Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 17 January 2010

Bloggers view on 2010 Election

၂၀၁၀ ရွေးကောက်ပွဲကို NLD ၀င်ရေး၊ မ၀င်ရေးနဲ့ ပတ်သက်ပြီး ဘလော်ဂါတချို့ရဲ့ အမြင်
အင်တာဗျူး
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
၁။ ဒီနှစ်ထဲမှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို NLD က ၀င်သင့်သလား။

၂။ (မ၀င်သင့်ဘူးလို့ ယူဆရင် ဒီမေးခွန်းကို ဆက်ဖြေပါ။) ပါတီ ဆက်လက် ရပ်တည်ခွင့် ရအောင် မဲဆန္ဒနယ်တချို့မှာ ၀င်ပြိုင်တာမျိုးရော မလုပ်သင့်ဘူးလား။ ရွေးကောက်ပွဲမ၀င်ရင် ထွက်ပေါ်လာမယ့် ဥပဒေအရ ပါတီ ဖျက်သိမ်းခံရဖွယ် ရှိနေတယ်။ ၁၉၉၀ ပြည့်နှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေအရ ဆိုရင် အနည်းဆုံး မဲဆန္ဒနယ် ၃ ခုမှာ ၀င်ပြိုင်ရမယ်တဲ့။

မိုးမခက မြန်မာဘလော်ဂါတချို့ကို အဲဒီလိုဆက်သွယ် မေးမြန်းထားပါတယ်။ သူတို့ ဘာပြောထားကြသလဲ ဖတ်ကြည့်ပါဦး။
မင်းဒင် mindin.info



ဝင်သင့်တယ်လို့ ဖြေပါရစေ ။ ပါတီထောင်တယ်ဆိုတာ ပြည်သူကို အလုပ်အကျွေးပြုနိုင်ဖို့၊ လွှတ်တော်မှာ နေရာယူနိုင်ဖို့ အဓိက ကျလှပါတယ်။ မဟုတ်တမ်းတရား၊ မတော်တလျော်၊ မတရား မှုတွေ၊ ညစ်ပတ်နည်း မျိုးစုံ ကြုံရမယ်ဆိုတာ ကျနော်လို ခပ်တုံးတုံး လူတောင် ကြိုတင် တွက်ဆလို့ ရပါတယ်။ သို့သော် “ရှုံးနိုင်နှစ်တန်၊ ရင်ဆိုင် တိုက်ခိုက် ကျော၌ ဒဏ်ရာ မထိရာတည့် ရင်၌ ထိမှ မြတ်ရာ၏” ဆိုသမို့လား။

----------------------------------------------------

အညာနွေ တမာမြေ anyarnwaytamarmyay.blogspot.com

မ၀င်သင့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲဟာ တရားမျှတပြီးသားပါ။ အားလုံး အဆင်ပြေစေချင်ရင် တိုင်းရင်းသားတွေ၊ NLD နဲ့ နအဖ တွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။ ဒုတိယမေးခွန်းကတော့ မေးစရာမလိုပါဘူး ခုလည်း ပါတီက ဖျက်သိမ်းခံရတဲ့ ပါတီနဲ့ အတူတူပါပဲ။
----------------------------------------------------

ကိုပေါ kopaw07.blogspot.com

၁။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များကို နအဖက မလိုက်လျောခဲ့လျှင် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ မဝင်သင့်ပါ။ ဘာကြောင့်မဝင်သင့်သလဲဆိုလျှင်….
(က) ဒီမိုကရေစီနှင့် မညီသော ဖွဲ့စည်းပုံကို အလိုတူအလိုပါ အသက်သွင်းပေးရာရောက်သွားနိုင်သည်။
(ခ) လူထုက တခဲနက် ထောက်ခံထားသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရာရောက်သည်။
(ဂ) ဤဖွဲ့စည်းပုံအတိုင်း ဝင်အရွေးခံလျှင်လည်း လွှတ်တော်တွင်းမှတဆင့် ထိရောက်သောပြုပြင်ပြောင်းလဲရေးများ လုပ်နိုင်မည် မဟုတ်သဖြင့် စစ်ကျွန်သက် တာရှည်ရန်သာ အထောက်အကူ ဖြစ်သွားမည်။
(ဃ) ရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ခဲ့ပြီးနောက် နအဖက မလိုက်လျောဘဲ ဝင်အရွေးခံလျှင် NLD အနေဖြင့် (ရှုံ့ချည်နှပ်ချည်နှင့်) နိုင်ငံရေးသိက္ခာမရှိရာ ရောက်သွားနိုင်သည်။ ………စတဲ့ အကြောင်းများကြောင့် ဝင်မပြိုင်သင့်ပါ။

၂။ ပါတီဖျက်သိမ်းခံရခြင်းသည် အရေးမကြီးပါ။ ပါတီ မရှိတော့သော်လည်း အဓိက အတိုက်အခံအင်အားစုများမှာ ပျောက်ပျက်သွားမည် မဟုတ်ပါ။ မူလရပ်တည်ချက်ကိုပင် ဆုပ်ကိုင်လျက် အခြားအသွင်တမျိုးနှင့် ရပ်တည်နိုင်ပါသည်။ ညောင်နှစ်ပင် ဖွဲ့စည်းပုံအောက်တွင် တရားဝင်ပါတီ အဖြစ် ရပ်တည်နေပြီး ဘာတခုမှ ထိထိရောက်ရောက် လုပ်ခွင့် မရခြင်းထက် မြေအောက်အဖွဲ့အစည်းအဖြစ် လူထုကို လျှို့ဝှက် စည်းရုံးနိုင်သည်က ပိုမို ထိရောက်နိုင်ပါသည်။
----------------------------------------------------

အောင်သာငယ် aungthange.blogspot.com

၁။ မ၀င်သင့်ပါ။ ၂၀၁၀ ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားမ၀င်ပါ။ ထို့ကြောင့် ၀င်စရာ မလိုပါ။ ဒီ/ချုပ်သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက နှစ်နှစ်ကာကာ ပေးခဲ့သော မဲများဖြင့် အနိုင် ရခဲ့သော ပါတီ ဖြစ်ပါသည်။ ဒီချုပ်ကို အာဏာ လွှဲခြင်း/မလွှဲခြင်းသည် ထိုအာဏာကို အတင်းအဓမ္မ သိမ်းယူထားသော စစ်အုပ်စု၏ ပြဿနာသာ ဖြစ်ပါသည်။ သို့သော်လည်း ဒီ/ချုပ်သည် ၁၉၉၀ မေလ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထုက ပေးအပ်လိုက်သော အခွင့်အာဏာကို ရရှိပြီး ဖြစ်ပါသည်။ ထို အာဏာကို ဆက်လက် ဆုပ်ကိုင်ပြီး လွှတ်တော် ခေါ်ကာ အစိုးရဖွဲ့ရန်သာ ဖြစ်ပါသည်။ ဒီ/ချုပ် ကြည့်ဖို့ရာ မျက်နှာတခုသာ ရှိပါသည် - ခမောက်တခုအတွက် သေနတ်ပြောင်းဝအောက်မှ အသက်ကို ရင်းပြီး မဲများ ပေးခဲ့ကြသော ပြည်သူလူထု၏ မျက်နှာသာ ဖြစ်ပါသည်။

၂။ တကယ့် တကယ် မေးခွန်းမှာ ဒီ/ချုပ် ဆက်လက် ရှင်သန်ဖို့ လိုအပ်သလား- မလိုအပ်ဘူးလားသာ ဖြစ်ပါသည်။ ဒီ/ချုပ်သည် ပြည်သူလူထုအတွက် ဆက်လက် ရှင်သန်နေသလား- ဒီ/ချုပ်အတွက်သာ ဆက်လက် ရှင်သန်နေသလား- ဆိုသော မေးခွန်းကို ကိုယ့်ဘာသာ ဖြေဆိုရပါလိမ့်မည်။
----------------------------------------------------

နှင်းခါးမိုး ( စိတ်ကူးတေးသီ ) nykomme.blogspot.com

ဝင်မပြိုင်သင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ - ပထမဆုံးအချက်ကတော့ အများ ပြောနေတဲ့ အတိုင်းပဲ။ နအဖက ၉၀ ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ စိတ်မ၀င်စားလို့ပဲ။ ရွေးကောက်ပွဲ ၀င်လိုက်ရင် ကိုယ်တိုင်ကပါ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်သလို ဖြစ်သွားမယ်။ ၉၀ ရလဒ် ဆိုတာ လူထုသဘောထားပဲ။ ဒီသဘောထားကို ဒီနေ့အထိ NLDက တာဝန်ခံ ဆုပ်ကိုင်ထားလို့ လူထုက အခုအထိ ဆက်လက် ထောက်ခံနေတာ ဖြစ်ပါတယ်။

- နောက်အချက်ကတော့ စစ်တပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် စိုးရိမ်ချက်က ကြီးတယ်။ ၂၀၀၈ အခြေခံဥပဒေကို ရေပက်မ၀င်အောင် သူတို့အတွက် အပေါက်တွေ လျှောက်ပိတ်ထားတာကိုက နောင် ရွေးကောက်ပွဲတွေမှာ NLD ဒါမှမဟုတ် အလားတူ နိုင်ငံရေးပါတီတခု အင်အား ကြီးမားစွာ အနိုင်ရခဲ့သော်ဆိုတဲ့ စဉ်းစားချက်ကြောင့်ပါပဲ။ ဒီတော့ အခု ရွေးကောက်ပွဲကို ကိုယ်တောင်းဆိုထားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာလို့ ၀င်ပြိုင်ခဲ့သည့် တိုင်အောင် ၉၀ လို အနိုင်များ ထပ်ရခဲ့သော် စစ်တပ်က ၂၀၀၈ အခြေခံဥပဒေပါ သူတို့ အခွင့်အရေးတွေကို မရမက ဆုပ်ကိုင်ပြီး ပိတ်ဖို့ ဆို့ဖို့ လွှမ်းမိုးဖို့ ကြိုးစားလာမှာပဲ။ အဲဒီအခါ အခုရှိနေတဲ့ နိုင်ငံရေး ပြဿနာတွေ မပြေလည်တဲ့အပြင် နောက်ထပ် ဗိုလ်လုပွဲတွေနဲ့ မြန်မာ့ နိုင်ငံရေးဟာ ပိုရှုတ်ထွေးလာနိုင်တယ်။ ဒါ့ကြောင့် အခုရွေးကောက်ပွဲကို ဘယ်လို အခြေအနေကောင်းတွေနဲ့ ကျင်းပသည် ဖြစ်စေ တည်တည် ငြိမ်ငြိမ်နဲ့ လက်ရှောင်နေသင့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ NLD ဟာ လွှတ်တော်ပြင်ပက သြဇာကြီးမားတဲ့ နိုင်ငံရေး အင်အားစု တခု အဖြစ် ဆက်ရပ်တည်ပြီး လွှတ်တော်ထဲကနေ သူ့နည်း သူ့ဟန်နဲ့ ဒီမိုကရေစီရေး ရပ်တည် ကြိုးပမ်းသူတွေကို ထောက်ခံ ပံ့ပိုးပေးသင့်ပါတယ်။

- အပေါ်က ပြောခဲ့သလို NLD ဟာ အာဏာစည်းဝိုင်း အပြင်မှာ နေလိုက်ခြင်းအားဖြင့် စစ်တပ်ရဲ့ စိုးရိမ်ချက်တွေကို လျော့ချနိုင်မှာ ဖြစ်သလို စစ်တပ်အနေနဲ့လည်း NLD ရဲ့ အာဏာ ချုပ်ကိုင်လာနိုင်မှုတွေကို လက်ညိုးထိုး ခြောက်လှန့်ပြီး သူ့နေရာ သူချဲ့နိုင်မယ့် အခွင့်အရေးတွေကို ဖန်တီးရယူဖို့ ခက်သွားပါလိမ့်မယ်။

- နောက် လက်တွေ့ကျတဲ့ အချက်တခုကတော့ NLD ဟာ အနှစ်၂၀ ကာလ တိုက်ပွဲကြီးကို ဖြတ်သန်းလာရလို့ အတော် ပမ်းနေပါပြီ။ လူထုထောက်ခံမှုအရ ပါတီကြီးတခုအဖြစ် ရပ်တည်ပေမယ့် အရည်အသွေးပြည့် နိုင်ငံရေးပါတီတရပ် ဖြစ်လာအောင် တည်ဆောက်ဖို့ အုပ်ချုပ်သူတွေက နည်းမျိုးစုံနဲ့ ဖိနှိပ်ပြီး ပိတ်ဆို့ ချုပ်ခြယ်ထားခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေ အတိုင်းဆို အချိန်တို အတွင်းမှာ တက်သုတ်ရိုက်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့ရင် NLD နာမည်နဲ့ လွှတ်တော်ထဲ ၀င်မယ့်သူတွေထဲမှာ လူမျိုးစုံ ပါဝင်လာပါလိမ့်မယ်။ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်တပ်ရဲ့ အားစမ်းမှုတွေနဲ့ ဒီမိုကရေစီရေး အတွက် လွှတ်တော်ထဲမှာ ရုန်းကန်ရတဲ့အခါ ပုဆိုးပြဲနဲ့ စင်ပေါ် တက်ထိုင်သလို သောက်ရှက်တွေ ကွဲကုန်ပါလိမ့်မယ်။ အဲဒီအခါ ဗိုလ်ချုပ်ကြီးတွေက ငါမပြောလား ဆိုပြီး သူတို့ရဲ့ ၂၀၀၈ နာဂစ်ဥပဒေကြီးကို လှလှပပ အနေကဇာ တင်သွားပါလိမ့်မယ်။

- ဒါကြောင့် ၂၀၁၀လွန် ကာလမှာ NLD ဟာ လွှတ်တော်အပြင်က လူထုကိုယ်စားလှယ် အဖြစ်နဲ့ ရပ်တည်ရင်း ပါတီ တည်ဆောက်ရေးကို ဇောက်ချ လုပ်သင့်ပါတယ်။

- ပါတီ ရပ်တည်ရေး အတွက် အနည်းဆုံး ၃ နေရာတော့ ၀င်ပြိုင်မှ ဖြစ်မယ်လည်း မတွေးပါနဲ့။ စစ်တပ်ဟာ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် NLD ပါတီ ဖျက်သိမ်းရေးကို မသိမသာ လက်ရှောင်သွားပါလိမ့်မယ်။ NLD က ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မဟုတ်ဘဲ ပါတီ အခြေအနေကြောင့် ၀င်မပြိုင်တော့ပါဘူးလို့ လက်ဦးမှုယူ ကြေညာနိုင်ခဲ့ရင် စစ်တပ်က NLD နဲ့ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး အတွက် ရတက် အေးသွားနိုင်ပါတယ်။

- အချုပ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲ၊ စစ်ဘက် အရပ်ဘက် အာဏာခွဲဝေတဲ့ပွဲမှာ NLD က ဘေးထိုင်ပြီး ဒိုင်လူကြီး လုပ်လိုက်ခြင်းအားဖြင့် ၂၀၁၀လွန် ကာလ ၂၀၀၈ အခြေခံဥပဒေ အထိုင်ချတဲ့ လွတ်တော်တွင်း လွှတ်တောပ နိုင်ငံရေး အားပြိုင်မှုတွေမှာ လူထု အကျိုးစီးပွား တခုတည်း လက်ကိုင်ထားပြီး ရပ်တည်လာနိုင်မှာ ဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ပိုမို အင်အားကြီးမားတဲ့ ပါတီကြီးတရပ် အဖြစ် ဆက်ရပ်တည်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း။
----------------------------------------------------

ခင်မင်းဇော် khinminzaw.blogspot.com

၁) မ၀င်သင့်ပါ။ ဘာ့ကြောင့်ဆို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကိုယ့်ဖာသာ ဖျက်သိမ်းသလို ဖြစ်သွားမှာ ဖြစ်လို့ပါ။ ၁၉၉၀ ရွေးကောက်ပွဲကို အများကြီး ရင်းနှီးထားရတာ ဖြစ်သလို အဲဒီတုန်းက ပြည်သူတွေရဲ့ ဆန္ဒတွေကို လျစ်လျူရှုရာ ရောက်ပါလိမ့်မယ်။ နအဖရဲ့ အတုအယောင် ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ၀င်ရောက် မပူးပေါင်းဘူး ဆိုတာကို ဒီနည်းနဲ့ ပြသရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ လေထဲမှာပဲ ရှိနိုင်မယ်။ ဒါ့ကြောင့် ဒီရွေးကောက်ပွဲကို တပ်ဦး ပါတီအနေနဲ့ ဦးဆောင်ပြီး သပိတ်မှောက်သင့်တယ်။

၂) ပါတီဆက်လက် ရပ်တည်ခွင့်ရအောင် ဆိုတဲ့ အချက်နဲ့လည်း ၀င်ပြိုင်ဖို့ မသင့်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ဒီရွေးကောက်ပွဲကို သပိတ်မှောက်ရမှာမို့ ပါတီကို နအဖက ဖျက်သိမ်းမယ် ဆိုလဲ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါမှသာ နိုင်ငံတကာနဲ့ လူထုရဲ့ NLD အပေါ် ယုံကြည်မှု ရနိုင်မယ်။ တိုင်းပြည်အတွက် လိုအပ်ရင် ပါတီကို ဖျက်သိမ်းပေးနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ နအဖရဲ့ မတရားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို နောက်ဆုံးအဆင့်ထိ တိုက်ပွဲဝင်ရလိမ့်မယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို တင်သွင်းခဲ့တဲ့ NLD ပါတီအနေနဲ့ အဲဒီ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပြသင့်တယ်။
http://moemaka.com/index.php?option=com_content&task=view&id=5713&Itemid=1