Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 18 November 2010

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား”

ဧရာဝတီ THURSDAY, 18 NOVEMBER 2010 19:43 အင်တာဗျူး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရအပေါ်သဘောထား၊ ၎င်း ဆက်လက်ဆောင်ရွက်မည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် များနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းအပေါ် အမြင် စတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ဆက်သွယ်မေးမြန်းထားသည်။
(ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ အခုဆိုရင် နေအိမ်မှာ ၇ နှစ်ကျော် အကျဉ်းကျခဲ့တာ ပြန်လွတ်လာပြီ၊ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ လူထုကို စကားပြောခဲ့တယ်၊ အပြင်ကိုလည်း ထွက်ကြည့်ခွင့်ရတယ်။ မြန်မာ လူမျိုးတွေကလည်း အပြင်မှာရော အထဲမှာရော ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဘာတွေ ပြောင်း သွားတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ပထမ ဦးဆုံးကတော့ အန်တီ့ကို လာပြီး ကြိုတဲ့ လူအုပ်စုထဲမှာ လူငယ်တွေ ပိုများလာတာတော့ သတိ ထားမိတယ်။ နောက်ပြီးတော့ cell phone လေးတွေ သုံးတာပေါ့နော်။ cell phone လေးတွေနဲ့၊ hand phone လေးတွေနဲ့ ဓာတ်ပုံရိုက်တာတွေ ဘာတွေပေါ့။ အဲဒါတွေက အရင်တုန်းက မကြုံဖူးဘူးလေ။ ၁၀ နှစ် လောက်က မရှိဘူး။ အဲဒါတွေက တော်တော်များများ ပျံ့နေတာဟာ၊ ဘာပဲပြောပြော ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာလို့ရှိရင် လမ်းကြောင်းတွေ ပိုများလာတယ်လို့ မြင်တာပေါ့နော်။ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စပေါ့နော်။ နောက်ပြီးတော့ မြို့ထဲမှာတော့လေ သိပ်ထူးထူးခြားခြား အပြောင်းအလဲကြီးတော့ မမြင်ဘူး။ တကယ်တော့ အန်တီလည်း လျှောက်ပြီး သွားတဲ့လူမဟုတ်တော့ နေရာမနှံ့လို့လားတော့မသိဘူး။ သိပ်ပြီး ထူးထူးခြားခြား ဘာမှပြောင်းလဲမှုမရှိဘူး။

မေး။ ။ မြန်မာလူမျိုးတွေက အရမ်း နွမ်းသွားလား။

ဖြေ။ ။ အဲဒီဟာ ကြည့်ရတာတော့နော် နွမ်းပါးနေပေမယ့်။ အန်တီ့ကိုလာကြိုတဲ့ လူတွေကတော့ အရမ်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးတာ၊ အဲဒါကိုတော့ တော်တော်လေး ကျေးဇူးလည်း တင်တယ်။ ဒီလို သူတို့ သဘောထား သိပ်ကြီးတယ်ပေါ့နော်။ နွေးထွေးတယ်။ အဲဒီလိုပဲ ခံစားရတယ်။

မေး။ ။ အန်တီ အခုလွတ်လာတာကို ထောင်သေးသေးထဲကနေ ထောင်ကြီးကြီးထဲကို လွတ်လာတာလို့ တချို့က ရေးကြ သုံးသပ်ကြတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုး အန်တီ ခံစားရလား။

ဖြေ။ ။ အန်တီက အဲဒီလိုမမြင်ဘူး။ ပြောင်းပြန်မြင်တယ်။ အစတုန်းကလည်း အန်တီက လွတ်လပ်နေတယ်လို့ အန်တီ့ကိုယ် အန်တီ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ စိတ်လွတ်လပ်တယ်။ အန်တီ့ အတွေးအခေါ်နဲ့၊ အန်တီ့ ယုံကြည်ချက်နဲ့ အန်တီရွေးတဲ့လမ်း အန်တီလျှောက်နေတာ။ ပြီးတော့ စိတ်ထဲမှာ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခု ဒီလို ထွက်လာတော့လည်း အန်တီ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခုကတော့ ပိုပြီး အလုပ်များတာပေါ့နော်။ လက်တွေ့ကျကျ အပြောင်းအလဲတွေပဲ မြင်ရတယ်၊ တွေ့ရတယ်၊ ခံစားရတယ်။ တကယ်တော့ ကိုယ့် အတွင်းစိတ်ကတော့ ဒီ အတိုင်းပဲ။

မေး။ ။ ဟုတ်ကဲ့။ တချို့ နိုင်ငံရေး သုံးသပ်သူတွေပေါ့။ ကျနော်တို့အပါအဝင် အပြင်မှာရော၊ အထဲမှာရော ပြောကြတာ၊ ရေးကြတာ ဘာတွေလဲ ဆိုတော့ မြန်မာ နအဖ စစ်အစိုးရအနေနဲ့ အန်တီ့ကို ရွေးကောက်ပွဲပြီး တပတ် မှာလွှတ်တာက ရွေးကောက်ပွဲကို အာရုံလွှဲတယ်လို့ပဲ မြင်ကြတယ်။ အန်တီ ဘယ်လိုထင်သလဲ။

ဖြေ။ ။ အဲဒါကတော့ အန်တီပြောလို့မရဘူး။ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်လေ။ ဒါပေမယ့် ရွေးကောက်ပွဲက ပြီးသွားပြီဆိုတော့လည်း ရွေးကောက်ပွဲကို အာရုံသိပ်ပြီးပြုဖို့မလိုတော့ အန်တီ့ကို ပိုပြီးတော့ အာရုံစိုက်တာပေါ့နော်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ခြင်းပဲ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အန်တီက တွေ့ဆုံ စကားပြောချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး ပြန်လည် ဖော်ဆောင်ချင်တယ်လို့ ပြောတယ်လေ။ အများစုက အန်တီ့ အပေါ်မှာ သံသယမရှိပေမယ့် ဟိုဘက်ကတော့ ပြောချင်ပုံ မရဘူးပေါ့လေ။ အန်တီ နိုင်ငံရေးကို စဝင်ကတည်းက၊ ၁၉၈၈ ကတည်းက၊ မြန်မာ နအဖ၊ အဲဒီတုန်းက နဝတ ပေါ့ သူတို့ဘက်က နေပြီးတော့ အန်တီ့ကို မလိုလားဘူးဆိုတဲ့ ဟာကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီဖြစ်တယ်။ ဘာကြောင့် အခုထိ ၂၂ နှစ်ရှိပြီ၊ အန်တီ့ ဘက်ကနေပြီးတော့ အမျိုးမျိုး ကမ်းလှမ်းခဲ့သော်လည်း ဘာလို့ သူတို့ဘက်က မပြောချင်တာလဲ၊ ဘာကြောင့်လို့ အန်တီထင်သလဲ။

ဖြေ။ ။ စကားပြောတယ် ဆိုတဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ စကားပြောတဲ့ တကယ့် အနှစ်သာရ အဓိပ္ပာယ်ကို အန်တီတို့ နားလည်တာခြင်းဟာ မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့အမြင်မှာ ဒီလို စကား ပြောတယ် ဆိုတာဟာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အန်တီ ခဏခဏပြောတယ်။ တဘက်က ရှုံးစေ၊ တဘက်က နိုင်စေ ပြောတာ မဟုတ်ဘူး။ တဘက်ကလည်း ကိုယ့် အမြင်ကိုပြောရမယ်၊ နောက်တဘက်ကလည်း ကိုယ့်အမြင်ကို ပြောမယ်၊ သဘောမတူတာတွေ ရှိရင်လည်း ညှိယူမယ်ပေါ့နော်။ ၂ ဘက် စလုံးအတွက် အောင်နိုင်မှု ဖြစ်ရမယ်။ အဲဒါမျိုး ကိုပြောပေမယ့်လည်းပဲ နည်းနည်းမှ သဘောမပေါက်ဘူး။ မယုံတာလား၊ သဘောမပေါက်တာလား။ ဒါမှမဟုတ် တပ်မတော် အသိုင်းအဝန်းမှာ ဒီလိုပေါ့နော် … အခြေအတင် စကားပြောပြီးတော့ ညှိနှိုင်းယူတဲ့ အလေ့ အထ မရှိလို့လား၊ အဲဒါတွေက အများကြီးကို စဉ်းစားစရာ ဖြစ်တယ်။

မေး။ ။ အဲဒီလို ဆိုရင် ၉၄၊ ၉၅ ပြီးတော့ ၂၀၀၀ ဝန်းကျင်မှာ အန်တီနဲ့ တကယ့် ထိပ်တန်း ခေါင်းဆောင်တွေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင်၊ ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် တွေ့ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက ပြောခဲ့တာ တွေကကော တကယ့် အနှစ်သာရ ရှိတာတွေလား၊ တကယ့် အခြေအတင် တွေလား။

ဖြေ။ ။ တွေ့ကြတယ်ပေါ့နော်။ ဒါပေမယ့် တကယ် ဆွေးနွေးတယ်လို့ ပြောလို့မရပါဘူး။ တကယ် ဆွေးနွေး တယ်လို့ ပြောလို့ရတာက၊ ဒီပဲယင်းပြီးတော့ တွေ့ဆုံခဲ့တဲ့ ဗိုလ်မှူးကြီးတင်လှိုင်တို့၊ ဗိုလ်ချုပ်ကျော်ဝင်းတို့၊ ဗိုလ်မှူးချုပ် သန်းထွန်း တို့နဲ့ တွေ့ဆုံပြီးတော့ ပြောခဲ့တာပဲ၊ အဲဒါတွေကတော့ တကယ် ဆွေးနွေးခဲ့တာပဲ။ ဒါပေမယ့် အဲဒါတွေကလည်း တကယ်တော့ အကောင်အထည်မဖော်ခဲ့ဘူး။

မေး။ ။ သူတို့တွေလည်း မရှိတော့ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း မရှိတော့ဘူး၊ တချို့ နှစ်ရှည်လများ ထောင်ကျ နေကြတာ ဆိုတော့ သူတို့ အပေါ်မှာရော အန်တီ ဘယ်လိုမြင်သလဲ။ တကယ်ပဲ အန်တီနဲ့ တပ်မတော်ကြားထဲမှာ တံတားထိုးပေးနိုင်မယ့် သူတွေလို့ အန်တီ နောက်ပိုင်းမှာ ယူဆမိတာ ရှိလား။ နောက်ပိုင်းမှာ ပြန်တွေ့ဖို့ ရှိလား။

ဖြေ။ ။ အန်တီထင်တာကတော့ သူတွေကတော့ သူတို့ကို တာဝန်ပေးချက်အရ လုပ်နေပေမယ့် သူတို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်တယ် လို့တော့ အန်တီက မြင်တာပဲ။ ဒါပေမယ့် သူတို့ကလည်း ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာပေါ့။ အန်တီက ဒီလိုလူတွေနဲ့ ဆွေးနွေး ပြောဆိုတဲ့ အခါမှာ သူတို့ရဲ့ ကောင်းတဲ့ အချက် ရှိတယ်ဆိုတာ အမြဲ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘက်ကချည်းပဲ မှန်တယ်လို့လည်း ထင်တာ မဟုတ်ပါဘူး။သူတို့နဲ့က သူပြောကိုယ်ပြော ပေါ့နော်။ နောက်ပြီးတော့လည်း နည်းနည်း ချဉ်သွားတာပေါ့နော်၊ နည်းနည်း ပြောဟယ် ဆိုဟယ် ဆိုတော့လည်း ချဉ်သွားတဲ့ ကိစ္စလေးတော့ ရှိတာပေါ့နော်။ အဲဒါလည်း အန်တီ့ဘက်က ရှိတာပေါ့နော်။ သူတို့ဘက်ကတော့ ရှိလား မရှိလားတော့ မသိဘူး။

မေး။ ။ အန်တီ့အပေါ်မှာတောင် အရမ်း လေးစားသွားတာတွေ ရှိတယ်လို့ကျနော် ကြားတယ်။ အဲဒီလိုမျိုး ရှိလား။

ဖြေ။ ။ အဲဒီလောက်တော့ မသိဘူး။ ဒါပေမယ့် အန်တီကိုတော့ သူတို့ကောင်းကောင်း ဆက်ဆံပါတယ်။ အခုနောက်ပိုင်းမှာလည်း လုံခြုံရေးတာဝန်ယူရတဲ့ အရာရှိတွေကလည်း သူတို့နဲ့တွေ့တဲ့အခါ၊ ဆက်ဆံရတဲ့အခါ ကောင်းကောင်း မွန်မွန်ပါပဲ။ အန်တီကလည်း သူတို့အပေါ်မှာ ခင်ချင်တဲ့ စိတ်ရှိပါတယ်။ သူတို့ အတွင်းစိတ်က ဘယ်လိုရှိလဲ ဆိုတာတော့ ပြောလို့မရဘူး။ အန်တီ့ ဘက်ကပဲ အန်တီပြောနိုင်တာ သူတို့ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတာကို အန်တီက ကျေးဇူးလည်း တင်တယ်၊ သူတို့အပေါ်မှာ ခင်မင်ရင်းနှီးချင်တဲ့ စိတ်လည်း ရှိတယ်။ နောက် တနင်္ဂနွေ နေ့တုန်းကလို ပေါ့လေ။ ရုံးအရှေ့မှာ ပြောသလိုပေါ့လေ။ ပြည်သူအားလုံးကို သူတို့ ဒီလိုပဲဆက်ဆံ စေချင်တယ်။

မေး။ ။ အန်တီ တခါတလေများ သိပ်မဝေးတော့တဲ့ ကာလတခုမှာ နေပြည်တော်ကို သွားပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လို့ရမယ့် အစီအစဉ်များ ရှိမယ်လို့ ထင်မိသလား။ ယုံကြည်သလား။

ဖြေ။ ။ အန်တီကတော့ အဲဒီလိုမစဉ်းစားဘူး။ အန်တီကတော့ ဘယ်လိုဖြစ်အောင် လုပ်ရမလဲပေါ့နော်။ ကိုအောင်ဇော်တို့ ကြားဖူးမလားတော့ မသိဘူး။ ဂန္ဓီကြီးက ဟိန္ဒူဘာသာဝင် ဆိုပေမယ့် ခရစ်ယာန် ဓမ္မသီချင်းတပုဒ်ကို သိပ်ပြီးတော့ သဘောကျတယ် ဆိုတာလေ။ အဲဒီ သီချင်းဟာ Lead Kindly Light ဆိုတာ သူပြောထားတာတော့ အရှည် အဝေးကြီး မဟုတ်ဘူးပေါ့နော်။ တလှမ်းချင်း တလှမ်းချင်းသာ မြင်ခွင့်ပေးပါဆိုတာ၊ အဲဒါကို ဂန္ဓီကြီးက ယုံသလို အဲဒီဟာကို အန်တီလည်းယုံတယ်။ တလှမ်းချင်း တလှမ်းချင်းသာ မှန်အောင် လှမ်းနိုင်အောင်လို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီးသွားမယ်၊ တလှမ်းချင်း တလှမ်းချင်းသာမှန်လို့ရှိရင်တော့ လမ်းမှန်ပေါ်ကနေ နေရာမှန်ကို ရောက်မှာ ပေါ့လေ။ အဝေးကြီး စိတ်ကူးမယဉ်စေချင်ဘူး။ နောက်ပြီးတော့ အန်တီက စိတ်ကူးယဉ် မျှော်လင့်ချက်ကို သိပ် အယုံအကြည်မရှိဘူး။ မျှော်လင့်ချက်ဆိုတာ ကြိုးစားချင်မှု။ ကိုယ်ကြိုးစား သလောက်ပဲ မျှော်လင့်ပိုင်ခွင့် ရှိတယ်လို့ အဲဒီလိုပဲ အယုံအကြည် ရှိရှိနဲ့ ကြိုးစားသွားမှာပဲ။

မေး။ ။ အဲဒီလိုမျိုး အန်တီနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အဲဒီလိုမျိုး တကယ့်ကို စေ့စပ် ဆွေးနွေးဖို့ အလားအလာ ရောက်တော့မယ်ဆိုပြီးတော့ စိတ်ကူးယဉ်ပြီးတော့ ပြောတာတွေ ရေးတာတွေ အပြင်မှာ ရော၊ အထဲမှာရော၊ ကုလသမဂ္ဂဆိုရင် ပြောခဲ့ဖူးတာ တွေလည်း ရှိခဲ့ဖူးတော့ အန်တီ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ အဲဒီလို မျှော်မှန်းကြည့်တာတော့ မမှားပါဘူး။ အန်တီတို့လည်း မျှော်မှန်းကြည့်တာပါပဲ။ တကယ်လို့ တွေ့ခဲ့ရင် ဘယ်လို ဘာပြောချင်လဲဆိုတာ စဉ်းစားကြည့်တယ်။ တခါတခါတော့ စဉ်းစားကြည့်တာပေါ့။ ခဏခဏတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ အဆင်သင့် ရှိရမယ်လေ။ ဘာလဲဆိုတော့ ဟို တဘက်ကနေ စကားပြောပါ၊ စကားပြောပါဆိုပြီး ကဲ လာ ပြောတော့ဆိုရင် ဘာပြောရမှန်း မသိဘူးဆိုရင် နည်းနည်း မကောင်းဘူးပေါ့လေ။ အဲဒီတော့ အပြင်ကလူတွေကလည်း ဒီလို ခန့်မှန်းကြည့်တဲ့ဟာကို ဘာမှ အပြစ်မမြင်ပါဘူး။ တခါတလေတော့ နည်းနည်း ရယ်ချင်တယ်။ သူတို့ခန့်မှန်းချက်တွေက ရယ်စရာလေးတွေပဲ၊ ဟုတ်တယ် ဟာသလိုပဲ။

မေး။ ။ အန်တီမှတ်မိလား ဘယ်ဟာလဲ၊ ဘယ်အချက်ကို ရယ်ချင်တာလဲ။

ဖြေ။ ။ မပြောတော့ပါဘူး။ ဒါပေမယ့် တချို့လူတွေရဲ့ ခန့်မှန်းချက်တွေ ကတော့ နည်းနည်းလေး ဟာသ ဆန်တာပေါ့။ နည်းနည်းလေး စိတ်ကူးယဉ်လွန်းအား ကြီးလွန်းတယ်ပေါ့။ ဒါပေမယ့် အဲဒါကို အပြစ်ကြီးလို့ မမြင်ပါဘူး။ တချို့ကလည်း အကောင်း ဖြစ်စေချင်လို့ပေါ့။ တချို့ကလည်း အကောင်းမြင်ဝါဒ မဟုတ်ဘူး။ ပြောင်းပြန်ပေါ့၊ အဆိုးမြင်ဝါဒလည်း ရှိပါတယ်။ အဲဒါတွေကလည်း နည်းနည်း အစွန်းရောက်တဲ့ အဆိုးမြင်ဝါဒတွေ ရှိတယ်။ ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဲဒါတော့ အစွန်း နှစ်ဘက်ပေါ့။ ဒါက တကယ်တော့လည်း တဘက်က လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အခြေအနေတွေက ခန့်မှန်းတဲ့အတိုင်း ဖြစ်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် အနတ္တပေါ့နော်။ အစိုးမရခြင်းပေါ့။ ကိုယ်မှန်းသလိုလည်း ဖြစ်တာမဟုတ်ဘူး၊ သူ မှန်းသလိုလည်း အမြဲဖြစ်တာ မဟုတ်ဘူး။ အမြဲတမ်းတော့ ကိုယ်က အဆင်သင့် ရှိနေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမှာပေါ့။

မေး။ ။ အဲဒီလို ပြင်ဆင်ထားတယ်ဆိုရင် တကယ်လို့များ နောက်တခေါက် ထပ်ပြီးတွေ့ကြပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ကြပြီဆိုရင် အန်တီ ဘာတွေ ပြောချင်လဲ။

ဖြေ။ ။ အခြေအနေပေါ်မှာ တည်တယ်လေ။ ဘယ်လို အခြေအနေမျိုးမှာ တွေ့ကြမှာလဲ။ ဘာကြောင့် တွေ့ကြ မှာလဲ။ အဲဒီတော့ အဲဒါတွေအပေါ်မှာ အခြေခံပြီးတော့ ပြောရမှာပေါ့နော်။

မေး။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံရေးက ဖယ်ထုတ်လို့မရဘူးလို့ တချို့က မြင်ကြ ရေးကြ ပြောကြတယ်။ အခြေခံ ဥပဒေသစ်မှာ ဆိုလည်း တပ်မတော်က နိုင်ငံရေးအခန်း ကဏ္ဍမှာဆက်ပြီးရှိမယ်၊ သွားမယ်၊ ထိန်းချုပ် ထားမယ် ဆိုပြီးတော့ သိရပါတယ်။ စစ်တပ်နဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အန်တီ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ နိုင်ငံရေးဆိုတာ ဘယ်သူ့ဆီက ဘယ်အသိုင်းအဝန်းကမှ ဖယ်ထုတ်လို့မရဘူး။ နိုင်ငံရေးကို ဖယ်ထုတ်လို့ မရဘူး။ အားလုံးက နိုင်ငံရေးနဲ့ပဲ ဆက်စပ် နေတာပဲ။ ဒါပေမယ့် ဒီ ဆက်စပ်မှုဟာ မှန်ကန်တဲ့ ဆက်စပ်မှုတော့ ဖြစ်ဖို့ အရေးကြီးတာပေါ့။

မေး။ ။ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ရေးကို လိုလားတဲ့လူတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ တကယ်လည်း ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အန်ကယ်လ် ဦးတင်ဦးကို ကြည့်မယ် ဆိုရင် လည်း အန်တီနဲ့ နောက်ကနေ အမြဲတမ်း ပါဝင်တဲ့၊ တိုက်ပွဲဝင်ခဲ့တဲ့ လူထဲမှာ ပါပါတယ်။ ဆိုတော့ တပ်မတော်ထဲက အရာရှိတွေရယ်၊ မိသားစုတွေရယ်၊ အပြောင်းအလဲ မြင်ချင် လိုချင်ကြတဲ့ လူတွေကို အန်တီပြောချင်တဲ့ သတင်းစကားက ဘာလဲ။

ဖြေ။ ။ အပြောင်းအလဲလိုချင်ရင်တော့ အပြောင်းအလဲ ဖြစ်အောင်လို့ လုပ်ရမှာပေါ့။ အန်တီက စောစာက ပြောသလိုပေါ့။ အန်တီက ဒီလိုပဲ မျှော်လင့်နေတဲ့ ဟာမျိုးကို အယုံအကြည် မရှိဘူး။ မျှော်လင့်တယ် ဆိုရင် မျှော်လင့်တဲ့ဟာကို ရဖို့ ကြိုးစားမှု ထုတ်ရမယ်။

မေး။ ။ ရွေးကောက်ပွဲလည်း ကျင်းပပြီးပြီ အန်တီရယ်။ Free and Fair မဖြစ်ဘူး၊ ပြည်ခိုင်ဖြိုး ပါတီကနိုင်တာကို တွေ့ရတယ်။ တရားဝင် ကြေညာတာတော့ မရှိသေးဘူး ပေါ့နော်။ ဒါပေမယ့် လောလောဆယ် လက္ခဏာတွေကြည့်မယ်ဆိုရင် သူတို့နိုင်တယ် ဆိုတာ အသေအချာပဲပေါ့လေ။ မကြာခင်မှာ ပါလီမန် လွှတ်တော် ခေါ်မယ် အစိုးရ ဖွဲ့မယ်။ ဒါကို အခင်းအကျင်း အသစ်လို့ နိုင်ငံတကာက မြင်တယ်၊ ပြောကြတယ်ပေါ့လေ။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီအခင်းအကျင်း သစ်ကို ဘယ်လို ရင်ဆိုင်မလဲ။

ဖြေ။ ။ တကယ်ပဲ အခင်းအကျင်းအသစ်လား။ အဲဒါက အန်တီက မေးပိုင်ခွင့် ရှိတယ်လေ။

မေး။ ။ အဲဒါကြောင့် ကျနော်မေးတာ၊ အခင်းအကျင်းသစ်လား၊ အဲဒီ အခင်းအကျင်းသစ် ဆိုရင်ကော အန်တီ ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လို ဖြတ်ကျော်မလဲ။

ဖြေ။ ။ အခုဟာကလေ အခင်းအကျင်းသစ်ဆိုတာ ဘာကိုပြောမှန်းကို မသိဘူး။ ပါလီမန် ရှိတာကို ပြောတာလား။ ပါလီမန်ရှိတာပဲ ပြောတာဆိုလို့ရှိရင်တော့ နိုင်ငံရေးဆိုတာ ပါလီမန် အတွင်း နိုင်ငံရေး၊ ပါလီမန်အပြင် နိုင်ငံရေး ဆိုတာ အမြဲရှိတာချည်းပဲ။ အဲဒီတော့ အန်တီတို့က ပါလီမန်အပြင် နိုင်ငံရေး လုပ်တဲ့လူတွေ ဖြစ်မှာပေါ့။ အဲဒီတော့ အန်တီတို့ ပါလီမန် နိုင်ငံရေး အပြင်ဘက်မှာ လုပ်တဲ့လူတွေ ဆိုတာလည်း အန်တီတို့က သူတို့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လုပ်သွားမှာပဲ။

မေး။ ။ နိုင်ငံတကာက ဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ အမြင် အမျိုးမျိုးရှိတယ်။ တချို့က ရွေးစရာ လမ်းမရှိတော့ဘူးလို့ ပြောကြတယ်။ ဥရောပ နိုင်ငံတချို့ ဆိုရင်လည်း ထောက်ခံတဲ့ ပုံစံမျိုးတွေ ပြောကြတာတွေ့တယ်။ အထဲနဲ့ အပြင်နဲ့ သဘောထား ကွဲတဲ့ ပုံစံတွေ ဖြစ်ကုန်တယ်။ အန်တီ ဘီဘီစီမှာလည်း ဖြေသွားတာ ကြားပါတယ်။ ဆိုတော့ အခု ရွေးကောက်ပွဲ ပြီးသွားပြီ။ တချို့လည်း မျက်စိမျက်နှာ ပျက်သွားကြတယ်။ အရှက်တွေ ကွဲကြတယ်။ သူတို့ ထင်သလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ပေါ့လေ။ အန်တီ ဘာပြောချင်လဲ သူတို့ကို။

ဖြေ။ ။ အဲဒါကို ကောင်းကောင်းလေး သင်ခန်းစာ ယူပါလို့ ပြောချင်တယ်။

မေး။ ။ နိုင်ငံတကာက ဒေါ်စု လွတ်လာတာ ကြိုဆိုတယ်၊ ဝမ်းသာတယ်ပေါ့လေ။ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ အမေရိကန်ကလည်း တိုက်ရိုက် သဘော ဆက်ဆံမယ် ပြောတယ်၊ ပေါ်လစီ ဆက်ထားမယ်လို့ပြောတယ်။ မကြာခင်မှာ Meeting တွေလုပ်ဦးမယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံတကာက ဘယ်လို ဖိအားပေးမှုတွေ၊ လက်တွေ့ကျကျ ဆက်ဆံမှုတွေ၊ အပြုသဘောဆောင်တာတွေ လုပ်စေချင်သလဲ။ နောက်တခုက အာဆီယံနဲ့ တရုတ် အပေါ်မှာရော အန်တီဘာပြောချင်လဲ။

ဖြေ။ ။ အာဆီယံနဲ့ တရုတ်တို့ကို နီးနီးကပ်ကပ် ဆက်ဆံစေချင်တယ်။ အန်တီတို့နဲ့ ဆက်ဆံစေချင်တယ်။ အန်တီတို့က မဆက်ဆံသင့်တဲ့ လူမျိုးများမဟုတ်ပါဘူးဆိုတာကို သေသေချာချာ သိစေချင်တယ်။ ပြီးတော့ ခုနက ပြောသလို ပိတ်ဆို့မှုတွေ ဘာတွေ အဲဒါတွေလည်း မဖြုတ်သေးဘူး ဘာဘူးလို့ပြောတာဟာလည်း ခုနက ကိုအောင်ဇော် ပြောတာနဲ့ ဆက်စပ် နေတာပေါ့လေ။ တကယ်ပဲ အခင်းအကျင်းသစ် ဟုတ်လို့လား။ ဒါလည်း သူတို့က ကြည့်နေတယ်လို့ ထင်တယ်။

မေး။ ။ အပြင်မှာ ဆိုရင်လည်း Exile Community အကြီးကြီးဖြစ်နေပြီး Illegal ရွှေ့ပြောင်း ထွက်လာကြတာ တွေလည်း အများကြီးပဲ၊ သိန်းနဲ့ သန်းနဲ့ချီပြီး ထွက်လာကြတာ လူငယ်တွေက အများကြီးပဲ။ အန်တီကလည်း လူငယ်နဲ့ ပညာရေးကို အရမ်းကို ဦးစားပေး ပြောလေ့ရှိတယ်။ အပြင်က လူငယ်တွေ၊ အထဲက လူငယ်တွေ။ ပညာရေး ကိစ္စတွေ အန်တီ ဘာတွေ လုပ်မလဲ၊ ဘာတွေစီစဉ်ထားလဲ။ အန်တီ ဘာတွေပြောချင်သလဲ၊ ဘာမက်ဆေ့ခ်ျတွေ ပေးချင်လဲ။

ဖြေ။ ။ အန်တီက အပြင်က လူငယ်တွေနဲ့ အဆက်အသွယ်ရှိချင်တယ် ဆိုတာ အဲဒါတွေကြောင့်။ အထူးသဖြင့် အနောက် နိုင်ငံတွေမှာ ရောက်သွားတဲ့ လူငယ်တွေ ဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ အများကြီး အခွင့်အရေး ရတယ်။ အန်တီတို့ ပြည်တွင်းထဲက လူငယ်တွေထက်ပေါ့။ ဒါကြောင့်မို့လို့ အန်တီက ပြည်တွင်းက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကို ဆက်စပ်မှု ရှိစေချင်တယ်။ ပြည်ပ ရောက်သွားတဲ့ လူငယ်တွေက ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့သက်တူ ရွယ်တူတွေကို မမေ့စေချင်ဘူး။ မေ့လည်းမမေ့ဘူးလို့ အန်တီထင်တယ်။ အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။

မေး။ ။ အရင်ကနဲ့မတူဘူး အန်တီ၊ အရင်တုန်းက လွတ်တုန်းက ဆိုရင် တိုင်းရင်းသားတွေက ငြိမ်နေတယ်။ အခု အန်တီ့ကို အရမ်းကို ထောက်ခံတာတွေ တွေ့ရတယ်။ အန်တီကလည်း ဒုတိယ ပင်လုံညီလာခံ လုပ်မယ်ဆိုတော့ အန်တီ ဘယ်လောက်အားရလဲ။

ဖြေ။ ။ အားရပါတယ်။ အားရတယ် ဆိုတာလေ။ အန်တီ ညီညွတ်မှုကို အားရတာပါ။ အန်တီ့ကို ထောက်ခံလို့ရယ် မဟုတ်ဘူး။ ဒီလို ညီညွတ်မှုကို ဦးတည်လာတဲ့ လက္ခဏဖြစ်လို့ အားရတာပါ။ ။

http://www.irrawaddy.org/bur/index.php/interview/4-interview/4926-2010-11-18-12-58-29

Suu Kyi defends election boycott

Myanmar's pro-democracy leader tells Al Jazeera people have to stand up for themselves if they want change

Suu Kyi told her supporters to stand up for their rights if they want to she change in their country [AFP]

Myanmar's pro-democracy campaigner Aung San Suu Kyi says she has no regrets over her party's decision to boycott the general election held on November 7.

In an interview to Al Jazeera, the 65-year-old Nobel Prize laureate said the decision to withdraw her National League for Democracy (NLD) was the right one, even though some of her supporters believed it was a mistake.

Suu Kyi said that the people of Myanmar have to stand up for themselves if they want to see change in their country.

"The people have to want it, and they have to be united," she said.

In the interview, Suu Kyi was careful not to verbally challenge the current military leadership of Myanmar. However, she was defiant over her seven-year period of house arrest, which she termed "illegal".

She also said the military leadership of Myanmar was not softening its stance.

Al Jazeera's special correspondent, reporting from Yangon, Myanmar's main city, said Suu Kyi's release encouraged her further to fight for democracy, "because her following has grown significantly during her detention".

"A lot of those supporters are younger then when she campaigned for democracy in the past," our correspondent said.

"She believes her party is getting through to the younger generation and she is getting more confident that this is the key to change here [in Myanmar]."

Little choice

International monitors of the elections and some of her local following had criticised Suu Kyi's decision to boycott the national vote because it left people with little choice.

"Boycotting the elections was the only decision to make because they [the NLD] didn't believe in the election rules," our correspondent said.

"Standing up for democracy can be a very dangerous occupation in Myanmar, but she [Suu Kyi] believes the more people do that, the more perhaps the current rulers of this country will start to take notice, and will start to change."

Counting for the November 7 vote has reportedly been finalised, with the main military-backed party scoring a comprehensive victory.

Myanmar's election commission announced on Thursday that the Union Solidarity and Development Party (USDP) of Thein Sein, the current prime minister, won three-quarters of the seats in the national and regional assemblies that were up for grabs.

http://english.aljazeera.net/news/asia-pacific/2010/11/20101118101724623904.html

NLD နှင့်ပေါင်းရခက်ကြီး

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲသပိတ်မှောက်ထားပြီး မှတ်ပုံ ထပ်မတင်သည့် NLD နှင့် ပါတီချင်း ပူးပေါင်းဆောင်ရွက်ရန် “တည်ဆဲဥပဒေ” များက အတားအဆီးဖြစ်နေသည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ကပြောသည်။NLD ရွေးကောက်ပွဲ မသမာမှု အထောက်အထားစုဆောင်းရေး အဖွဲ့ဝင် ၁၉၉ဝ လပွတ္တာအမတ် ဦးကြည်ဝင်းကို မဇ္ဈိမ မေးမြန်းစဉ်က သူက အခြားပါတီများကိုလည်း ကြိုဆိုကြောင်းပြောခဲ့သည်။

“NLD လုပ်တာကို မူအားဖြင့် လေးစားပါတယ်။ လက်တွဲလုပ်ဖို့ကျတော့ တည်ဆဲဥပဒေဘောင်ထဲမှာ စဉ်းစားရတယ်။ အဲဒိအတွက် စီအီးစီ ဆုံးဖြတ်ချက် မရှိသေးလို့ ပြောဖို့ စောသေးတယ်” ဟု UDP ဒုဥက္ကဋ္ဌ ဦးဌေးက မဇ္ဈိမကို ပြောသည်။

၃ ဦး ဝင်ပြိုင်ခဲ့သော်လည်း တဦးမှမနိုင်သည့် UDP က ရွေးကောက်ပွဲ တရားမျှတမှုမရှိသဖြင့် ရလဒ်ကို အသိအမှတ်မပြုကြောင်း မနေ့က ကြေညာခဲ့သည်။အခြားရွေးကောက်ပွဲဝင်ပါတီများနှင့် စုစည်းပြီး သဘောထား တရပ်ထုတ်ပြန်နိုင်ရန်ကြိုးစားနေကြောင်းလည်း ဆိုသည်။ မွန်ပြည်နယ်အတွင်း လွှတ်တော် ၃ ရပ်လုံးအတွက် ၃၄ နေရာဝင်ပြိုင်ပြီး ၁၆ နေရာ နိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP ကလည်း NLD ဆောင်ရွက်ချက် ကို မဆန့်ကျင်ကြောင်း ပြောသည်။

AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက “ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ကော်မတီထိုင်ပြီးတော့မှ စဉ်းစားမှာပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။ရွေးကောက်ပွဲ မသမာကြောင်း တပါတီချင်းသာ ပြောဆိုထုတ်ပြန်နေကြပြီး ကန့်ကွက်လွှာတင်၍ တရားမစွဲလိုသည်ကလည်း တူညီကြပြန်သည်။AMRDP မှ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ဝင်ပြိုင်သည့် ဥက္ကဋ္ဌနိုင်ငွေသိန်း၊ ဒုဥက္ကဋ္ဌ နိုင်လှအောင်တို့က ၎င်းတို့ မဲဆန္ဒနယ်မှ မဲများကို အများရှေ့တွင် ပြန်ရေတွက်လိုကြောင်း ပြည်နယ်ကော်မရှင်သို့ တင်ပြထားသော်လည်း အရေးမစိုက်ပဲ အနိုင်ရစာရင်းများ ကြေညာသွားသည်ဟု ဆိုသည်။ နှစ်ဦးလုံး ရှုံးခဲ့သည်။“ကြိုတင်မဲကြောင့် ခံရတယ်ဆိုတာတော့ ပြောချင်တာပေါ့။ ထောက်ပြစရာတော့ ရှိတာပေါ့နော်။ တရားတော့ မစွဲနိုင်ဘူးလေ။ ပိုက်ဆံ ဒီလောက်ကုန်တာ” ဟု နိုင်ငွေသိန်းက ပြောသည်။

UDP ဒုဥက္ကဋ္ဌ ဦးဌေးကမူ “တရားရုံးလဲ စဉ်းစားလို့မရဘူး။ ကော်မရှင်ဆိုတာလဲ သူတို့ကခန့်ထားတာ။ ကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေကို မကျေနပ်လို့တင်တာ ဒီကော်မရှင်ကပဲ ဆုံးဖြတ်မှာ ဆိုတော့ ကျနော်တို့က ဥပဒေအရ မသွားတော့ဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ၌ ရယကများနှင့် ကြံ့ဖွံ့ပါတီဝင်များ ပူးပေါင်းပြီး ကြိုတင်မဲ၊ ပယ်မဲစသည့် နည်းမျိုးစုံဖြင့် လိမ်လည်ခဲ့ကြောင်း ပါတီများ ပြောဆိုနေကြသည်မှာ “ဥပဒေမဲ့” ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ နှင့် ငြိစွန်းနေကြောင်း စစ်အစိုးရက ယနေ့သတိပေးသည်။ယင်းဥပဒေတွင် ရွေးကောက်ပွဲ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲတိုင်တန်းကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထက်မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ငွေ ၃ သိန်းထက်မပိုသောပြစ်ဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖွင့်ဆိုထားသည်။

ကန့်ကွက်လွှာများကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ တို့အရ တင်သွင်း ဆောင်ရွက်ရမည်ဟုလည်း သတင်းစာက ရေးသည်။ ယင်းဥပဒေများအရ တင်ရမည့် အမှုစရိတ် တဦးလျှင် ငွေ ၁ဝ သိန်းမှာလည်း ပြန်ရမည် မဟုတ်သည့်အပြင် ရွေးချယ်ခံအမတ်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကြေညာသည့်နေ့မှစ၍ ရက် ၆ဝ အတွင်း တင်သွင်းရမည် ဖြစ်သည်။

NLD ကလည်း မဲမသမာမှုများကို နိုင်ငံတကာသိစေရန်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစွဲမည် မဟုတ်ကြောင်း မနေ့က မဇ္ဈိမကို ပြောထားသည်။ ထို့ပြင် တရားဆိုင်နေဆဲ ဖြစ်သောကြောင့် NLD ကို တရားမဝင်ပါတီဟု သတ်မှတ်ပြောဆို၍ မရကြောင်းလည်း ချေပသွားသည်။

နအဖ သတင်းစာ စွပ်စွဲချက် မမှန်ကန်ကြောင်း ပါတီများတုံ့ပြန်

ခင်ဦးသာ Wednesday, 17 November 2010 19:02

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အနိုင်မရခဲ့သော နိုင်ငံရေး ပါတီများသည် ဥပဒေမဲ့ ပြောဆိုမှုများ၊ ရေးသားမှုများ လုပ်ဆောင်နေ ကြသည်ဟု စစ်အစိုးရ မီဒီယာများက စွပ်စွဲခြင်းမှာ မှန်ကန်မှုမရှိကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက တုံ့ပြန် ပြောဆိုလိုက်သည်။

“ကျနော်တို့ ပြောဆိုနေတာတွေ၊ ထောက်ပြ နေတာတွေဟာ ဥပဒေ ဘောင်အတွင်းက လုပ်ဆောင်နေတာပါ။ မဟုတ်တာ တွေကို လုပ်ကြံပြောဆိုတာ မရှိပါဘူး။ ကော်မရှင်က သတိပေးတာတွေ လုပ်ပေမယ့် လုပ်စရာရှိတာတွေကို ဥပဒေ ဘောင်အတွင်းက ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု အမျိုးသားဒီမို ကရေစီ အင်အားစု (NDF) ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

နိုင်ငံရေး ပါတီတချို့သည် မိမိတို့၏ ကိုယ်စားလှယ်များ အနိုင်မရခြင်းကို အကြောင်းပြု၍ ပြည်ပအသံလွှင့်ဌာနများ၊ ဂျာနယ်၊ စာစောင်များ၌ ဥပဒေမဲ့ ပြောဆို ရေးသားနေသည်ကို တွေ့ရကြောင်း၊ ထိုလုပ်ရပ်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ နှင့်ငြိစွန်းနေကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ရေးသားထားသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က နှစ်ရှည် နေအိမ်အကျယ်ချုပ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်၍ ကော်မတီ တရပ် ဖွဲ့၍ စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ အစိုးရပိုင် သတင်းစာများတွင် ရေးသားလာခြင်း ဖြစ်သည်ဟု ပါတီခေါင်းဆောင် များက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကလည်း တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲဆိုသည်ကို လူတိုင်းက သိနေကြကြောင်း၊ ၎င်းတို့ အနေဖြင့် အမှန်တကယ် ကြုံတွေ့ခဲ့ရသည့် ကိစ္စများကိုသာ ပြောနေခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“ကျနော်တို့ပါတီ အနေနဲ့တော့ တိုင်တာတောတာတွေ မလုပ်တော့ဘူး။ တိုင်ရင် ပိုက်ဆံလည်း ကျပ် ၁၀ သိန်းပေးရဦးမယ်။ ဆုံးဖြတ်ချက်ပေးမှာလည်း သူတို့ပဲ ဆိုတော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ မတရားတာတွေကိုတော့ ဖော်ထုတ်ပြီး ပြည်သူတွေကို အသိပေးသွားမယ်၊ မီဒီယာတွေကို ပြောသွားမယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အခုလိုမျိုး မဖြစ်အောင်ပေါ့” ဟု ဦးသုဝေက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက “လူတိုင်းကြုံနေရတဲ့ ကိစ္စပဲ။ ပြောမှာပေါ့။ ဥပဒေမဲ့ ပြောနေကြတာမှ မဟုတ်ဘဲ။ ဥပဒေမဲ့ ပြောဆိုနေတာ၊ ရေးသား နေတာတွေက သူတို့ပဲ လုပ်နေတာပါ” ဟု ဆိုသည်။

“ကျနော်တို့ ပါတီဝင်တွေဆိုရင် အစပိုင်းမှာ အများစုက အနိုင်ရနေတာ၊ နောက်တနေ့မှာ အိတ်လိုက် ရောက်လာတဲ့ ကြိုတင်မဲတွေကြောင့် မနိုင်တော့ပြန်ဘူး။ ပြည်နယ် ကော်မရှင်ကို ပြောဆို တင်ပြတာလည်း ဘာမှမလုပ်ပေးဘူး။ ထပ်တိုင် ပြန်ရင်လည်း သူတို့ကို မတရား စွပ်စွဲတယ် ဆိုပြီး ကိုယ့်ကို ပြန်ပြီးတော့ ထောင်ချမယ် လုပ်ဦးမယ်။ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်၏ မဲဆန္ဒနယ် အများစုတွင် တရားမ၀င်သော ကြိုတင်မဲများကို ထောင်၊ သောင်းချီ၍ အိတ်ကြီး၊ အိတ်ငယ်များဖြင့် ဆောင်ထားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) အတွက် သက်ဆိုင်ရာ ကော်မရှင်က ဖြည့်ပေးကြကြောင်း သတင်းရရှိသည်။

“ကျနော်ဆိုလည်း အစပိုင်းမှာ နိုင်နေတယ်၊ နောက်တနေ့ကျတော့ ခင်ဗျားရှုံးတယ်ပြောတယ်။ ဘာကြောင့်လဲ မေးတော့ ဒီအိတ်ထဲမှာ ကြိုတင်မဲ ၅၀၀၀ ရှိတဲ့ အတွက်ဆိုပြီး ပြောတယ်။ ကြည့်ရအောင် ပြပါ ဆိုတော့လည်း မပြဘူး။ အဲဒီလိုပဲ ဘယ်ကမှန်းမသိတဲ့ ကြိုတင်မဲတွေက အများကြီး တွေ့နေရတယ်” ဟု နိုင်ငွေသိန်းက ရှင်းပြသည်။

အထက်ပါ ဖြစ်ရပ်မျိုးကို တနိုင်ငံလုံးမှ ကြံ့ဖွံ့ပါတီဝင် မဟုတ်သော ကိုယ်စားလှယ်များအားလုံး ခံစားခဲ့ကြရကြောင်း၊ ထိုပြောဆိုမှုသည် ဥပဒေမဲ့ ပြောဆိုခြင်း မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်ရပ်များ ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

ရွေးကောက် တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်မည်ဆိုပါက ရွေးကောက်ပွဲ ဥပဒေ၊ အခန်း (၁၅)၊ ပုဒ်မ ၇၁ တွင် ဖော်ပြထားချက်အရ အထောက်အထား ခိုင်လုံစွာဖြင့် ကန့်ကွက် တိုင်ကြားနိုင်ကြောင်း NDF ပါတီ ကိုယ်စားလှယ် တဦးဖြစ်သူ ရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

“တိုင်မယ်၊ ကန့်ကွက်မယ်ဆိုရင် ကိုယ့်ဘက်က အထောက်အထား ခိုင်လုံအောင် အရင်လုပ်ပြီးမှ တိုင်ကြပါ။ အထောက်အထား ခိုင်လုံမှု မရှိရင်တော့ ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဆိုတာ ရွေးကောက်ပွဲ ဥပဒေမှာပါပြီးသား။ ဒီရွေးကောက်ပွဲမှာက မဲမသမာမှုတွေမှာ ခိုင်လုံတဲ့ အထောက်အထားတွေ အများကြီးရှိပါတယ်” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲ၌ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် လောင်းသည် ၎င်းအပေါ်မတရား အနိုင်ယူသွားခြင်းနှင့် မဲဆန္ဒနယ် တခုခုတွင် မတရားသည့် ကိစ္စများ ရှိပါက ကန့်ကွက် တိုင်ကြားနိုင်ကြောင်း ဦးသိန်းညွန့်က ဆက်ပြောသည်။

နိုင်ငံရေးပါတီများ အနေဖြင့် စွပ်စွဲပြောဆိုခြင်း၊ ဝေဖန်ရေးသားခြင်း စသည်တို့ကို လုပ်ဆောင်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ကျပ်ငွေ ၃ သိန်းအပြင် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေး ပြောဆိုထားသည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မတရား အနိုင်ယူသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အားမကျေနပ်မှုများ၊ တိုင်တန်းမှုများ၊ ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ ချိန်တွင် ထိုသို့ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီသည် သက်ဆိုင်ရာ ကော်မရှင်များနှင့်ပူးပေါင်း၍ နည်းလမ်းစုံဖြင့် အနိုင်ယူခဲ့ပြီး မဲဆန္ဒနယ် အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်အား အနိုင်ယူသွား ကြောင်းသိရသည်။

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ မြန်မာ့အရေး ဆောင်ရွက်နေသော အာဆီယံလွှတ်တော် အမတ်များအဖွဲ့ဝင် တဦးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံမှ လွှတ်တော်အမတ် ဘူဒီမန် ဆတ်ဂျာမီကိုဟာက နိုဝင်ဘာ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှား ပါလီမန်၌ တင်ပြခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ တွင် အာဆီယံ အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမည် ဖြစ်၍ မြန်မာ့အရေးကို အလေးထား ဆောင်ရွက်ရန် အင်ဒိုနီးရှား အစိုးရအား တိုက်တွန်း ပြောဆိုခဲ့ကြောင်း ပြည်ပမီဒီယာ တချို့တွင် ရေးသားထားသည်။

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်

သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထားလမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုသည်။

၁ဝ နှစ်ကျော်ကြာ ဖောက်လုပ်နေဆဲဖြစ်သော ၁၅၇ မိုင်ရှည် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း စီမံကိန်းတွင် အစိတ်အပိုင်းတခုဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စတင်ဖောက်လုပ်ရာ လမ်းတလျှောက် ရှေးဟောင်းစေတီပုထိုး ရုပ်လုံးရုပ်ကြွများ ပျက်စီးလိမ့်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်အဆိုအရ ရထားလမ်းစီမံကိန်းမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ မြောက်ဦးမှသည် အမ်းဘက်ကို ဖောက်လုပ်ရန် ကျန်ရှိနေသည်။

”ဘုရားပုထိုး ကျုံးမြို့ရိုးတံတိုင်း စတာတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံး ပျက်စီးသွားမှာ’’ ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဌာနခွဲတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။

လမ်းဖောက်လုပ်စ လက်ရှိအချိန်တွင် ရခိုင်သမိုင်းအတွက် တန်ဖိုးရှိသည့် မြို့ရိုးတံတိုင်း၊ ခံတပ် အပါအဝင် သမိုင်းဝင် ရှေးဟောင်းရုပ်ကြွများ စေတီပုထိုးများ ပျက်စီးကာ၊ အထွဋ်အမြတ် ကိုးသောင်း ပုထိုးတော်ကြီး ပျက်စီးနိုင်သည်ဟု သူက ဆိုသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ’’သာသနိက အဆောက်အဦးတွေကို ကွေြ့ပီး သွားရမှာ။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ။ ရထားလမ်း ဖောက်ခြင်းဖြင့် တဖက်က သာသနိက အဆောက်အဦးတွေ မပျက်စီးရအောင်၊ ရထားနဲ့သွားတဲ့ ခရီးသည်တွေ ဖူးမျှော်နိုင်အောင် လမ်းတွေကို ရွေးချယ်ဖို့ လိုတယ်။ အချက်အလက်တွေ စုဆောင်းပြီးတော့ ဥပဒေဘောင်အတွင်းက အများသိအောင် လုပ်မယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ယခုလ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ခံ ဗိုလ်မှူးချစ်ဦးက ရထားလမ်း ဖောက်သူများကို တားမြစ်ခဲ့သလို၊ စစ်တွေခရိုင် ရှေးဟောင်းသုတေသနဌာနသို့ပါ ရပ်တန့်ပေးရန် စာတင်သဖြင့် နောက်ရက်တွင် စစ်တွေမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင် လာရောက်ဆွေးနွေးခဲ့သည်။ သို့သော် ယမန်နေ့တွင်မူ ဆက်လက်၍ ဖောက်လုပ်လာပြန်သည်။

ရခိုင်ပြည်နယ် နေရာအနှံ့ ရှေးဟောင်းအမွေအနှစ်များ ရှိသော်လည်း မြောက်ဦးမြို့တော်သည် ရခိုင်ဘုရင် အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရာ မြို့လည်း ဖြစ်သည်။ အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်ကြောင်း ရမ်းဗြဲ တောင်ကျောင်းဆရာတော် ပြုစုရေးသားခဲ့သည့် ရခိုင်ရာဇဝင် သိုက်ကျမ်းများတွင် ဆိုထားသည်။ မြို့တော်ဟောင်းနေရာ အကျယ်အဝန်းမှာ ၁ဝ မိုင်ဝန်းကျင် ရှိသည်။

ရခိုင်ပြည်နယ်ရှိ ပြတိုက်များတွင် ရှေးဟောင်း အမွေအနှစ်များ တစထက်တစ နည်းပါးလာသလို၊ လက်ရှိ ရှေးဟောင်း သုတေသန ဌာနကလည်း စနစ်တကျ မပြုပြင်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ပျောက်ရှမှုများ ရှိနေသည်ဟု ကန့်ကွက်သူများက ဆိုကြသည်။

ဦးကျော်ထွန်းအောင်က ’’အရင်ကဆိုရင် လမ်းတွေဘာတွေ ဖောက်လုပ်တဲ့အခါမှာ ရှေးဟောင်း အဆောက်အဦးတွေ တွေ့ခဲ့ရင် ချက်ချင်းရပ်ပြီး၊ အဲဒီရှေးဟောင်းပစ္စည်းတွေကို အရင်မူလအတိုင်း ပြုပြင်ခဲ့တာတွေ ရှိတယ်။ အဲဒီနေရာမှာလည်း လမ်းဆက်မဖောက်တော့ဘူး။ အခုလမ်းဖောက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေ တွေ့ရင်လည်း မရပ်မနားဘဲ ဆက်ဖောက်ဆိုတဲ့ဟာက တော်တော့ကို အရုပ်ဆိုးပါတယ်’’ ဟု ပြောသည်။

၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ခြင်း ဖြစ်သည်။

အမေစု နှင့် မဇ္ဈိမသတင်းဌာန အင်တာဗျူး

၇ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။

ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။

ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူး ဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော်ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခုနောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ ပိုပြီးတော့ သိနိုင်ရင် ပထမဆုံး ခြေလှမ်းပဲ။

အိန္ဒိယ ပါလီမန်၊ အစိုးရက ဘာတွေလုပ်နိုင်တယ် ဘာတွေဖြစ်သင့်တယ်လို့ အန်တီပြောချင်လဲ။

အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံဆိုတော့ အခုမေးလိုက်တဲ့မေးခွန်းနဲ့ ခုနတုန်းက ပြောလိုက်တဲ့ကိစ္စနဲ့ ဆက်နွယ်နေတယ်၊ ဒီမိုကရေစီနိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြားတက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိရင် ပါလီမန်နဲ့ အစိုးရကလဲ လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထုအနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့လိုတယ်။

အိန္ဒိယဘက်က ပြောလေ့ပြောထရှိတာက တရုတ်က မြန်မာပြည်ထဲကို လွှမ်းမိုးလာတယ်၊ နောက်တခုက မြန်မာပြည်မှာ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း ပြောင်းလဲ ဖြစ်ထွန်းလာတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆတွေရှိတယ်၊ အဲဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ အန်တီ့အမြင်ကကော ဘယ်လိုလဲခင်ဗျ။

အဲဒါမျိုးဆိုရင် တရုတ်နဲ့ဆက်ဆံရေးကိုပဲ အဓိက စဉ်းစားနေသလို ဖြစ်နေဘူးလား၊ မြန်မာပြည်ရဲ့ အခြေအနေကိုစဉ်းစားတာထက်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခြေအနေကို စဉ်းစားတဲ့နေရာမှာ တကယ်ပဲ မြန်မာပြည်အခြေအနေကို စဉ်းစားနေတာလား၊ တရုတ်နဲ့ အိန္ဒိယဆက်ဆံရေးကို စဉ်းစားနေတာလား ဆိုတာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ကွက်ကွက်ကွင်းကွင်းသိအောင် လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူးဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။

အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာမှာ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။

တချို့အနောက်နိုင်ငံတွေ ယူဆတာကလဲ မြန်မာအစိုးရ ပြောတာနဲ့ သွားတူတယ်နဲ့တူတယ်၊ ဖြည်းဖြည်းချင်းပေါ့လေ၊ အဲဒီပုံစံက ပိုကိုက်တယ်ဆိုပြီးပြောကြတော့ အဲဒီအပေါ်မှာကော အန်တီ့အမြင်က ဘယ်လိုရှိလဲ။

တဆင့်ချင်းသွားတဲ့ ပုံစံကို ပိုကိုက်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာတဲ့အတွေးအခေါ်တွေနဲ့ ပြနိုင်ဖို့ လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ခဲ့တာကြာလို့ ဖြည်းဖြည်းလေး ဒီမိုကရေစီဆီ သွားရမယ်ဆိုတဲ့ဟာက ပြောင်းပြန်ပြောလို့လဲရတာပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီမရှိလို့ ဒီလူမျိုးရေး ပဋိပက္ခတွေက ပိုပြီးတော့ ဖြစ်နေသေးတယ် ဆိုပြီးတော့လဲ ပြောလို့ရတာပဲ၊ ဒါက ကိုယ်ကြိုက်သလို ကိုယ်ဆွဲပြီးတော့ ပြောလို့ရတာပဲ။ ဒါပေမဲ့ တကယ် အဓိက စဉ်းစားရမှာက အခုအခြေအနေတွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ ဒါကိုစဉ်းစားရမှာပါ။

အန်တီ့ ကျန်းမာရေး အခြေအနေကော ဘယ်လိုရှိလဲခင်ဗျ။

ကျန်းမာရေးကတော့ ကောင်းပါတယ်၊ အလုပ်ကတော့ ရှုပ်တာပေါ့၊ အသက်ရှုဖို့အချိန်တောင် နည်းနည်း, နည်းနေသလိုပဲ။

သားနဲ့ ဖုန်းပြောဖြစ်တယ်လို့ကြားတယ်၊ သားကော ပြည်ဝင်ခွင့်ဗီဇာ ရပြီလားခင်ဗျ။
အဲဒါကလေ ပေးမယ်လဲ မပြောဘူး၊ မပေးမယ်လဲ မပြောဘူး၊ ဒီလိုပဲ စောင့်နေရတော့မှာပေါ့။

မိခင်တယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါကျတော့ ဒီလိုမျိုးစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အန်တီ ဘယ်လိုဖြတ်သန်းလဲ။

ဒါပေမယ့်လဲ အန်တီ့ထက် ပိုခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့လူတွေ အများကြီးလေ၊ ဘာပဲပြောပြော အန်တီ့ရဲ့ သားတွေက မတောင့်မတ မကြောင့်မကြနဲ့ နေနိုင်တဲ့အနေအထားပေါ့နော်၊ လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေရတယ်၊ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ပူပင်စရာမလိုဘူး၊ တခြားကလေးတွေ အများကြီးဟာ တနေ့နဲ့တနေ့ ဘယ်လို စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုင်ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ ရှိနေပါတယ်၊ သူ့တို့မိဘတွေကလဲ သူတို့ကလေးတွေကို မကူနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ အဲဒီတော့ အန်တီ့အနေနဲ့ ဆိုးတယ် ပြောရအောင် တခြား မိဘတွေကို ဘယ်လို မျက်နှာနဲ့ သွားပြီးတော့ ကြည့်မှာလဲ။
အန်တီ့လုံခြုံရေးအတွက် စိုးရိမ်ကြတယ်လို့ ပြောကြတယ်၊ အဲဒီအပေါ်မှာ တယောက်ယောက် အနှောက် အယှက် ပေးလိမ့်မယ်လို့ အန်တီ ထင်လား။

ဒါကတော့ အရင်တုန်းက အနှောက်အယှက်ပေးခဲ့တာတွေ ရှိခဲ့ဖူးတော့ မလုပ်ဘူးလို့လဲ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ဒါအနှောက်အယှက်ပေးမှာပဲလို့ ဒါကိုပဲ ရှေ့တန်းတင်ပြီးတော့ ကိုယ့်ရဲ့ လုပ်တာကိုင်တာတွေကို အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်လို့လဲ မဖြစ်ဘူးလေ။ လူငယ်တွေကော၊ လူကြီးတွေကော အန်တီ့ကို တော်တော်လေး ဂရုစိုက်ကြပါတယ်၊ သူတို့ တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပါတယ်၊ လုံခြုံရေးအတွက်လဲ တတ်နိုင်သလောက် အစီအစဉ်တွေ လုပ်ပြီးတော့ ဆင်ဆင်ခြင်ခြင်နေကြပါတယ်။
မစ္စတာ ယက်ထော လာခဲ့တဲ့အပေါ်မှာကော လူတွေက အမျိုးမျိုးပြောကြတယ်ခင်ဗျ၊ အန်တီ ဘယ်လိုထင်လဲ၊ စစ်တပ်က အကွက်ချလိုက်တယ်လို့ ထင်လားခင်ဗျ။

သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေး စေချင်တယ်။အန်တီကတော့ အဲဒါကို တကယ်ပဲ ဖြေလို့မရဘူး၊ အန်တီ မသိဘူး၊ ဘယ်ဘက်ကိုမှ အန်တီ မယိမ်းဘူး၊ ဒါ စစ်တပ်ကလွှတ်လိုက်တယ်ဆိုတာလဲ အမှန်အတိုင်းပြောရရင် အန်တီ မထင်ဘူး၊ ဒါပေမယ့်လဲ တကယ့်ကို လွှတ်လိုက်တာ မဟုတ်ဘူးလို့လဲ တိတိကျကျကြီး ၁ဝဝ ရာခိုင်နှုန်းတော့ ပြောလို့မရဘူး၊ အန်တီ့အနေနဲ့တော့ မထင်ဘူးလို့ပဲ ပြောရမှာပဲ။

အန်တီ့ ဟောပြောပွဲကို လူငယ်တွေလည်း အတော်လာကြတယ်၊ အန်တီအနေနဲ့ လူငယ်တွေ အမျိုးသမီးတွေကို ဘာပြောချင်လဲ၊ ဘာလုပ်ပေးချင်လဲ။ အန်တီမြင်ရတဲ့ အင်အားတွေကိုလေ တကယ်ပဲ သေသေချာချာ ထိရောက်အောင် လုပ်စေချင်တယ်၊ အင်အားတွေကတော့ ရှိတယ်၊ စွမ်းရည်တွေကတော့ ရှိတယ်၊ ဒါပေမဲ့လို့ ဒီအင်အားစွမ်းရည်တွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ တိုင်းပြည်ကောင်းကျိုးအတွက် အများကောင်းကျိုးအတွက် အဲဒါလဲ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော်၊ အတ္တဟိတ၊ ပရဟိတ္တ နှစ်ခုလုံးအတွက်ဖြစ်အောင်လို့ မှန်မှန်ကန်ကန် စနစ်တကျ သုံးနိုင်ဖို့ အန်တီ အားပေးချင်တယ်၊ တတ်နိုင်သမျှ အကူအညီပေးချင်တယ်။

ဟုတ်ကဲ့ မှန်မှန်ကန်ကန်ဆိုတာ သူတို့အနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာရမယ်လို့ ဆိုလိုတာလားခင်ဗျ။

အဲဒီလိုတော့ မဟုတ်ဘူး၊ အဟောသိကံ မဖြစ်သွားအောင်လို့ပေါ့၊ အင်အားတွေကို အတ္တဟိတ သဘောနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သုံးမယ်ဆိုရင်၊ ရေရှည်မှာ ကိုယ်လဲ အကျိုးမပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်မလုပ်နိုင်လို့ရှိရင် ကိုယ်တယောက်ထဲ ကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နိုင်ငံရေးလို့ပဲ ပြောပြော၊ လူမှုရေးလို့ပဲ ပြောပြော၊ အန်တီ့ရဲ့ အယူအဆကတော့ နိုင်ငံရေးနဲ့ လူမှုရေးဆိုတာခွဲခြားလို့မရပါဘူး၊ ဒီလို စိတ်ဓာတ်တွေကတော့ ရှိရမယ်၊ နိုင်ငံသားတယောက် ထားသင့်တဲ့ စိတ်ဓာတ်ပေါ့နော်၊ အန်တီတို့ ခေတ်တုန်းကတော့ ပြည်သူ့နီတိ ဆိုပြီးတော့ သင်ရတယ်၊ အဲလို စိတ်ဓာတ်မျိုးတွေပေါ့။

လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အခုတလော စစ်ပွဲတွေ ပြန်ဖြစ်လာတယ်၊ အဲဒီတင်းမာမှုတွေကို ဘယ်လိုလုပ်ပေးနိုင်ရင် ပြေလည်မယ်လို့ထင်လဲ။

အဲဒါက အန်တီစောစောတုန်းက ပြောသလိုပေါ့နော်၊ ဆွေးနွေးလို့မရဘူးလားဆိုတော့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး အစဉ်အလာတွေ အန်တီတို့မှာမရှိသေးဘူး၊ အဲဒါကို အန်တီက သိပ်ဖြစ်စေချင်တယ်၊ ဒါကြောင့်မလို့လဲ အန်တီက အကြမ်းမဖက်တဲ့ လမ်းကိုသွားတယ်ဆိုတာ ဒါပဲ၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီတိုင်းပြည်ဟာ နိုင်ငံရေး ပြဿနာတွေဟာ နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်လို့ အန်တီတို့ ဖန်တီးယူရမယ်၊ အဲဒါကတော့ လွယ်တာလဲ မဟုတ်ဘူးပေါ့နော်၊ တိုးလိုက် ဆုတ်လိုက်လဲ ရှိမှာပေါ့၊ အခြေအနေက ဖြေရှင်းဖို့လဲ လွယ်တဲ့အခြေအနေရှိချင်ရှိမယ်၊ တခါတလေတော့လဲ ပိုပြီးခက်တဲ့အခြေအနေဖြစ်မယ်၊ ဒါပေမယ့်လဲ အဲဒီလို အစဉ်အလာတခုဖြစ်အောင်တော့ ကြိုးစားရမှာပဲ၊ မကြိုးစားရင်တော့ အဲဒီ ပဋိပက္ခတွေက ပျောက်သွားမှာမဟုတ်ဘူး။

အန်တီက ဆက်သွယ်ရေး နည်းလမ်းတွေသုံးပြီးတော့ ဒုတိယ ပင်လုံညီလာကို လုပ်ချင်တယ်ဆိုတဲ့ သဘောပေါ့နော်၊ ဒီနေ့ သတင်းတွေထဲမှာတွေ့ရပါတယ်။ Twitter သုံးမယ်လို့လဲ အန်တီ ပြောထားတယ်၊ ဘယ်တော့လောက်သုံးမလဲဆိုတာ စိတ်ဝင်စားနေကြတယ်ခင်ဗျ။

အဲဒါ ဒီနေ့ပဲ အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာတွေဘာတွေ ကြည့်နေတယ်၊ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ အန်တီကတော့ လျှောက်တော့ လျှောက်မှာပဲ၊ ဒါပေမဲ့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ ဒါက ကင်းမှမကင်းရှင်းပဲ ဘယ်လိုပြောရမလဲ၊ လျှောက်တော့ လျှောက်မယ်၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။

အန်တီ အင်တာနက် သုံးလို့မရဘူးဆိုရင် တခြားနည်းလမ်းနဲ့ပေါ့လေ Tele Conference လိုဟာမျိုးတွေပေါ့နော် ဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးတယ်လို့ အန်တီထင်လဲ။

အဲဒါကတော့ ရှာရမှာပေါ့လေ၊ ဒါကြောင့်မလို့ အန်တီကပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံညီလာခံဆိုတာကလဲ အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရတာ၊ အဲဒီတည်းက အန်တီစဉ်းစားနေတယ်၊ ၂၁ ရာစုပုံစံနဲ့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်၊ နည်းလမ်းတွေဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့၊ ကိုစိန်ဝင်းတို့လဲ ဝိုင်းပြီးတော့ အကြံဉာဏ်တွေပေးကြပေါ့။

ဟိုနေ့က မိုဘိုင်းဖုန်းသုံးရတာ တစိမ်းဆန်တယ်ပေါ့နော်၊ အခုအင်တာနက် ကျတော့ကော ဘယ်လိုရှိလဲခင်ဗျ။

အန်တီက အင်တာနက် မသုံးဖူးဘူးလေ၊ ဒါပေမဲ့ ကွန်ပျူတာတော့ အတော်အတန်လုပ်တတ်ပါတယ်။ ကွန်ပျူတာနဲ့ နည်းနည်း ရင်းနှီးနေပြီဆိုရင် အင်တာနက်တွေဘာတွေ သုံးဖို့က မခက်ပါဘူး။

နယ်ကိုခရီးထွက်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိလားခင်ဗျ။

လောလောဆယ်တော့ မရှိသေးပါဘူး၊ ရန်ကုန်မှာတောင် အလုပ်တွေမပြီးသေးဘူး။

ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေကို NLD နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် အဲဒီပေါ်မှာ အန်တီ ဘယ်လိုသဘောထားလဲ။

အန်တီကတော့လေ ထွက်လာတဲ့နေ့ထဲက ပြောတယ်ပေါ့နော်၊ ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခုဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊ လူတိုင်းနဲ့ လက်တွဲနိုင်တာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်နဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေနဲ့ တွဲပြီးတော့ လုပ်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အန်တီလုပ်ချင်တယ်။ အန်တီ ပြောထားပြီးပါပြီ၊ ရွေးကောက်ပွဲကိုဝင်တဲ့ ၃၇ ပါတီထဲက ဘယ်ပါတီပဲဖြစ်ဖြစ် တကယ်ပဲ အန်တီတို့နဲ့ ရည်ရွယ်ချက်တူပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် အန်တီတို့ကလဲ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။

“အဓိက စဉ်းစားရမှာက အခု အခြေအနေ တွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ”

မဇ္ဈိမ ဝိုင်းတော်သားတွေကို အန်တီပြောချင်တဲ့ စကားက ဘာများဖြစ်မလဲခင်ဗျ။

ပြောရမယ်ဆိုရင်တော့လေ သတင်းသမားတွေရဲ့ ကဏ္ဍက အခုအချိန်မှာ အင်မတန်မှ အရေးကြီးပါတယ်၊ အခုခေတ်မှာ အင်မတန်မှ အရေးပါပါတယ်၊ အဲဒီတော့ သတင်းသမားတွေရဲ့ သြဇာကလည်း မနည်းဘူး၊ အဲဒီတော့ ဒီသြဇာကို အကောင်းအတွက် သုံးပါလို့ အန်တီသတိပေးချင်တယ်။ တချို့သတင်းသမားတွေက ကိုယ်သတင်းထူးဖို့ သတင်းဦးဖို့ အဲဒါကို အဓိက ထားကြတယ်၊ သတင်းထူးတာ သတင်းဦးတာလဲ ကောင်းပါတယ်၊ ဒါတင်မကသေးဘူး သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေးစေချင်တယ်။ နောက်ပြီးတော့ အန်တီစောစောက ပြောဖြစ်လားတော့မသိဘူး၊ ထွက်လာတဲ့အချိန်မှာ ဆက်သွယ်ရေး ကဏ္ဍက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ဆဲလ်ဖုန်းလေးတွေပေါ့နော် လူတိုင်းမှာရှိတယ်၊ အဲဒီတော့ သတင်းတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်လို့၊ အဲဒီအရေးကြီးတာကို မမေ့ပါနဲ့လို့၊ ကိုယ်ဟာ အရေးကြီးတဲ့နေရာမှာရှိနေပါတယ်၊ ဒါကြောင့်မလို့ အဲဒီနေရာမှာ မှန်မှန်ကန်ကန်နဲ့ အန်တီတို့ အများစု ကောင်းကျိုးအတွက် လုပ်ပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်သိတဲ့ စိတ်နဲ့ လုပ်သင့်ပါတယ်။

အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူများထံ ဒေါ်စု သွားရောက်အားပေး

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၂ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။ ။ HIV/AIDS နှင့် နေထိုင်နေသူ ၁ဝဝ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့က ထောက်ပံ့ကာ ပါတီဗဟိုဦးစီးကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးဆောင်ကာ တည်ထောင်ထားသည့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ HIV/AIDS ကယ်ဆယ်ရေးစင်တာရှိ ဦးရေ ၁ဝဝ ကျော်ကို ယနေ့ နေ့လည် ၂ နာရီတွင် တွေ့ဆုံအားပေးခဲ့ခြင်း ဖြစ်သည်။ “လူတိုင်း၊ လူတိုင်းမှာ ကိုယ့်တန်းဖိုးနဲ့ ကိုယ်ရှိတယ်။ ဘာမှ အားငယ်စရာ မလိုဘူး။ မိမိကိုယ် မိမိစိတ်ဓာတ် အင်အားတွေ မြှင်တင်ဖို့လိုတယ်။ အဲဒါလူနာတွေကို ပြောနေတာမဟုတ်ဘူး လူတိုင်းလူတိုင်းကို ပြောနေတာ၊ လူတိုင်းလူတိုင်းမှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို နိမ့်သလား၊ မြင့်သလားဆိုတာ မိမိအပေါ်မှာပဲ မူတည်တယ်။ ကိုယ့်ကိုယ်ကို စဉ်းစားဖို့လိုတာက ငါဟာ သိက္ခာရှိရှိနဲ့ လူသားတယောက် ဖြစ်တယ်ဆိုတာကို အသိရှိနိုင်ဖို့ လိုအပ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောသည်ကို မဇ္ဈိမက တယ်လီဖုန်းမှတဆင့် တိုက်ရိုက်နားထောင်ခွင့်ရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က တဦးချင်းစီကို အနီရောင် နှင်းဆီပန်းပွင့် တပွင့်စီ ကိုယ်တိုင်ပေးခဲ့သလို၊ HIV / AIDS နှင့် အတူနေသူများဘက်ကလည်း ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။

“အမေစု လာပြီးတော့ သမီးတို့ကို စိတ်ဓာတ်မကျဖို့၊ ကျမတို့တွေကို ဆေးဝါးထောက်ပံပေးဖို့ ပြောပါတယ်။ ကျမတို့လည်း အားတက်မိပါတယ်။ ကျမတို့ကို အားပေးမယ့်သူက မဖြူတယောက်ထဲ ရှိတာဆိုတော့ အခု အမေစုပါ ထပ်တိုးလားတဲ့အတွက် လူနာတွေအားလုံးက အရမ်းအားတက်မိပါတယ်။ ဆေးဝါးအတွက် အမေစုက ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။ လူနာတွေ အကုန်လုံးကို နှင်းဆီပန်းအနီရောင် တပွင့်စီ ပေးပါတယ်။ အမေစုပေးသွားတဲ့ ပန်းတွေကို သမီးတို့က အရမ်းကို တန်ဖိုးထားပါတယ်။ ပန်းတွေ ခြောက်သွားတဲ့အထိ အမြဲတမ်း သိမ်းထားမှာပါ” ဟု အသက် ၃၁ နှစ်အရွယ် HIV နှင့် နေထိုင်သူတဦးဖြစ်သူ မဝင်းဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ကယ်ဆယ်ရေး စင်တာ ၃ ခုတွင် ပျမ်းမျှ လူဦးရေ ၁ဝဝ ကျော် နေထိုင်လျက်ရှိကာ၊ လူနာသစ်များလည်း နေ့စဉ် တိုးပွားလာသည်ဟု မဖြူဖြူသင်းက ပြောသည်။

မဖြူဖြူသင်းက “တိုးလာတဲ့ လူနာအရေအတွက်လောက်ကို ဆေးဝါးပေးဖို့ မလုပ်နိုင်ကြဘူး။ အန်ဂျီအို တွေကလည်း ဆေးပေးလိုက်တယ်။ သူတို့ ရန်ပုံငွေ မရှိတော့ဘူးဆိုရင် ဆေးပေးတာတွေ ရပ်လိုက်တယ်။ ဆေးက ရလိုက် မရလိုက်ဆိုတော့ လူနာတွေအတွက် လက်ရှိ အခြေအနေက ဆေးဝါးအတွက် ခက်ခဲနေတုန်းပဲ” ဟု ပြောသည်။

မြန်မာပြည်တွင် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃ သိန်း ၆ သောင်းကျော်ရှိသည်။ AIDS တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်အနေဖြင့် တနှစ်လျှင် အမေရိကန်ဒေါ်လာ တသိန်း ဝန်းကျင်းခန့် ရှိသည်ဟု ကုလသမဂ္ဂ UN AIDS က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

Hot News

(17. 11. 2010) ရက်နေ့တွင် မြိုင်ကြီးငူဆရာတော်မှ ဒီကေဘီအေ အသွင်ပြောင်းသွားသော ဘီဂျီအက်(ဖ်)များအား BGF တဆိပ်များကို ချွတ်ခိုင်းလိုက်ပြီး
DKBA တံဆိပ်များကို ပြန်ပြီးတပ်ဆင်ပါရန် တိုက်တွန်းလိုက်ပါပြီး။ (၁၆)ရက်နေ့က မြိုင်ကြီးငူ ဆရာတော်ကို နေပြည်တော်က ပင့်ဆောင်ခံရပြီးနောက် ဒီသတင်း
ထွက်လာခဲ့တာပါ။ လူကြီးမင်းများရဲ့ အမြင်တွေကို သိချင်ပါတယ်။

ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝတို့ တပ်ဖွဲ့ဝင် အင်အား (၁၅၀) ကျော်
ကရင်ပြည်သူတွေ ထွက်လာကြုံဆိုတဲ့
ရဲ့ဓါတ်ပုံတွေကိုပါ attach file နှင့် ပို့ပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်
စောဗစ်တာလင်း












ဦးဝင်းတင်နဲ့ မေးခွန်းများ

နိုဝင်ဘာ ၁၆၊ ၂၀၁၀ မိုးမခ

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့ နောက်၊ ရက်ပိုင်းအတွင်းမှာ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ လူထု တရပ်လုံးက ဘယ်လိုမျိုး ၀ိုင်းဝန်းဆောင်ရွက်ကြမလဲ ဆိုတဲ့ မေးခွန်းက အားလုံး ရင်ထဲမှာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ အချက်တခုဖြစ်တဲ့ - ဒီမိုကရေစီကွန်ယက် ဆိုတာကို အများက အထူး စိတ်ဝင်စားကြပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်ကိုပဲ မေးခွန်းထုတ်ဖြစ်ခဲ့ပြန်ပါတယ်။

ယခင် ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးများမှာ ဆရာပြောခဲ့ဖူးတဲ့အတိုင်း ပြန်ကောက်နုတ်ရမယ် ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့ အင်န်အယ်ဒီပါတီဟာ အထက်အောက် (ဒေါင်လိုက်) စီးဆင်းတဲ့ ဆက်ဆံရေးနဲ့ အလုပ်လုပ်တာထက်စာရင် အလျားလိုက် ကွန်ယက်များသဖွယ် လူထုနဲ့ ပါတီဝင် လူငယ်တွေ၊ အောက်ခြေက မြို့၊ ရွာ၊ ကျေးလက်အထိ ထိစပ် ဖြန့်ကျက်ပြီး လုပ်ကိုင်ကြရမယ် ဆိုတဲ့အတိုင်း ၂၀၁၀ မတ်လကစလို့ ယခု နိုဝင်ဘာလအထိ ရွေးကောက်ပွဲသပိတ်မှောက်ကာလ ၇ ကျော် ၈ လ နီးပါးကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်ရဲ့ အကျိုးရလဒ် ထိရောက်မှုကတော့ မြန်မာပြည်က နိုင်ငံရေးပရိသတ် အသိဆုံး ဖြစ်မယ် လို့ ထင်ပါတယ်။

အခုတဖန်မှာလည်း နိုင်ငံတကာက အင်တာနက်နက်ဝပ်ရဲ့ အစိတ်အပိုင်း ဥပမာတခုဖြစ်တဲ့ Facebook နဲ့ Tweeter ရဲ့ ဖြန့်ကျက်မှုမျိုး၊ ထိတွေ့ ဆက်စပ်မှုမျိုးကို စိတ်ဝင်စားတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တဖန် မြန်မာပြည်တွင်းရဲ့ နည်းပညာ၊ ဆက်သွယ်ရေးနဲ့ပညာရေး စိန်ခေါ်မှုတွေကို ဖြတ်ကျော် ရင်ဆိုင်ရမယ်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ မြန်မာပြည်ကနေ နိုင်ငံတကာအထိ ကျော်ဖြတ်ဆက်စပ်တဲ့ ဒီမိုကရေစီကွန်ယက်နဲ့ ကျမတို့ လက်တွဲ ထူထောင်သွားကြမယ်လို့ ပြောလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုပဲ မေးခွန်းထုတ်ခဲ့ရပြန်တာ ဖြစ်ပါတယ်။

ဆရာက မိုးမခကို ဖြေကြားရာမှာ …

“ဒီရက်ပိုင်းအတွင်းကတော့ အားလုံးမှာ အလုပ်တွေ များနေကြတော့ အေးအေးဆေးဆေး မရှိကြပါဘူးကွာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအသေးစိတ်တွေ၊ သတင်းစာရှင်းလင်း အဖြေတွေကိုတောင်မှာ ရေဒီယိုသတင်း တွေထဲကနေ သေချာ ပြန်နားမထောင်ရသေးဘူး။ နောက်ပြီး မီဒီယာက အခုလိုမျိုး ဖုံးဆက်နေရင် ဖြေနေရသေးတော့ သတင်းတွေတောင် နားမထောင်လိုက်ရဘဲ လွတ်သွားတာတောင် ရှိနေတယ်။ သို့သော် ဒီကြားထဲကနေပြီးတော့ ကျနော် သိရှိသလောက်၊ နားလည်သလောက် ပြောရမယ် ဆိုရင်တော့ …

နက်ဝပ်ပုံသဏ္ဍန်ကတော့ ကျနော်တို့အတွက် အလုပ်ဖြစ်တဲ့ ပုံသဏ္ဍန်ပဲ ဆိုတာကို ကျနော်တို့ ပြောဖြစ်ကြတယ်။ ပါတီကြီး တခု ပုံမှန်တရားဝင် အခြေတကျလုပ်ကိုင်နေသလိုမျိုး ကျနော်တို့ အထက်အောက်၊ စီအီးစီတွေ ဘာတွေနဲ့ ညွှန်ကြားနေမယ် ဆိုတာမျိုးကတော့ အင်န်အယ်ဒီရဲ့ ခုလို အနေအထားမျိုးနဲ့က လုပ်လို့ မရသေးဘူး။ ကိုယ့် အစုအဖွဲ့ ကလေးတွေနဲ့ နက်ဝဒ်လေးတွေ ရှိကြမယ်။ ထိတွေ့နေကြမယ်။ အဲသည် နက်ဝဒ်တွေ တခုလုံးကနေပြီးတော့ ခေါင်းဆောင်မှုကို ခံယူလာတာ ဒါမျိုးတွေ ရှိမယ်။ သည်လိုပဲ တွေးလို့ရမယ်။

အဲဒါကြောင့် Network for Democracy ဆိုတာမျိုးကို လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒီလိုမျိုးနဲ့ Network for Democracy of the people, by the people, for the people လို့ လင်ကွန်းရဲ့ စကားမျိုးလို ကိုးကားပြီး ပြောတာပေါ့ကွာ။ ဒါကိုလည်း တဖြေးဖြေးချင်း စဉ်းစား၊ ဆွေးနွေး၊ အချိန်ယူ ပုံကြမ်းထုတ်ပြီး လုပ်ပြီး ထုတ်ပြောရမှာပဲ လို့ ထင်ပါတယ်။ ကျနော်က သည်လိုမျိုး ပြောပါတယ်။ မြို့နယ်တွေကလည်း သူတို့အချင်းချင်း နက်ဝဒ်လေးတွေ ဖွဲ့ပြီးလုပ်ကြ၊ အဲသည်ကနေပြီး ဗဟိုကိုယ်တိုင်ကလည်း one of the unit ပေါ့ ဟုတ်လား။ ကျနော်ကိုယ်တိုင်လည်း အဲသလိုမျိုး အခု ၇ လ ၈ လအတွင်းမှာ အထက်က အမိန့်ပေးပြီး လုပ်ခိုင်းတယ် ဆိုတာမျိုးထက် ကိုယ့်အစုအဖွဲ့တွေက သဘောပေါက် နားလည်ပြီး လုပ်ကိုင်ကြရတာမျိုး ဖြစ်တယ် ဆိုတာကို ကျနော့်အတွေ့အကြုံအတိုင်း ပြောပြပါတယ်။

ကျနော်တို့မှာ နိုင်ငံရေးအရက League for Democracy ဆိုတာ ဟုတ်လား၊ National League for Democracy ဆိုတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်တဲ့ Network for Democracy ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားလာတယ်လို့ ကျနော်က ထင်မြင်ပါတယ်။ အပြင်က ဘလော့ဂ်ဂါတွေ၊ ဖေ့ဘွတ်တွေ၊ တွစ်တာတွေ ဟုတ်လား၊ မင်းတို့အပြင်က ဟာတွေကို သူ့အနေနဲ့ စိတ်ဝင်တစား စောင့်ကြည့် သုံးသပ်ပြီး ပြောတဲ့ သဘောလို့ ထင်တယ်။ အသေးစိတ်တော့ ကျနော်တို့တွေက ဘယ်သိသေးမလဲ။ အားလုံးက ၀ိုင်းပြီး ပါဝင်ပတ်သက်ကြရမယ် လို့ ထင်ပါတယ်။

နောက်ထပ်မေးခွန်းတွေ၊ ဖြေရှင်းရမယ့်ဟာတွေကလည်း အများကြီး ရှိသေးတယ်လေ။ နိုင်ငံရေးမှာ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခမ်းကဏ္ဍတွေ တိုးတက် မြင့်မားလာအောင် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ဆီမှာ ရှိတဲ့ လူငယ်တွေက ညံ့နေတာလား၊ ဒါမှမဟုတ် တခြားလူငယ်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် ဘယ်နေရာတွေမှာ အားနည်းနေ တာလဲ၊ ဒါတွေကို သုံးသပ်ကြဖို့ လိုတယ်။ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေလည်း ဘယ်လို ဆက်သွားကြမှာလဲ။ ဒါတွေ ရှိသေးတယ်။

ဟုတ်ကဲ့ပါဆရာ … နိုင်ငံရေး အခန်းကဏ္ဍတွေတင်မကဘဲ Network for Democracy ဆိုတဲ့အတွက် ကျယ်ပြန့်တဲ့ မြန်မာကွန်မြူနီတီတွေရဲ့ Social Network တွေဆီကိုပါ သက်ရောက်မှု ရှိလာမယ်လို့ ထင်ပါတယ် ဆရာ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီ ဖြစ်တယ်လေ။ မင်းတို့လည်း ကြားမှာပေါ့။ ကျမတို့ဟာ အင်န်အယ်ဒီဟာ နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းအနေနဲ့ပဲ ဆက်လက် ရပ်တည်သွားမယ်။ အင်န်ဂျီအိုလည်း မဟုတ်ဘူး။ social welfareတွေကိုပဲ လုပ်သွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းပြသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ပါတီစခါစကတည်းက လူမှုအထောက်အကူလုပ်ငန်းအဖွဲ့တွေ ဆိုတာ ရှိပြီး ဖြစ်တယ်။ သူတို့တွေက အစိတ်အပိုင်းတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတခုအနေနဲ့က ဆိုရှယ်ဝဲဖဲတွေဆိုတာ သက်ဆိုင်နေတာပဲ၊ ပတ်သက်နေရတာပဲ။ ဒါက ပြည်သူတွေနဲ့ သက်ဆိုင်တယ်၊ ပတ်သက်တယ် ဆိုတာပဲ။ ဒါကို ငြင်းပယ်တာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောပါတယ်။

ဆရာပြောချင်တာက ဆိုရှယ်ဝဲဖဲဆိုတာတွေ၊ လူမှုအထောက်အကူပြုလုပ်ငန်းတွေဆိုတာကို ပါတီအနေနဲ့ ဆက်စပ် ပတ်သက်မှုတွေ ရှိနေတယ်။ ရှိခဲ့ပြီး ဖြစ်တယ်။ သို့သော် ဒါတွေကိုပဲ ဇောက်ချပြီး လုပ်နေတဲ့ အဖွဲ့လို့ မမြင်စေချင်တဲ့ သဘော၊ မဖြစ်စေချင်တဲ့ သဘောလို့ ပြောရင်ရမယ်နဲ့ တူတယ်နော် ဆရာ။

ဟုတ်ပါတယ်။ ကျနော်တို့တတွေက လူမှုထောက်ကူလုပ်ငန်းတွေကိုလည်း ကျယ်ပြန့်နိုင်သမျှလုပ်နေတာတွေ ရှိနေပါတယ်။ မဖြူဖြူသင်းတို့ အေအိုင်ဒီအက်စ် အိပ်ခ်ျအိုင်ဗီ လူနာတွေကို ထောက်ကူတဲ့ လုပ်ငန်းတွေ။ နယ်တွေမှာ ကိုယ်ရေပြားရောဂါသည်တွေ စောင့်ရှောက်ဖို့ လုပ်နေတဲ့ အစီအစဉ်ရှိတယ်။ ဆေးခန်းရှိတယ်။ ဘုန်းကြီးကျောင်း ပညာသင်ကြားရေးကို ထောက်ကူတာတွေ ရှိတယ်။ နောက်ပြီး လေဘေးကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးတွေ လုပ်ခဲ့တာတွေ လုပ်နေတာတွေ ရှိတယ်။ သည်နေရာမှာ ဘာကို တခု သဘောပေါက်ရမှာလဲ ဆိုတော့ လူမှုထောက်ကူလုပ်ငန်းတွေ လုပ်တိုင်းမှာလည်းပဲ ကျနော်တို့ နက်ဝပ်တွေမှာ အတားအဆီး အနှောက် အယှက်တွေ ကြုံနေရတာတွေ အများကြီး ရှိတယ်။ ဥပမာ - အင်န်အယ်ဒီဆိုပြီးတော့ ၀င်ပြီး ကူညီခွင့်မရတာမျိုး၊ အခု နိုင်ငံရေးပါတီဖြစ်သွားတဲ့ ကြံ့ဖွံ့အသင်းကြီးကိုယ်တိုင်က ကျနော်တို့တတွေရဲ့ လူမှုထောက်ကူလုပ်ငန်းတွေကို ကျယ်ပြန့် မလာအောင် လုပ်ခဲ့တာတွေ ရှိတယ်။ ဆိုတဲ့အချက်တွေကြောင့် ကျနော်တို့မှာ စဉ်းစားစရာတွေ၊ ဆင်ခြင်သုံးသပ် ပြင်ဆင်စရာတွေ အများကြီး ရှိတယ်လို့ ပြောချင်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ခုမှ အပြင်ကို ထွက်လာပြီး ပြောရ ဆိုရ ဖြစ်တဲ့အတွက် ကျနော်တို့တတွေ အားလုံးက အချိန်ယူပြီးတော့ စဉ်းစားတာတွေ၊ တိုင်ပင်တာတွေ၊ ဆွေးနွေး ပြင်ဆင်တာတွေ လိုအပ်ပါတယ်။ အသေးစိတ်ကို နားလည် သဘောပေါက်နိုင်ကြဖို့ပေါ့။ တော်ကြာ အဓိပ္ပါယ် အကောက်လွဲတာတွေ ဖြစ်သွားတာ မျိုးတွေကို ကျနော့်အနေနဲ့ မလိုလားပါဘူး။

ရိုင်းမိုက်ကယ်သရော်လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ဆော်

ဘီကြားဆိုတဲ့ ဇာတ်စကားတခုရှိတယ်။ ကိုယ့်ဟာကိုယ် ဘာမှန်းမသိပဲ ဆိုင်းသံကြားရင် ကချင်ကခုန်ချင်တဲ့ တောင်မရောက်မြောက်မရောက် နမူနထိုင်း အရှက်မရှိတဲ့သူကို ခေါ်တဲ့ စကားတခုပေါ့။ ဗြုပ္ပတ်ကို ပြောရရင် တခါက ဇာတ်ပွဲတခုမှာ ဇာတ်ပိုးရှိတာကလွဲလို့ ဘာအရည်အချင်းမှ မရှိ၊ သုံးမရတဲ့ သူတယောက်ရှိတယ်။ ဒီတော့ ဇာတ်ထဲမှာ ကားလိပ်ကြိုးဆွဲလိုက်၊ ထမင်းချက် လိုက်နဲ့ ကြာလာတော့ ဇာတ်ဆရာက သနားပြီး အရေးမကြီးတဲ့ ဇာတ်ဝင်ခန်း တခန်းနှစ်ခန်းမှာ သုံးပေးတယ်။ တညမှာတော့ ဇာတ်ထုပ်တခုမှာ သူ့ကို ဘီလူး ခန်းကတခန်း ထဲ့ထားတယ်။ ဒီတော့ ဒီလူလည်း ဘီလူကြိမ်းဇာတ်စကားလေးတွေ အပြေးအလွှား ကျက်နေတာပေါ့။ ဖြစ်ချင်တော့ အဲဒီညမှာ အဲဒီဇာတ်ထုပ်ကို မကဖြစ်တော့ဘဲ တခြားဇာတ်ထုပ်ကို အခြေအနေအရ ပြောင်းကကြတယ်။ အဲဒီဇာတ်ထုပ်မှာလည်း ဇာတ်ဆရာက သူ့ကို သိကြားမင်းအခန်းက တခန်းကပေးဖို့ ထဲ့ထားတယ်။ ဒီလူလည်း သူ့အလှည့်ကိုစောင့်ရင်း ခဏအိပ်ပျော်သွားတယ်။ ဒီလိုကကြရင်း သူ့အလှည့်ရောက်လို့ နှိုးလွှတ်လိုက်တော့ တွေ့ရာဇာတ်ရုပ်တခု ခေါင်းစွပ်ပြီး ဇာတ်ခုံပေါ် တက်သွားတယ်။ ရောက်တာနဲ့ မနက်ကကျက်ထားတဲ့ ဒဿဂီရိမည်ရတွင်ကျော် ဘုန်းမော်အံ့ထူး၊ ယက္ခမှုးတဲ့ ငါဟဲ့ဘီလူး ဘာညာနဲ့ ကျက်ထားတာတွေ ရွတ်ရင်းတန်းလန်း ခေါင်းစမ်းကြည့်တော့ ဘီးလူးခေါင်းစွပ်မဟုတ် သိကြားခေါင်းစွပ်ဖြစ်နေရော။ ဒါနဲ့ အဆုံးသတ်အချပိုဒ်ကို ဘီလူးလည်းမဟုတ်၊ သိကြားလည်းမဟုတ်တဲ့ ငါဟဲ့ဘီကြားလို့ လုပ်ချလိုက်တာ ပရိတ်သတ်လည်း ပတ်တုတ်မရ၊ ဇာတ်လည်းပျက်ရော။

ကျုပ်တို့ဗမာပြည်သူတွေအတွက်လည်း အနှီသို့သော ဘီကြားအမတ်မင်း များနဲ့ လွှတ်တော်ကြီးတွေ ပေါ်ပေါက်လာပါပြီ။ မိုက်တဲ့သူတွေ အားကိုးလောက်စရာ လွှတ်တော်ကြီးတွေပေါ့။ လွှတ်တော်ဆိုလို့ အခြားတပါး လွှတ်တော်တွေလို လူထုအကျိုးဆောင်မယ့်၊ တိုင်းရေးပြည်ရာတွေကို စီမံခန့်ခွဲမယ့် လွှတ်တော်လို့ မထင်လိုက်လေနဲ့။ လွှတ်တော်လွှတ်တော်နဲ့ တစာစာအော်ရင်း အမျိုးကောင်းသမီး တွေ၊ အမျိုးကောင်းသားတွေ ဝေးရာကရှားရမယ့် လွှတ်တော်တွေပဲဖြစ်တယ်။ စစ်အာဏာရှင်တွေ ကြိုဆွဲရာကရမယ့် လူရမ်းကား အမတ်တွေနဲ့ ရုပ်သေး လွှတ်တော်တွေပဲဖြစ်တယ်။ ခုံဖိနပ်စုပ်နဲ့သာ ဆော်ဖို့ကောင်းတဲ့ အဓမ္မဝါဒီ မုဒိမ်းတတ္တတွေရဲ့ လွှတ်တော်တွေလေ။ မိစ္ဆာသန်းရွှေ အမှုးရှိတဲ့ နအဖ ဖက်စစ်ဗိုလ်ချုပ်တွေရဲ့ နဖားကြိုးတန်းလန်းနဲ့ လွှတ်တော်ကြီးပေါ့။ ဘီကြား အမတ်များဆိုတာကလည်း မိစ္ဆာသန်းရွှေခိုင်းသမျှကို လက်ညှိုးထောင် ခေါင်းညိတ် လောက်သာ လုပ်တတ်တဲ့ စစ်ဗိုလ်လူထွက်တွေ လူထုအရေး တရွေးသားတောင် ထည့်မစဉ်းစားတဲ့သူတွေ၊ ရထားတဲ့မဲဆိုလည်း သန့်သန့်ရှင်းရှင်း တခုမှမပါဘူး။ ကလိန်မဲ၊ ညစ်မဲ၊ ညာမဲ၊ ကောက်မဲ၊ ခြောက်မဲ၊ လှန့်မဲ၊ လုမဲ၊ အတုမဲ၊ ခိုးမဲ၊ ဝှက်မဲစတဲ့ မတော်မတရား အလိမ်အညာနည်းပေါင်းစုံနဲ့ ရထားတဲ့ မဲတွေနဲ့ အမတ်ဖြစ်လာ ကြသူတွေပေါ့။ အရှက်မဲ့လိုက်တာကတော့ ကမ်းကိုကုန်ရော။ နယ်အသီးသီးမှာ စစ်ဗိုလ်လူထွက် ကြံ့ဖွတ်တွေ ရှုံးခြေလည်းမြင်ရော ကြိုတင်မဲဆိုတာတွေနဲ့ အနိုင်ယူသွားတယ်။ တောင်ငူနယ်မှာဆို ကြိုတင်မဲအတုတွေ များသွားလို့ မဲပေးတဲ့သူ တရာ့သုံးရာခိုင်နှုန်းတောင် ရှိတယ်ဆိုပါလား။

အတုအယောင် ရွေးကောက်ပွဲပဲ ဆိုချင်ဆို မဟာသူရဲဘောကြောင်သူ ဗမာဗိုလ်ချုပ်တွေရဲ့ ရွေးကောက်ပွဲကတော့ ကမ္ဘာမှာ ကြိုတင်မဲ အများဆုံး စံချိန်ချိုးသွားခဲ့ပြီဖြစ်တယ်။ သူ့တို့ကိုယ်တိုင်လုပ်ထားတဲ့ ကြိုတင်မဲ ငါးရာခိုင်နှုန်း ထက်မပိုရဆိုတဲ့ ရွေးကောက်ပွဲဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်တာ အသေ အချာပေါ့။ အရှက်ကင်းမဲ့လိုက်ပုံက ဇမ္ဗူမှာတလူဆိုရမလောက်ပါပဲ။ ကြိုတင်မဲ ဆိုတာက မဲပေးတဲ့နေ့မှာ ကိုယ့်သက်ဆိုင်ရာမဲရုံကို တကယ်ခိုင်မာတဲ့ အကြောင်း တွေကြောင့် မလာနိုင်တဲ့ မဲဆန္ဒရှင်တွေအတွက် ဖွင့်ပေးထားတဲ့ ချွင်းချက် အခွင့်အရေးဖြစ်တယ်။ နအဖတို့ရဲ့ ကြိုတင်မဲ ဆိုတာတွေကတော့ အဲဒီ့ချွင်းချက်ပါ သတ်မှတ်ချက်တွေနဲ့ ကင်းလွတ်ပြီး သူတို့နိုင်ရာ ဗိုလ်ကျခံ ဝန်ထမ်းတွေ၊ စစ်သည်စစ်သား မိသားစုတွေ၊ မသိနားမလည်တဲ့ ဆင်းရဲသား ပြည်သူတွေကို အဓမ္မအကြပ်ကိုင် နားလှည့်ပါးရိုက် ယူထားတဲ့ မဲတွေပဲ။ တချို့ကြိုတင်မဲတွေ ဆိုတာကတော့ ရပ်ကွက် လူဦးရေစာရင်းကြည့်ပြီး ကြံ့ဖွတ်တွေကိုယ်တိုင် အတုလုပ်ထားတာဖြစ်တယ်။ ဒါကြောင့် တချို့နယ်တွေမှာ ရှိတဲ့လူဦးရေထက် မဲတွေပိုနေတာပေါ့။ သူတို့က ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ ခြောက်ဆယ်ရာခိုင်နှုန်း ရှိတယ်လို့ ဆိုတယ်။ တကယ်ကတော့ သူတို့မတော်မတရားလုပ်ထားတဲ့ ကြိုတင်မဲတွေ ထည့်တွက်ရင်တောင် လေးဆယ်ရာခိုင်နှုန်းပြည့်ဖို့ မလွယ်ဘူး။ တချို့မဲရုံတွေဆို မဲပေးတဲ့သူ ဆယ်ယောက်တောင် မပြည့်ဘူး။

ဒီလောက် ကန်းကုန်အောင် လိမ်ညာညစ်ပတ် ယုတ်မာထားတာတောင် ရွေးကောက်ပွဲရလာဒ်ကို အခုထိ တရားဝင်မကြေငြာနိုင်သေးဘူး။ အလိမ်အကောက် စာရင်းတွေ ညှိုရခက်နေလို့ ဖြစ်မယ်။ ဒီနေ့ခေတ်သူတပါး ရွေးကောက်ပွဲတွေဆို ဒီနေ့ရွေးကောက်ပွဲလုပ် နောက်တရက်ရလာဒ်ကို တရားဝင်ကြေငြာပြီး တပတ် အတွင်း အစိုးရဖွဲ့နိုင်ကြတယ်။ အဖြေကရှင်းတယ်။ ရွေးကောက်ပွဲက အတု ဖြစ်တယ်။ လွှတ်တော်တွေဆိုတာကလဲ အတုဖြစ်တယ်။ နဖားကြိုးတန်းလန်းနဲ့ လွှတ်တော်တွေ။ မိစ္ဆာသန်းရွှေနဲ့ အပေါင်းအပါတွေက ဘယ်တော့မှ အာဏာကို လက်မလွှတ်ဘူး။ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အခိုင်အမာ သန္နိဋ္ဌာန်ချ ထားတယ်။

ဒီလိုအခြေအနေဆိုးကိုတောင် နိုင်ငံရေးအရေခြုံ ရေပေါ်ဆီလူလယ်လူတတ် ငို့ဘသမားတွေက ချီးမွမ်းကြ၊ အကောင်းမျှော်လင့်ကြနဲ့ လိမ်ညာယုတ်ပတ်တဲ့ ရွေးကောက်ပွဲနဲ့ အယုတ်တမာ စစ်အုပ်စုကို ကဲ့ရဲ့ရှုတ်ချဘို့ တွန့်ဆုတ်နေကြတုန်းပဲ။ သူတို့ဖောက်သည် သတင်း မီဒီယာတွေကတဆင့် လူထုကို သီတင်း မှားပေး အလံရှုးလုပ်ဖို့ ကြိုးစားနေကြတုန်း။ အချောင်သမား ဟန်ညောင်ရွှေက VOA ကတဆင့် ရွေးကောက်ပွဲဟာ မတရားတာမှန်ပေမဲ့ ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပနိုင်တာ၊ ပြီးတော့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတခု ပေါ်ပေါက်လာတာဟာ ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်လာခြင်းဖြစ်တယ်လို့ အပြင်ကနေ အူသလို နအဖအလံရှုး နေဝင်းမောင်တို့ အောင်ထွဋ်တို့ အီးဂရက် အုပ်စုကလည်း ရွေးကောက်ပွဲကို ချောတိုင်တက်တာနဲ့နှိုင်းပြီး ချောတိုင်တက်တာ မမှားဘူး။ ချောတိုင်တက်သလို သဘောထားပြီး တကြိမ်မရ တကြိမ် အာဏာရှင် တွေရဲ့ လမ်းကြောင်းအတိုင်း ကြိုးစားဦးမယ်လို့ အတွင်းကနေ ဟောင်နေကြတယ်။

ရှေးလူကြီးများရဲ့ အဆုံးအမတခု ရှိပါတယ်။ ကိုယ့်အမှားကို သိမှ လူကောင်း လူမှန်၊ အဲဒီအမှားကို ပြင်နိုင်မှ ပညာရှိသူတော်ကောင်းဖြစ်တယ်။ ကိုယ့်အမှားကို မသိမြင်နိုင်လောက်အောင် အတ္တလွန်ကဲရင် လူမိုက်၊ လူယုတ်မာလို့ ဆိုပါတယ်။ နေမျိုးဝေလို နိုင်ငံရေးလူပျက်ကတောင် မှားပါတယ်လို့ ဝန်ခံထားပြီးသားပါ။ ဒီလို နိုင်ငံတခု၊ ပြည်သူတရပ်လုံးရဲ့ ကံကြမ္မာနဲ့ဆိုင်တဲ့ နိုင်ငံရေးရာဇဝတ်မှုကို မှားပါတယ် လို့ မမြင်နိုင်၊ ဝန်မခံချင်သူတွေကို ဘယ်လိုပြောကြမလဲ စကားလုံးတောင် ရှာမရတော့ပါဘူး။

ဒီရွေးကောက်ပွဲဆိုတဲ့ လုပ်ပွဲကြီးကို လေ့လာကြည့်ရင် စစ်အုပ်စုဟာ အရံအတားအဆင့်ဆင့်နဲ့ သူ့စိတ်ကြိုက်ဖန်းတီးသွားခဲ့တယ်။ နောက်ဆုံးအဆင့် ကြိုတင်ဂျိုကာမဲတွေနဲ့ သူကြိုက်သူ မကြိုက်သူတွေကို နိုင်စေတယ်၊ ရှုံးစေတယ်။ ဒေသအလိုက် အင်အားကောင်းပါတယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေတောင် သူတို့ပြည်နယ်တွေမှာ ပြည်နယ်အစိုးရ ဖွဲ့နိုင်လောက်အောင် နိုင်တဲ့ပါတီမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိခင်ပါတီကို ကျောခိုင်းပြီး ရွေးကောက်ပွဲလိုလားတဲ့ အတွင်းအပြင်က အင်ဂျီအိုတွေ၊ သတင်းမီဒီယာတွေက ဝိုင်းလှော်ပေးနေကြတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ထဲမှာတောင် မူလ NLD က လူတွေကို အနိုင်မပေးဘူး။ အီးဂရက်ကလူတွေကိုပဲ အနိုင်ပေးထားတာဟာ စိတ်ဝင်စားစရာပါ။

ဒီမှာ အတွင်းအပြင်က အချောင်သမားတွေ၊ တိုင်းခြားနဲ့ ဗမာအင်ဂျီအိုလိုလို လူတတ်လိုလို ဆိုသူတွေ၊ သတင်းမီဒီယာတွေနဲ့ အဲဒီနောက်ကွယ်က အရိပ်ပွဲ ကစားသမားတွေ (Shadow Player) တွေကြားက အချိတ်အဆက်အပေးအယူ တွေကို မြင်နိုင်ပါတယ်။ နအဖဗိုလ်ချုပ်တွေကလည်း မြင်ကြပါတယ်။

လောကကြီးမှာ အလိမ်ခံရတယ်ဆိုတာ အတဲ့သူနဲ့ လောဘဖိစီးဖောက်ပြန် သူတွေပဲဖြစ်တယ်။ တကြိမ်ထက် ပိုအလိမ်ခံရသူဟာ အ န ထုံထိုင်း ထိနမိဒ္ဓများသူ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အတ္တလောဘကြီးသူတွေပဲ ဖြစ်ပါတယ်။ ကိုးဆယ်ခု ရလာဒ်ကို မျက်ကွယ်ပြုထားတာ၊ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ သိက္ခာကင်းမဲ့တဲ့ ရွေးကောက်ပွဲ မတရားဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေက စစ်အုပ်စုဟာ ဘယ်တော့မှ အာဏာမလွှဲဘူးဆိုတဲ့ သူတို့သဘောထားကို အထင်အရှား ပြသပြီးသားဖြစ်တယ်။ ရုပ်သေးပါတီ ကြံ့ဖွတ်တွေကလည်း ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်လို့ ဗြောင်ပြောထားပြီးသားပဲ။ ဒီလို ရွေးကောက်ပွဲကို အကောင်း မျှော်လင့်ချက်ထားနေတာ၊ ဝင်ပြိုင်တယ်ဆိုတာဟာ လူ့အန္ဓတွေနဲ့ အတ္တလောဘ သားတွေပဲဖြစ်တယ်။

ခွဲခြမ်းစိတ်ဖြာကြည့်ရင် (၁) ကိုးဆယ်ခုရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးခဲ့လို့ အခုတခါတော့ ဒေါ်စုမပါတာ တို့အခွင့်အရေး၊ ရတုန်းယူထားလိုက်မယ်ဆိုတဲ့ မျိုးဆက်ဟောင်း ပါတီဟောင်းတွေ။ (၂) တိုင်းပြည်အတွက် မဖြစ်စလောက်လေး ပေးဆပ်ခဲ့ လုပ်ခဲ့တာကို အဟုတ်ကြီးထင်ပြီး အခွင့်သာတုန်း အမြတ်ထုတ်လိုက်မယ် ဆိုတဲ့ (၈၈) ပျက်တွေ။ (၃) သူ့ဆန်စားထားလို့ ကျရာတီးလုံးအတိုင်း ကနေကြရတဲ့ ပယောဂပူးနေသူတွေ။ (၄) ရှုံးလည်းခံသာ နိုင်ရင်အမြတ်ဆိုတဲ့ ဖဲသမားညဉ်နဲ့ ဝိသမလောဘသား စီးပွားရေးသမားတွေပဲဖြစ်တယ်။ ဘယ်ပါတီပဲ ကြည့်လိုက် ကြည့်လိုက် ရွေးကောက်ပွဲဝင်မယ့် ပါတီလို့သာဆိုတယ် ဘာနိုင်ငံရေးရည်မှန်းချက် လမ်းစဉ်မှ တိတိကျကျ ပြဋ္ဌာန်းကြေငြာထားတာ မတွေ့ရဘူး။ အနိမ့်ဆုံးအဆင့် အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရဲ့ ကံကြမ္မာကို လေသံတချက် ဟတဲ့ ပါတီတခု ကိုယ်စားလှယ်လောင်း တယောက်မရှိခဲ့ဘူး။

ဒီလိုရွေးကောက်ပွဲရဲ့ ရာလာဒ် ဘယ်သူရှုံးလို့ ဘယ်သူနိုင်သည်ဖြစ်စေ ဘာနိုင်ငံရေးအဓိပ္ပါယ်မှ မရှိပါဘူး။ ဒီအတုအယောင် ရွေးကောက်ပွဲက ထွက်ပေါ် လာမည့် လွှတ်တော်များဆိုတာကလည်း ဘယ်နည်းနဲ့မှ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ လူထုတွေ ကိုယ်တိုင် အကျုံးဝင်ပတ်သက်တဲ့ ရွေးကောက်ပွဲမှာတောင် ဒီလောက်ဗြောင်ကျကျ လိမ်ညာ ယုတ်ပတ် အနိုင်ကျင့် နေတဲ့ စစ်အုပ်စုဟာ လူထုအခန်းကဏ္ဍမပါတဲ့ လွှတ်တော်ထဲမှာ ဘယ်လောက် ဖောက်ပြန်ရမ်းကား ဗိုလ်ကျကြလေမလဲဆိုတာ သိပ်စဉ်းစားကြည့်စရာမလိုပါဘူး။ စစ်အုပ်စုက အနိုင်ပေးလို့ လွှတ်တော်ထဲရောက်လာကြတဲ့ အမတ်တွေ ဘာတွေ ပြောခွင့်ရပြီး ဘာတွေလုပ်နိုင်ကြမလဲ။ ကြိမ်တချက်ဝင့်ပြရုံနဲ့ ငြိမ်ဝပ်ကုပ်ချိ သွားမယ့်သူ ကိုယ့်ဟာကို ချိန်ခွင်ပေါ်တက်ထိုင်မယ့်သူ ဘယ်လောက်ပါမလဲ စောင့်သာကြည့်ကြပါတော့။ ဒါကြောင့် လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ဒီမိုကရေစီဖော်ဆောင်မယ်ဆိုတာဟာ အဓိပ္ပါယ်အကင်းမဲ့ဆုံး ဆင်ခြေလုပ်ရပ်ပဲ ဖြစ်တယ်။ ဒီလို ရွေးကောက်ပွဲတွေ နဖားကြိုးတန်းလန်း လွှတ်တော်တွေ ရှိလာတာဟာ ဒီမိုကရေစီရဲ့ လမ်းစပဲလို့ ပြောနေတာဟာ အမှန်တရားကို သစ္စာဖောက်တဲ့ ကိုယ်ဘို့သာသိတဲ့ ငို့ဘသမားတွေသာဖြစ်တယ်။

မိစ္ဆာသန်းရွှေကို အားကျမခံ ကျုပ်တို့ ပြင်ပမှာလည်း အလားတူတွေ တချိန်တည်း ဖြစ်ထွန်းနေတယ်။ အလုပ်သမားခေါင်းဆောင်ဆိုတဲ့ မောင်မောင်နဲ့ အပေါင်းအပါများကလည်း ဖယ်ဒရယ်ပါလီမန်ဆိုတဲ့ ဘီကြားလွှတ်တော်ကြီးတခု ဖွဲ့လိုက်ကြပြန်ပါပြီ။ ကိုးဆယ်ခု အမတ်တွေ၊ လက်သင့်ရာအဖွဲ့အစည်း ခေါင်းဆောင်ဆိုသူတွေ၊ ပြီးတော့ ဘယ်လိုညာဝါး စည်းရုံးထားလဲ မသိဘူး ထုံးစံအတိုင်း အစဉ်အလာရှိတဲ့ မွန်၊ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ စုပေါင်းစပ်ဖာ အူကြောင်ကြားလွှတ်တော်မဟာကြီးပေါ့။ ပြီးရင် ဖယ်ဒရယ်အစိုးရနဲ့ ဖယ်ဒရယ်အာမီဆိုတာကြီးတွေပါ ထူထောင်ကြဦးမယ်ဆိုပဲ။ လေသံသာ ပစ်နေတယ် အဆံကတော့ ဗလာ။ ဗိုလ်နှုတ်ခမ်းမွေးတို့ ရန်သူကို တကယ်ထတိုက် နေတာကိုတော့ ကျည်တတောင့်၊ ငါးပိတကော် ထောက်ပံ့တယ် မကြားမိဘူး။ ဖွဲ့လိုက်ရင်လည်း အမျိုးသားနဲ့ချည်း ချီပြီးဖွဲ့တယ်။ အဖွဲ့အမည် ပရောဂျက်တွေသာ ပြောင်းသွားတယ်။ လူတွေကတော့ စားနေကျ ကြောင်ပါး ဒီလူဒီမျက်ခွက်ချည်းပဲ။ အထဲက တိုက်ပွဲကို ပံ့ပိုးတဲ့ လုပ်ငန်းတွေလုပ်ဖို့၊ အပြင်ကစစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ စုစည်းဖို့တော့ မစဉ်းစားဘူး။ ကိုယ့်နေရာ ကိုယ့်အခန်းကဏ္ဍမသိ၊ ကိုယ့်တာဝန် ကိုယ်မထမ်း၊ ဖဲသမားလို ဟိုလှည့်ဒီလှည့် ကုလားဖန်ပြောင်းထိုးပြီး အနှစ် ၂၀ လမ်ကြောင်းအတိုင်း အဖွဲ့ထောင် ပရောဂျက် တင် လုပ်စားဖို့ပဲ ချောင်းနေတယ်။

ကျုပ်တို့ ဗမာမှာ လွှတ်တော်ဆိုတာက မင်္ဂလာတရားတွေနဲ့ အညီပေါ်လာတာ၊ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်းနှင့် တိုင်းသူပြည်သားအကျိုးကို ရှေးရှုခြင်း စတဲ့တရားတွေနဲ့ ပေါ်လာတာဖြစ်တယ်။ ပုဂံခေတ်က ထီးလိုမင်းလိုလို့လဲခေါ် နန်းတောင်းများမင်း (သို့) နားဋောင်းများမင်းလို့လဲခေါ်တဲ့ မင်းရဲ့လက်ထက်မှာ ပေါ်ပေါက်ခဲ့တယ်။ နန်းတောင်းများမင်းဟာ ညီအစ်ကိုအများထဲက နောင်တော်တွေကို ကျော်ပြီး မင်းဖြစ်လာတယ်။ သူ့မယ်တော် မိဖုရားငယ်က လင်မင်းကြီးရဲ့ လိုရာဆုတောင်းစေဆိုတဲ့ ကတိစကားကို ဆုပ်ကိုင်ပြီး သားအတွက် ထီးနန်းတောင်းပေးလို့ ရခဲ့တယ်။ ဒါပေမဲ့ သူ့ထက်ပိုပြီး ထီးနန်းရထိုက်တဲ့ နောင်တော်တွေလည်း ရှိနေတယ်။ ဒါကြောင့် နန်းတောင်းများမင်းဟာ နန်းတော်ထဲမှာ တရားဇရပ်တဆောင်ဆောက်ပြီး နောင်တော်တွေကို လွှတ်တက်စေကာ သူ့ကိုယ်စား တိုင်းပြည်အရေးအရာတွေကို စီရင်စေတယ်။ ပြောရရင်တော့ အာဏာခွဲပေးတာပေါ့။ တိုင်းပြည်အရေးအရာတွေကို ချမှတ်တဲ့ အမိန့်အာဏာတွေ ပို့လွှတ်တဲ့နေရာ တိုင်းသူပြည်သားတွေကြားက အမှုအခင်းတွေကို စီရင်ပြီး ပလပ်စေ၊ လွှတ်စေ ဆုံးဖြတ်စီရင်တဲ့အတွက် လွှတ်တော်လို့ခေါ်တယ်။ နောက်ပိုင်းခေတ်တွေမှာ မင်းညီမင်းသားတွေသာမက ဝန်၊ အမတ်စတဲ့ ပညာရှိပုဂ္ဂိုလ်တွေပါ လွှတ်တက်စီရင်လာကြတယ်။ ဒီအဖြစ်တွေကိုကြည့်ရင် မိဖုရားငယ်အပေါ်မှာ ကတိတည်တဲ့ မင်းကြီး၊ ရသင့်ရထိုက်တဲ့ ကိုယ့်အခွင့်အရေး ဆုံးရှုံးမှုကို သီးခံခဲ့တဲ့နောင်တော်များ၊ သက်ဦးဆံပိုင် ဘုရင်ဖြစ်ပါလျှက် နောင်တော်တွေအပေါ် စာနာစိတ်နဲ့ အာဏာခွဲဝေပေးခဲ့တဲ့ ဘုရင်နဲ့ ချုံကြည့်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်တည်ငြိမ်မှုကို ရှေးရှုပြီး နန်းလုပွဲ ပဋိပက္ခတွေကို ရှောင်ရှားခဲ့ကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များရဲ့ အမြှော်အမြင်နဲ့ စေတနာတရားတွေဟာ အင်မတန်လေးစား ဂုဏ်ယူထိုက်ပါတယ်။

မတရားလုယူထားတဲ့ အာဏာအခွင့်အရေးကို ဆက်ပြီး ခိုးဆိုးလုယက်ဖို့ ကတိမတည် သစ္စာဖျက်ပြီး အာဏာမြဲဖို့ လုပ်နေသူများနဲ့တော့ နံ့သာဆီနဲ့ အီးလို ကွာခြားလှပါတယ်။ ဒါကြောင့် အများပြည်သူအကျိုးအတွက် မင်္ဂလာတရားများနဲ့ အညီ ပေါ်ထွန်းခဲ့တဲ့ မူလ လွှတ်တော်နဲ့ ဒီနေ့ကျုပ်တို့ မြင်တွေ့နေရတဲ့ ဘီကြားလွှတ်တော်များနဲ့ကတော့ မနှိုင်းသာအောင် ခြားနားလှပါတယ်။ ဒီတော့ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် အဆီးအတားတောင် ဖြစ်နေတဲ့၊ စစ်အာဏာရှင် တည်တံ့ဖို့ အထောက်အပံ့ပြုနေတဲ့၊ ဗမာပြည်ဒီမိုကရေစီ ထူထောင်ရေး အဟန့်အတားဖြစ်စေမယ့် ဒီလို ဘီကြားအမတ်များနဲ့ ဘီကြား လွှတ်တော်တွေကို ခုံဖိနပ်နဲ့ ဝိုင်းဆော်ကြဖို့ဟာ မျိုးချစ်တိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း

18.11.2010 (kyaw_than@yahoo.com)



--
Myo Thein
Director
Burma Democratic Concern (BDC)
myothein19@gmail.com
myothein@bdcburma.org
+44 208 493 9137
+44 787 788 2386
Skype: myo.thein19
Gtalk: myothein19

Mizzima's interview with Aung San Suu Kyi

Mi an Mar

Mi an Mar