http://snapshot-news.com/images/stories/HomeStories/3_8_4.jpg
ဗုဒ္ဓနှင့် မြန်မာနိုင်ငံ၊ သုဝဏ္ဏဘူမိ လူ၏အဖြစ်ကို ရခဲ၏။ သတ္တဝါတို့၏ အသက်ရှည်ရခြင်းသည် ခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရခဲ၏။ ဘုရားအဖြစ်ကို (ဘုရားဖြစ်ရာ ကာလကို) ရခဲ၏။ ( ဓမပ္မပဒ ၁၈၂ ) ဗုဒ္ဓစာပေ၊ ရှေးဟောင်းသမိုင်း၊ နိုင်ငံတကာ မှတ်တမ်းတို့၌ ဖော်ပြပါ ရှိသော သုဝဏ္ဏဘူမိနိုင်ငံတော်ကြီးသည် အလွန်ကျယ်ဝန်းသောဒေသကြီး တစ်ခုဖြစ်သည်။ ထိုရှေးဟောင်းကျမ်းများအရ သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း၊ ရှေးရာမညတိုင်းနှင့် တနသာင်္ရီကျွန်းဆွယ် အပါအဝင် မာလာယု ကျွန်းဆွယ်၊ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုချိုင်းနားကျွန်းဆွယ်၊ ဆူမတြားကျွန်း၊ ဂျာဗားကျွန်း၊ ဗော်နီယိုကျွန်းတို့အထိ ပါဝင်သည်။ ထိုသုဝဏ္ဏဘူမိနိုင်ငံတော်ကြီး၏ အချက်အခြာ နေပြည်တော်ကိုလည်း သုဝဏ္ဏဘူမိဟု ခေါ်သည်။ ကျွန်တော်တို့မြန်မာတို့ အလိုအရမူ သုဝဏ္ဏဘူမိသည် ရှေး သထုံပြည်ကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာတို့က ရှေးသထုံပြည်ကို သုဝဏ္ဏဘူမိ ဟုခေါ်ဆိုခြင်း၏အထောက်အထားမှာ ဓမ္မစေတီမင်းတည်ခဲ့သော ကလျာဏီ ကျောက်စာအရ ဖြစ်သည်။ ထိုကျောက်စာအရ သုဝဏ္ဏဘူမိဟူသော သထုံပြည်သည် ယခုမွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီလင်းမြို့နယ် တောင်စွန်းကျေးရွာအနီးရှိ ကေလာသ တောင်ခြေရင်း၌ တည်ရှိသော ရက်ကန်းသည်မနှင့် ဝင်းကကျေးရွာ ဝန်းကျင်တစ်ဝိုက်တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှေးဟောင်း သုတေသနဦးစီး ဌာနမှ ထိုကျေးရွာတစ်ဝိုက်ရှိ သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းကို တူးဖော်သုတေသန ပြုလုပ်ခဲ့ပြီး၊ ဘီစီ၇ဝဝခန့်က တည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်ကို ပထမဦးဆုံး ယူဆောင်ခဲ့သူများမှာ သုဝဏ္ဏဘူမိတိုင်း၊ အသိတဉ္စန၊ ပေါက္ခရဝတီမြို့သား၊ တပုဿနှင့်ဘလ္လိက ကုန်သည် ညီနောင်တို့ဖြစ်သည်။ အဆိုပါကုန်သည် ညီနောင်နှစ်ဦးသည် မြန်မာနိုင်ငံသုဝဏ္ဏဘူမိမှ အိန္ဒိယနိုင်ငံ၊ မဇ္စိုမဒေသသို့ ကုန်ရောင်းဝယ်ရန် ရောက်လာစဉ် ရှေးအတိတ်ဘဝက ဆွေမျိုးတော်စပ်ခဲ့သော နတ်သားက လမ်းညွှန်သဖြင့် ဥရုဝေလာတော (ယခု-ဗုဒ္ဓဂယာ)တွင်းရှိ ''ရာဇာယတန'' မည်သော လင်းလွန်းပင်ရင်း၌ သီတင်းသုံးနေသော ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားထံ ရောက်လာကြသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သဗ္ဓညုတညဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ထိုဒေသတစ်ဝိုက်ရှိ ဌာနခုနှစ်ဌာနတွင် တစ်ဌာနလျှင်ခုနှစ်ရက်စီ သတ္တသတ္တာဟ ကျင့်တော်မူချိန်ဖြစ်သည်။ ဤသို့ကျင့်ပြီး (၄၉) ရက်အလွန် (၅ဝ)ရက်နေ့တွင် အဆိုပါ ''ရာဇာယတန'' မည်သော လင်းလွန်းပင်ရင်း၌ ဖလသမာပတ် (အရဟတ္တဖိုလ်) ချမ်းသာကို ခံစားတော်မူစဉ် ကုန်သည်ညီနောင်တို့ ရောက်ရှိလာပြီး အလွန်အမင်း ကြည်ညိုသဒ္ဓါ ဖြစ်ပွားလာကာ မိမိတို့တွင်ပါရှိလာသော မုန့်ကျွပ်ကျစ်နှင့် ပျားမုန့်ဆုပ်ဆွမ်းတို့ကို ကပ်လှူကြသည်။ ထို့နောက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသဖြင့် ဘုရားနှင့်တရားတို့ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ သရဏဂုံတည်သော ဥပသကာများ အဖြစ်သို့ ရောက်ရှိကြသည်။ ညီနောင်နှစ်ပါးသည် မြတ်စွာဘုရားအပါးမှ မခွာရက်အောင် ဖြစ်နေကြသဖြင့် မြတ်စွာဘုရားထံမှ ကိုးကွယ်ရာကို တောင်းခံကြသည်။
http://snapshot-news.com/images/stories/HomeStories/3_8_4-2.jpg
မြတ်စွာဘုရားသည် ကုန်သည်ညီနောင်ကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ အနာဂတ်တွင် သာသနာတော် ထွန်းလင်းလာမည့် အကြောင်းကို သိမြင်တော်မူသဖြင့် လက်ယာလက်တော်ဖြင့် ဦးသျှောင်တော်ကို သပ်တော်မူရာ လက်တော်၌ ပါလာသော ဆံတော်ရှစ်ဆူတို့ အားကိုးကွယ်ဖို့ရန် ပေးသနား တော်မူခဲ့သည်။ ထို့အပြင် ဤဆံ တော်ရှစ်ဆူတို့အား နောင်တော် ဘုရားသုံးဆူ ဖြစ်ကြကုန်သော ''ကကုသန်'' မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ''ကောဏဂုံ'' မြတ်စွာဘုရား၏ ရေသနုပ် (သင်္ကန်းတော်)၊ ''ကဿပ'' မြတ်စွာဘုရား၏ ရေစစ်တော်ဟူသော ဓာတ် တော်မွေတော် (၃)ဆူတို့ တည်ရှိရာ ဥတ္တရတိုင်း၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ရန်လည်း ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်။ ကုန်သည်ညီနောင်တို့သည် မြတ်စွာ ဘုရား ချီးမြင့်တော်မူလိုက်သည့် ဆံတော်ရှစ်ဆူတို့ကို ပင့်ဆောင်လျှက် မိမိတို့နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း အတိသဉ္စစနမြို့သို့ ပြန်လည်ရောက် ရှိပြီး ဖခင်သူဌေးကြီးမှတစ်ဆင့် ဥက္ကလာပမင်းကြီးထံ ဆံတော်မြတ် ပင့်ဆောင်လာကြောင်း လျှောက်ထား ခဲ့သည်။ ဥက္ကလာပမင်းကြီးသည် မူးမတ်သေနာပတိခြံရံပြီး ကိုယ်တော် တိုင်ထွက်၍ဆံတော်မြတ်ကို ကြိုဆိုပင့်ဆောင်ပြီး မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း နောင်တော်ဘုရားသုံးဆူတို့၏ ဓါတ်တော်မွေတော်များကိန်းဝပ်ရာ သိင်္ဂုတ္တရ ကုန်းတော်တွင် ဆံတော်ရှစ်ဆူအား ဘုရားသုံးဆူ၏ ဓာတ်တော်မြတ်များနှင့်အတူ ဌာပနာ၍ မဟာသက္ကရာဇ်၁ဝ၃ခုနှစ် တပေါင်းလ ပြည့်နေ့တွင် မြတ်ဘုရားရွှေတိဂုံကို တည်ထားတော်မူခဲ့သည်။ မြတ်ဘုရားရွှေတိဂုံ သည် ဥက္ကလာပမင်းကြီး တည်ထားစဉ် အခါက (၄၄)တောင်သာ ရှိသော်လည်း သာသနာကို မြတ်နိုးကုန်သော ဘုရားမင်း အဆက်ဆက်နှင့် ပြည်သူအဆက်ဆက်တို့၏ ပြုပြင်မွမ်းမံမှုများကြောင့် ဥာဏ်တော်အမြင့် (၃၂၆)ပေအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ရှေးမင်းနှင့် ပြည်သူအဆက်ဆက်တို့၏ ကုသိုလ်ကောင်းမှုဖြင့် လှူဒါန်းပူဇော်သည့်စိန်၊ ကျောက်၊ရွှေ၊ငွေ၊ရတနာများသည် အဖိုးမဖြတ်နိုင်လောက်အောင် အနဂ္ဂထိုက်တန်လှသည်ဖြစ်ရာ ယနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ အထွတ်အမြတ်ထားရာ ရွှေရောင်တဝင်းဝင်းဖြင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော စေတီတော်ကြီးတစ်ဆူ ဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည်များ အတွက်လည်း အံ့သြဖွယ်ရာ ဗုဒ္ဓအမွေအနှစ် သာသနိက အဆောက်အအုံအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားလျှက် ရှိပေသည်။
http://snapshot-news.com/images/stories/HomeStories/3_9_4.jpg
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် ဗုဒ္ဓသာသနာတော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု အကြွင်းမဲ့ ယုံကြည် လက်ခံ ထားကြပါသည်။ ထိုအချိန်က မြန်မာ နိုင်ငံသည် သုဝဏ္ဏဘူမိတိုင်း အပရန္တတိုင်း (သုနာပရန္တတိုင်း)၊ ယောနကတိုင်း ဟူသော တိုင်းကြီးသုံးတိုင်းအတွင်း ပါဝင်သည်ဖြစ်ရာ သာသနာတော်သည် ထိုတိုင်းကြီးသုံးတိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ကြွရောက်ခဲ့သည်ဟုလည်း မွန်ရာဇဝင်၊ ရခိုင်ရာဇဝင်များတွင် ဖွင့်ဆိုထားခဲ့ကြသည်။ သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ဗုဒ္ဓမြတ်စွာဘုရားသည် အရှင်ဂဝမုတိမထေရ်၏ လျှောက်တင်ချက်အရ ဝါတော် (၈)ဝါရချိန်တွင် ကြွရောက်ခဲ့ပြီး သထုံဘုရင် သီရိမာသောကမင်း၏ လျှောက်ထားချက်အရ ဗုဒ္ဓ၏ကိုယ်စား ရွှေဆင်းတုတစ်ဆူ ထုလုပ်၍ စတင်ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင်ဓမ္မစေတီမင်း၏ ကလျာဏီကျောက်စာတွင် ရာမညဒေသ၏ ဗုဒ္ဓဘာသာ သမိုင်းအကျဉ်းကို ဖော်ပြပါရှိသည့်အပြင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနှင့် ရှင်ဥတ္တရမထေရ်မြတ် အမှူးပြုသော ရဟန္တာငါးပါး သာသနာပြု ကြွလာပုံများကို ဖော်ပြပါရှိသည်။
ထိုကျောက်စာတွင်ဖော်ပြချက်အရ အဆိုပါအရှင်မြတ်တို့ ကြွလာချိန်တွင် သုဝဏ္ဏဘူမိတိုင်း၌ သီရိမာသောကမင်း အုပ်ချုပ်လျှက်ရှိပြီး မင်းအိမ်၌ မွေးဖွားလာသော ကလေးငယ်များကို ရက္ခိုက်ဘီလူးမကအမြဲလာရောက်စားလေ့ ရှိသည်ဟုဆိုသည်။ ထိုအရှင်မြတ်တို့သည် လူ့ဦးခေါင်းတစ်ခု ခြင်္သေ့ကိုယ်ခန္ဓာ နှစ်ခုပါသောပုံသဏ္ဌာန် (မနုသီဟ)ကို ဖန်ဆင်း၍ ဘီလူးမကို ခြောက်လှန့် နှင်ပစ်နိုင်ခဲ့သည်။ ထိုအထိမ်းအမှတ် အဖြစ် ထိုမနုသီဟပုံသဏ္ဌာန် ကျောက်ရုပ်များကို မြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်တွင်ထားခဲ့ကြရာ ဓမ္မစေတီမင်း လက်ထက်တိုင်အောင် ထင်ရှားစွာ တည်ရှိနေသေးကြောင်း ထိုကျောက်စာတွင် ဖော်ပြထားရှိသည်။ ထို့အပြင် ထိုရုပ်ပုံသဏ္ဌာန်ကို ထန်းရွက်၊ ပေရွက် စသည်တို့ပေါ် တွင်ရေး၍ ဖွားမြင်စ ကလေးသူငယ်တို့၏ ဦးခေါင်းပေါ်တွင် တင်စေကာ ရက္ခိုက်ဘီလူးတို့ရန်မှ အရံအတား ပြုလုပ်လေ့ရှိသော အစဉ်အလာ ဓလေ့ထုံးစံကိုလည်း ထိုကျောက်စာတွင် ဖော်ပြခဲ့သည်။ ထိုအစဉ်အလာအရ မြန်မာနိုင်ငံရှိစေတီ ပုထိုးများတွင် အဆိုပါမနုသီဟပုံသဏ္ဌန်များအား ထုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင်မြတ်စွာဘုရားနှင့် ပရိနိဗ္ဗာန်စံတော်မူပြီး အလောင်းတော်ကို ရှင်မဟာကဿပမထေရ်က ပူဇော်မှုကိစ္စအပြီး တေဇောဓာတ်လောင် ကျွမ်းနေစဉ်ပင် ရှေးယခင်သုဝဏ္ဏဘူမိ သထုံပြည်သို့ဘုရားရှင်ကြွတော်မူစဉ်က ဗျာဒိတ်တော်ပေးခဲ့သည့် အတိုင်း အရှင်ဂဝမ္ပတိမထေရ်သည် လောင်နေသော မီးအတွင်းမှ သွားတော် ၃၃ချောင်းကို တန်ခိုးတော်ဖြင့် ယူထုတ်ပြီး သထုံဘုရင် သီရိမာသောကမင်းအား ပေးအပ်ရာ ထိုသွားတော် (၃၃)ချောင်းကို ကျောက်စေတီ(၃၃)ဆူ တည်ထားကိုးကွယ် ခဲ့သည်ဟု မွန်ရာဇဝင်နှင့် သထုံရာဇဝင်များက ဖော်ပြကြသည်။
http://snapshot-news.com/images/stories/HomeStories/3_9_4-2.jpg
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ဘီစီ(၂၅ဝ)ခန့်တွင် မောရိယပြည့်ရှင် သီရိဓမ္မာသောက မင်းကြီး၏ ဗုဒ္ဓသာသနာပြုအဖွဲ့များ စေလွတ်ခဲ့ရာ တွင် အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှုပြုသော ရဟန်း တော်များသည် သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ရောက်လာခဲ့ရာ အဆိုပါ အရှင်နှစ်ပါး၏ လမ်းညွှန်ချက်ဖြင့် အတိသဉ္စနမြို့၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် ဥက္ကလာပမင်းကြီး တည်ထားခဲ့သော ရွှေတိဂုံစေတီတော်ကို ချုံနွယ် ပိတ်ပေါင်းများ ရှင်းလင်း၍ စေတီတော်ကို ပြုပြင်ခြင်း ပြာဿဒ်များ တည်ဆောက်ခြင်း တို့ကို ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။
အေဒီ၎ရာစုနှစ်တွင် သုဝဏ္ဏဘူမိမှ ရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းမှ ဗုဒ္ဓမြတ်စွာဘုရား၏ ဒေသနာတော်၊ ပိဋကတ်တော်များကို သီဟိုဠ်အက္ခရာမှ မွန်အက္ခရာဖြင့် ကူးယူခဲ့ပြီး ဗုဒ္ဓသာသနာတော် ထွန်းလင်းပြန့်ပွားအောင် ဆောင်ရွက်ခဲ့ရာ သုဝဏ္ဏဘူမိတိုင်း သထုံပြည်တွင် ဗုဒ္ဓစာပေကျမ်းဂန် တတ်ကျွမ်းသော မွန်ရဟန်းပညာရှိ ၊မွန်လူပညာရှိများ များပြားလာခဲ့သည်။ စာပေကျမ်းဂန်တတ် မွန်ရဟန်းတော်များက မွန်အမျိုးသားများအား ဗုဒ္ဓတရား တရားတော်၏ ဆုံးမသြဝါဒများကို အခါမလပ် ဟောကြားလမ်းညွှန်လေ့ ရှိကြသောကြောင့် မွန်လူမျိုးတို့သည် ဘုရား၊တရား၊သံဃာ၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ခဲ့ကြပြီး မွန်ပြည်နယ်အတွင်း စေတီပုထိုးပေါင်း မြောက်မြားစွာကို တည်ထားကိုးကွယ်ကြသည်။
အမှန်စင်စစ် သုဝဏ္ဏဘူမိသထုံပြည် အပါအဝင် ဇမ္ဗူဒီပကျွန်းတွင် သာသနာတော် နှစ်(၉ဝဝ)ကျော်အထိ ပိဋကတ်တော်များ အက္ခရာဖြင့် မရှိခဲ့ သေးပဲ နှစ်ပေါင်း(၉၅ဝ)ကျော်မှ ရှင်ဗုဒ္ဓဃောတကသီဟိုဠ်ကျွန်းမှ သီဟိုဠ် အက္ခရာဖြင့် မှတ်တမ်းတင်ထားသော ပိဋကတ်တော်များကို မွန်အက္ခရာသို့ ကူးယူနိုင်ခဲ့သည်မှ ရာမညတိုင်း တစ်ခုလုံးသို့ ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။ သုဝဏ္ဏ ဘူမိသထုံပြည်သို့ ပိဋကတ်တော်များ ရောက်လာသောအခါ ရာမညတိုင်း တစ်ခုလုံးရှိ မင်း၊မိဘုရား၊ ပြည်သူပြည်သား၊ ရဟန်းရှင်လူအပေါင်းသည် အထူး ထူးသော သဘင်ပွဲလမ်း ပူဇော်လှူဒါန်းခြင်းတို့ဖြင့် ကြိုဆိုခဲ့ကြပြီး နန်းတော်ဦးတွင် သုဓမ္မာမဏ္ဍပ်ဆောက်၍ ပိဋကတ်တော်ဟူသော စေတီတော်ကို ကောင်းမွန်စွာ တည်ထားခဲ့ကြသည်။ သုဝဏ္ဏဘူမိသထုံတွင် တတိယသင်္ဂါယနာတင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့ တပည့်အရှင် အနောမဒဿီတာသည် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြန်မာပြည်၊ မွန်ပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည်၊ ယွန်းပြည်၊ လင်းဇင်းပြည်၊ သောက္ကတဲပြည်တို့မှ ရဟန်းသံဃာတော်များ ကြွရောက်လာပြီး ဆရာအဆက်ဆက် နှုတ်တက်သာ ဆောင်ကုန်သော ပါဋိတော်နှင့် ညီညွတ်စွာ အဌကထာနှင့်တကွ သင်ကြားရ၍ သာသနာတော်ပြန့် ပွားလာခဲ့သည်။
http://snapshot-news.com/images/stories/HomeStories/3_9_4-3.jpg
ထိုမှတဖန် ပုဂံတွင်အနော်ရထာမင်းသည် မြန်မာသက္ကရာဇ်(၄ဝ၆) ခုနှစ်၊ သာသနာနှစ် ၁၅၈၈ခုနှစ် (အေဒီ-၁ဝ၄၄)တွင် နန်းတက်ခဲ့ပြီး ပထမမြန်မာ နိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သည်။ အနော်ရထာမင်း နန်းတက်အပြီး (၉)နှစ် အကြာတွင် သက္ကရာဇ် (၄၁၅)ခုနှစ်တွင် သထုံမှရှင်အရဟံသည် ပုဂံသို့ ရောက်ရှိလာပြီး ဗုဒ္ဓ၏ဒေသနာတော်များကို ဟောကြားတော်မူခဲ့သည်။ အနော်ရထာမင်းသည် ဗုဒ္ဓသာသနာတော်ကို အကြွင်းမဲ့ယုံကြည်လာပြီး သာသနာတော် (၁၆ဝ၁)ခုနှစ်တွင် သထုံမှ ပိဋကတ်တော်များကို ပုဂံသို့ပင့်ဆောင်ခဲ့ပြီး ဗုဒ္ဓသာသနာတော် ထွန်းလင်း ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရှင်အရဟံသည် သက်တော် (၂ဝ)ခန့်တွင် ပုဂံသို့ရောက်ရှိခဲ့ပြီး အနော်ရထာ၊ စောလူး၊ ကျန်စစ်မင်းကြီး၊ အလောင်းစည်သူမင်း စသည့်မင်းလေးဆက်တိုင် ဗုဒ္ဓသာသနာတော်ကိုမှီ၍ တိုင်းပြည်နှင့် မြန်မာလူမျိုးတို့၏ အကျိုး၊ လူသားတို့၏ အကျိုးကို အဆုံးအမပေး၍ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်သွားသော မြန်မာပြည်သားများ၏ အနှိုင်းမဲ့ကျေးဇူးရှင် ရဟန္တာမထေရ်မြတ်ပင် ဖြစ်တော့သည်။
Monday, 22 November 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment