လိမ်ညာလှည့်စား တတ်ယောင်ကားနှင့် ဗြောင်သမားများ
မောင်ဂဒိုး
ပညာမတတ်တော့ (စာမေးပွဲအောင်တဲ့ အတန်းပညာကိုသာ မဆိုလိုပါ။) ပညာမရှိ၊ အသိဥာဏ်ဆင်ခြင်တုံ တ ရားမဲ့လို့ အမှားအမှန် မခွဲခြားတတ်ဘူး။ အကြောင်းအကျိုး ဆက်စပ်ပတ်သက်နေမှုကိုလည်းမသိတော့ ဖြစ်လာ မယ့်ရလဒ်၊ အကျိုးဆက်ကိုလည်းနားမလည်ဘူး၊ ဒီတော့ အကြောက်အလန့်မရှိ ဆင်ကန်းတောတိုးလုပ်တယ်။ ရက်ရက်စက်စက်လည်း လုပ်တတ်တယ်။ အရှက်မရှိလည်း ပြုမူပြောဆိုတတ်တယ်။ မရှိဘဲနဲ့လည်း ရှိဟန်၊ မ သိဘဲနဲ့လည်း သိဟန်ဆောင်တတ်တယ်။ ဒါ စစ်အစိုးရအဆက်ဆက် ပညာမဲ့အာဏာရှင်တွေ ပြုကျင့်နေကျ စ ရိုက်သဘာဝတွေပါ။ ဒီနည်းနဲ့ လက်အောက်ငယ်သားရဲ့ အထင်ကြီးမှု၊ နာခံမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေ ကြတယ်။
မဆလခေတ်က ဦးနေဝင်းဟာ တတ်ယောင်ကားအလွန်လုပ်တာပေါ့။ အရင်က သူဟာ စာတိုက်ကြီးမှာ စာရေး လို့ ပြောပါတယ်။ ပညာအရည်အချင်းအားဖြင့်တော့ အင်တာလို့ခေါ်တဲ့ ၁၁ တန်း (သို့) ၁၂ တန်းကို ရောက်ခဲ့ တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အင်တာနဲ့တန်တဲ့ အရည်အချင်းမျိုးတော့ မတွေ့ရပါဘူး။ မြန်မာပြည်မှာ ၁၂ တန်း ၁၃ တန်းလောက်ပဲ ကျောင်းတက်ပြီး ပညာကြီးတဲ့ အထင်ကရပုဂ္ဂိုလ်တွေ အမြောက်အမြားရှိပါတယ်။ လောကီ အတန်းပညာ မသင်ခဲ့ရတဲ့ ပညာရှိကြီးတွေလည်းရှိတာပဲ။ သူကတော့ အင်တာအတုကြီးနေမှာပါ။ ဒါကြောင့် သူသိသူတတ်လုပ်လေ့ရှိတယ်။
မြန်မာစကားမှာ ဟိုးအရင်ကတည်းက သုံးစွဲလာခဲ့တဲ့ “လူတော်လူကောင်း” ဆိုတာ ရှိခဲ့ပါတယ်။ အဲဒါကို “လူ ဟာ တော်ပေမယ့် မကောင်းရင် အလကားပဲ၊ ကောင်းဖို့က ပိုအရေးကြီးတယ်၊ ဒါကြောင့် လူကောင်းလူတော် ဆိုတာက ပိုပြီးသင့်လျော်တယ်” ဆိုပြီး ရှေးပညာရှိစကားကိုပြောင်းပြန်လှန်ပစ်တယ်။ ဘာကိုရည်ရွယ်တယ်၊ ဘယ်သူ့ကို ရည်ညွှန်းပြီးပြောတယ်ဆိုတာတော့ လုပ်ငန်းခွင်ဝင်စ ငယ်သေးတဲ့အရွယ်ဆိုတော့ မသိခဲ့ပါဘူး။ အဲ ဒါ အစည်းအဝေးမှာလား၊ ပါတီညီလာခံမိန့်ခွန့်လား၊ တိုင်းပြည်ကို မိန့်ခွန်းပြောတာလား သေချာမမှတ်မိတာ လည်း ခွင့်လွှတ်ပါ။ အဲဒီကစလို့ “လူကောင်းလူတော်” ဆိုတာ ဖြစ်လာခဲ့တာပါပဲ။
သူပြောတာ ကျိုးကြောင်းဆီလျော်မှု ရှိချင်လည်းရှိမှာပါ။ ဒါပေမယ့် ဒါဟာ ပညာရှိတွေရဲ့ အလုပ်ပါ။ အာဏာရှိ သူပြောတာနဲ့ လိုက်လုပ်ရတာဟာ အမှန်တရားကို ပျောက်ကွယ်စေပါတယ်။ လူကောင်းလူတော်က မှန်သ လား၊ လူတော်လူကောင်းက မှန်သလား ယူဆချက်ကွဲလွဲနိုင်ပေမယ့် ဟိုတုန်းက လက်ခံထားခဲ့တာကတော့ လူ တော်လူကောင်းပါ။ ဖဆပလခေတ် ပြည်တော်သာစီမံကိန်းအတွက် ဆရာမြို့မငြိမ်း ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ် ရှိပါတယ်။ အခုထိထင်ရှားဆဲ၊ နာမည်ကြီးဆဲ၊ အကြိမ်ကြိမ် ပြန်ဆိုကြဆဲပါ။ “လူချွန်လူကောင်း” တဲ့။ တော်တာနဲ့ ချွန်တာဟာ အတူတူပါပဲ။
ဆရာကြီးမင်းသုဝဏ်တို့ လက်ထက်တုန်းကလည်း မြန်မာအဘိဓာန်လုပ်ငန်းထဲအထိတောင် ဦးနေဝင်းက နား မလည်ပါးမလည်နဲ့ ဝင်စွက်ခဲ့တာပါ။ မြန်မာစာအသုံးအနှုန်း တခု၊ တကောင်၊ တယောက် ဆိုတာကိုလည်း အခု ရေးနေကြတဲ့အတိုင်း တစ်ခု၊ တစ်ကောင်၊ တစ်ယောက် စသဖြင့် ရေးဖို့လုပ်ခဲ့တာလည်း ဦးနေဝင်းပါပဲ။ စာပေ ဆိုလို့ ရွှေသွေးလောက်သာဖတ်ပြီး ကျမ်းကြီးကျမ်းခိုင်တွေကို သူပိုင်နိုင်တယ်လို့များ ထင်ထားလေသလားမသိ ပါဘူး။ ပိဋကတ်သုံးပုံကိုတောင် လေးပုံလို့မပြောခဲ့တာ ကံကောင်းတယ်လို့ ယူဆမိပါတယ်။
ဦးနေဝင်းလက်ထက်က ပညာရေးဝန်ကြီး ဦးကျော်ငြိမ်း ဆိုတာလည်း ရှိခဲ့ဘူးတယ်။ ၈၀ ခုနှစ်များဆီကပါ။ စစ် အစိုးရအဆက်ဆက် ပညာရေးဝန်ကြီးတွေဟာ မြန်မာပြည်ပညာရေးတိုးတက်အောင်တော့ မဆောင်ရွက်နိုင် ဘူး။ ဒါပေမယ့် နှမ်းဖြူးတော့တတ်တယ်။ အသေးအဖွဲကိစ္စလေးတွေမှာ ဟိုဝင်ဒီစွက်လုပ်တတ်တယ်။ အဲဒီတုန်း က သူငယ်တန်း မြန်မာဖတ်စာထဲမှာ “ဇ ဇရပ်မှာ တည်းခိုပါ” ဆိုတာပါတယ်။ အဲဒီမှာ “မင်းတို့ဟာက သူများ တွေက လပေါ်လူရောက်နေပြီ၊ အင်္ဂါဂြိုလ်ပေါ် လူရောက်နေပြီ … မင်းတို့က ခုထိ ဇ ဇရပ်မှာတည်းခိုတုန်းလား၊ ဘာလား လျှောက်ပြောတော့ “ဇ ဇလပ်ဖြူ သင်းကြူကြူ” ဆိုပြီး ဖြစ်သွားပါလေရောတဲ့။
အဲဒီလိုပြောင်းသွားတာကို မြန်မာစာပါမောက္ခ ဒေါ်စီစီဝင်း သိတော့ “ဒါဘယ်သူလုပ်တာလဲ၊ ဘာကြောင့် ပြောင်းသွားရတာလဲ၊ ဇရပ်မှာ တည်းခိုတယ်ဆိုတာ မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ကောင်း မြတ်တဲ့ စိတ်ထားကို ဖေါ်ပြတာပဲ၊ ဒါကို ဘာဖြစ်လို့ ပြောင်းပစ်တာလဲ” စသဖြင့်ပြောတော့ ဝန်ကြီးကလည်း မ နေသာတော့ဘဲ “အဲဒီလိုမှန်းမသိလို့ပါ ဆရာမကြီးရယ်၊ ကျနော်ပြောခဲ့တာပါ၊ ဆရာမကြီး သဘောပါပဲလို့” ဝန် ခံပြောကြားပြီး လိုက်လျောခဲ့ကြောင်း၊ အတိအကျ မဟုတ်ပေမယ့် အဲဒီသဘောပြောဆိုကြောင်း ကြားခဲ့ရပါ တယ်။ ဆရာမောင်စွမ်းရည်တို့ဆိုရင် ပိုပြီးပြည့်ပြည့်စုံစုံ တိတိကျကျ သိကြမှာပါ။
၁၉၉၀ ပြည့်နှစ်များဆီက နဝတ ခေတ်ထင်ပါရဲ့၊ မီးရထားဝန်ကြီးဌာနမှာ ဝန်ကြီးက ဦးဝင်းစိန်ပါ။ ကဗျာလင်္ကာ ဝါသနာပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရေးတဲ့ ကဗျာဆိုတာတော့ မတွေ့ဘူးပါဘူး။ ရေးလည်းရေးမထင်ပါ ဘူး။ ဒါတွေက အကြောင်းမဟုတ်ပါဘူး။ တခါမှာတော့ သူ့အိမ်မှာ ကဗျာဝပ်ရှော့ဆိုတာ လုပ်တယ်။ ကဗျာ စာ ပေဆိုတာ လူတိုင်းမွေ့လျော်ခွင့်ရှိပါတယ်။ အပြစ်ဆိုစရာ မဟုတ်ပါဘူး။ လူတော်တော်များများလည်း ကဗျာကို ချစ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုကြားတဲ့အချိန်မှာ ကျနော့်စိတ်ထဲဖြစ်လာတဲ့ ခံစားချက်ကတော့ “ကဗျာဝပ် ရှော့နဲ့ မီရထားဝန်ကြီးနဲ့ ဘာဆိုင်လဲ” ဆိုတာပါပဲ။
ဝန်ကြီးဆိုတာ ဝန်ကြီးဌာနတခုရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လုပ်ငန်းကိစ္စအဝဝ တိုး တက်ဖွံ့ဖြိုးဖို့၊ ကောင်းမွန်ဖို့ဟာ တိုင်းပြည်နဲ့ချီပြီး သူ့မှာ တာဝန်ရှိတာပါ။ စစ်အစိုးရအဆက်ဆက် ဝန်ကြီးဌာန အားလုံးဟာ ဖြစ်ချင်တိုင်းဖြစ်နေကြတာမို့၊ မီရထားဝန်ကြီးဌာနတခုထဲကွက်ပြီး အပြစ်မပြောလိုပါဘူး။ မဆိုင် တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဆိုတဲ့ လုပ်ရပ်မျိုးလုပ်တာကိုသာ ပြောလိုတာပါ။ သူ့လက်ထက်ကစလို့ ဖြစ်လာခဲ့ တဲ့၊ မြန်မာ့မီးရထားဝန်ကြီးဌာနရဲ့ အတိုကောက်အသုံးအနှုန်း “မမ” ဆိုတာကြီးကျတော့လည်း ကဗျာလည်းမ ဆန်၊ သုံးလို့စွဲလို့လည်း မဟန်ပါဘူး။ ဘယ်သူမှ မမ နဲ့ ခရီးသွားမယ်၊ မမ ကို စီးမယ်ဆိုတာမျိုး မသုံးကြပါဘူး။
ဦးနေဝင်းကစလို့ သူ့ဝန်ကြီးများ၊ အခုခေတ် ဗိုလ်ချုပ်၊ တိုင်းမှူး၊ ဝန်ကြီးများအထိ နှမ်းဖြူး၊ ဆရာလုပ်၊ ဝင်စွက်၊ လမ်းညွှန်မိန့်ကြား အစရှိသဖြင့် မျိုးစုံအောင်လုပ်နေကြတာပါ။ ဒါတွေဟာ တတ်ယောင်ကား စစ်ဗိုလ်ချုပ်များရဲ့ အကျင့်စရိုက်ဖြစ်နေတာမို့ မထူးဆန်းတော့ပါဘူး။ ရေးလို့လည်းမကုန်နိုင်ပါဘူး။ ဒါပေမယ့် မထူးခြားတာတွေ ထဲက အထူးဆန်းဆုံးတခုကိုတော့ အံ့သြမှုနဲ့အတူ “ဟာသပဲ” လို့ သဘောထားမိရင်းနဲ့ တွေးမိတယ်။ သူများ တွေဘယ်လိုသဘောထားတယ် မပြောတတ်ပေမယ့် ကျနော့်အဖို့တော့ “ရီချင်လိုက်တာ ဖတ်ဖတ်မော၊ ရင် ဘတ်နောက်ကကျော” လို့ ပြောရမလိုပါ။
အဲဒါကတော့ ၁၉၉၅ ခုနှစ်တုန်းက ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည်ဆိုတဲ့ “လောကနီတိ” စာအုပ်က လေးပါ။ မနှစ်တမြန်နှစ်လောက်ကမှ ဒီစာအုပ်ကို တွေ့မိပါတယ်။ လောကနီတိကို ကျနော်တို့ငယ်ငယ် ဘုန်းကြီး ကျောင်းသားဘဝတုန်းက အနည်းအကျဉ်း သင်ခဲ့ရဖူးပါတယ်။ ဒီစာအုပ်ငယ်ကလေးထဲမှာ ဆိုထားတာကတော့ “လောကနီတိသည် လောကအကြောင်းနှင့်စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်း ဖြစ်သည်” လို့ ဆိုထားပါတယ်။ တကယ်တော့ ကြီးပွားတိုးတက်ရန်သာမက၊ လိမ္မာယဉ်ကျေးရန်၊ ရိုသေလေး စားတတ်ရန်၊ ကျေးဇူးသိတတ်ရန်အတွက် ဘုရားဟောကျမ်းဂန်များမှ လောကီရေးရာနှင့်ပတ်သက်သည့် သင့် နိုးရာရာတို့ကို ကောက်နှုတ်ရွေးချယ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနပါမောက္ခ ဒေါ်ခင်ဝင်းကြည်ရဲ့ ဝါရှင်တန်တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ အတွက် တင်ပြတဲ့ Burmese Philosophy Reflected in Caturingabala’s Loka Niti ကျမ်းကို ဒုတိယဗိုလ် ချုပ်ကြီးထွန်းကြည် ဖတ်ရှုမိရာမှ အခြေခံပညာမူလတန်းကျောင်းသားများအတွက် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ကျစ်လစ်တိကျတဲ့ ကျမ်းငယ်တစောင် လိုအပ်တယ်လို့ ယူဆမိပါသတဲ့ (သူက ပညာရေးဝန်ကြီးလည်းမဟုတ်)။ ဒါကြောင့် ဆရာကြီးဦးတက်တိုးကို တိုက်တွန်းတောင်းပန်ခဲ့ရာကနေ ဒီစာအုပ်ငယ် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါ တယ်။ ဆရာတော်ဦးဗုဒ်ရဲ့ ပါဠိမှ မြန်မာဘာသာပြန်ကို အခြေပြုပြီး မြန်မာနဲ့ အင်္ဂလိပ်ဘာသာပြန်ကို ဆရာကြီး ဦးတက်တိုးက ပြုစုထားပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်က အမှာစာတောင်ရေးလို့ ...။
လောကနီတိကျမ်းဟာ လူ့လောက၊ လောကီအကျိုးစီးပွားကို ဆောင်ကြဉ်းစေတာမို့ လေ့လာဆည်းပူးအပ်၊ လက်တွေ့ကျင့်သုံးအပ်သလို၊ လူအများလေ့လာနိုင်အောင် ဆောင်ရွက်တာဟာလည်း ချီးကျူးလေးစားထိုက်ပါ တယ်။ ဒါပေမယ့် လောကနီတိကျမ်းကို ဗိုလ်ချုပ်ထွန်းကြည်က၊ ကမကထပြုပြီး ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေလိုက်တဲ့အတွက် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်ရဲ့လုပ်ရပ်တွေဟာ လောကနီတိကျမ်းလာ နဲ့ ကိုက်ညီတယ်လို့များ ယူဆကြရင်ဖြင့် ငါးပါးမက သံဃာစင်ပါ မှောက်ကုန်တော့မှာပဲ။ သာမန်အားဖြင့်ကြည့် ရင် မွန်မြတ်တဲ့ အလုပ်အကိုင်များ လုပ်ကိုင်နေသယောင်၊ ဒေါက်တာဘွဲ့ယူကျမ်းကြီးပဲ ဖတ်နိုင်သယောင်၊ ယုန် ထင်ကြောင်ထင်ဖြစ်အောင် ပြည်သူလူထုကို လိမ်ညာလှည့်စားပြီး၊ တတ်ယောင်ကား လုပ်နေကြတယ်။ ရှင်း ရှင်းရေးရရင် လောကနီတိကျမ်းနဲ့ ဗိုလ်ချုပ်ထွန်းကြည် ဘာဆိုင်လို့လဲ။
လောလောဆယ် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ နန်းကျရာဇာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်အခါက လည်း ဟိုနေရာပါ ဒီနေရာပါနဲ့ တပြည်လုံး သူ့ခြေသူ့လက်ဆိုသလိုပါပဲ။ အလုပ်တွေသိပ်လုပ်သပေါ့။ ဒါပေမယ့် ကြည့်လိုက်ရင် အဝတ်အစားက မတွန့်မကြေ၊ ကော့ပြန်နေတာပါပဲ။ ခေါင်းက ဆံပင်အမောက်ကို ဖြီးသင်ထား လိုက်တာက ဟိုတုန်းက ရုပ်ရှင်မင်းသား ဇော်ခင်လား၊ တွံတေးသိန်းတန်လား အောက်မေ့ရပါတယ်။ စီးထားတဲ့ ရှူးဖိနပ်က မှန်ကြည့်လို့ရတယ်။ ဒါလားဟဲ့ စစ်သားလို့ မေးရမလိုပါ။ တီဗီထဲမှာ လှလှလေးပါဖို့၊ သတင်းစာထဲ မှာ ရွရွလေးပါဖို့လောက်ကို ကလေးကလားအရေးထားနေတယ်။ ဟန်ပြတွေပေါ့။ ဒါကြောင့်ဘယ်နေရာမှ မတိုး တက်တာဖြစ်တယ်။
ဒီလိုလူကိုပဲ တချို့က ပြုပြင်ပြောင်းလဲရေးလုပ်လိုသူ၊ သဘောထားပျော့ပြောင်းသူ အစရှိသဖြင့် အကောင်းမြင် ပြီး အထင်ကြီးနေကြသေးတယ်။ စစ်အစိုးရအာဏာသိမ်းပြီး မကြာခင်၊ သူအာဏာရှိန်တက်ခါစက “တိုင်းပြည် နဲ့လူမျိုးကို ချစ်တဲ့စိတ်ရှိတာချင်း ပြိုင်ဝံ့ပါတယ်” ဆိုတဲ့ စိန်ခေါ်မှုမျိုး တိုင်းပြည်ကို ပြောခဲ့ဖူးတယ်။ ဒါကြောင့်ပဲ ထင်ရဲ့။ ဟိုတလောက နယ်စပ်အပစ်ရပ်အဖွဲ့တွေကို စေ့စပ်ရေးလုပ်ပေးဖို့ နအဖကချဉ်းကပ်တော့ ထိန်းသိမ်းခံ ထားရတဲ့ သူ့ရဲ့ထောက်လှမ်းရေးက လူ (၃၀၀) ကျော် လွှတ်ပေးမှ လုပ်ပေးမယ်လို့ ပြောတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့လူက ဘာဖြစ်လို့ “တိုင်းပြည်နဲ့ လူမျိုးကောင်းဖို့ ရှေ့ရှုတဲ့လုပ်ရပ်ဖြစ်မှ လုပ်ကိုင်ပေးမယ်” ဆို တဲ့ အသုံးအနှုန်းမျိုး မသုံးရတာလဲ။ သူချစ်တာက သူ့လူ (၃၀၀) ကျော်ကိုပဲလား၊ ရှေ့နောက်လည်း စကားမညီ ပါဘူး။
ဒီလိုလူမျိုးတွေက ကြီးကျယ်တဲ့ လုပ်ရပ်တွေမှာ မတန်မရာဝင်လုပ်ပြီး နေရာယူတတ်တယ်။ မြန်မာနိုင်ငံ ပုံ တောင်ပုံညာဒေသနဲ့ အခြားဒေသများရဲ့ ရှေးနှစ်သန်းပေါင်း (၄-၅၀) ခန့်သက်တမ်းရှိတဲ့ အီယိုဆင်းကျောက် လွှာတွေထဲမှာ လူရဲ့အဦးအစဖြစ်တဲ့ လူတူလူဝံခေါ် ပုံတောင်ပရိုင်းမိတ်များရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရ တဲ့အတွက် “လူသားရဲ့အဦးအစ၊ မြန်မာက၊ မြန်မာလူမျိုးများဟာ ဘယ်နိုင်ငံ၊ ဘယ်ဒေသကမှ ရွှေ့ပြောင်းလာ ခဲ့တာမဟုတ်ဘဲ ကိုယ့်နိုင်ငံအတွင်းမှာပဲ ပေါက်ဖွား ရှင်သန်ပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ကြတယ်” လို့ မြန်မာဘူမိဗေဒပညာရှင်များက ၁၉၇၀-၈၀ နှစ်များက ဆိုခဲ့ပါတယ်။
နဝတ က အဲဒီ “လူသားအစ၊ မြန်မာက” ဆိုတာကို ဝါဒဖြန့်ဖို့အတွက် ရှေ့တန်းတင်၊ စစ်ထောက်လှမ်းရေးက ကမကထပြု ကွင်းဆင်းလေ့လာပြီး အသားလုပ် ပနာယူမှုတွေပြုခဲ့ပါတယ်။ တက္ကသိုလ်ဆရာများ၊ ပညာရှင်များ ကတော့ နောက်တန်းကပဲ နေရာပေး အသိအမှတ်ပြုခြင်းခံရပါတယ်။ လူ့အခွင့်အရေးကို မတရားသဖြင့် ချိုး ဖောက်၊ ဒီမိုကရေစီဘက်သားနဲ့ တခြားရန်သူလို့ယူဆရတဲ့သူတွေကို လျှို့ဝှက်ထောက်လှမ်းပြီး ရက်ရက်စက် စက်ပြုကျင့်လေ့ရှိတဲ့ စစ်ထောက်လှမ်းရေးနဲ့ အဆင့်မြင့်ပညာရှင်အလုပ်ဖြစ်တဲ့ “လူသားအစ မြန်မာက” ဟာ ပြဒါးတလမ်း သံတလမ်းပါ။ ဒါဟာလည်း ကူလီကူမာ ဉာဏ်ကစားပြီး အသားယူတတ်တဲ့ စစ်အုပ်စုရဲ့အကျင့်စ ရိုက်ပါ။
သူ့ကိုသူ ဘဝရှင်မင်းတရားကြီးစိတ်ပေါက်နေတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး၊ ရွှေမန်း၊ အောင် သောင်းနဲ့ သိန်းစိန်တို့ကတော့ ကြည့်လိုက်ရင်ကိုပဲ ဘာမှမတတ်ဘူးဆိုတာ ထင်ရှားနေတယ်။ ဒါကြောင့်သူတို့ ကတော့ ပေါ်ပေါ်တင်တင် ဗြောင်ကျကျပဲလုပ်တော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံခိုင်း တယ်။ ၂၀၀၇ မှာ ဘုရားသားတော် သံဃာတော်တွေကိုတောင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တယ်။ ၂၀၀၈ မှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်မယ့် အမေရိကန်နဲ့ ပြင်သစ်၊ အင်္ဂလန်က သင်္ဘောတွေကို အဝင် မခံဗြောင်ငြင်းဆန်တယ်။ ပြည်တွင်းက ကူညီရေးအဖွဲ့တွေကို ရန်ရှာတယ်။ ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံတယ်ဆိုပြီး ဒီဥပဒေအရ စစ်အုပ်စု သက်ဆိုးရှည်စေဖို့ အခုကြိုးစားနေပြန်ပြီ်။ ကိုယ့်ဘက်က ဘာမှပြင်ဆင်လိုက်လျောမှုမရှိဘဲ စီးပွားရေးပိတ်ဆို့မှု တွေ ရုတ်သိမ်းပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကလေးမုန့်တောင်းသလို အရှက်မရှိ ဗြောင်တောင်း ဆိုခဲ့တယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုတဲ့အတွက် မရ ရတဲ့နည်းနဲ့ ကြိုးစားဆောင်ရွက်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ကြားထဲက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ထား တာတွေကို ဖယ်ရှားပေးနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် အရေးယူမှုအခြေအနေကို အသေးစိတ်သိ နိုင်ရန် အီးယူသံတမာန်တွေနဲ့ တွေ့ခွင့်ပြုဖို့ခွင့်တောင်းခဲ့တယ်။ ခွင့်ပြုတဲ့အတွက် အခုလ (၁၀) ရက်နေ့က တွေ့ ကြပါတယ်။ ဒါကိုကြည့်ပြီး ဗြောင်သမားတွေ သဘောထားပြောင်းလာပြီလို့များယူဆရင် ယူဆဖို့ သိပ်စောလွန်း နေသေးတယ်လို့ ထင်ပါတယ်။ အီးယူသံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာလို့ ပိတ်ဆို့မှုရုတ်သိမ်းရင် သူတို့ပဲ အကျိုးရှိမှာကိုး။ စိတ်ရင်းစေတနာရင်းလို့ ယူဆလို့မရသေးပါဘူး။ လောလော ဆယ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို ပယ်ချထားတာပါ။ ကျန်တဲ့ အရေးကြီးတဲ့ တောင်းဆိုမှုအားလုံး ရနိုင်ဖို့ဆိုတာ အဝေးကြီးရှိပါသေးတယ်။
ဒါပေမယ့် ဒီအချိန်အခါမှာ နည်းဗျူဟာမျိုးစုံသုံးပြီး ချဉ်းကပ်လာရမှာက နအဖပါ။ နအဖဟာ စီးပွားရေးပိတ်ဆို့ အရေးယူထားမှုတွေ ရုတ်သိမ်းစေလိုတယ်ဆိုရင် အမှန်တကယ် လိုက်လျောမှုတွေ ပြုလာရမှာဖြစ်ပါတယ်။ အ မေရိကား၊ ကုလသမဂ္ဂ၊ အီးယူနဲ့ နိုင်ငံတကာတို့ကလည်း နအဖကို တောချောက်ပေးနေပါပြီ။ NLD နဲ့ ဒီမိုက ရေစီအင်အားစုများဟာ ယုံကြည်ချက်နဲ့ မိမိတို့ချမှတ်ထားတဲ့ လမ်းစဉ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဖို့ပါတယ်။ ညီ ညီညွတ်ညွတ်နဲ့ ဆက်လက်ချီတက်ရင် တတ်ယောင်ကားနဲ့ ဗြောင်သမား စစ်အာဏာရူးတို့ရဲ့ အရှက်မရှိ အုပ် ချုပ်မှုအောက်က မကြာခင် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်း ...။
မောင်ဂဒိုး
http://drlunswe.blogspot.com/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment