Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday, 30 December 2009

စစ်အစိုးရကို ဒီမိုကရေစီသို့ တွန်းပို့ခြင်း
Monday, 28 December 2009 12:36 ကျော်စွာမိုး

မြန်မာ စစ်အစိုးရက ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ၊ ထိုသို့ ကျင်းပပေးရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ် စသည်တို့နှင့် ပတ်သက်၍ မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။

ယခုအချိန်ထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျင်းပမည်၊ မည်သည့် အချိန်တွင် ကျင်းပမည် စသည့် အသေးစိတ် အချက်အလက်များကို စစ်ဗိုလ်ချုပ်များက ထုတ်ပြန်ခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်စွဲနှင့် ပတ်သက်၍ အမျိုးမျိုး ခန့်မှန်းကြသော်လည်း ယခင်အတွေ့အကြုံများအရ ၂ဝ၁ဝ ပထမနှစ်ဝက်အတွင်း ကျင်းပနိုင်သည်ဟု ယူဆကြသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတို့ကို မေလတွင် ပြုလုပ်ခဲ့သောကြောင့် လာမည့် ရွေးကောက်ပွဲကိုလည်း မေလတွင် ကျင်းပဖွယ်ရှိသည်ဟု ယူဆနေကြသည်။ ထိုအချိန်တွင် စာသင်ကျောင်း အများစု ပိတ်ထားသဖြင့် မြန်မာအာဏာပိုင်များက ပြဿနာဖန်တီးသူများဟု ယူဆထားကြသည့် ကျောင်းသားများ လူစုကွဲနေချိန်လည်း ဖြစ်သည်။

နောက်ဆုံးတွင် ဆုံးဖြတ်ချက်များ ချမှတ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သူ၏နည်းဗျူဟာနှင့် ပတ်သက်၍လည်း အမျိုးမျိုး ခန့်မှန်းနေကြသည်။ သို့သော် သူက လိုချင်သည့် ရလဒ် ထွက်ပေါ်လာရေးအတွက် ပြီးခဲ့သည့် ဆန္ဒခံယူပွဲကဲ့သို့ပင် ဤရွေးကောက်ပွဲတွင်လည်း လိမ်လည်လှည့်ဖျားမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ထိုအချိန်က အခြေခံဥပဒေ ဆန့်ကျင်သူများကို ဖမ်းဆီးနှောင့်ယှက်ခဲ့သည်။ စစ်အစိုးရ ဘက်တော်သားများကလည်း ထောက်ခံမဲများ ရရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။ ဆန္ဒခံယူပွဲအပြီးတွင် အခြေခံဥပဒေကို ထောက်ခံသူ ၉၂ ရာခိုင်နှုန်းကျော်ရှိသည် ဟူသော ရယ်စရာကောင်းသည့် ရလဒ် ထွက်ခဲ့လေသည်။

သို့သော်လည်း ရွေးကောက်ပွဲတွင်မူ ဆန္ဒခံယုပွဲကဲ့သို့ လိုချင်သည့် ရလဒ် ထွက်ပေါ်စေရေးအတွက် အလွယ်တကူ လိမ်လည် လှည့်ဖျားနိုင်မည် မဟုတ်။ စစ်အစိုးရက ၎င်း၏ အဓိကရန်သူဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပြတ်ရှင်းရန် စိတ်ပိုင်းဖြတ်ပြီးသည့်အပြင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ဖြင့် ၎င်း၏ လုံခြုံရေးယန္တယား အတွင်းသို့ သွပ်သွင်းရန် ပြင်ဆင်နေခြင်းကြောင့် အခြေအနေများ ပို၍ ရှုပ်ထွေးလာဖွယ်ရှိသည်။

နိုင်ငံတကာက ထပ်မံ ဝေဖန်ရှုတ်ချခြင်း၊ ပြည်တွင်းစစ် ပြန်လည် စတင်ခြင်းတို့ မရှိဘဲ ဤရည်ရွယ်ချက်များ အောင်မြင်မည် မဟုတ်ပေ။ ရည်ရွယ်ချက်များ ပေါက်မြောက်စေရန်အတွက် ဗိုလ်ချုပ်မှူးကြီးသည် အနိုင်ကျင့် ဆောင်ရွက်ခြင်းများ၊ ရွေးကောက်ပွဲတွင် ကလိမ်ကျခြင်းများ သာမကပဲ အခြားသော နည်းနာများလည်း လိုအပ်မည် ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက သူ၏ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရ တို့ကို ဆွဲဆောင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာအား လှည့်စားမှုအဖြစ် သမိုင်းတွင်ကျန်ရစ်မည် ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ အနှစ် ၂၀ ကြာလာပြီ ဖြစ်သော်လည်း စစ်အစိုးရ၏ အာဏာ ချုပ်ကိုင်ထားမှု အားလျော့သွားစေရန် လုပ်ဆောင်နိုင်မှုများ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ပိတ်ဆို့အရေးယူခြင်းက အလုပ်မဖြစ်သကဲ့သို့ “အပြုသဘော ဆက်ဆံရေး” ကလည်း အလုပ်မဖြစ်ခဲ့ပါ။ လူထုအုံကြွ ဆန္ဒပြမှုများကလည်း ရက်စက်စွာ ချေမှုန်းခံရသည်။ စစ်တပ်က အင်အားကြီးထွားရန် တည်ဆောက်နေသဖြင့် လက်နက်ကိုင် တော်လှန်ရေးမှာလည်း အလားအလာ မကောင်းပါ။ တချိန်က မြန်မာပြည်သားတို့ မျှော်လင့်ခဲ့သည့် အမေရိကန်ဦးဆောင်သော ဝင်ရောက်တိုက်ခိုက်မှုမှာလည်း စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ခဲ့သည်။

ဤတွင် အတိုက်အခံများအဖို့ စစ်ခေါင်းဆောင်များနှင့် ထိတွေ့ ဆက်ဆံရုံမှတပါး အခြားနည်း မရှိတော့ပါ။ သို့သော်လည်း ထိုဆက်ဆံရေးမှာ မြန်မာ့သယံဇာတများကို မက်မောသည့် အိမ်နီးနားချင်း နိုင်ငံများ ကျင့်သုံးသည့် ဆက်ဆံရေးမျိုးနှင့်တော့ တူညီခြင်း မရှိပေ။

အမေရိကန်အစိုးရက ဤအခြေအနေကို သဘောပေါက်သဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး ဟူသော မူဝါဒအသစ်ကို စက်တင်ဘာလတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်အစိုးရက မြန်မာပြည်အတွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကိုသာ ရလဒ်အဖြစ် မျှော်လင့်ထားပုံရသည်။

အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို ကြေညာအပြီးတွင် မြန်မာစစ်ခေါင်းဆောင်များက တွေ့ဆုံ ဆွေးနွေးရန် စိတ်အား ထက်သန်နေကြသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

“မြန်မာခေါင်းဆောင်တွေ အမေရိကန်အစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ စိတ်ဝင်စားမှု ပြတာဟာ မှတ်မိသမျှတော့ ဒါ ပထမဆုံးအကြိမ်ပဲ” ဟု သူက ပြောသည်။ နိုဝင်ဘာလက သူ ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ သွားရောက်ပြီး စစ်ဗိုလ်ချုပ်များနှင့်ရော ဒီမိုကရေစီ အင်အားစုများနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရန် စစ်အစိုးရက ဆန္ဒရှိကြောင်း ထိုခရီးစဉ်က ပြသနေသည်။

မည်သို့မျှ အံ့ဩစရာမရှိပါ၊ စစ်အစိုးရ မတုန်မလှုပ်ဘဲ ဆက်လက် ခိုင်မြဲစွာ တည်ရှိနေခြင်းက ပိတ်ဆို့အရေးယူမှုများ မထိရောက်ကြောင်း သက်သေပြနေသည်။ သို့သော်လည်း အရေးယူမှုများ ပြန်လည် ရုတ်သိမ်းသွားစေလိုသည်မှာ ထင်ရှားနေသည်။ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောစဉ် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အရေးယူမှုများကို ရှုတ်ချခဲ့ပြီး တရားမျှတမှု မရှိသဖြင့် ရပ်ဆိုင်းပါဟု တောင်းဆိုခဲ့သည်။

ထိုစဉ်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းကြောင်းပြောင်းရန် အချိန်တန်ပြီဖြစ်ကြောင်း သဘောပေါက် နားလည်လာခဲ့သည်။ အမေရိကန်၏ မူဝါဒအသစ်ကို ထုတ်ဖော် ကြေညာခြင်း မပြုမီကပင် ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေး စာတစောင် ရေး၍ စစ်အစိုးရနှင့်ရော နိုင်ငံခြားသံတမန်များနှင့်ပါ တွေ့ဆုံပြီး ဒဏ်ခတ်ပိတ်ဆို့မှုများအကြောင်း ဆွေးနွေးလိုသည်ဟု မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်သန်းရွှေက အမြန်ဆုံး လိုက်လျောခဲ့ပြီး ဆက်ဆံရေး ဝန်ကြီးဦးအောင်ကြည်နှင့် နှစ်ကြိမ်၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ တို့မှ သံတမန်များနှင့် တကြိမ် တွေ့ခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဥရောပသံတမန် ၂၀ ခန့်ကိုလည်း NLD ခေါင်းဆောင်များနှင့် တွေ့ခွင့်ပြုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ အလျင်အမြန် တုံ့ပြန်ချက်များကို လေ့လာကြည့်ပါက ပိတ်ဆို့အရေးယူခြင်းသည် အပြောင်းအလဲများ မဖြစ်စေသော်လည်း အပေးအယူလုပ်ရန်အတွက်မူ သင့်လျော်သည့်လက်နက် ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်အစိုးရထံမှ မည်သည့် လိုက်လျောမှုမှ မရမီ ဒဏ်ခတ်မှုများ မရုပ်သိမ်းမိရေးမှာ အရေးကြီးပေသည်။ ဤအချက်သည် ထိတွေ့ဆက်ဆံရေးမူဝါဒ မည်မျှ အလုပ်ဖြစ်သည် ဟူသည့် အချက်နှင့် ပတ်သက်၍ အဆုံးဖြတ်ပေးမည့် အရေးကြီးသော အချက်ဖြစ်သည်။

ယခု စစ်ဗိုလ်ချုပ်များ ဘာလိုချင်သည်ကို သိရှိနေပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် သူတို့က မည်သည့်အရာများ ပြန်လည် ပေးအပ်လိုသည် ဆိုသည်ကို မေးမြန်းရန်သာ ကျန်တော့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲမတိုင်မီ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပွင့်လင်းပြီး လွတ်လပ် မျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရန် အာမခံရေး စသည့် နိုင်ငံတကာ နှင့် ဒီမိုကရေစီ အင်အားစုများ၏ တောင်းဆိုချက်များကို လိုက်လျောမည့်ပုံ မပေါ်ပါ။

အမေရိကန်အစိုးရက အပြောင်းအလဲအတွက် ဆောင်ရွက်နိုင်မည် ဆိုပါက ပိတ်ဆို့ အရေးယူမှုများ ရပ်ဆိုင်းခြင်းကို စစ်အစိုးရက ၎င်းတို့၏ လမ်းကြောင်း ပြောင်းလဲရန် မက်လုံးအနေဖြင့် အသုံးချရန် လိုအပ်ပြီး ထိုအပြောင်းအလဲကို အကောင်အထည် ဖော်ရန် တိကျသော အချိန်ကာလ သတ်မှတ်ချက်လည်း လိုအပ်မည်ဖြစ်သည်။ စစ်အစိုးရက တချိန်တွင် တောင်းဆိုချက် တခုကိုသာ လိုက်လျောနိုင်သောကြောင့် ဦးစားပေး အစီအစဉ်များကိုလည်း သတ်မှတ်ထားရန် လိုအပ်မည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးတို့ကို နိုင်ငံတကာက အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ဦးစားပေးအစီအစဉ်တရပ် အဖြစ်ထား ရှိရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်သော်လည်း အချိန်မရွေး ပြန်ဖမ်းနိုင်သကဲ့သို့ ရွေးကောက်ပွဲက မည်မျှပင် လွတ်လပ်၍ တရားမျှတသည်ဖြစ်စေ ဒီမိုကရေစီ စနစ်ကို အာမခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

“လွတ်လပ်ခြင်း၏ အနာဂတ် - ပြည်တွင်းနှင့် နိုင်ငံခြားရှိ လစ်ဘရယ်မကျသော ဒီမိုကရေစီ” ဟူသော စာအုပ်တွင် စာရေးဆရာ
ဖာရိ ဇာကာရိုင်ယာ (Fareed Zakaria) က “အနောက်နိုင်ငံသားများအဖို့ ဒီမိုကရေစီဆိုသည်မှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေး စနစ်တခုကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြင့်သာ သတ်မှတ်၍မရ၊ တရားဥပဒေ စိုးမိုးရေး၊ အာဏာ ခွဲဝေရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပစ္စည်း ဥစ္စာပိုင်ဆိုင်ခွင့် စသော အခြေခံ အခွင့်အရေးများ အကာအကွယ်ရှိခြင်းတို့နှင့်လည်း သတ်မှတ်ရသည်။ သို့သော် 'အခြေခံ ဥပဒေအရ သတ်မှတ်ထားသော လစ်ဘရယ်ဝါဒ' ဟု ဝေါဟာရ ပြုထားသော ဤ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များသည် ဒီမိုကရေစီနှင့် အခြေခံအားဖြင့် မည်သို့မျှ မသက်ဆိုင်ပေ။ အနောက်နိုင်ငံများ၌ပင် ၎င်းနှစ်ခုမှာ သဟဇာတ ဖြစ်လေ့မရှိပါ” ဟု ရေးသားထားသည်။

အများစုက အခြေခံဥပဒေတွင် ပြဌာန်းထားသော လွှတ်တော်တွင် စစ်တပ်အတွက် သီးခြား သတ်မှတ်ထားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိစ္စကိုသာ ဖော်ပြကြသည်။ သို့သော်လည်း စစ်တပ်၊ နိုင်ငံတော်၊ နိုင်ငံသားများအကြား လုပ်ပိုင်ခွင့် အာဏာကို ခွဲခြား သတ်မှတ်ထားသည့် အမေရိကန်ပုံစံ လူ့အခွင့်အရေး ကြေညာစာတမ်းမျိုး ကင်းမဲ့နေခြင်းသည်လည်း အရေးကြီးသောအချက် ဖြစ်သည်။ “ဥပဒေအရ သတ်မှတ်ထားခြင်းမရှိလျှင် မည်သည့် စစ်သားမဆို ငြိမ်းချမ်းသည့် အချိန် သို့မဟုတ် စစ်ဖြစ်နေသည့်အချိန်၌ လူနေအိမ်များတွင် အိမ်ရှင်၏သဘော တူညီချက်မပါဘဲ နေထိုင်နိုင်ခွင့်မရှိ” ဟု အမေရိကန် ပြည်ထောင်စု၏ အခြေခံဥပဒေ တတိယ ပြင်ဆင်ချက်တွင် ဖော်ပြထားသည့်အချက်မှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။

ဤသို့ ကြီးမား လေးနက်သော မညီမျှမှုများကြောင့်ပင် NLD ခေါင်းဆောင်သော ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား အင်အားစုများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုတို့က အခြေခံဥပဒေ ပြင်ဆင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲများ မတိုင်မီ အခြေခံ ဥပဒေကို ထိထိ ရောက်ရောက် ပြင်ဆင်ခြင်းမရှိပါက ရှေ့နှစ်ပိုင်းများအတွင်း အဓိပ္ပာယ်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်နိုင်ခြေမရှိ ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက ဤအချက်ကိုပင် လိုက်လျောမှု မပေးရန် ဆုံးဖြတ်ထားဖွယ်ရှိသည်။

သူက နေပြည်တော်တွင် ပြုလုပ်သည့် အောက်တိုဘာလ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံတွင် “အခြေခံဥပဒေကို ပြည်သူလူထု အများစုက အတည်ပြုထားခြင်း ဖြစ်ကြောင်း၊ ဤ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပသွားမည် ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။ အမေရိကန်တို့နှင့် စကားပြောပွဲများ စတင်ပြီး မကြာခင်မှာပင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဤအဆင့်တွင် ဗိုလ်ချုပ်မှူးကြီး လမ်းကြောင်း ပြောင်းလဲသွားစေရေး ပြုလုပ်ရန် လွယ်ကူမည် မဟုတ်ပါ။ သို့သော် အတိုက်အခံ အဖွဲ့များ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရှိစေရန် တွန်းအားပေးနိုင်သော အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်လာခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိလျှင်ပင် စစ်အစိုးရနှင့် ပြုလုပ်သည့် ပိတ်ဆို့ အရေးယူမှုများ အဆုံးသတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး ဖြစ်စဉ်များကို သြဇာလွှမ်းမိုးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန် ပြင်ဆင်ထား သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာသည့် ဗိုလ်ချုပ်ကြီးများကို ညှိနှိုင်းနိုင်သည့်အဆင့် ရောက်ရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။


http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2349-2009-12-28-05-37-32

No comments: