Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 7 July 2009


ဂျိုင်းတံတား ပျက်စီးယိုယွင်းမှုကြောင့် ကုန်ဈေးနှုန်းများတက်
NEJ / ၆ ဇူလိုင် ၂၀၀၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင် ဂျိုင်းတံတား (ကော့ကရိတ်) ယိုယွင်းလာသောကြောင့် တန် (၂ဝ) အောက် ကားများကိုသာ ဖြတ်သန်းခွင့်ပြုသည့်အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဘားအံ-မြဝတီ ကုန်သည်များက ပြောသည်။

ဂျိုင်းတံတား (ကော့ကရိတ်) သည် ရန်ကုန်-ဘားအံ-မြဝတီ-မဲဆောက် ကားလမ်းပေါ်တွင် တည်ရှိပြီး ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့်လမ်းပေါ်ရှိ တံတားတခုဖြစ်သည်။

တံတားတာဝန်ကျဝန်ထမ်းတဦးက “ကြိုးတံတားကြီးဟာ စောင်းနေပြီ။ လေးပင်တဲ့ ကားကြီးတွေ ဖြတ်ရင် စောင်းပြီး လိမ်ပြီး ပြတ်ကျသွားမယ့်အန္တရာယ် ရှိနေတယ်။ ပြီးခဲ့တဲ့ (၂) ပတ် နေပြည်တော်က အင်ဂျင်နီယာအဖွဲ့ ဆင်းလာပြီး စစ်တယ်၊ တံတား အခြေအနေ မကောင်းဘူးဆိုပြီး တန် (၂ဝ) အောက်ကားတွေကိုပဲ ဖြတ်သန်းခွင့်ပြုဖို့ ညွှန်ကြားသွားတယ်” ဟု ပြောသည်။

မူလက တံတားကြီးပေါ်တွင် တန် (၆၀) အောက်ကားများ ဖြတ်သန်း၍ရသော်လည်း တံတားတည်ဆောက်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ အားနည်းချက်များရှိပြီး တံတားတာဝန်ကျများက ညပိုင်းတွင် လာဘ်ငွေယူပြီး တန် (၆ဝ) အထက်ကားများကို ညအချိန်ဖြတ်သန်းခွင့်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ တံတားပျက်စီးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

(၁၂) ဘီးကားများနှင့် ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်သို့ ကုန်စည်များတင်သွင်းနေသည့် ကုန်သည်တဦးကလည်း ကော့ကရိတ်တံတားရောက်သည်နှင့် ကားပေါ်ပါလာသည့်ပစ္စည်းများကို ထော်လာဂျီနှင့် အခေါက်ခေါက်တင်ပြီး တံတားကို ဖြတ်ရကြောင်း ပြောသည်။

၎င်းက “ကားပေါ်မှာ ပစ္စည်းတွေ ကုန်သလောက်နီးပါးဖြစ်မှ တန် (၂ဝ) အောက်အဖြစ် ဖြတ်သန်းခွင့်ရတယ်။ နောက် တံတားတဖက်ကို ပြန်ရောက်မှ စုပုံထားတဲ့ ပစ္စည်းတွေကို ကားပေါ်ပြန်တင်ပြီး ခရီးဆက်ရတယ်။ ဒီလမ်းမှာ ကုန်ကားတွေ အများကြီးရှိလို့ ယာဉ်ကြောပိတ်ဆို့ပြီး ပစ္စည်းကဲ့ရတာ အချိန်အတော်ကြာတယ်။ ဒီအတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခတွေ ကြီးမြင့်လာတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်-ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်ရှိ ကော့ကရိတ်-မြဝတီ ကားလမ်းသည် ဒေါနတောင်တန်းပေါ်တွင် ဖြတ်သန်းဖောက်လုပ်ထားပြီး လမ်းကျဉ်းသည့်အတွက် ကားများသည် အတက်တနေ့ အဆင်းတနေ့ တလှည့်စီ မောင်းကြရသည်။

အဆိုပါလမ်းသည် စစ်ဆေးရေးဂိတ်များပြီး လာဘ်ငွေတောင်းအများဆုံး လမ်းဖြစ်သည်ဟုလည်း ကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံက ကော့ကရိတ်-မြ၀တီကားလမ်းကို နှစ်လမ်းသွားအဖြစ် ဖောက်လုပ်ပေးနေသော်လည်း ပြီးစီးခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး-မူဆယ်လမ်းမှ တံတားများ၊ ရန်ကုန်-ဘားအံ-မြဝတီလမ်းမှ တံတားများသည်လည်း ပျက်စီးယိုယွင်းလျက်ရှိပြီး မကြာခဏ ပြင်ဆင်ရသောကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရသည်။

ယခု ဂျိုင်းတံတား (ကော့ကရိတ်) ကို နဝတ စစ်အစိုးရလက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး (၁ဝ) နှစ်ဝန်းကျင်အတွင်း ပျက်စီးယိုယွင်းလာခြင်းဖြစ်သည်။
-------------------------------------------------------------
ရန်ကုန်တွင် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲလုပ်
ပြည်တွင်းမီဒီယာများ မေးမြန်းခွင့်မရ
NEJ / ၆ ဇူလိုင် ၂၀၀၉

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအား စစ်အစိုးရအနေဖြင့် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ဆောင်ရွက်သင့်သော်လည်း ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။

နအဖစစ်အစိုးရသည် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း လိုက်နာမှုမရှိကြောင်း ဇူလိုင်လ (၄) ရက် ညနေတွင် ရန်ကုန် မြို့ မူးယစ်ဆေးဝါးပြတိုက်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဂျာနယ်များမှ သတင်းတာဝန်ခံများ၊ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို တောင်းဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တွေ့ဆုံခွင့်မပေးခဲ့ကြောင်း တက်ရောက်ကြသည့် ပရိသတ်များအား မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအဖွဲ့၏ အတွင်းရေးမှူးချုပ်တယောက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံခွင့်တောင်းခြင်းကို ခွင့်မပေးသည့်လုပ်ရပ်သည် မြန်မာစစ်အစိုးရ၏ သဘောထားကို ပြလိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကြည့်ရတာ ဘန်ကီမွန်းက တော်တော်လေးကို စိတ်ဓာတ်ကျနေပုံရတယ်။ သူက ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားပုံရတယ်” ဟု သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့သည့် ပြည်တွင်းမှ သတင်းဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

ပြည်တွင်းမီဒီယာများက မေးခွန်းများ မေးခွင့်ရရန် မျှော်လင့်ခဲ့ကြသော်လည်း ဘန်ကီမွန်းကို မေးခွန်းများ မေးခွင့်မပေးကြောင်း ရှင်းလင်းပွဲတက်ခဲ့သည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်း နိမ့်ကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးယူထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ပေးထားသင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဇူလိုင်လ (၃) ရက် နံနက် မြန်မာစံတော်ချိန် (၉) နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဇူလိုင် (၄) ရက် ညနေ (၇) နာရီခန့်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားသည်။

မစ္စတာဘန်ကီမွန်းသည် ခရီးစဉ်အတွင်း နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း ကျုံဒါးကျေးရွာကို သွားရောက်ခဲ့ကြောင်း သိရသည်။
-------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း
ကြိုတင်အသိပေးထားဟု နအဖသတင်းစာတွင်ဖော်ပြ
NEJ / ၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင်အသိပေး ထားပြီးဖြစ်ကြောင်း နအဖသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွက် မစ္စတာဂမ်ဘာရီ လာရောက်ညှိနှိုင်းစဉ်ကပင် ထိုကိစ္စအား အသိပေးပြီးဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ၏ ဇွန် (၂၆) ရက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဆိုသည်မှလွဲ၍ ကုလသမဂ္ဂဘက်က အသေးစိတ်ပြောဆိုခြင်းမပြုခဲ့ပေ။

ယခုအခါ မစ္စတာဂမ်ဘာရီ၏ အကြိုခရီးစဉ်အတွင်း ကြိုတင်ညှိနှိုင်းထားချက်များကို မြန်မာစစ်အစိုးရက ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ (၂) ရက်တာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် (၂) ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အလေးပေးပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကိစ္စကို ငြင်းပယ်ခဲ့သည်။

ထိုသို့ငြင်းပယ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ်မျှတစွာ ဆောင်ရွက်နေသော တရားစီရင်မှုတွင် မိမိတို့အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့်မရှိပါကြောင်းဟု သုံးနှုန်းပြောဆိုသွားသည်။

သို့သော် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကမူ တရားခွင်သည် လွတ်လပ်မျှတမှုမရှိဟု ယုံကြည်ကြသည်။

အင်းစိန်ထောင်အထူးတရားခွင်ကို နအဖစစ်အစိုးရက တံခါးပိတ်စစ်ဆေးနေပြီး သံတမန်အသိုင်းအ၀ိုင်းနှင့် သတင်းသမားများကို နှစ်ကြိမ်ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း မေးမြန်းသတင်းရယူခွင့် မပေးခဲ့ချေ။

-------------------------------------------------------------
ပထမဦးဆုံး MNL ဖလား မန္တလေးရသွားပြီ
ဧရာဝတီ
မြန်မာ့ကြေးစား ဘောလုံးလောက၏ ပွဲဦးထွက် MNL CUP Grand Royal 2009 ဖလား ဗိုလ်လုပွဲကို လူဦးရေ ကန့်သတ် ပြုလုပ်မည်ဟု အသံထွက်ခဲ့သော်လည်း ယမန်နေ့ညနေက ရန်ကုန်တွင် အဆိုပါ ဗိုလ်လုပွဲ ကျင်းပသောအခါ ကွင်းလျှံထွက်သွားသည်။
ဘောလုံးဝါသနာရှင်များ သုဝဏ္ဏကွင်း လေးဘက်လေးတန် ပြည့်သွားကာ လက်ရမ်းဘောင်များပေါ်တွင်ပင် ကုတ်တွယ် တက်ထိုင်ပြီး အားပေးကြသည်။ လူသွားလမ်းများတွင်လည်း မတ်တတ်ရပ် ကြည့်သူများဖြင့် ပြည့်နှက်နေသည်။
ဗိုလ်လုပွဲစဉ်ကို ရုပ်မြင်သံကြားတွင် တိုက်ရိုက် ထုတ်လွှင့် ပြသသောကြောင့် ညနေပိုင်း လျှပ်စစ်မီးရရှိသူ ရန်ကုန်ဒေသခံများက နေအိမ် ရုပ်မြင်သံကြားရှေ့မှ အားပေးကြသည်။
ဘောလုံးကွင်းအထိ သွားရောက်အားပေးကြသူများမှာ ပွဲမစမီ သုံးလေးနာရီ ခန့်ကပင် တဖွဲဖွဲ ကြိုတင်ရောက်နေကြသည်။
ပရိသတ်က ဆူဆူညံညံ အားပေးသကဲ့သို့ နှစ်ဘက် အားကစားသမားများကလည်း ကြမ်းကြမ်းတမ်းတမ်း ကစားကြသည်။ သို့သော်လည်း ဒိုင်လူကြီးက အဝါကတ် ၅ ကြိမ်သာ ထုတ်ပြခဲ့သည်။
ကြေးစား ဘောလုံးအသင်း ၈ သင်းထဲမှ အကောင်းဆုံး အသင်း ၂ သင်း ဖြစ်သော ရတနာပုံ FC အသင်းနှင့် ရန်ကုန် ယူနိုက်တက် FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြသည့် ဗိုလ်လုပွဲ ဖြစ်သည်။

ရတနာပုံ FC အသင်းသည် မန္တလေးတိုင်းကိုယ်စားပြုအသင်းဖြစ်သည်။ ရန်ကုန် ယူနိုက်တက် FC အသင်းမှာ ရန်ကုန်တိုင်းကို ကိုယ်စားပြုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည်ဟု သတင်းထွက်နေသော ဦးတေဇ ပိုင်ဆိုင်သည့်အသင်း ဖြစ်သည်။ ထို့ကြောင့် ဒိုင်လူကြီးများ အားကိုးဖြင့် ရန်ကုန်အသင်း အနိုင်ရရှိရေးကို ဆောင်ရွက်လိမ့်မည်ဟုပင် တချို့က တွက်ဆထားကြသည်။
ထိုတွက်ဆချက်များ မှားသွားသည်။ ရတနာပုံ FC အသင်း အနိုင်ရပြီး ဖလားကို ဆွတ်ခူးသွားလေသည်။ နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ ဆုံးဖြတ်ချက် ခံယူခဲ့ရာ ရတနာပုံအသင်းက ၆ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
ရန်ကုန်အသင်း အသင်းခေါင်းဆောင် ဂိုးသမား အောင်အောင်ဦးက အစွမ်းကုန် ကာကွယ်သော်လည်း ဂိုးများ အသွင်းခံရသည်။
သို့သော်လည်း သူ၏ ကြိုးပမ်းချက်မှာ ၆ ဂိုး အသွင်းခံခဲ့ရသဖြင့် ချီးကျူးခြင်း မခံရပေ။
“ဟိုခုန် ဒီခုန်နဲ့ ဟန်ရေးပြတာ များသွားတယ်လေ။ ဒါကြောင့် အသွင်းခံရတာ” ဟု ရန်ကုန်အသင်းဘက်မှ အားပေးသူ ရန်ကုန်သားတဦးက ပြောသည်။
ရတနာပုံ အသင်းဘက်မှ လောင်းကြေးထပ်သူတချို့မှလွဲ၍ ရန်ကုန်သား အများစုမှာ ရန်ကုန်အသင်းဘက်မှ အားပေးကြသူများဖြစ်သည်။
ရန်ကုန်အသင်းက ဂိုးရရှိချိန်တွင် တီဗီကြည့် ပရိသတ်ထံမှ “ဂိုး”ဟူသော ဝမ်းသာအားရ အော်ဟစ်လိုက်သံများ ဆူညံသွားသည်။
“လမ်းထဲမှာတော့ တီဗီကနေ တော်တော် ကြည့်ကြတယ်။ ရန်ကုန်က ဂိုးသွင်းလိုက်ရင်တော့ ကျုပ်တို့ တိုက်ခန်းတွေမှာ ခြေဆောင့်ပြီး အော်ကြတာ ပွက်လောရိုက်နေတာပဲ။ ဟိုက သွင်းလိုက်ရင်တော့ ငြိမ်သွားပါလေရော၊ လုံးဝ အသံ မထွက်တော့ဘူး” ဟု ရန်ကုန်မြို့လယ် အထပ်မြင့်တိုက်ခန်းတခုတွင် နေထိုင်သူ စာရေးဆရာတဦးက ပြောသည်။
ဘောလုံးပွဲ ကျင်းပရာ သုဝဏ္ဏကွင်းထဲတွင်လည်း အော်ဟစ် အားပေးသံများဖြင့် ဆူပွက်နေသည်။ ရန်ကုန်တွင် ပြုလုပ်သောပွဲ ဖြစ်သော်လည်း မန္တလေးမှ ပရိသတ်အများအပြား ရောက်နေသောကြောင့် ပရိသတ်က ဆတူခန့် ဖြစ်သွားသည်။
ဗိုလ်လုပွဲသို့ သွားရောက် ကြည့်ရှုမည့် ပရိသတ် အရေအတွက်ကို ကန့်သတ်သည့် အာဏာပိုင်တို့က ဝင်ကြေးကိုလည်း တိုးမြှင့်ခဲ့ရာ ရိုးရိုးတန်း လက်မှတ်ကို ကျပ် ၅ဝဝ မှ ကျပ် ၂ဝဝဝ သို့ ပြောင်းလိုက်သည်။ အထူးတန်း ကျပ် ၁ဝဝဝ တန်လက်မှတ်မှာ ကျပ် ၃ဝဝဝ ဖြစ်သွားသည်။
“အဲလိုသတ်မှတ်တာက ပရိသတ် တချို့ ဆူပူမှာကို ကာကွယ်ရာ ရောက်သလို အသင်းကြီးတွေ ယှဉ်ပြိုင်တဲ့ အခါ ပရိသတ်ကို ထိန်းတဲ့ သဘောပါ” ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြန်ကြား ရေးတာဝန်ခံ ဦးစိုးမိုးက သတင်းထောက်များကို ပြောဖူးသည်။
ကျပ် ၃ဝဝဝ တန် အထူးတန်း ပွဲကြည့်စင် လက်မှတ်မှာ ကွင်းအပြင်ဘက် မှောင်ခို ဈေးကွက်တွင် ကျပ် ၉ဝဝဝ ဝန်းကျင် ဖြစ်သွားသည်။
သုဝဏ္ဏကွင်း အပြင်ဘက်ရှိ လက်မှတ် မရသည့် ထောင်နှင့် ချီသော ပရိသတ်ကိုလည်း ဘောလုံးပွဲ တနည်းတဖုံ ကြည့်နိုင်ရန် အာဏာပိုင်တို့က စီစဉ်ပေးသည်။ သုဝဏ္ဏ လေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် အမှတ် ၂ တို့တွင် ပရိုဂျက်တာ ဖြင့် ပြသခဲ့ခြင်းဖြစ်သည်။
မေလ ၁၆ ရက်နေ့ မှ စတင် ကျင်းပခဲ့ သော မြန်မာနေရှင်နယ်လိ ပွဲစဉ်များကို မြန်မာ့ဘောလုံး ဝါသနာရှင်များက ဝမ်းသာအားရ ကြည့်ရှုအားပေးကြသည်။ မြန်မာ့ဘောလုံးလောက တခေတ်ဆန်းလာပြီဟု ကြိုဆိုကြသကဲ့သို့ အာဏာပိုင်တို့၏ ဘောလုံးခြေလှမ်းကို သံသယ ဝင်ကြသူများလည်း ရှိသည်။
အာဏာပိုင်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်လိုသောကြောင့် ကြေးစား ကလပ်အသင်းများ ဖွဲ့စည်းစေပြီး ပြိုင်ပွဲများ ပြုလုပ်စေခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများကို အာရုံမစိုက်စေရန် ပြုလုပ်သည့် အစီအစဉ်များတွင် ဘောလုံးပွဲများလည်း ပါဝင်သည်ဟု အချို့က ယူဆနေကြသည်။
ယခုနှစ်မကုန်မီ မြန်မာနေရှင်နယ်လိ ပွဲစဉ်တခု ထပ်မံ ပေါ်ပေါက်လာဦးမည်ဟု အများက ယုံကြည်နေကြသည်။
-------------------------------------------------------------
ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်
Monday, 06 July 2009 18:17 သန်းထိုက်ဦး

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် ဇူလိုင်လအကုန်တွင် မြန်မာပြည်သို့ သွားရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ သွားရောက်ခဲ့ပြီးအပြန် ဘန်ကောက်လေဆိပ်၌ ခေတ္တ ရပ်နားစဉ် ထိုင်းဝန်ကြီးချုပ် အဖိဆစ် နှင့် တွေ့ဆုံသည့်သတင်း၌ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

ထိုင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန်ဝါတန်ယာခွန်က ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် ယခုလ ကုန်ပိုင်း တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဤ ခရီးစဉ်သည် ၎င်း၏ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင်း အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ထပ်မံတောင်းဆို လိုက်သည်ဟု ပါနိတန်ဝါတန်ယာခွန်က ဆိုသည်။

ထိုင်းအစိုးရက မြန်မာစစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံ ရေးအကျဉ်းသားများအား လွှတ်ပေးစေလိုသည်ဟု ၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေမှုကိုလည်း ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံသည်ဟု သိရသည်။

လွန်ခဲ့သည့် မေလ ၁၈ ရက်နေ့က လက်ရှိ တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ် ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး တို့က မြန်မာ စစ်အစိုးရအား ပြစ်တင်ဝေဖန်ခဲ့သည့်အတွက် နှစ်နှိင်ငံ တင်းမာမှုများ ရှိခဲ့သည်။

ယင်း ဝေဖန်မှုကြောင့် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာ အားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေးအနက် ကန့်ကွက်သည်ဟူ၍ တန်ပြန်ကြေညာခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းခဲ့ရာ မြန်မာ စစ်အစိုးရက တွေ့ခွင့်မပြုခဲ့ပေ။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့သဖြင့် စစ်အစိုးရကို စိတ်ပျက်မိကြောင်း ထိုင်း ၀န်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသားထားသည်။

ဘန်ကီမွန်း၏ ၂ ရက် ကြာ ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီရေးနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရ လဒ် မရရှိခဲ့ကြောင်း လေ့လာသူများက ဝေဖန်နေကြသည်။

-------------------------------------------------------------

စိုက်သမျှဘိန်းခြံ လိုက်လံဖျက်ဆီးမည်ဟု စစ်အစိုးရပြည်ထဲရေးဝန်ကြီးပြော
တနင်္လာနေ့၊ 06 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်

ကုလ UNODC ၏ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက်ကြောင့် စစ်အစိုးရ ပြည် ထဲရေး ၀န်ကြီးက နိုင်ငံတ၀ှမ်းလုံးရှိ စိုက်ပျိုးသမျှဘိန်းခင်းများ ဖျက်စီးရမည်ဟု ဂျွန် ၂၀၀၉ ၌ ပြောကြား လိုက် ကြောင်းမူးယစ် စောင့်ကြည့်လေ့လာသည့်အသိုင်းအ၀ိုင်းက ဆိုသည်။

“ပြည်သူတွေ ဘိန်းမစိုက်အောင်၊ စိုက်ရင်လဲ ဘယ်လိုသတင်းအချက်ရယူမယ်၊ ဘယ်လိုဟန့်တား ဖျက်စီးမယ်” စသဖြင့် ပြည်ထဲရေးဝင်ကြီး ကပြောကြားကြောင်း သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေး အဖွဲ့က ဆိုသည်။

ကျေးလက်ဒေသ အကြီးအကဲ တဦးက - အထက်က အမြဲတမ်းယခုကဲ့သို့ မကြာခဏထုတ်ပြန် တတ်ကြောင်း၊ အောက်ခြေ က အခြေအနေမသိရှိ နားမလည်ဘဲ ပြောဆိုခြင်း၊ သိရက်နဲ့ မျက်စိမိတ် နားမိတ်ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း၊ သို့တည်းမဟုတ် မူးယစ်ဆေးဝါး/ဘိန်းစိုက်ပျိုးမှူအကြောင်း တစုံတရာ ပြောဆိုလျှင် နားစွန့်နေသည့် ပုဂ္ဂိုလ်တွေ အတွက် လှန်ကြုတ်ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

LNDO ခေါ် လားဟူအမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့ ခေါင်းဆောင်ဦးဂျဖက်က -“အခုအခြေအနေမှာ ဘိန်း စိုက်ပျိုးမှု ပိုတောင်များလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိန်းစိုက်နယ်မြေတွေကို ဌာနေပြည်သူ့စစ် တွေ ရဲ့တာဝန်အဖြစ် ဒေသခံစစ်တပ်(အာဏာပိုင်)တွေက လွဲထားလိုက်လို့ပါဘဲ။ ပြည်သူ့စစ်အဖွဲ့လဲ သူတို့အဖွဲ့ အစည်းရပ်တည်နိုင်ရေးအတွက် ကျေးလက် လူထုတွေကို ဘိန်းစိုက်ခွင့်ပြုတာဘဲ။ ဒါ့ကြောင့် သူတို့ဘိန်းခွန် ကောက်ရင် စစ်အစိုးရတပ်အတွက် ဘယ်လောက်ပေးမယ်ဆိုတာ ထဲ့တွက်တယ်” - ဟု ဆို၏။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုထံမှ ထောက်ခံမဲရရန်အတွက် ၂၀၀၉ - ၂၀၁၀ ဘိန်းစိုက်ရာသီမှာပြည်သူတွေ ဘိန်းများ ပိုမိုစိုက်ပျိုးခွင့်ရနိုင်ကြောင်းလည်း ဦးဂျဖက်က သုံးသပ်ပါသည်။

၂၀၀၉ ခုနှစ် ကမ္ဘာ့ မူးယစ်တိုက်ဖျက်ရေးနေ့တွင် UNODC ထုတ်ပြန်ချက်က - မြန်မာနိုင်ငံ၏ ၂၀၀၇-၂၀၀၈ ဘိန်းစိုက် ရာသီတွင် ဘိန်းခင်းဧက ၆၈,၄၄၆ အနက် ၁၁,၉၄၈ ဧကသာဖျက်ဆီးခြင်း၊ ၂၀၀၈-၂၀၀၉ ဘိန်း စိုက် ရာသီတွင် ဘိန်းစိုက်ဧက ၇၀,၄၂၃ စိုက်ပျိုးပြီး ၉,၆၀၇ ဧကသာဖျက်ဆီးသောကြောင့် စစ်အစိုးရ၏ဘိန်းပပျောက်ရေးစီမံကိန်း မထိ ရောက်ကြောင်း ထောက်ပြသဖြင့် ယခုကဲ့သို့ပြောဆိုလာခြင်းသာဖြစ်ကြောင်း သျှမ်းမူးယစ်စောင့်ကြည့် လေ့လာသည့် အဖွဲ့က သုံးသပ်ပါသည်။
-------------------------------------------------------------
မစ္စတာဘန်ကီမွန်း နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံခြင်း (သျှမ်းဒီချုပ် ပြောခွင့်ရနှင့် ဆက်သွယ်မေးမြန်း)
သျှမ်းသံတော်ဆင့်

ကုလအတွင်းရေးမှူး ချုပ်မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံတဲ့နေရာမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ထဲက ဘယ်သူတွေပါသလဲခင်ဗျား။ တွေ့ဆုံဆွေးနွေးခွင့်အချိန်ဘယ်လောက်ရလဲ ?

SNLD ထဲက အဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိုင်းစောအောင်နဲ့ စိုင်းရွှေကြူးတို့ နှစ်ယောက် သွား ရာက် တွေ့ဆုံပါတယ်။ ဂျူလိုင်လ ၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ စ တွေ့တယ်။ နိုင်ငံ ရးပါတီ ၁၀ ခု နဲ့အတူတွေ့ရတော့ ဆွေးနွေးချိန် ၁ နာရီ လောက်ဘဲ ရတယ်။ တိုင်းရင်းသား မဟာ မိတ်အဖွဲ့ထဲကတော့ ကျနော်တို့ SNLDနဲ့ ကိုးကန့်ဒီမိုကရက်တစ် ၂ ဖွဲ့ဘဲ၊ UNA က ပေါ့နော်။

ဘာအကြောင်းအဓိကထားဆွေးနွေးပြီး ဘန်ကီမွန်းက ဘယ်လိုတုန့်ပြန်ပါသလဲ?

ှSNLD အနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်း ဆောင် ခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ အဓိကထားတောင်းဆိုတယ်။ နောက်တချက်ကဒီခေါင်းဆောင်နှစ်ဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီမိုကရေစီအင်အား စုတွေပါဝင်တဲ့ဘက်ကတဖက် ပြီးတော့ တပ်မတော် အစိုးရဘက်က တဖက် တွေ့ဆုံဆွေးနွေးဖို့ အမျိုးသား ရင်ကြားစေ့ရေးကို စတင်အကောင်အထည်ဖော်ဖို့ ဒီနှစ်ချက်ကို တောင်းဆိုပါတယ်။ အဲဒါကို မစ္စတာဘန်ကီမွန်းက - ကျနော်တို့ မှတ်သားထားပါ့မယ် သက်ဆိုင်ရာလူကြီးမင်းတွေနဲ့ တွေ့ရင် ဆွေးနွေးပေးပါ့မယ် - လို့ပြောသွားပါတယ်။

ဒီတွေ့ဆုံဆွေးနွေးရတဲ့အပေါ်မှာ ကျေနပ်အားရမှုရှိပါသလားခင်ဗျား?

မရှိပါဘူး။ ဘာလို့လဲဆိုတော့ မစ္စတာဘန်ကီမွန်း ပြောသွားတဲ့အချက်ထဲက နောက်ဆုံးအချက် ဖြစ်တဲ့ ၂၀၁၀ရွေးကောက် ပွဲကို ပွင့်လင်းမြင်သာပြီးတော့မှ အားလုံး လက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် လုပ်ဆောင်ပါမယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ ဘန်ကီမွန်းကို ပြောသွားတဲ့အချက် တစ်ချက်ဘဲရှိတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်ပေး မယ်ဆိုတဲ့ကိစ္စ၊ အမျိုးသားရင်ကြား စေ့ရေီးငေူသါကန ကိစ္စတို့ ဘာတစ်ခုမှ အဖြေတိတိကျကျမရှိတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ခရီးစဉ်ဟာ အောင်မြင်တယ်လို့လဲမမြင်ဘူး။ ကျေနပ်အားရမှုလည်းမရှိဘူးလို့ပြောချင်ပါတယ်ခင်ဗျား။

ဒီခရီးစဉ်ကနေ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးခွန်ထွန်းဦးတို့ နိုင်ငံရေးအကျဉ်းသား တို့တွေလွတ် မြောက်ဖို့အတွက် ဘယ်လောက် မျှော်လင့်ချက်ရှိပါသလဲခင်ဗျား?

ဒီဥစ္စာကတော့ တွေ့ဆုံဆွေးနွေးရေးအနေအထား ဒီမိုကရေစီဖြစ်ထွန်းဖို့အနေအထား၊ အဲဒီ အနေအထားအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးက ဘယ်လောက်အတိုင်းအတာအထိ ပါဝင်ပူးပေါင်းလိုတဲ့ ဆန္ဒ ရှိလဲဆိုတဲ့အချက်အပေါ်မှာမူတည် ပါတယ်။ ကျနော်တို့မျှော်လင့်ရတဲ့ လူတွေအပေါ်မှာမမူတည်ပါဘူး။ လုပ်ဆောင်ရမယ့်လူတွေပေါ်မှာဘဲမူတည်ပါတယ်။

နောက်ပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် ဘယ်လောက်ထိတိုးတက်မှုရှိနိုင်မလဲ သုံးသပ်ပေးပါဦး ခင်ဗျား?

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ မစ္စတာဘန်ကီမွန်းက မရမနေ ၂ ခေါက်တိတိ တောင်းဆိုသွားပါတယ်။ ဒါပေမယ့် ဒီသူ့ရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလိုက်လျောတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ မတွေ့လိုက်ရဘူး။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးအတွက်နောက်ဆုတ်သွားတဲ့ခြေလှမ်း နှောင့်နှေးကြန့်ကြာ သွားတဲ့ ခြေလှမ်းလို့သုံးသပ်လိုပါတယ်။ ဒီလိုနှောင့်နှေးကြန့်ကြာစေတဲ့ အဖြစ်မျိုးနဲ့ဘဲကြံသွားရတဲ့အတွက်ကြောင့်မို့လို့ ဒီခရီးစဉ်ဟာတိုးတက် မှုတစုံတရာ ကျေနပ်အားရမှု တစုံတရာမရှိတဲ့ခရီးစဉ်လို့ ကျနော်သုံးသပ်လိုပါတယ်။

တိုင်းရင်းသားတွေနဲ့ စစ်အစိုးရကြား ညီညွှတ်ရေးအခြေအနေကိုကော သူဘယ်လောက်ထိစွမ်းဆောင် ပေးသွားလဲ ခင်ဗျား?

ဒါသူအများကြီးကြိးစားစွမ်းဆောင်သွားခဲ့တယ်လို့ပြောလို့ရတယ်။ ဥပမာ သူတခါမှ မတွေ့ ဆုံခဲ့ရတဲ့သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်တို့ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ သူတွေ့ဆုံသွားခဲ့တယ်။ ဒါပေမယ့်သူမသိသွား တဲ့အချက်ကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေဆိုတာက နအဖစစ်အစိုးရကလက်နက်ပေးကိုင်ထားတဲ့ ပြည်သူစစ်အဖွဲ့ ဒါမှမဟုတ် အပျော်တမ်း တပ်ဖွဲ့ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ သဘောတူထားတဲ့ အဖွဲ့တွေနဲ့သာ သူတွေ့ ဆုံသွားခဲ့ရတယ်။ အခြားကျန်ရှိတဲ့ SSA မြောက်ပိုင်းအပစ်ရပ်အဖွဲ့တို့ မွန်တို့ နောက်ပြီး စိုင်းလင်း အထူးဒေသ ၄ တပ်ဖွဲ့တို့ KIO တို့ အစရှိတဲ့ တပ်ဖွဲ့တွေနဲ့ သူမတွေ့ဆုံသွားခဲ့ရဘူး။ ဗမာပြည်မှာ လက်နက်ကိုင်နေတဲ့ Ceasefire အုပ်စု နဲ့ Non-Ceasefire အုပ်စုတွေအများကြီးကျန်နေသေးတယ်။

ဒီပုဂ္ဂိုလ်တွေ စုံစုံလင်လင်မတွေ့ခဲ့ရသေး သမျှတော့ ဗမာပြည်ရဲ့ပြီးပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံရေး ဆိုတာဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့စစ်အစိုးရနဲ့ တိုင်းရင်းသားတွေကြား လုပ်ဆောင် ရမယ့်ကိစ္စမှာမစ္စတာဘန်ကီမွန်းမသိသေး တဲ့အချက်အလက်တွေအများကြီးရှိပါသေးတယ်။

ဒီခရီးစဉ်ကြောင့် အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပြောင်း လဲမှုရှိလာမယ်လို့ မျှော်လင့် ပါသလား?

အနည်းငယ်ပြောင်းလဲမှုတော့ရှိရင်ရှိမှာပေါ့၊ ဒါပေမယ့်ထိရောက်တဲ့ပြောင်းလဲ မှုတော့ရှိနိုင်မှာ မဟုတ်ဘူး၊အကယ်လို့ ပြောင်းလဲမှုရှိလာရင်လည်း ဒီခရီးစဉ်ကြောင့်တော့မဟုတ်ဘူးလို့သုံးသပ်လို ပါတယ်။

မစ္စတာဗန်ကီမွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုစကားမျိုး နောက်ဆုံးပြောလိုပါသလဲခင်ဗျား?

သျှမ်းပြည်သားများရော မြန်မာနိုင်ငံသားအားလုံးကိုပါ အားပေးစကားပြောချင်တာက အား လုံးကရပိုင်ခွင့်ရှိတဲ့ အခွင့် အရေးကို ရဲရဲဝံ့ဝံ့မတောင်းဆိုရဲရင် စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ် မြောက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အာဆီယံတို့ အီး ယူတို့ သိရှိအောင် ပွင့်ပွင့်လင်းလင်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြော ရဲဖို့ သျှမ်းပြည်သားတွေရော အပစ်ရပ်ငြိမ်း အဖွဲ့တွေအားလုံးကိုပါ အားပေးချင်ပါတယ်။

-------------------------------------------------------------
ဒါပဲ

No comments: