Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 7 December 2010

နှင်းရနံ့တွေ ကျွံဝင်လာတဲ့အခါ……….( ၁၉၉၆ - ကျောင်းသားလှုတ်ရှားမှု့ )

( ရေးသားသူ - အောင်မိုးဝင်း )
အသံ (၁)
ကျနော့သူငယ်ချင်းတွေကလည်း ဖြူးမြို့ကလာတက်တဲ့ကျောင်းသားတွေလေ။
မြို့ကိုခဏအလည်ပြန်ဖို့ စော်ဘွားကြီးကုန်းကားဂိတ်မှာ ကားစောင့်နေတုံး၊ စားသောက်ဆိုင်မှာ ခဏဝင်စားသောက်ကြတယ်။
ကျနော်တို့နဲ့မလှမ်းမကမ်းမှာ စားသောက်နေတဲ့သူတွေက စည်ပင်သာယာကရဲတွေ။ သိတ်မကြာဘူးဗျ။
သူတို့အရှိန်ရလာတယ်ထင်တယ်။ ကျနော်တို့စကားပြောတာဆူတယ်တဲ့။ တယောက်က မျက်နှာဆွဲထိုးခံချင်လို့လားလို့မေးတယ်။
ကျနော်တို့လည်း လူငယ်ပဲလေ။ ပြန်ပြီး မိုက်ကြည့်ကြည့်တာပေါ့။ အခြေအနေတေကွ တစထက်တစတင်းမားလာတယ်။
“မအေ -ိုးတွေ၊ဘာလူပါးဝတာလဲ။ ကြာတယ်ကွာ။ရိုက်ပစ်”တဲ့။ သူတို့လေးယောက် ဝုန်းကနဲထလာတယ်။
ကျနော်တို့က ကျောင်းသားတွေပါလို့ပြောတယ်။ မရဘူးဗျာ။ အဲ့ဒီမူးနေတဲ့စည်ပင်သာယာရဲတွေက၊
“ အေး-- ကျောင်းသားဆိုရင် ငါတို့က ပိုပြီးရိုက်ချင်တယ်” တဲ့။ ကျနော်တို့ဘာမှပြန်ပြောချိန်မရလိုက်တော့ဘူး။ သူတို့လက်ထဲက
ဒုတ်တွေ။ ကျနော်တို့ ခန္ဓာကိုယ်အနှံ့ပလူပျံလာတယ်။ ကျနော်က ထွက်ပြေးနိုင်ခဲ့ပေမဲ့ ကျနော့သူငယ်ချင်းနှစ်ယောက်ကိုတော့
ထိုးကန်ရိုက်နှက်ပြီး အင်းစိန်ရဲစခန်းခေါ်သွားတယ်လို့သိရတယ်။
မှတ်မှတ်ရရ-အဲ့ဒီနေ့က အဆောင်မှာ အထူးညနေစာ ( Special Dinner) ရှိတယ်။ Special Dinner ကျွေးတယ်ဆိုတာ
စာမေးပွဲနားနီးရင် တပတ်တခါ အသားကောင်းကောင်းချက်ကျွေးတဲ့နေ့ကိုပြောတာ။ ထောင်ထမင်းလိုနေ့တိုင်းစားနေရတာထက်စာရင်
အဲ့သလို Special Dinner နေ့ရောက်လာရင်တော့ မဆိုးပါဘူး။ ညနေ (၅) နာရီလောက်ဆို လူစုံမှာ အသေအချာပဲ။
စော်ဘွားကြီးကုန်းမှာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကိစ္စကိုညနေစာစားနေတဲ့အချိန်မှာအားလုံးကိုညှိနှိုင်းကြမယ် လို့
သဘောတူလိုက်ကြတယ်။ တကယ်တော့ အဲ့ဒီညနေက အထူးညနေစာစားပွဲမှာ အစည်းအဝေးတခုလိုလုပ်ဖြစ်ခဲ့တာမဟုတ်ဘူး။
စော်ဘွားကြီးကားဂိတ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကို ကျောင်းသားတယောက်က လက်ရေးနဲ့ရေးပြီးရှင်းထားတယ်။
ညနေစာ စားပြီးတာနဲ့ အင်းစိန်ရဲစခန်း ကို ဝိုင်းကြမယ် ဆိုတဲ့ အစီအစဉ်တရပ်ကိုဆွေးနွေးထားတယ်။
ဆရာတွေက ကျနော်တို့ဘာလုပ်မလဲဆိုတာကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတာမို့လား။
ညနေစာ စားနေတုံးမှာ ကျနော်တို့ရဲ့စာရွက်လေးကို တဝိုင်းပြီးတဝိုင်း လက်ဆင့်ကမ်းဖတ်လိုက်ကြတယ်။
ကျောင်းသားတယောက်ကတိုးတိုးလေးပြောတယ်။
“ ကိုယ့်လူတို့ ဒီကနေ့ညနေစာကို အဝကြိတ်ထားနော်။ ပွဲက တညလုံးဖြစ်ချင်ဖြစ်သွားနိုင်တယ်” တဲ့။
A ဆောင်-အဆောင်မှူး ဦးအေးအောင်က အနားကိုကပ်လာတယ်။ “ဘာပွဲလဲက။ွ မင်းတို့ဖဲဝိုင်း တညလုံးထောင်ကြမလို့လား” တဲ့။
သူမေးတာက သဘာဝကျပါတယ်။ ကျနော်တို့ကလည်း ဖဲတအားရိုက်တဲ့ကောင်တွေမို့လား။ “ ဆရာရော ရှယ်ယာပါအုံးမလား”
ဆိုတော့ နထင်ကို ခပ်ဖွဖွရိုက်ပြီး လှည့်ထွက်သွားတယ်။ ဖြစ်နိုင်ရင် ကျောင်းသားတွေ ဒီညမှာ ဖဲရိုက်၊အရက်သောက် ကြိုက်တာလုပ်။
ဆရာတွေအတွက် ပြဿနာမရှိဘူး။ အစိုးရနဲ့ထိပ်တိုက်တွေ့မဲ့ကိစ္စတွေဖြစ်လာမှသာ သူတို့လည်း ကြားကစိတ်ညစ်ရတာမို့လား။
သူတို့စိတ်ထဲမှာ ကျောင်းသားတွေ တခုခုပြန်လုပ်တော့မယ်ဆိုတာ ရိပ်မိလို့ ကျနော်တို့ကို စောင့်ကြည့်နေတာနေမှာပေါ့။
ကျနော်တို့ကလည်း ညနေစာ စားပြီးတာနဲ့ ကျောင်းရှေ့လက်ဘက်ရည်ဆိုင်လေးမှာ ဆုံကြဖို့ အချက်ပြထွက်လိုက်တယ်။
အသံ(၂)
လူတွေအားလုံးနီးပါး ထမင်းစားခန်းကနေထွက်လာတော့ ညနေ ခြောက်နာရီခွဲေ လာက်ရှိသွားပြီ။
တချို့ကကျောင်းရှေ့လက်ဘက်ရည်ဆိုင်လေးမှာထိုင်နေကြသလို၊ တချို့က ကွမ်းယာဆိုင်လေးဘေးက ကားမှတ်တိုင်မှာ
မယောင်မလည်ရပ်နေကြတယ်။ အုပ်စုနှစ်စုခွဲလိုက်ကြပြီး (၄၅) ဘတ်စ်ကားပေါ်လှမ်းတက်လိုက်ကြတယ်။
အရင်ရောက်နှင့်တဲ့အုပ်စုက အင်းစိန်ဈေးနားမှာ စောင့်ပေါ့။
ရဲစခန်းကို စတင်ဝိုင်းလိုက်တဲ့အချိန်က (၇) နာရီကျော်၊ ရှစ်နာရီလောက်ရှိသွားပြီလေ။
အင်းစိန်ရဲစခန်းက ဝရုန်းသုန်းကားဆူညံနေတဲ့ကျောင်းသားတွေရဲ့အသံကိုလည်းကြားရော၊မီးတွေအားလုံးပိတ်ပစ်လိုက်တယ်။
ရဲတွေအားလုံးနေရာယူကြဖို့ သူတို့ရဲ့အရာရှိက အမိန့်ပေးလိုက်တယ်။ အပေါက်တွေကြားကနေ ကျနော်တို့ကိုချိန်ထားတဲ့
သေနတ်တွေ၊ ခိုးကြည့်နေတဲ့မျက်နှာတွေကို နောက်ဆုံးတွေ့လိုက်ရတယ်။ တလောကလုံးမှောင်ကျသွားတယ်။
ညအမှောင်ထဲမှာ သေနတ်မောင်းတင်သံတွေကြားရတယ်။ ဖြောင်း--ဖြောင်း-ကလစ်--ဖြောင်း-- ဆိုတဲ့အသံတွေလည်းပါတယ်။
“ကျောင်းသားတွေအနေနဲ့အေးချမ်းစွာပြန်သွားကြဖို့။ တိုက်ခိုက်လာမယ်ဆိုရင် မိမိတို့အနေနဲ့လည်း ပစ်ခပ်ရမှာဖြစ်ကြောင်း”
ရဲစခန်းအတွင်းက အော်ပြောတဲ့အသံကိုကြားနေရတယ်။
ကြောက်စိတ်ရှိသလားလို့ကိုယ့်ဘာသာမေးနေချိန်တောင်မရလိုက်ပါဘူး။ ဖြစ်ချင်ရာဖြစ်ကွာ ဆိုတဲ့စိတ်ကအရင်ရောက်သွားတယ်။
ရဲစခန်းတံခါးကို တွန်းဖွင့်ပြီးဝင်လိုက်ကြတယ်။
ရုံးခန်းအပေါက်ကိုလည်းရောက်ရော မီးတွေအကုန်ပြန်လင်းလာတယ်။ သေနတ်နဲ့ထိုးချိန်ထားတဲ့ ရဲသားတွေရဲ့လက်တွေက
တုန်နေတယ်။ ကျနော်တို့က “ ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို လာခေါ်တာဖြစ်ကြောင်း၊ ကျောင်းသားတွေကိုတွေ့ချင်ကြောင်း
ပြောတဲ့အခါ၊ ရဲစခန်းမှူးက ဇောချွေးပြန်နေတဲ့မျက်နှာကိုတချက်သုတ်ပြီးဖမ်းဆီးထားတယ်ဆိုတဲ့ကျောင်းသားတွေရဲ့
နာမည်ကိုမေးတယ်။ နောက်-- သူတိုအနေနဲ့အဲ့ဒီကျောင်းသားတွေကိုဖမ်ဆီးထားခြင်းမရှိကြောင်း၊
စော်ဘွားကြီးကုန်းစည်ပင်ရဲတွေကိုသာ သွားရောက်မေးစေလိုကြောင်း ငြင်းဆိုခဲ့တယ်။
အသံ (၃)
ရဲစခန်းအပြင်ဘက်ကိုထွက်လာတော့ မော်ကွန်းထိန်းဦးစိန်ဋ္ဌေးနဲ့ အဆောင်မှူးတွေ၊ ဆရာတွေရောက်နေပြီ။
ကျောင်းသားတွေအဆောင်ကိုပြန်ကြဖို့အတွက်နားချနေကြတယ်။ ကျနော်တို့ ကျောင်းသားအုပ်လမ်းလျှောက်သွားရာတလျှောက်မှာ
သူတို့ကားက ကပ်ပါနေတယ်။ ကျနော်တို့ထဲက ကျောင်းသားကြီး သုံးယောက်က (၄၅) ဘတ်စ်ကားတစီးကိုတားလိုက်တယ်။
ကျောင်းသားတွေအားလုံးကလည်း အဲ့ဒီကားပေါ်ကိုတက်လိုက်ကြတယ်။ ပထမတော့ ဆရာတွေက ကျနော်တို့တတွေ
ကျောင်းဘက်ဆီကိုပြန်ကြတော့မယ်ထင်နေတာ။ အင်းစိန်လမ်းဆုံကိုရောက်မှ သူတို့သဘောပေါက်သွားကြတယ်။
ကျနော်တို့တတွေ စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်ဝင်းဆီကို ဦးတည်နေပြီဆိုတာ။
အသံ (၄)
ကျောင်းသားအုပ်စုက စော်ဘွားကြီးကုန်းကားဂိတ်မှာရှိတဲ့ စည်ပင်သာယာရဲစခန်းကိုဝိုင်းလိုက်တယ်။
ရဲတွေလည်း အခြေအနေကိုခန့်မှန်းမိပုံရတယ်။ ရုံးခန်းကိုပစ်ထွက်ပြေးသွားကြတယ်။
ရှမ်းပြည်နယ်ကကျောင်းလာတက်တဲ့ကျောင်းသားတယောက်က တံခါးမှန်တွေကိုရိုက်ခဲလွိုက်ပြီး ရုံးခမ်းထဲကိုဝင်လိုက်တယ်။
ည(၉) နာရီလောက်ရှိသွားပြီလေ။ စော်ဘွားကြီးကုန်းအဝေးပြေးကားဂိတ်မှာ နယ်ကိုထွက်ခွာတော့မဲ့ကားတွေက အပြည့်ပဲ။
ခရီးသည်တွေလည်း စိတ်ဝင်တစားဝိုင်းအုံလာကြတယ်။ဒီ သတင်းက နယ်အသီးသီးကိုပြန့်နှံ့သွားတော့မှာ သေချာတယ်။
ဆရာတွေက “ကဲ သားတို့ဘာဖြစ်ချင်သလဲ၊ လိုချင်တာရရင် အိမ်ပြန်ကြမှာလား” လို့ မေးတယ်။ ကျနော်တို့ကလည်း
တာဝန်ရှိသူတွေနဲ့တွေ့မယ်။ ကျောင်းသားတွေကို မလွှတ်ဘူးဆိုရင် ကျနော်တို့လည်းပြန်စရာအကြောင်းမရှိဘူး လို့ အဖြေပေးခဲ့တယ်။
သိတ်မကြာဘူး။ ခရိုင်ရဲမှူးအပြင် စစ်ထောက်လှမ်းရေးတာဝန်ခံတွေရောက်လာတယ်။
ကျနော်တို့ဘက်က ကျောင်းသားကိုယ်စားလှယ် (၅) ယောက်နဲ့ဆွေးနွေးမယ် လို့ ဆိုတယ်။ ရတယ်လေလို့ပြောရင်း
ကျနော်တို့ဘက်မှာ အလိုလိုခေါင်းဆောင်ဖြစ်လာတဲ့ ကျောင်းသား (၅) ယောက်က ရုံးခန်းထဲကိုဝင်လိုက်တယ်။
အဖြစ်အပျက်တွေကိုအသေးစိတ်ပြန်လည်ဇာတ်စုံခင်းကြတယ်။ ဒါပေမဲ့ သူတို့ကခေါင်းမာတယ်။အလျော့ပေးချင်ပုံမရဘူး။
“ကျောင်းသားကိုရိုက်ခဲ့တဲ့ စည်ပင်ရဲတွေကို ဒီညဖမ်းဆီးဖို့ဆိုတာမဖြစ်နိုင်ဘူး” တဲ့။ကျောင်းသားကိုယ်စားလှယ်တယောက်က
ဝင်ပြောတယ်။“ဘာလို့မဖြစ်နိုင်ရမှာလဲ။ ခင်ဗျားတို့ ကျနော်တို့ကိုလာဖမ်းလို့မတေ့တွ့ဲအခါ ကျနော်တို့မိသားစုထဲက
တယောက်ယောက်ကိုဖမ်းတာမဟုတ်လား။ သူတို့ကိုလည်း အဲ့သလို အကြပ်ကိုင်ဖမ်းဆီးပေါ့” တဲ့
အသံ (၅)
ကျောင်းသားတွေနဲ့တာဝန်ရှိသူတွေကြားအခြေအတင်စကားပြောနေတာ (၄၅) မိနစ်လောက်ရှိသွားပြီ။
စော်ဘွားကြီးကုန်းကားဂိတ်အပြင်ဘက်ကလမ်းမတွေမှာလည်းကားတွေကြဲသွားသလို၊ ကားဂိတ်အတွင်းက အဝေးပြေးကားတွေကို
တဖြည်းဖြည်းနှင်ထုတ်နေတယ်ဆိုတာကိုသိလိုက်ရတယ်။ ကျနော်တို့တတွေ တခုခုလုပ်မှဖြစ်တော့မယ်ထင်တယ်။
မတ်လ (၁၃) ရက်နေ့တုံးက ကျောင်းဝင်းထဲမှာ ပိတ်မိသလိုမျိုးမပိတ်မိဖို့ အရေးကြီးတယ်။
ကျောင်းသားတချို့က အဆောင်ကိုပြန်သွားပြီး လူထပ်ခေါ်တယ်။ကျနော်တို့ကလည်း ဆွေးနွေးပွဲကိုရပ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။
“ အန်ကယ်တို့ကို ၁၀ မိနစ်လောက်ထပ်အချိန်ပေးပါမယ်။ ကျောင်းသားတွေကိုရိုက်တဲ့ စည်ပင်ရဲတွေကို ဒီညအတွင်းဖမ်းဆီး
အရေးယူပါမယ်ဆိုတဲ့အဖြေကိုမရခဲ့ရင်၊ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကျနော်တို့တာဝန်မယူနိုင်ဘူး” လို့ပြောရင်း
အခန်းထဲက ထွက်လိုက်ကြတယ်။ ညက တဖြည်းဖြည်းမှောင်လာပြီ။အပြင်မှာ အစီအစဉ်တွေကို စံနစ်တကျကြိုပြင်ထားတဲ့
ကျောင်းသားကြီးတယောက်က အဝေးပြေးကားဂိတ်ထဲဆီဝင်လာတဲ့ ကားကြီးတစင်းကိုချောဆွဲလိုက်တယ်။
မော်ကွန်းထိန်း ဦးစိန်ဋ္ဌေးနဲ့ ဆရာတွေက “ သားတို့ဘယ်သွားကြမှာလဲ” လို့ စိုးရိမ်တကြီးမေးတယ်။
“ဆရာတို့ မကြာခင်သိမှာပါ။ ကျနော်တို့ရှေ့မှာ ကားကိုပိတ်ပြီးမရပ်ဖို့တောင်းပန်ပါတယ်။
မလိုလားအပ်တဲ့အရာတွေ ဆရာတို့နဲ့ကျနော်တို့ကြားမှာ မရှိစေချင်ဘူး လို့သတိပေးလိုက်မိတယ်။
ဘယ်သူပဲဖြစ်ဖြစ် ရှေ့ကနေ ပိတ်တားရင် ဖြတ်သာတိုက်ပစ်လိုက်တော့လို့ ကားမောင်းသူကို အော်ပြောလိုက်တယ်။
ကားသမားကလည်း ငါ့ညီတို့ဖြစ်စေချင်တာသာပြောပါ။ အကို့သားလည်း တက္ကသိုလ်တက်နေတယ်လေ။
ငါ့ညီတို့ခံစားနေရတဲ့ကိစ္စကို အကိုနားလည်ပါတယ် တဲ့။ သူကလည်း ကျနော်တို့ကိုလိုက်ပို့ရတာ ပျော်နေပုံပါပဲ။
ည (၁၀) နာရီထိုးသွားပြီ။ ကျနော်တို့တတွေ နာရီကိုတချက်ကြည့်လိုက်ပြီး တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။
သူတို့ဘက်က လိုက်လျောမှုတစုံတရာမရှိတော့တဲ့အခါ၊ ကျနော်တို့ဘက်ကလည်းပြန်လည်အကြပ်ကိုင်တဲ့နည်းကိုသုံးရတော့မယ်။
မတတ်နိုင်ဘူး။ ကျောင်းသားအုပ်ကို လှည်းတန်းလမ်းဆုံမှာ ရွှေ့ပစ်ရမယ်။ ကျောင်းဝင်းထဲမှာ ဆန္ဒပြရင်
ညမှာ လူမသိသူမသိပိတ်ဖမ်းမယ်။ အဖမ်းခံရမဲ့အတူတူ လူမြင်ကွင်းရှေ့မှာ အဖမ်းခံမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဝီစီ မှုတ်သံကိုပေးလိုက်ကြဖို့ ကျနော်တို့ချင်းအချက်ပေးလိုက်ကြတယ်။ ကျနော်တို့ကားစတင်ထွက်ပြီ။
အဆောင်ကိုပြန်သွားတဲ့ကျောင်းသားတယောက်က သူတို့လည်း ကျောင်းသားတွေန့ညှဲိခဲ့ပြီးပြီ တဲ့
အင်းစိန်လမ်းမကြီးတလျှောက် နဲ့ ပြည်လမ်းတလျှောက်မှာလည်း ကျောင်းသားတွေချီတက်လာနေကြပြီလို့
နောက်ထပ်သူငယ်ချင်းတယောက်က အော်ဟစ်ပြောဆိုနေကြတယ်။ ကျနော်တို့ရည်ရွယ်ချက်က ဒီလို--
ကျနော်တို့ ကျောင်းသားတွေ မနက်လင်းချိန်ထိ ကျောင်းသားအုပ်ကို လှည်းတမ်းလမ်းဆုံမှာ စုစည်းထားနိုင်ခဲ့ရင်
ပြည်သူတွေသိရှိသွားမယ်။ ကျနော်တို့တောင်းဆိုချက်တွေကို ဝင်ရောက်ပူးပေါင်းတောင်းဆိုလာနိုင်တယ်။
အသံ(၆)
ည(၁၀း၁၅) လောက်ကတည်းက လှည်းတန်းလမ်းဆုံတခုလုံးကို ကျောင်းသားတွေက သိမ်းပိုက်ထားလိုက်ပြီ။
ပြည်သူတွေကလည်းစိတ်ဝင်တစားပဲ။ ဘာဖြစ်ကြတာလဲ၊ဘာကူညီပေးရမလဲ ဆိုပြီး အဝိုင်းကြီးဘေးမှာ ရပ်ကြည့်နေကြတယ်။
ရန်ကုန်တက္ကသိုလ်နားက ဓါတ်မီးတိုင်အောက်မှာ ကျနော်တို့တတွေတောင်းဆိုချက်တွေကို လက်ရေးနဲ့ရေးလိုက်ကြတယ်။
ပြည်သူတွေကြားကိုဝေဖို့အတွက် ကျောင်းသားတချို့က မိတ္တူကူးစက်ဆိုင်ကိုသွားကြတယ်။ ကျနော်တို့တောင်းဆိုချက်ထဲမှာ
နောက်ထပ်တိုးလာတဲ့အရာက “ အခုလိုမတရားသဖြင့်ရိုက်နှက်ဖမ်းဆီးမှုကို အစိုးရအသံလွှင့်ဋ္ဌာနတွေကနေတရားဝင်
တောင်းပန်ရမယ်”ဆိုတဲ့အချက်ပဲဖြစ်တယ်။ ကျန်တဲ့အချက်တွေက အတူတူပါ။
အာဏာပိုင်တွေကလည်း လည်တယ်ဗျ။ သူတို့ဘက်က တစုံတရာလိုက်လျောရတော့မယ်ဆိုတာကိုသဘောပေါက်နေကြတယ်။
ကျနော်တို့တတွေ လှည်းတန်းလမ်းဆုံမှာ တနာရီခွဲလောက် ဝိုင်းဖွဲ့ထိုင်လိုက်ပြီး လမ်းတွေကို ပိတ်ဆို့ပစ်လိုက်တယ်။
ညသန်းခေါင်ယံလောက်မှာ လက်ထိပ်တန်းလန်းတွေနဲ့ ဖမ်းခေါ်လာတဲ့ စည်ပင်ရဲတွေကို အာဏာပိုင်တွေက
လှည်းတန်းလမ်းဆုံမှာစုဝေးနေတဲ့ ကျောင်းသားအုပ်ဆီခေါ်ယူလာတယ်။ ဒီ မျက်နှာတွေဟုတ်လားလို့ မေးတယ်။
နာမည်တွေကိုမိတ်ဆက်ပေးတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်က သူတို့မျက်နှာတွေကိုကြည့်ပြီး၊ “ဟုတ်တယ်။
သူတို့ပဲလို့ဖြေလိုက်တယ်”ကျောင်းသားတွေကို ကန်တော့တောင်းပန်ဖို့လိုက် လို့ အမိန့်ပေးလိုက်တယ်။
ကျနော်တို့ကျောင်းသားတွေက “ မလိုပါဘူး။ သူတို့က ကျနော်တို့ထက်ကြီးပါတယ်။
ခင်ဗျားတို့ဘာသာဆက်လက်အရေးယူလိုက်ပါလို့ ပြောရင်းကျောင်းသားအုပ်ကိုအဆောင်ပြန်ကြဖို့ အချက်ပေးလိုက်တယ်။
(အထက်ပါအဖြစ်အပျက်တွေက အောက်တိုဘာ (၂၁) (၂၂) ရက်ညမှာဖြစ်ခဲ့တဲ့အရာတွေဖြစ်တယ်။
ကျောင်းသားတွေကိုရိုက်တဲ့ စည်ပင်ရဲတွေကိုဖမ်းခေါ်ပြအပြီးမှာ ကျောင်းသားအုပ်စုအတွင်း အယူအဆနှစ်ခုကွဲတယ်။
တချို့က စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဆက်လုပ်ရမယ်ဆိုပြီးရန်ကုန်တက္ကသိုလ်ထဲမှာ သပိတ်စခန်းဖွင့်ဖို့လှုံ့ဆော်ကြတယ်။
ကျောင်းသားအများစုကတော့တိုက်ပွဲဟာ အကန့်အသတ်ရှိရမယ်။ လိုချင်တာရပြီ ဆိုရင် ခေတ္တရပ်ဆိုင်းဖို့လိုတယ်။
အကြောင်းရာတခုခြင်းကိုကြည့်ပြီးမှ တဆင့်ပြီးမှတဆင့် ဆက်အရှိန်မြှင့်သင့်တယ်လု့ယိုဆကြတဲ့အတွက် အဆောင်ပြန်ခဲ့ကြတယ်။
ရန်ကုန်တက္ကသိုလ်ထဲ စုဝေးဖို့ရောက်ရှိသွားတဲ့ ကျောင်းသားတွေလည်း ဆန္ဒပြပကွဲိုဆက်လက်လုပ်ဆောင်ဖို့အခွင့်အရေးမရခဲ့ပါဘူး)
အသံ (၇)
အောက်တိုဘာကျောင်းသားလှုပ်ရှားမှုဟာ အောင်မြင်မှုရခဲ့ပါတယ်။ ဒါပေမဲ့ အ့ဒဲီလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူတွေကိုအရေးယူ
ဖမ်းဆီးမဲ့ခြေလှမ်းတွေကလည်းထင်ထင်ရှားရှားမြင်နေရတယ်။ အထူးသဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား
ခေါင်းဆောင် (၅) ယောက်နေထိုင်တဲ့အဆောင်အခန်းတွေဆီကို မော်ကွန်းထိန်းရုံးကနေ ဆင့်ခေါ်စာတွေပို့ခဲ့တယ်။
မော်ကွန်းထိန်းရုံးခန်းကိုဆီကိုလည်းရောက်သွားရော၊ အဲ့ဒီအခန်းထဲမှာ မော်ကနွ်းထိန်း ဦးစိန်ဋ္ဌေးကိုနောက်ကနေ
ထိန်းချုပ်ထားပုံရတဲ့ လူနှစ်ယောက်(ကော်လံကတုံးအဖြူနဲ့ကချင်လုံချည်ဝတ်ထားတယ်) က ပြောဆိုဆွေးနွေးသမျှကို
လိုက်မှတ်နေတယ်။ ပါမောက္ခဦးကြင်စိုးက နောက်နောင် ဒီလိုလှုပ်ရှားမှုတွေကို မလုပ်တော့ပါဘူး ဆိုတဲ့ ဝန်ခံလက်မှတ်တွေကို
ရေးထိုးခိုင်းတယ်။ အိမ်တွေမှာတပတ်ဆယ်ရက်လောက်ပြန်နားကြဖို့၊တိုက်တွန်းတယ်။ ဒါပေမဲ့ ပါမောက္ခဦးကြင်စိုးနဲ့မော်ကွန်းထိန်း
ဦးစိန်ဋ္ဌေးကို အာခံငြင်းဆိုတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ယောက်ရှိတယ်။ တယောက်က ရုံးခန်းကိုလုံးဝမလာပဲ သပိတ်မှောက်ပြီး၊
တယောက်ကတော့ ရုံးခန်းဆီကိုလာရောက်ပြီး ပါမောက္ခချုပ်ကို မေးခွန်းတွေထုတ်တယ်။
“ အိမ်ကိုပြန်ခိုင်းရအောင် ကျောင်းကတရားဝင်ပိတ်လို့လား” “ အိမ်ရောက်ရင် ထောက်လှမ်းရေးကဖမ်းမှာမို့လား” လို့
မေးခွန်းထုတ်တယ်။ ဦးကြင်စိုးက လက်မှတ်ထိုးခိုင်းတဲ့အခါ “ ကျောင်းသားတွေ မတရားသဖြင့်ဖမ်းဆီးရိုက်နှက်ခံထားရာက
လွတ်မြောက်အောင်လုပ်တဲ့အရာဟာ မှန်ကန်တဲ့အရာဖြစ်တဲ့အတွက် လက်မှတ်ထိုးစရာ မလိုဘူး” လို့
ငြင်းဆန်ပြီး ရုံးခန်းထဲကထွက်သွားခဲ့တယ်။
အသံ (၈)
နိုဝင်ဘာလတလျှောက်လုံး ကျောင်းထဲမှာ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတော့တယ်။ တချို့က ကျောင်းအာဏာပိုင်တွေရဲ့
ကျောင်းသားတွေအပေါ် ဆင့်ခေါ်မေးခွန်းထုတ်နေတဲ့ လုပ်ရပ်ကို ဒေါသထွက်နေကြသလို၊ တချို့ကတော့ အောက်တိုဘာ
အောင်မြင်မှုအတွက် အားရကျေနပ်နေကြပြီး စစ်အစိုးရဆန့်ကျင်ရေးကိုဆက်လုပ်ကြဖို့ နည်းလမ်းရှာနေကြတယ်။
အဲ့ဒီအချိန်မှာ ကျောင်းသားတွေရဲ့ဒေါသကိုထပ်ပြီးမီးရှို့ပေးမဲ့ဖြစ်ရပ်တခုပေါ်ပေါက်လာခဲ့တယ်။
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ ဆိုတဲ့အမည်နဲ့ထုတ်ဝေတဲ့စာစောင်တွေဟာ ကျောင်းသားထုကြားမှာပျံ့နှံ့နေခဲ့တယ်။
အဲ့ဒီစာထဲမှာ “ ကျောင်းသားတွေဟာ ကားခမပေးပဲ ဘတ်စ်ကားစပယ်ယာနဲ့ ရန်ဖြစ်လို့ဖြစ်၊ လက်ဘက်ရည်ဆိုင်မှာလည်း
ရပ်ကွက်ကလူတွေနဲ့ရန်ဖြစ်ပြီး ကလေကချေဆန်ဆန်လုပ်နေကြတဲ့အတွက် သိက္ခာမရှိတော့ဘူး။ အေးချမ်းစွာပညာသင်ကြားမှုကို
နှောက်ရှက်ချင်တဲ့သူတွေဖြစ်နေတယ်။ ဒါကြောင့် ဒီလိုကျောင်းသားတွေကို ဝိုင်းပြီး ရှုတ်ချကြဖို့” ဆိုတဲ့ နှိုးဆော်စာဖြစ်တယ်။
ကျောင်းသားတွေကလည်း အဲ့ဒီစာကိုယူပြီး ပါမောက္ခချုပ်ရုံးခန်းဆီသွားဝိုင်းကြတယ်။
ဒီစာ ဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေထုတ်ဝေတာမဟုတ်ကြောင်း၊ ပါမောက္ခချုပ်အနေနဲ့ တရားဝင်စာထုတ်ပြန်ပေးပါ
ဆိုတော့ ပါမောက္ခ ဦးကြင်စိုးက မနက်ဖြန်ကြရင် သူကိုယ်တိုင်ထုတ်ပြန်ပေးပါမယ်လို့ ဂတိပေးခဲ့တယ်။
အသံ (၉)
နောက်တနေ့ မနက် (၉) နာရီမှာ ကျနော်တို့တတွေ ပါမောက္ခချုပ် ရုံးခန်းကို သွားရောက်ကြပြန်တယ်။
ပါမောက္ခ ဦးကြင်စိုးက ရုံးခန်းမှာ မရှိဘူး။ မနေ့က သူပေးခဲ့တဲ့ ဂတိကိုချိုးဖောက်ပစ်လိုက်တယ်။ မော်ကွန်းထိန်းရုံးခန်းရှေ့မှာ
ကျောင်းသားတွေ ဆူညံပွက်လောရိုက်နေကြပြီ။ ကျန်တဲ့ကျောင်းတွေမှာလည်း အဲ့လိုမျိုးစာတွေပြန့်နေတယ်။ တခြားကျောင်းက
ကျောင်းသားတွေနဲ့တိုင်ပင်ကြတယ်။ ညနေခင်းကိုရောက်လာတဲ့အခါ အောက်တိုဘာလတုံးက လှုပ်ရှားမှုအတိုင်း လှည်းတန်းလမ်းဆုံမှာ
စုဝေးကြပြန်တယ်။ ဒီတခါတော့ ကျောင်းသားအုပ်က ပိုများတာပေါ့။ ကျောင်းပေါင်းစုံပါလာပြီကိုး။
ညသန်းခေါင်ယံချိန်ကိုရောက်လာတော့ ကွန်ပြူတာတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်သိန်း၊ ရန်ကုန်စက်မှုတက္ကသိုလ် ဒု-ပါမောက္ခချုပ်
ဦးညီလှငယ် ( ဗိသုကာ)တို့တတွေဦးဆောင်ပြီး လှည်းတန်းလမ်းဆုံက ကျောင်းသားတွေကိုလာတွေ့တယ်။
“သက်ဆိုင်ရာကျောင်းအသီးသီးကိုပြန်ကြဖို့” ဆိုတဲ့စကားတွေကို အသံချဲ့စက်တွေနဲ့အော်ဟစ်ကြတယ်။ မကြာဘူး။
ကျောင်းသားအုပ်တွေဆီကိုရောက်ရှိလာတယ်။ အဆောင်ကိုပြန်ဖို့ ကားတွေစီစဉ်ထားကြောင်း၊ ဆရာတို့ရဲ့စိုးရိမ်မှုကိုနားလည်စေ
လိုကြောင်း လာရောက်ပြောဆိုကြတယ်။ ကျောင်းသားတွေကလည်း “ ဆရာတို့ကို ကျနော်တို့က မိဘလိုသဘောထားပါတယ်။
ကျနော်တို့ကိုချစ်တယ်ဆိုရင် ကျနော်တို့ရဲ့ဆန္ဒကိုလည်းနားလည်ပေးပါ ဆိုပြီး ထိုင်ကန်တော့လိုက်ကြတယ်။ သူတို့နားချသလို
ပြန်လိုက်သွားဖို့မဖြစ်နိုင်တော့ဘူးမို့လား။
အသံ(၁၀)
ဒီအတိုင်းဆက်နေရင် ဆရာတွေရဲ့အပျော့ဆွဲသိမ်းသွင်းနည်းအောက်မှာ ကျနော်တို့ကျောင်းသားတွေအားနာနာနဲ့ပြန်သွားကြတော့မယ်။
ကျနော်တို့တတွေ လှည်းတန်းလမ်းဆုံကနေခွာဖို့ဆုံးဖြတ်လိုက်ကြတယ်။ ကြည့်မြင်တိုင်ဘက်ကိုဦးတည်လိုက်ကြပြီး
မြို့ထဲကိုချီတက်လိုက်ကြတယ်။ ဆူးလေးဘုရားရှေ့မှာ ခေတ္တနားကြတယ်။ ဘုရားစေတီကြီးကို မျက်နှာမူကြတယ်။
ထိုင်ရှစ်ခိုးသစ္စာဆိုလိုက်ကြတယ်။ လူထုကလည်း ရှစ်လေးလုံးအရေးတော်ပုံတုံးကအတိုင်းပဲ။
တမြို့လုံးအုံးအုံးကြွက်ကြွက် လိုက်အားပေးကြတယ်။
အစားအသောက်တွေ၊ ရေတွေ တိုက်ကျွေးသူတွေကလည်း လမ်းတလျှောက်တွေ့နေရတယ်။
ကျနော်တို့တတွေ အမေရိကန်သံရုံးရှေ့မှာ ခေတ္တရပ်လိုက်တယ်။ တရားဟောကြတယ်။
ရန်ကုန်ဘူတာကြီးရှေ့မှာလည်းအဲ့ဒီအတိုင်းပဲ။ နယ်အသီးသီးကိုထွက်ခွာကြမဲ့ ခရီးသည်တွေကို
ကျနော်တို့ရဲ့လှုပ်ရှားမှုအကြောင်းပြောပေးပါဆိုတော့ ခရီးသည်တွေက လက်ခုပ်တီးအားပေးအော်ဟစ်ကြတယ်။
အသံ(၁၁)
တခုခုတော့မှားနေခဲ့တယ်လေ။ တကယ်တမ်း ကျနော်တို့အုပ်စုသဘောတူထားတာက ဘူတာကြီးရှေ့မှာရပ်နားပြီးရင်၊
မြို့ထဲကိုပြန်ချီတက်မယ်။ ဆူးလေဘုရားရှေ့မှာ တညလုံးထိုင်သပိတ်ဆင်နွဲကြမယ် လို့ ဆုံးဖြတ်ထားတာ။
ဒါပေမဲ့ ကျောင်းသားအုပ်ကို ဦးဆောင်ခေါ်သွားသူတချို့ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်ရှေ့က လမ်းမကြီးကိုဖြတ်လိုက်ပြီး
ရွှေတိဂုံဘုရားဘက်ဆီကို ဦးတည်လိုက်ကြတယ်။ နောက်ကလိုက်လာတဲ့ လူအုပ်က အဲ့ဒီလမ်းကြောင်းကို မကြိုက်ဘူး။
ဒါကြောင့်လည်းဆက်မလိုက်ကြတော့ဘူး။ ဘူတာကြီးရှေ့မှာရပ်နေတုံးက နောက်ကိုကြည့်လိုက်ရင် တမျှော်တခေါ်မြင်နေရတဲ့
လူတန်းကြီးလည်းမရှိတော့ဘူး။ ကျနော်တို့ကျောင်းသားတန်းကလည်း အယောက် (၂၀၀) လောက်ပဲကျန်တော့တယ်။
ခင်ဗျားမှတ်မိလားမသိဘူး။အဲ့ဒီလမ်းကြောင်းကိုပြတဲ့သူက ဆိုက္ကားပေါ်ကလူ၊ သူန့အဲ ချိန်းအချက်လုပ် မျက်ရိပ်မျက်ကဲလုပ်နေသူ
တယောက်က ကျနော်တို့ကျောင်းသားအုပ်ထဲမှာ ရှိနေတယ်။ သူက ခြေတဘက်ထော့နဲ့ထော့နဲ့ နဲ့လေ။
ဒီနှစ်ယောက်က ဘယ်လိုပတ်သက်နေတာလဲ။ ပြန်စဉ်းစားကြည့်စမ်းပါ။
အသံ(၁၂)
ကျနော်တို့တတွေ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဦးထောင်ဘို့ လမ်းထဲကို ချိုးကွေ့ လိုက်တဲ့အချိန်မှာ၊ ခရာမှုတ်သံတွေ
ကြားလိုက်ရတယ်။ ဆန္ဒပြကျောင်းသားအုပ်စုရဲ့နောက်မှာ လုံထိန်းရဲတွေက တန်းစီနေရာယူလိုက်ပြီး လမ်းကြောင်းတခုလုံး
ပိတ်ပစ်လိုက်တယ်။ရွှေတိဂုံဘုရားမုဒ်ရှေ့မှာတော့ အချုပ်ကားတွေနဲ့ စစ်လုံထိန်းရဲတွေက ပိတ်ဆို့နေရာယူလိုက်တယ်။
မော်ကွန်းထိန်းနဲ့ပါမောက္ခတွေက “ သားတို့ခဏရပ်ပါအုံးဆွေးနွေးစရာရှိလို့” ဆိုပြီးပြေးလာတယ်။
ကျနော်တို့ကလည်း အဲ့ဒီလမ်းဆုံကိုအမြန်ကျော်တက်သွားချင်တယ်။ ကျနော်တို့ပိတ်မိလို့မဖြစ်ဘူး။ ဒါပေမဲ့နောက်ကျသွားပြီ။
ကျောင်းသားတွေကို ဆရာတွေက အတင်းရပ်ခိုင်း၊စကားပြောနေတုံးမှာလုံထိန်းရဲတွေက လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီ။
အသံ (၁၃)
လူဖမ်းပွဲစတော့မယ်ဆိုတာ ကျနော်တို့သဘောပေါက်လိုက်ကြပြီ။ ကျောင်းသားတော်တော်များများကအတွေ့အကြုံမရှိကြဘူးမို့လား။
မတ်လလှုပ်ရှားမှုမှာ အတွေ့အကြုံရှိတဲ့သူတွေက အကုန်အဖမ်းမခံကြဖို့။ ခေါင်းဆောင်တချို့ဟာ လွတ်အောင်ထွက်သွားရမယ်လို့
တိုက်တွန်းအကြံပေးတယ်။ တချို့မရဘူး။ အကုန်လိုက်သွားမယ်တဲ့။ ကျောင်းသူတွေကိုရှေ့တက်ထိုင်ခိုင်းတယ်။
ညှိမရတော့လည်း အချိန်ကုန်ခံမနေတော့ဘူး။ ဒီလှုပ်ရှားမှုဟာ ဒီနေရာမှာ ဖမ်းဆီးချိုးနှိမ်ခံရပြီး မီးသေသွားလို့မဖြစ်ဘူး။
ဒီတိုက်ပွဲကို ဆက်မြှင့်မှဖြစ်မယ်။ ရွှေတိဂုံဘက်ဆီက တောင်ကုန်းမို့မို့လမ်းကလေးဆီကို ထက်ွနိုင်မယ်ဆိုရင် ထွက်ပေါက်တွေ့နိုင်မယ်။
လုံထိန်းရဲတွေက သူတို့ရဲ့နံပါတ်ဒုတ်တွေနဲ့ရိုက်နှက်ဖို့ညာသံပေး ပြင်ဆင်လိုက်ကြတဲ့အချိန်မှာတော့ ကျနော်တို့တတွေလည်း
ရွှေတိဂုံပတ်လမ်းဘက်ဆီကနေ ထွက်ပြေးခဲ့ကြတော့တယ်။ ဒီဇင်ဘာ (၃) ရက်နေ့မနင်းခင်းကြီးလေ။ အုတ်တံတိုင်းတွေကိုဘယ်လို
ကျော်မိလဲမသိပါဘူး။ ဘုန်းကြီးကျောင်းပေါင်းများစွာကိုဖြတ်အပြီးမှာ လမ်းမပေါ်ရောက်သွားတယ်။
တွေ့တဲ့ဘတ်စ်ကားတစီးပေါ်တက်ပြီး အဆောင်ကိုပြန်ခဲ့တယ်။
အသံ (၁၄)
တကယ်တော့ ကျောင်းဆောင်တွေကို ပြန်သွားဖို့ဆိုတာ မလွယ်ကူတော့ဘူး။ ရွှေတိဂုံဘုရားရှေ့မှာ ဆန္ဒပြကျောင်းသားတွေကို
ဘယ်လိုနှိမ်နှင်းပစ်ခဲ့တယ်ဆိုတဲ့အချက်ကို ဆရာတွေက သိပြီးလောက်ပြီထင်တယ်။ ဒါကြောင့်လည်း တက္ကသိုလ်ထဲမှာ
ထပ်ပြီးကူးစက်မလာအောင် ကျောင်းတံခါးအားလုံးရှေ့မှာ ဆရာတွေကရပ်စောင့်နေတယ်။
အပြင်ကပြန်လာတဲ့ကျောင်းသားတွေကို ပြန်ဝင်ခွင့်မပေးတော့ဘူး။ ဒါကြောင့် တချို့ကျောင်းသားတွေက မြို့ထဲကိုပြန်သွားပြီး၊
အဆောင်ဖုံးတွေကိုလှမ်းဆက်ကြတယ်။အဆောင်မှူးက ဖုံးဆက်သူတွေကိုမေးတဲ့အခါ မြို့ထဲက အမျိုးတွေက
စိုးရိမ်လို့ဆက်တာဖြစ်ကြောင်းမိတ်ဆက်ကြတယ်။ ကျောင်းသားတွေလာကိုင်တဲ့အခါကျမှ ရွှေတိဂုံဘုရားရှေ့မှာ
ကျောင်းသားတွေအဖမ်းခံလိုက်ရပြီဖြစ်ကြောင်းအသိပေးလိုက်ကြတယ်။ လွတ်မြောက်ရေးအတွက်
ပြန်လည်လူစုကြဖို့တိုင်ပင်ကြပြန်တယ်။ တချို့က ကျောင်းရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ ကြို့ကုန်းဘက်က အပေါက်ကနေ
ကျောင်းထဲကိုပြန်လည်ခိုးဝင်ခဲ့ကြတယ်။ အဆောင်ကိုပြန်ရောက်တော့ မနက်လင်းတော့မယ်လေ။
အသံ (၁၅)
ရွှေတိဂုံဘုရားရှေ့မှာရောက်သွားကြတဲ့ ကျောင်းသားတွေအပါအဝင်၊ ရန်ကုန်မြို့ထဲတလျှောက် ဆန္ဒပြလမ်းလျှောက်ရမှာ ပါဝင်ခဲ့သူ
စုစုပေါင်း(၆၀၉) ယောက်အဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းကြောင့် စာသင်ခန်းမှာရောက်နေတဲ့ကျောင်းသားတွေအားလုံး
ပင်မအဆောက်အဦအောက်ဆီကိုဆင်းလာကြတယ်။ ဘယ်သူမှ စာဆက်သင်မနေကြတော့ပါဘူး။
ဖမ်းဆီးခံကျောင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့အတွက် ဆန္ဒပြပွဲတွေဆက်လက်လုပ်ဆောင်ကြမှာဖြစ်ကြောင်း
ကြေငြာလိုက်ကြတယ်။ မှတ်မှတ်ရရ-အဲ့ဒီလှုပ်ရှားမှုမှာ မန္တလေးစက်မှုတက္ကသိုလ်က ပြောင်းလာတဲ့ကျောင်းသားတွေရဲ့
အင်အားက အများဆုံးပဲ။ ကျောင်းဆောင်တွေထဲမှာလည်းပွက်လောရိုက်နေပြီ။ မနက် (၁၀)ကျော်ကတည်းက ကျောင်းဝင်းအတွင်းမှာ
လှည့်လည်ဆန္ဒပြနေကြပြီ။ မကြာဘူး။ ဒု-မော်ကွန်းထိန်း ဦးသန်းစိန် က သတင်းကောင်းတခုသယ်လာတယ်။
မနက်အစောကြီးကဖမ်းသွားတဲ့ကျောင်းသားတွေကို ကျိုက္ကဆံကွင်းထဲမှာ ထိန်းသိမ်းထားတာတဲ့။
မကြာခင်ပြန်လွှတ်ပေးမှာမို့၊ ကျောင်းကို နေ့လည် (၁၂) နာရီလောက်မှာ ပြန်ရောက်လာလိမ့်မယ် တဲ့။
သူပြောသလိုပါပဲ ကိုစိုးထွန်း ( ယ္ခု ရှစ်လေးလုံးမျိုးဆက်) အပါအဝင် RIT ကျောင်းသား (၇၅) ယောက်လောက်ပြန်လွတ်
လာကြတယ်လေ။ ကျောင်းသားတွေကလည်း အလံတွေကို အမြင့်ဆုံးထိလွှင့်ပြီး အော်ဟစ်နေကြတယ်။
ဒါ ကျနော်တို့ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ်လေ။ တိုက်ပွဲတွေနဲ့မြည်ဟိန်းနေတဲ့ ပင်မအဆောက်အဦ ( Building 1)
အသံ (၁၆)
ကျောင်းသားဆန္ဒပြပွဲတွေက ရပ်မသွားပါဘူး။တခြားမြို့တွေကိုလည်းကူးစက်ကုန်ပြီ။ မော်လမြိုင်၊ ပဲခူး၊ မန္တလေး၊မုံရွာ--
ဘက်တွေမှာလည်း စာရွက်ကြဲလူစုဖို့လုပ်နေကြပြီ။ တကယ်တော့ ၁၉၉၆ ဆိုတာ မြန်မာပြည်ကုနိုင်ငံခြားသားတွေလာလည်ဖို့အတွက်
ခရီးသွားနှစ်အဖြစ်သတ်မှတ်ထားတဲ့နှစ်လေဗျာ။ဒီ နှစ်မှာ ဗိုလ်ခင်ညွှန့် မျှော်လင့်မထားတဲ့တိုက်ကွက်ကို ကျောင်းသားတွေက
ရွေ့ကစားလိုက်တယ်။နိုင်ငံခြားခရီးသွားတွေမလာပဲ ကျောင်းသားဆန္ဒပြပွဲေ အ်ာသံတွေသာ ဆူညံလာခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ရှေ့နဲ့လှည်တန်းလမ်းဆုံမှာ ကျောင်းသားခေါင်းဆောင်တွေရဲ့မိန့်ခွန်းတွေကကျောင်းသားထုကို
လွှမ်းမိုးထားဆဲ။ စစ်အစိုးရအနေနဲ့လည်း ဆက်လက်ခွင့်ပြုထားဖို့မဖြစ်နိုင်တော့ဘူး လို့ ဆုံးဖြတ်လိုက်ပုံရတယ်။
ဒီဇင်ဘာ (၆)ရက်ညဦးပိုင်းကစပြီး တက္ကသိုလ်အသီးသီးက ကျောင်းသားတွေဟာ လှည်းတန်းလမ်းဆုံဆီကိုပြန်လည်ရောက်ရှိလာကြ
ပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံကားချပ်ကြီးကို ကိုင်ဆောင်ထားကြတဲ့လူငယ်တွေက ကျောင်းသားထုအခွင့်အရေးနဲ့
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြန်တယ်။ စစ်ထောက်လှမ်းရေးတွေကလည်းအများကြီးပဲ။ သူတို့က စင်ပေါ်မှာတက်
စကားပြောနေတဲ့ကျောင်းသားတွေထက်၊ ဘေးကနေ စီစဉ်ပေးနေတဲ့သူဘယ်သူလဲဆိုတာကိုပဲလိုက်ရှာကြည့်နေကြတယ်။
ထုံးစံအတိုင်း လုပ်ကြံသတင်းတွေနဲ့ဇာတ်လမ်းဆင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မလို့မို့လား။ ဆရာတွေကလည်းရောက်လာပြီး
စစ်တပ်ဟာ ဖြိုခွဲမှာဖြစ်ကြောင်း။ ဆရာတို့လာခေါ်နေတဲ့အချိန်မှာ မလိုက်ရင်၊ နောင်ဖြစ်လာမဲ့အကျိုးဆက်တွေကို
တာဝန်မယူနိုင်ကြောင်း ရှင်းလင်းပြောဆိုတယ်။ ညသန်းခေါင်ကျော်သွားပြီ။ လှည်းတန်းလမ်းဆုံမှာရှိတဲ့ဆိုင်တွေကလည်းအစားအစာနဲ့
သောက်ရေတွေကို ကူညီပြီးထောက်ပံ့နေဆဲပဲ။ နောက်မှ သိရတယ် အဲ့ဒီဆိုင်တွေလည်း ချိတ်ပိတ်ခံရ၊
ကျောင်းသားဆန္ဒပြပွဲကိုကူညီခဲ့တဲ့သူတွေလည်း စီးပွားဖျက်ဆီးခံရ၊ ထောင်သွင်းအကျဉ်းကျခံရတယ်။ ဒီဇင်ဘာ (၇) ရက်
မနက်(၄း၃၀)လောက်ကစပြီး၊ ကျောင်းသားအုပ်ကိုဖြိုခွဲမဲ့ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက တဖြည်းဖြည်းကပ်လာပြီ။
မနက်ငါးနာရီထိုးလောက်မှာ ကျနော်တို့ကျောင်းသားအုပ်ကို မီးသတ်ပိုက်နဲ့ပက်ပြီးဖြိုခွဲတယ်။ နံပါတ်တုတ်တွေနဲ့
ဝင်ရောက်ရိုက်နှက်ဖမ်းဆီးလိုက်ကြတော့တယ်။
လှည်းတန်းမှာ ကျောင်းသားတွေရိုက်နှက်ဖမ်းဆီးခံနေရပြီလို့ကြားတဲ့ ကြို့ကုန်းဆောင်က ကျောင်းသားအုပ်တွေကလည်း
လှည်တန်းလမ်းဆုံဆီကို အကူအညီပေးဖို့ ချီတက်ခဲ့ကြတယ်။ သမိုင်းလမ်းဆုံ နဲ့ ဆင်ရေတွင်းမှတ်တိုင်တွေမှာ
အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေနဲ့ထိပ်တိုက်ရင်ဆိုင်လိုက်ကြရတယ်။ လူထုက ရဲတွေကို ခနဲ့ဲပစ်ပေါက်ခဲ့ကြတဲ့အတွက်
ကျောင်းသားတွေလွတ်ထွက်သွားခဲ့တယ်။ လှည်းတန်းလမ်းဆုံက ကျောင်းသားတွေကိုတော့ မီးသတ်ပိုက်တွေနဲ့ဖြိုခွဲပြီး
ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့တယ်။
အသံ (၁၇)
ကျောင်းသားတချို့ မျှော်လင့်ထားသလို၊ တနိုင်ငံလုံးဆီပြန့်နှံ့သွားမဲ့ အထေအွ ထွေသပိတ်အထိတော့ရောက်မသွားခဲ့ပါဘူး။ ဒါပေမဲ့
မျိုးဆက်တခုနဲ့တခုအကြားလက်ဆင့်ကမ်းသယ်ဆောင်လိုက်ကြတဲ့ ပွဲတပွဲလို့ပြောရင်မမှားဘူး။ စစ်ထောက်လှမ်းရေးတွေက
၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေဟာ အဓိကသွေးထိုးလှုံ့ဆော်သူတွေဖြစ်တယ်လို့စွပ်စွဲခဲ့တယ်။
ကျောင်းဝင်နံပါတ်တွေကိုကြည့်ပြီး သံသယရှိသူတွေအားလုံးကိုစတင်ဖမ်းဆီးလိုက်တယ်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်
အပါအဝင် နယ်အသီးသီးက ကျောင်းသားတွေ ရာချီပြီးအဖမ်းခံခဲ့ရတယ်။ အစိုးရစာရင်းတွေအရတော့ ဒီဇင်ဘာ (၇)ရက်နေ့မနက်မှာ
ဖမ်ဆီးခဲ့တဲ့ကျောင်းသားအရေအတွက် (၂၆၄)ယောက်ရှိတယ် လို့ဆိုတယ်။ ကျနော်တို့အထင်တော့ (၄၀၀) ကျော်မယ်။
ဒီဇင်ဘာ (၈) ရက်နေ့မှာ ကျန်ရစ်ခဲ့တဲ့ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်ပင်မမှာ ဆန္ဒပြပွဲထပ်မံကျင်းပကြတယ်။
ဗိုလ်ချုပ်ဈေးနဲ့သိမ်ကြီးဈေးထဲမှာ ဆက်လက်တရားဟောခဲ့ကြတယ်။ အကန့်အသတ်မရှိကျောင်းပိတ်လိုက်ပြီ ဆိုပြီး
အဆောင်မှာနေထိုင်တဲ့ကျောင်းသားတွေ တရက်အတွင်းအိမ်ပြန်ကြဖို့ ကျောင်းအာဏာပိုင်တွေက အမိန့်ထုတ်ကြေငြာခဲ့တယ်။
အဆောင်မှာက လူ(၂၂) ယောက်ပဲကျန်တော့တယ်လေ။ စစ်ထောက်လှမ်းရေးတွေက တယောက်ပြီးတယောက်လာဆွဲနေပြီ။
ကျနော်တို့လည်း ရန်ကုန်က ခွာမှဖြစ်တော့မယ်ဆိုတာ သဘောပေါက်နေကြပြီ။
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုဟာ အကျအဆုံးများခဲ့ပေမဲ့ မျိုးဆက်တွေကြားမှာမီးညွှန့်တွေကို ပေါင်းကူးပေးခဲ့တဲ့
ဆောင်းညတွေဖြစ်ခဲ့တယ်လေ။ မနက်လင်းအားကြီးအချိန်ရောက်လာတိုင်း နံပါတ်ဒုတ်တွေနဲ့ပြေးဝင်လာတဲ့ စစ်ဖိနှပ်သံတွေကို
မှတ်မိကြနေလိမ့်မယ်လို့ယုံကြည်နေပါတယ်။ ယမ်းနံ့တွေကြားမှာ အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ကျနော်လိုကျောင်းသားတွေ
အများကြီးရှိနေမယ်ဆိုတာ အမှန်ပါ။
အောင်မိုးဝင်း
အရေးကြီးတဲ့အချက်တချက်
ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုမတိုင်ခင်ကတည်းက ရန်ကုန်စက်မှုတက္ကသိုလ်နယ်မြေအတွင်းမှာ ပြဿနာပေါင်းများစွာ
တည်ရှိနေခဲ့ပါတယ်။ ပြဿနာအမျိုးအစား (၄) မျိုးထက်မနည်းရှိခဲ့တယ်။
၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆုထောက်ခံဆန္ဒပြပွဲလည်းပြီးရော အထက်ဗမာပြည်က ကျောင်းသားတွေအတွက်
မန္တလေးစက်မှုတက္ကသိုလ်ကိုဖွင့်ပေးလိုက်ပြီး လူစုခွဲလိုက်တယ်။ ဒါပေမဲ့ ၁၉၉၅ မှာ မန္တလေးစက်မှုတက္ကသိုလ် ၊ပဉ္စမနှစ် (လျှပ်စစ်) နဲ့
(မြို့ပြ) အတန်းတွေကို ဆက်လက်ဖွင့်နိုင်ဖို့အတွက် လုံလောက်တဲ့ကျောင်းဆရာန့စဲ က်ပစ္စည်းတွေရှိမနေဘူး။ ဒါကြောင့်သူတို့တတွေ
ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းပြန်လာတက်ရတယ်။ အဲ့ဒါဟာ ပြဿနာရဲ့အစလို့ထင်တယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကို
ကျောင်းလာတက်ရတဲ့ မန္တလေးစက်မှုတက္ကသိုလ်ကျောင်းသားတွေက ဧည့်သည်တွေလိုမျိုးပါပဲ။
အတန်းထဲမှာ ကျောင်းခေါ်ချိန်အတွက် လက်မှတ်ထိုးစာရွက်ပေးတဲ့အခါ နှစ်မျိုးနှစ်စားဖြစ်နေတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ မန္တလေးစက်မှုတက္ကသိုလ်ဟာ ခွဲခြားဆက်ဆံခံနေရတယ်လို့ အဲ့ဒီကျောင်းသားတွေက ခံစားခဲ့ကြရတယ်။
ဒါက ကြို့ကုန်းဆောင်ကျောင်းသားထုကြားမှာ မကျေနပ်မှုဖြစ်နေတဲ့အချက်တချက်၊ ဒုတိယအချက်ကတော့ ကျောင်းဝင်းအတွင်းမှာ
နံပါတ်(ဖိုး) ရောင်းချနေတဲ့ကိစ္စ၊ တချို့ကျောင်းသားတွေဆို လက်ဘက်ရည်ဆိုင်ထဲမှာ ဆေးမူးနေတယ်။
စစ်ထောက်လှမ်းရေးက တရားဝင်လာရောက်ရောင်းချနေတယ်ဆိုတဲ့သံသယစိတ်ကြောင့်ကျောင်းသားထုဟာ ပါမောက္ခတွေ၊
အဆောင်မှူးတွေကို ဖိအားပေးနေခဲ့ကြတယ်။တတိယအချက်က- ပါမောက္ခဦးကြင်စိုးရဲ့ကျောင်းဆောင်ဆိုင်ရာစည်းမျဉ်း
စည်းကမ်းတွေ၊ည(၉) နာရီကျော်ရင် ဂစ်တာမတီးရ၊ အမျိုးသမီးဆောင်ရှေ့မှာသွားရောက်မသီဆိုရ ဆိုတဲ့တားမြစ်မှုတွေက
ကျောင်းသားတွေကို စိတ်အနှောက်အရှက်ဖြစ်နေတယ်။ စတုတ္ထအချက်ကတော့ ကျောင်းဆောင်တွေထဲမှာ ကျောင်းသားချင်း
ရိုက်ပွဲတွေခဏခဏဖြစ်ခဲ့ကြတယ်။ ( ကျောင်းသားနဲ့အရပ်သားကြားမှာဖြစ်ခဲ့တဲ့ ရန်ပွဲတွေကလည်း ၁၉၉၅-၉၆
ကာလတလျှောက်အများဆုံးဖြစ်မယ်ထင်တယ်)။ ကျောင်းသားထုဟာ ဒီအခြေအနေတွေကို မကျေမနပ်ဖြစ်နေချိန်မှာ
ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကိုဖြစ်ပေါ်စေတဲ့ မီးပွားတွေပေါ်လာခဲ့တယ်။
ကြို့ကုန်းဆောင် (F) နဲ့ ( A ) ဆောင်အတွင်းက အစည်းအဝေးမှတ်တမ်းတွေကို သိမ်းထားပေမဲ့ စင်္ကာပူ နဲ့ နယူးဇီလန်မှာ
ရောက်ရှိနေတဲ့ သူငယ်ချင်းတွေ ကို ကျေးဇူးတင်ပါတယ်။

No comments: