရောက်မှုပြင်းတဲ့ အနီးကပ်ခြေမှုန်းရေး ဗျူဟာတစ်ရပ်ပါပဲ၊ အရပ်သားအခေါ်ကတော့ ပူးသတ် သတ်တယ် ပေါ့ဗျာ၊ မကြာပါဘူး (၂၅) ကွက်လည်း ကိုယ့်ဖက်ပြန်ပါလာမှာပါပဲ။ ပြည်သူ့အားဆိုတာတွေကို အပေါ်မှာပြောထားသလို သုံးကြပါဗျာ၊ ခင်ဗျားတို့ အော်အော်နေသလို killing field ထဲကိုအတင်းမောင်း မသွင်းကြပါနဲ့။
လမ်းမပေါ်မထွက်သင့်ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး၊ သူ့အချိန်အခါနဲ့သူလေဗျာ၊ တစ်ဖက်ကသူတွေ သိပ်ရက်စက်တတ်သလို ခင်ဗျားတို့လည်း အဲဒီရက်စက်တဲ့လမ်းစဉ် သွားမနင်းမိပါစေနဲ့။ ကောင်းကောင်း မကောင်းကောင်း ကြိုက်ကြိုက်မကြိုက်ကြိုက် စစ်တပ်ဆိုတာက တိုင်းပြည်တိုင်းမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာရင် အာဏာရယူထိန်းသိမ်းပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသောနောက်ဆုံးပိတ်အဖွဲ့အစည်းဆိုတာကို အားလုံးနားလည်သဘောပေါက်စေချင်တယ်။ (၁၉၈၈) အရေးအခင်းနဲ့ အခုလက်ရှိအခြေအနေနဲ့လည်း သွားမရောပါနဲ့၊ (၈၈) အရေးအခင်းမတိုင်မှီက ခင်ဗျားတို့တွေဘယ်လိုပဲ စစ်အာဏာရှင်ပြောပြော အမှန် တစ်ကယ်အစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ နိုင်ငံရေးအစိုးရပါ။ အခြေအနေတွေ ရှုပ်ထွေးလွန်းတဲ့အချိန်မှာ ပြည်သူတွေကို ပါတီစုံစနစ်နဲ့မိတ်ဆက်ပေးလိုက်တာလဲ အဲဒီအစိုးရပါပဲ၊ ခင်ဗျားတို့ “ဒီမိုကရေစီ” မအော်တတ်ခင်မှာ “ပါတီစုံ” ဆိုတဲ့စကားကို သူတို့အရင်ပြောခဲ့တာပါ၊ အားလုံး မသိချင်ယောင်ဆောင်မနေပါနဲ့၊ တစ်ကယ်မသိကြရင်လည်း မှတ်ထားလိုက်ပါ၊ မယုံရင်လည်း မှတ်တမ်း တွေရှိပါတယ်၊ ပြန်လေ့လာလိုက်ပါဦး။ ဒီလိုမျိုး အစိုးရကလိုက်လျောပြီး ခင်ဗျားတို့အားလုံးအတွက် နိုင်ငံရေးမျက်နှာစာအသစ်ဖွင့်ပေးဖို့စီစဉ်နေချိန်မှာ ခင်ဗျားတို့လောဘတွေကြီး အမိုက်မှောင်တွေဖုံးပြီး စိတ်ရှည်သည်းခံမှုမရှိခဲ့ကြလို့ အခုလိုသံသရာတွေရှည်နေတာပါလို့ ကျွန်တော်ပြောရင် မလွန်ပါဘူးနော်။
ရှင်းပြပါ့မယ်၊ အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ် သန့်သန့်လေးဖြစ်ခဲ့သင့်တာပါ၊ “ဒီမိုကရေစီဆိုတာ တောင်းယူလို့မရရင် တိုက်ယူမှရမယ်” ဆိုတဲ့စကားမျိုးတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုဆိုတာထက် တော်လှန်ရေးအသွင်ဆောင်သွားခဲ့ရပါတယ်။ ပေါ်ပေါက်လာခဲ့သင့်တာက မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ နိုင်ငံရေးသမားတွေပါ၊ စေတနာလွဲခဲ့လို့ ကျွန်တော်တို့ရလိုက်တာဟာ တော်လှန်ရေးသမားတွေပဲ ဖြစ်ခဲ့ပါတယ်။ ဒီလူတွေ ဒီအချိန်အထိ ထောင်တွေထဲမှာ အချိန်ကုန်ရတာ အင်မတန်မှ နှမျောစရာ ကောင်းလှပါတယ်။ အစိုးရနဲ့ပြည်သူ နှစ်ဦးညှိနှိုင်းပြီး နိုင်ငံရေးအရဖြေရှင်းလျှင် ရခဲ့ပါလျက်နဲ့ ခင်ဗျားတို့ တော်လှန်ရေးတွေအလုပ်ကောင်းကြ အတိုက်အခိုက်တွေကောင်းကြ နောက်ပြီး အုပ်စုဖွဲ့အနိုင်ကျင့် လူသတ်ခေါင်းဖြတ် အစိုးရပိုင်စက်ရုံအလုပ်ရုံတွေကစလို့ နောက်ဆုံးမူလတန်းကျောင်းပါမကျန် ဖေါက်ထွင်းယူကြ၊ စည်းကမ်းတွေပျက်လွန်းကြတော့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေမှာ စစ်တပ် ဝင်လာတာ မဆန်းကျယ်ပါဘူး၊ ဒီစစ်တပ်ကိုဘယ်သူမှ တင်ပေးလိုက်တာမဟုတ်ပါဘူး၊ ခင်ဗျားတို့ revolutionist တွေ ကိုယ်တိုင်ပါပဲ။ (၁၉၈၈) တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမရှိလျှင် တိုင်းပြည်ကိုတာဝန်ယူမယ့် backup government အနေနဲ့ စစ်တပ်ရှိပါတယ်၊ ဒါကြောင့်လည်း ညှိနှိုင်းမရတဲ့ခင်ဗျားတို့ကိုထားခဲ့ပြီး သူတို့အေးအေးဆေးဆေးအနားယူသွားတာပေါ့ဗျာ၊ (၈၈) အရေးအခင်းကို တစ်ကယ့်အောင်ပွဲကြီး တစ်ရပ်လိုပြောနေကြမယ်ဆိုရင် ခင်ဗျားတို့တစ်တွေ ဒီအချိန်မှာဒီလိုတွေတောင် တစ်စာစာအော်မနေရတော့ပါဘူး၊ ဟုတ်တယ်နော်။ ဒီတော့ဘယ်သူတွေ အောင်မြင်လို့ ဘယ်သူတွေကျရှုံးသွားလည်း အဖြေပြန်ထုတ်ကြည့်လို့ရနေပါပြီ။
အခုလည်း စစ်တပ်ကဦးဆောင်ပြီး အသွင်ကူးပြောင်းရေးအခြေအနေ တစ်ရပ်ကို ဖေါ်ဆောင်နေတယ်၊ ဒီအချိန်မှာ ခင်ဗျားတို့တစ်တွေ ဟိုတုန်းကလို မရိုးမရွစိတ်မရှည် ဖြစ်လာကြပြန်ပြီ၊ ခင်ဗျားတို့ တစ်ခုခု ထလုပ်လို့ကတော့ သူတို့မှာ backup government မရှိတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ခင်ဗျားတို့ ဘာလုပ်လုပ် မှုမှာမဟုတ်ပါဘူး။ နိုင်ငံတစ်ကာအသိုင်းအဝိုင်းက ချည်းကပ်လာလိုက် ပြန်ဆုတ်သွားလိုက် ဖြစ်နေတာဟာ ဒီလိုအကြောင်းပြချက်တွေပါပဲ။ သေချာတာကတော့ တိုင်းပြည်မငြိမ်သက်လေ စစ်တပ် သက်ဆိုးရှည်လေပါပဲ၊ လက်ခံတယ်နော်။ နောက်ပြီးတော့ဗျာ၊ ပတ်ဝန်းကျင်ကိုလည်း မေ့မထားပါနဲ့၊ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုပဲကြည့်ပါ၊ ဆန္ဒပြတဲ့သူတွေကို ဘယ်လိုနှိမ်နင်းလဲဆိုတာ ခင်ဗျားတို့မြင်မှာပါ၊ ဒါတောင် အာဏာရှင် အစိုးရမဟုတ်ဖူးနော်။ ဒါကြောင့် စီးပွါးရေးဆန်ဆန်ပြောရရင် ဘာကိုပဲလုပ်လုပ် အရင်းအနှီးအနည်းဆုံးနဲ့ အမြတ်အများဆုံးရမယ့်နည်းလမ်းကိုပဲရွေးကြပါ လို့ပြောပါရစေ။
ပြည်သူ့အင်အားဆိုတာကိုဆက်ပြောပါမယ်၊ ပြည်သူ့အားဆိုတာကို လွယ်လွယ်နဲ့တော့ သွားမယူသင့်ပါဘူး၊ လွယ်လွယ်ရထားရင် လွယ်လွယ်လေးပဲပြန်ပါသွားတတ်တယ် ဆိုတာလေးတော့ သတိပြုထားရပါမယ်။ အရင်တစ်ပတ်က “(၂၀၁၀) ရွေးကောက်ပွဲ နှင့် ပြည်သူလူထုတာဝန်” ထဲမှာကျွန်တော်ပြောထားသလိုပေါ့၊ ကိုယ့်ကို ယုံကြည်ကိုးစားလာအောင်လုပ်နိုင်ရမယ်။ ဒီအတွက် စည်းရုံးရေးစွမ်းရည်နဲ့ စိတ်စေတနာ မှန်ကန်ပြည့်ဝဖို့ အရည်အချင်းတွေတော့ ခင်ဗျားတို့တွေလိုကြလိမ့်မယ်။ အဲဒီအရည်အချင်းတွေမရှိပဲနဲ့တော့ ပြည်သူလူထုကို သွားမချဉ်းကပ်နဲ့၊ မြန်မာနိုင်ငံသားတွေဟာ လိမ်ချင်တိုင်းလိမ်လို့ရအောင် မညံ့ဖျင်း ကြပါဘူး။ ကျွန်တော်ယုံကြည်ပါတယ်၊ သူတို့ဟာ မေ့မေ့ပျောက်ပျောက် ဘယ်အရာကိုမျှမထားခဲ့ကြပါဘူး၊ အဖြစ်အပျက်တိုင်းဟာသူတို့ရဲ့စိတ်အစဉ်မှာ အမြဲကိန်းအောင်နေဆဲပါ။ မြန်မာပြည်သူလူထုကို အထင် သွားမသေးပါနဲ့၊ လာမယ့် (၂၀၁၀) ရွေးကောက်ပွဲမှာ သူတို့ဘာလုပ်ရမယ်ဆိုတာသူတို့ ကောင်းကောင်း သိကြတယ်၊ guideline လေးနဲနဲချပြလိုက်တာနဲ့ သူတို့ရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုခင်ဗျားတို့ မြင်တွေ့ ကြရလိမ့်မယ်။ ကျွန်တော်တို့ပြည်သူတွေ နှစ်တော်တော်ကြာကြာ မေတ္တာငတ်မွတ်ခဲ့ကြရတယ်၊ သူတို့ မှာနားလည်သည်းခံပေးခဲ့ရတာတွေလည်း ရင်နဲ့အပြည့်ပါပဲ၊ နေ့စဉ်အပေါ်ယံပကာသန သရုပ်ဆောင်မှုတွေ ရဲ့နောက်ကွယ်က ပြည်သူတွေရဲ့ ညည်းညူငိုရှိုက်ရသံတွေကို ခင်ဗျားတို့ကြားအောင်နားထောင်ကြည့်ကြပါ၊ သူတို့တစ်တွေအရမ်းကို ပင်ပန်းနေကြပါပြီ၊ သူတို့ကိုတစ်ချက်ကလေးနားလည်းပေးလိုက်ကြပါဗျာ။
ပြည်သူလူထုကြီးဖက်ကရော ဘာတွေပြင်ဆင်ထားရမလဲ၊ အရင်တစ်ခေါက်ကစကားတွေပဲပြန်ပြောရမှာပဲဗျာ၊ ဒါပေမယ့် ဖြည့်စွက်ချင်တာလေးတွေပေါ်လာပါတယ်၊ ပြည်ပအသံလွှင့်ဌာနတွေမှာရော ပြည်တွင်း media မှာရော နိုင်ငံရေးပါတီတွေရဲ့ စကားများအရပေါ့လေ သင်္ခန်းစာအသစ်တစ်ခုရလိုက်တာကတော့ ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်ကိုအထင်သေးတဲ့သူဖြစ်မနေဖို့ အလွန်ကိုအရေးကြီးပါတယ်၊ တစ်ချို့ကပြည်သူတွေကို အထင်သေးသလို တစ်ချို့ကလည်းပြည်သူလူထုကို လေးစားတဲ့လူတွေလည်း တွေ့လိုက်ရပါတယ်။ ကိုယ်သဘောကျတဲ့သူ ကိုယ်သဘောကျတဲ့အဖွဲ့အစည်းဟာ ကိုယ့်ကိုအထင်မကြီး သူတွေလည်း ဖြစ်နေနိုင်ပါတယ်၊ ဘယ်သူဘယ်ဝါတွေရယ်လို့တော့ မပြောလိုပါဘူး၊ ဒီတော့ပြည်သူလူထု ကြီးဟာ အများကြီးလေ့လာဖို့လိုနေပါတယ်၊ ကိုယ့်ရဲ့သဘောထားတွေကို ဒီအတိုင်းဆက်ထားမလား ပြုပြင်ပြောင်းလဲမလား စဉ်းစားစရာတွေဖြစ်လာပါပြီ။ ကိုယ့်အသည်းကြားကမဲတစ်ပြားဟာ ကိုယ့်အတွက် ရော အများအတွက်ပါ တန်ဖိုးရှိတဲ့ရလဒ်တွေ ယူဆောင်ပေးနိုင်ဖို့ နိုင်ငံရေးကိုပိုမိုပြီး လေ့လာသင့်ကြတယ်လို့ ယူဆပါတယ်၊ နိုင်ငံရေးဟာ ကြောက်စရာစကားလုံးမဟုတ်တော့ပါဘူး၊ နိုင်ငံရေးကို ပစ်မထားကြပါနဲ့တော့၊ နိုင်ငံရေးပါတီများရဲ့ ပြောစကားလေးတွေ နားစွင့်ထားကြပါ။ အမိမြေဟာ ကျွန်တော်တို့အားလုံးရဲ့ အကူအညီကို လိုအပ်လို့နေပါပြီ။
လက်ရှိနိုင်ငံရေးအခြေအနေကို သရုပ်ခွဲကြည့်ရရင် နှစ်ဖက်စလုံးဟာ အမြင်မတူပဲ အတူတစ်ကွ ကျွန်း တစ်ကျွန်းပေါ်မှာ ပိတ်မိနေကြသလိုပါ။ လက်ရှိအစိုးရအတွက်ကတော့ ထိုကျွန်းပေါ်မှာ တစ်ဖက်ကမ်းကို ကူးဖို့အတွက် တံတားတွေရှိနေပါတယ်၊ ဒါပေမယ့် အတိုက်အခံတွေက တံတားတိုင်းမှာရော ရေထဲမှာပါ စောင့်ကြပ်နေတယ်လို့ သူတို့ကထင်နေပါတယ်၊ ဒီအတွက် သူတို့ဟာဘယ်တံတားကိုမှ အသုံးမပြုရဲ ကြပါဘူး၊ ဒီတော့သူတို့ safe ဖြစ်မယ့်တံတားတစ်ခုဖန်တီးယူကြပါတယ်၊ အဲဒီတံတားကပဲ တစ်ဖက်ကို သူတို့သွားဖို့ပြင်ဆင်ကြပါလိမ့်မယ်။ ပြည်သူလူထုဘက်ကကျတော့ တစ်ဖက်ကမ်းကိုကူးသွားဖို့ အစိုးရက ပိတ်ဆို့ထားတဲ့ တံတားများရယ် အစိုးရကိုယ်တိုင်ကခင်းပေးထားတဲ့ တံတားတစ်စင်းရယ်လို့ရှိနေပါတယ်။ ပြည်သူတွေအကုန်လုံး တစ်ဖက်ကမ်းကိုမြန်မြန်ရောက်ချင်ဇောနဲ့ ပိတ်ထားတဲ့တံတားများပေါ်က သွားရင် တော့ အန္တရာယ်များပါမယ်၊ ဒုက္ခအပေးခံရပါမယ်၊ ရေထဲကဆင်းကူးပြန်တော့လည်း ပြည်တွင်းပြည်ပ အန္တရာယ်တွေကြားမှာ အကျိုးနည်းကြဖို့ပဲရှိပါတယ်၊ ရွေးချယ်စရာတွေဒီလို များပြားလှပေမယ့် ပန်းတိုင် မရောက်ခင် ကိုယ့်ဆီအရင်ရောက်လာမှာကတော့ ကြေကွဲဖွယ်ရာတွေပါ။ ခင်းပေးထားတဲ့တံတားက သွားကြရင်တော့ ကျဉ်းတာကြပ်တာတော့အမှန်ပါပဲ၊ စိတ်ရှည်ရှည်ထားပြီး တစ်ဦးချင်းကျော်ဖြတ်သွား ရင်တော့ တစ်နေ့မှာ အားလုံးလွတ်မြောက်မှာမလွဲပါဘူး။
ခင်ဗျားတို့ကိုကြည့်ပြီး ကျွန်တော်ဘာသွားသတိရလည်းဆိုတော့ တစ်ချိန်ကနိုင်ငံတော်သမ္မတဟောင်း ဦးမောင်မောင် ပြည်သူလူထုတစ်ရပ်လုံးကို မေတ္တာရှေ့ထားပြီး ပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ ခင်ဗျားတို့ကို ဒီအချိန်မှာပြောမယ့်သူ မရှိလို့ ကျွန်တော်ကပဲ လက်ဆင့်ကမ်းလိုက်ပါရစေ၊ “ဆန္ဒတွေမစောကြပါနဲ့” လို့။
တိုင်းရေးပြည်ရေးဆိုတာက သွေးပူလို့မရဘူးလေနော်၊ ကဲဗျာ သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ တစ်ဖက်ကမ်းကို ရောက်ဖို့က အဓိကမဟုတ်လား၊ တံတားတစ်စင်းတည်းရှိလည်း ဦးစားပေးသင့်သူတွေကိုပေးပြီး ကျွန်တော်တို့တွေ ညီညီညွတ်ညွတ်နဲ့ ဖြတ်ကူးလိုက်ကြရအောင်လား။
Saturday, 30 October 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment