အောင်ဝေး ၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအနောက်ခြမ်း ခရီးစဉ်။
၁၉၈၉ ဇန်နဝါရီ။
ဒီခရီးစဉ်မှာ ကျနော်တို့ ထနီး၊ မအူပင်၊ သံပရာချောင်း၊ ရွှေလောင်း၊ ကျုံမငေး စတဲ့ မြို့တွေ ရွာတွေကို ဖြတ်လာခဲ့ကြပါပြီ။
အမြို့မြို့၊ အရွာရွာ ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာ ကောင်းသလို ကြည်နူး ချမ်းမြေ့စရာလည်း ကောင်းလှပါတယ်။ နေရာတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြီးဟာ ခွဲခြားလို့မရ၊ ဖြိုခွဲလို့မရ၊ တသားတည်း၊ တသွေးတည်း ဖြစ်နေတာကို တွေ့နေရတော့တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က လူထုကို အပျော့ပြောင်းဆုံး အပြုံးနဲ့ နှုတ်ဆတ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ အသန်စွမ်း၊ အားမာန်အရှိဆုံး အပြုံးနေတယ်။ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘောတရားအရ ပျော့ပြောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်။ အပျော့ပျောင်းဆုံး လေးကိုင်းဟာ အဝေးဆုံးရန်သူရဲ့ ရင်အုံကို တည့်တည့် ထိမှန်နိုင်တယ်။ ဒါပဲမဟုတ်လား။ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့ အမြဲပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ‘လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းမျိုး ရှိမှဖြစ်မယ်။ လွတ်လပ်ရေး ရချင်ရင်၊ လွတ်လပ်ရေးကိုပေးနိုင်တဲ့ ညီညွတ်မှုမျိုး လိုအပ်တယ်’ လို့ အစဉ်ပြောဆိုခဲ့ဖူးတာပါ။
ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက ‘စည်းကမ်းရှိ၊ ညီညွတ်ပြီး၊ အမှန်တရားနဲ့ ကိုက်ညီတဲ့အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်’ ဆိုတဲ့စကားက ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတွေကြားမှာ စိမ့်ဝင် ပျံ့နှံ့နေတဲ့အချိန်။
ဒီအချိန်မှာ နဝတ စစ်အုပ်စုကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမယ်လို့တော့ ကမ္ဘာသိကြေညာထားပါပြီ။
အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး ဆိုတာထက်၊ လက်ငင်းမှာ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲ ပြန့်ကျဲမသွားအောင်၊ ဒီအင်အားတွေကို စနစ်တကျ ပြန်လည်စုစည်းဖို့ ဒေါ်အောင်ဆန်းစုကြည် အခုလို လူထုစည်းရုံးရေး ခရီးတွေ ထွက်နေတာ ဖြစ်တယ်လေ။ အဲဒီအချိန်အဲဒီကာလ အဲဒီခရီးစဉ်မှာ ဖြန့်ဝေတဲ့ ကဗျာစာအုပ်ထဲမှာ ကျနော်က မဆလ တခေတ်မှာ၊ ရွတတ ဖြစ်သူတွေ၊ နေရစ်ခဲ့ကြတော့၊ ငြိမ်ပိတခေတ်မှာ၊ ငြိမ်ကြည့်ဖြစ်နေတဲသူတွေ၊ နေရစ်ခဲ့ကြတော့၊ ရွေးကောက်ပွဲဆိုတာလည်း၊ ခွေးခလောက်ဆွဲသလိုပါပဲ’ ဆိုပြီး ရေးခဲ့တဲ့ အချိန်ပါ။
‘ငြိမ်ပိ’ ဆိုတာကတော့ အဲဒီအချိန်က နဝတ – နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို လူထုက ခေါ်တဲ့နာမည်ပါ။ ဒီကဗျာစာအုပ်က ဆရာဦးဝင်းတင်၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တို့ထံ တင်ပြပြီး၊ အင်န်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ပြန်ကြားရေးဌာနတို့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဖြန့်ဝေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီခရီးထွက်တဲ့အချိန်ဟာ နဝတ ရဲ့ ရွေးကောက်ပွဲက ဘယ်နေမှန်းတောင် မသိသေးပါဘူး။ ဒါပေမဲ့ ဒီခရီးစဉ်မှာပဲ နောင် ၁၉၉ဝ ပြည့်နှစ်၊ မေလမှာ ဖြစ်လာခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာစရာ ကိစ္စတခုကတော့ အဲဒီခရီးစဉ်မှာ မှတ်မှတ်ရရဖြစ်ခဲ့တာကို ကျနော် ပြန်သတိရမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ကျုံမငေးမြို့မှာ စစ်တပ်က သေနတ်သံ လေးငါးဆယ်ချက် ပစ်ဖောက် ဂုဏ်ပြုတာ ခံယူပြီး လပွတ္တာမြို့ကို ခရီးဆက်ခဲ့ကြပါတယ်။ ကျနော်တို့ သင်္ဘောဟာ ပြာမလော့မြစ်ကြီးထဲကို ရောက်လာပါပြီ။ မြတ်မေတ္တာ သင်္ဘောဟာ ဘီတွတ် ဆိုတဲ့ရွာကြီးကို ဖြတ်ကျော်စ ပြုနေပါပြီ။အဲဒီအချိန်မှာပဲ လပွတ္တာမြို့နယ် စည်းအဖွဲ့ဝင်တချို့နဲ့ ဘီတွတ်ရွာသူရွာသားတချို့ ပဲ့ထောင်နဲ့ ကျနော်တို့သင်္ဘောဆီကို အချက်ပြ ကပ်လာပြီး၊ ဘီတွတ်ရွာမှာ ခဏလောက် ဆိုက်ကပ်ပေးဖို့ မေတ္တာရပ်ခံလာပါတယ်။
ဘီတွတ်ရွာ၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည်
ခရီးစဉ်ဆွဲထားတဲ့ လမ်းကြောင်းအရ ဘီတွတ်ရွာကို ဝင်ဖို့ အစီအစဉ် မပါပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ‘ကျမလည်း ဘီတွတ်ရွာသူရွာသားတွေနဲ့ တွေချင်ပါတယ်’ ဆိုပြီး သင်္ဘောက ရွာဘက်ကို ပြန်လှည့်ကပ်လိုက်ပါတော့တယ်။ လပွတ္တာမြို့နယ်ထဲက ဘီတွတ်၊ လှိုင်းဘုန်း၊ ကန်ဘဲ့၊ အလယ်ရေကျော် စတဲ့ ရွာကြီးတွေဟာ ခေတ်မီတိုးတက်တဲ့ရွာတွေပါ။ ဒီမိုကရေစီတိုက်ပွဲခေတ်မှာ ဒီရွာတွေဟာ နောက်ကျမကျန်ရစ်ခဲ့ပါဘူး။ဘီတွတ်ရွာသူရွာသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ပြာမလော့မြစ်ရိုးမှာ ဟိုးဟိုးညံသွားပါတော့တယ်။အရေးပေါ် ဆိုက်ကပ်ရတဲ့ရွာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်လည်း လူထုကို အရေးပေါ် မိန့်ခွန်း ပြောရပါတယ်။ လူထုက ရွာလယ် လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အရေးပေါ် စုဝေးလိုက်ကြတာပါ။ သုံးရောင်ခြယ်ကျောင်းသားတွေက နံဘေးမှာရှိတဲ့ ကြံရည်ဆိုင်က ခုံတလုံး ဆွဲယူလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခုံပေါ်တက်ပြီး မိန့်ခွန်းပြောပါတယ်။ အက်(ဖ်)အမ် မိုက်နဲ့ ပြောတာဆိုတော့ သင်္ဘောပေါ်က ဧရာမ ဆောင်းဘောက်(စ်)ကြီး ၄လုံးကလည်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို တရွာလုံး အကုန်ကြားအောင် လိုက်(ဖ်) လွှင့်ထုတ်ပေးနေသလိုပါ။
နေက ခေါင်းအပေါ်တည့်တည့်မှာ ချစ်ချစ်တောက် ပူနေတဲ့အချိန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ခမျာ အဆောင်းမပါ၊ အမိုးအကာ မရှိရှာပါဘူး။ ဒီအခိုက်အတန့်မှာပဲ ဗိုလ်ကြီးဝင်းထိန်က သူဆောင်းထားတဲ့ ‘ခမောက်’ အဲဒီ ခမောက်ကို ချွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီကို ကမ်းပေးလိုက်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ခမောက်ကို လှမ်းယူပြီး တောသူ တောင်သားတွေလို ဟန်ကျပန်ကျ ဆောင်းလိုက်ပါတော့တယ်။ လူထုဟာ သဘောကျလို့ မဆုံးတော့ပါဘူး။
နောင်တချိန် အင်န်အယ်လ်ဒီက နဝတရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ အချိန်မှာ၊ ကဗျာဆရာကြီး ဦးတင်မိုး- ‘ပိတောက်နဲ့ငု နွေမှာလှိုင်တယ်၊ ခမောက်နဲ့စု မေမှာနိုင်မယ်’လို့ ကဗျာရေးခဲ့သလို၊ အင်န်အယ်လ်ဒီ ရဲ့ ၁၉၉ဝ မေ ရွေးကောက်ပွဲဝင် အမှတ်အသား အနေနဲ့ ခမောက်ပုံဖြစ်ခဲ့တာဟာ အဲ့ဒီတုန်းက ဘီတွတ်ရွာမှာ ဒေါ်အောင်ဆန်းစုကြည် ခမောက်ဆောင်းပြီး မိန့်ခွန်း ပြောနေတဲ့ ဓာတ်ပုံတွေက စခဲ့တာပဲလားဆိုတာ ကျနော် တွေးတောနေမိပါတော့တယ်။ ။
Radio Free Asia, Burmese Service မှရယူပါသည်။