၂၀၀၈ မေလ ၃ရက်...
တိတိကျကျပြောရရင် ၂၀၀၈ မေလ၂ရက်နေ့ ညနဲ့  ၃ရက်နေ့ မနက်ပေါ့...
ဒီလိုပြောရင် ခင်ဗျားတို့ တော်တော်များများ မှတ်မိကြမယ်လို့ ထင်ပါတယ်...
'ပန်းနဲ့ ပေါက်တာ မနာပါဘူး' ဆိုတဲ့စကားနဲ့ လုံးဝဆန့် ကျင်ဘက်... 'အလွန်လှပသောပန်း' လို့  အဓိပ္ပာယ်ရတဲ့ ပန်းတစ်ပွင့်ကြောင့် ကံဆိုးမိုးမှောင်ကျခဲ့တဲ့နေ့ ...
satellite ကရိုက်ထားတဲ့ အဖြူရောင်ပန်းတစ်ပွင့် ငွားငွားစွင့်စွင့်ပွင့်အာနေသလိုမျိုးပုံရိပ်က ကျွန်တော်တို့ အားလုံးရဲ့ မျက်ရည်တွေကိုလဲ ချူသွားနိုင်လောက်အောင်ကို ရက်ရက်စက်စက်လှလွန်းပါတယ်...
ပန်းတစ်ပွင့်ရဲ့ အထုပ္ပတ္တိလို့ ဆိုနိုင်လောက်အောင်ပဲ ပန်းတစ်ပွင့်က စခဲ့တဲ့ဂယက်တွေကတော့ တကယ့်ကို အုန်းအုန်းကျွတ်ကျွတ်ပါပဲ...
တစ်နေ့ တစ်နေ့  အင်တာနက်စာမျက်နှာပေါ်တွေကနေမြင်နေတွေ့ နေရတဲ့ ဆန်ပြုတ်တစ်ခွက်ရဖို့  တဆာဆာအော်နေတဲ့ အသံတွေ၊ ကလေးမုန့် လုစားတဲ့ဖြစ်ရပ်တွေ၊ တိရစ္တာန်လောက်မှ စာနာစိတ်မရှိတဲ့ 'လူ'အမည်ခံ သတ္တ၀ါတွေ၊ အမှန်ခြစ်အမှားခြစ်ကိစ္စတွေ၊ ရေထဲမှာမျှောနေတဲ့ ခွေးသေပုတ်သာသာ လူ့ အလောင်းကောင်တွေ...
ဒီမြင်ကွင်းတွေ ဒီပုံရိပ်တွေကိုပဲ (ကိုယ့်စိတ်ကိုယ်နှိပ်စက်တယ်ပဲဆိုဆို) တစ်နေ့ တစ်နေ့ ထိုင်ကြည့်ပြီး အရူးတစ်ယောက်လို အံတွေကြိတ် မျက်ရည်တွေကျခဲ့ရတဲ့ညတွေ...
ကျွန်တော့်ဘ၀အတွက်တော့ တကယ့်ကို အိပ်မက်ဆိုးပါပဲ...
စားလဲဒီစိတ်၊ သွားလဲဒီစိတ်ဆိုသလိုပဲ ဖြေခါနီးစာမေးပွဲတွေကို စိတ်မရောက်နိုင်တော့လောက်အောင် လွန်ခဲ့တဲ့၃လလောက်ထဲကကြိုဝယ်ထားပြီးသား မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ်ကိုပဲ အားမလိုအားမရကြည့်ရင်း ၁၆ရက်လောက်ပဲလိုတဲ့အချိန်တွေကို ရေတွက်ရတဲ့နေ့ တွေလောက် ရင်ပူရတာမျိုး ကျွန်တော်မကြုံခဲ့ဖူးပါဘူး...
မပြန်ခင်ထဲက ကြိုတင်စီစဉ်ထားတဲ့အတိုင်း အိမ်ပြန်ရောက်ရောက်ချင်း ကျွန်တော်ပထမဦးဆုံးအားထုတ်ခဲ့တာကတော့ ဒီခရီးစဉ်တွေကိစ္စပါပဲ...
လက်လှမ်းမီသလောက်နေရာတွေသွားရင်း တကယ်တမ်း မျက်ဝါးထင်ထင်တွေ့ လိုက်ရတဲ့အခါမှာတော့ ကျွန်တော့်လို over-passionate ဖြစ်တဲ့သူအဖို့  မျက်ရည်မဆယ်နိုင်လောက်အောင်ပါပဲ...
ဆန်တစ်ထုတ်ရဖို့  ကြုံ့ ကြုံ့ လေးတန်းစီထိုင်နေတဲ့ တောင်သူဦးကြီးမြန်မာလူမျိုးတွေ အရင်က ခင်ဗျားမြင်ဖူးလား...
ကားပေါ်ကပစ်ချပေးတဲ့ အ၀တ်တွေကို ကားကြိတ်မှာမကြောက်မလန့်  အော်ဟစ်ပြေးလွှားလုယူနေတဲ့ မြန်မာလူမျိုးတွေ အရင်က ခင်ဗျားကြုံဖူးလား...
မနက်ဖြန်အသက်ရှင်ဖို့  လမ်းမတလျှောက် မျှော်လင့်ချက်ရောင်ခြည်အပြည့်နဲ့  ငုတ်တုတ်ထိုင်စောင့်နေရတဲ့ မြန်မာလူမျိုးတွေ အရင်က ခင်ဗျားတွေ့ ဖူးလား...
အခုဆိုရင် ပန်းတစ်ပွင့်ရဲ့ ကျိန်စာကို ကျွန်တော်တို့ တွေ ခါးစည်းခံခဲ့ရတာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ...
ဒီနေ့  ကျွန်တော့်စိတ်ထဲမှာ မေးခွန်းတွေနဲ့ ပြည့်နှက်နေတယ်...
ကျွန်တော်တို့  ဘာတွေ ထိထိရောက်ရောက်လုပ်ပေးခဲ့ပြီးပြီလဲ...
ဘာတွေလုပ်ပေးဖို့ လိုသေးလဲ...
ဘာတွေလုပ်ပေးနိုင်ဦးမလဲ...
ကျွန်တော်တို့ တွေ တကယ်ပဲ ဒီကျိန်စာကနေ လွတ်မြောက်ခဲ့ပြီလား...
မြင်အောင်ကြည့်ပါ... ကြားအောင်နားထောင်ပါ... လေ့လာသုံးသပ်ပါ...
ကျွန်တော်တို့ ကမ်းပေးမဲ့လက်တွေကို မျှော်လင့်နေတဲ့မျက်ဝန်းတွေ သိန်းနဲ့ ချီရှိသေးတယ်...
ကျွန်တော်တို့ ကိုကူညီဖို့ အော်ခေါ်နေတဲ့အသံတွေ နားနဲ့ မဆံ့အောင်ကျန်သေးတယ်...
ကျွန်တော်တို့ လက်လမ်းမမီသလောက် ကယ်တင်ပေးရမဲ့ သွေးချင်းမောင်နှမရဲ့ ဘ၀တွေ အများကြီးရှိနေပါသေးတယ်...
ကျွန်တော်တို့ ကြုံခံရတဲ့ တစ်ညတာ ကျိန်စာဟာ ယနေ့  တစ်နှစ်တင်းတင်းပြည့်တာတောင် မပြယ်သေးပါဘူးလို့ ပြောရင်း...
"ဘယ်သူတွေဘယ်လောက်ပဲ အကျည်းတန်တယ်ပြောကြပါစေ... ကျွန်တော့်အတွက်တော့ အမေဟာ အမြဲတမ်းကျက်သရေအရှိဆုံးပါပဲ အမေ....."
မေတ္တာဖြင့်...
ပုံကြီး...
http://www.facebook.com/note.php?note_id=75793981628&ref=nf
Sunday, 3 May 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment